၂၀၂၃ ခုနှစ်၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများသည် မိုးရာသီကာလ ဖြစ်သော်လည်း မြန်မာပြည် ပြည်တွင်းစစ်ရှိန်သည် တန့် မသွား၊ ကျ မသွားသည့်ပြင် စစ်ရှိန်မြင့်တက်လာသည်ကို စစ်မျက်နှာ အသီးသီးတွင် တွေ့နေရ၏။
စစ်ကောင်စီတပ်ဖက်ကလည်း စစ်အသုံးစရိတ် ဘီလီယံပေါင်းများစွာသုံး၍ စစ်ရှိန်မြှင့်တင်ရန် ကြိုးစားလာနေသကဲ့သို့ နွေဦးတော်လှန်ရေး အင်အားစုများဖက်ကလည်း စုဖွဲ့မှု၊ လေ့ကျင့်မှု၊ လက်နက်ခဲယမ်း တပ်ဆင်မှု၊ အမိန့်ပေးစနစ် တည်ဆောက်မှုတို့တွင် ယခင်ကထက် ပိုမိုအားကောင်းလာသည့်အပြင် နှစ်နှစ်ကျော်အတွင်း တိုက်ပွဲအတွေ့အကြုံများစွာ ရရှိလာသည်ဖြစ်ရာ စစ်ရှိန်ပို၍ မြင့်တက်လာသည်။
အဆိုပါ စစ်ရေးအခြေအနေနှင့် ပတ်သက်၍ နယ်မြေအလိုက် စစ်ရေးအခြေအနေများအား အောက်ပါအတိုင်း တွေ့ရ၏။
(၁) ကရင်နီပြည်နယ်
လက်ရှိ နွေဦးတော်လှန်ရေးတွင် လက်သံအပြောင်ဆုံး ပြည်နယ်မှာ ကရင်နီ (ကယား) ပြည်နယ်ဖြစ်၏။ ပြီးခဲ့သော ကာလများတွင် ကရင်နီပြည်နယ်ရှိ မယ်စဲ့နှင့် ဖားဆောင်းမြို့နယ်မှအပ ကျန်ကရင်နီပြည်နယ်ရှိ ငါးမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့တွင် တိုက်ပွဲ အများအပြား ဖြစ်ပွားခဲ့၏။ ကရင်နီပြည်နယ်တွင် မူလ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ / ကရင်နီတပ်မတော် (KNPP / KA) မှ တပ်ရင်း လေးရင်း၊ နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသော ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF) တပ်ရင်း ၂၂ ရင်းနှင့် PDF ၈ ရင်းခန့်ဖြင့် အင်အားကောင်းပြီး တိုက်ခိုက်ရေးလည်း ကောင်းသည်။
ကရင်နီပြည်နယ်တွင် မူလ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ / ကရင်နီတပ်မတော် (KNPP / KA) မှ တပ်ရင်း လေးရင်း၊ နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသော ကရင်နီအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDF) တပ်ရင်း ၂၂ ရင်းနှင့် PDF ၈ ရင်းခန့်ဖြင့် အင်အားကောင်းပြီး တိုက်ခိုက်ရေးလည်း ကောင်းသည်။
ထို့ကြောင့် ကရင်နီတွင် လွိုင်ကော် ဒကစ တပ်များအပြင် ရပခ တပ်များပါ ထည့်သွင်းရင်ဆိုင်သော်လည်း ကရင်နီအင်အားစုများက လက်နက်တပ်ဆင်မှု အားကောင်းပြီး တိုက်ရည်တက်လာသည်နှင့် တပ်မ ၆၆ ကို ထပ်မံဖြည့်တင်းခဲ့၏။
၂၀၂၃ ခုနှစ် နှစ်ဆန်းတွင် ရှမ်းမြောက်မှ စကခ ၂ တခုလုံးနှင့် စကခ ၇ ဗျူဟာ နှစ်ခုခန့် ဖြည့်တင်းခဲ့၏။ သို့သော်လည်း ထိုအင်အားနှင့် မထိန်းနိုင်သဖြင့် စကခ ၁၄ နှင့် ၁၈ မှ ဗျူဟာတခုစီ ထပ်မံဖြည့်တင်းခဲ့ရ၏။
သို့သော် ဇွန်လလယ်ခန့်တွင် နယ်ခြားစောင့်တပ် (BGF) တပ်ရင်း နှစ်ခုနှင့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အင်အား တပ်ရင်း ငါးခုသည် ကရင်နီတော်လှန်ရေး အင်အားစုများနှင့် ပြန်လည်ပူး ပေါင်းခဲ့၏။
ထို့နောက် မယ်စဲ့မြို့နယ်ထဲရှိ တပ်စခန်းအတော်များများကို သိမ်းပိုက်ခဲ့ပြီး မယ်စဲ့မြို့နယ်ကို ထိန်းချုပ်နိုင်ခဲ့၏။ ၁၂၀ မမ မော်တာကြီး ၇ လက်နှင့် မော်တာကျည်ဆံ အမြောက်အများအပြင် လက်နက်ခဲယမ်း အမြောက်အများ သိမ်းပိုက်ရရှိခဲ့သည်ဟု သိရ၏။ မယ်စဲ့စခန်းသိမ်းတိုက်ပွဲများ၊ မယ်စဲ့ဒေသကို မြန်မာစစ်တပ်က ပြန်လည် သိမ်းပိုက်ရန် ကြိုးစားမှုများနှင့်အတူ တပ်မ ၅၅ မှ ဗျူဟာတခုအပြင် ရကတ နှင့် လပခမှ တပ်အချို့ပါ ကရင်နီတွင် အင်အား ထပ်မံဖြည့်တင်းလာသည်။
၂၀၂၃ မိုးရာသီတွင် မယ်စဲ့နှင့် ဖားဆောင်းမြို့နယ်များအတွင်း လေကြောင်းတိုက်ခိုက်မှုများပါဝင်သော တိုက်ပွဲကြီးများ နေ့စဉ်ဖြစ်ပွားလာကာ ကရင်နီပြည်နယ်အနှံ့ တိုက်ပွဲများဖြစ်ပွားသည်ကို တွေ့ရ၏။ မယ်စဲ့၊ ဖားဆောင်းဒေသသို့ စစ်ကူလာသော တပ်များကိုလည်း ဖရူဆို ပြည်ထောင်စု လမ်းမတလျှောက် ဖြတ်တောက် တိုက်ခိုက်နေ၍ မြန်မာစစ်တပ် အကျအရှုံး များနေသည်ကို တွေ့ရ၏။ ထို့အတူ ဖားဆောင်းမှ မယ်စဲ့သို့ ဦးတည်ထိုးလာသော စစ်တပ်ကို ဖြတ်တောက်နေသည့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေ၏။
စစ်အင်အားများ ထပ်မံဖြည့်တင်းခြင်းအပြင် လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေသော်လည်း နှစ်လကျော် ကြာမြင့်သည်အထိ မြန်မာ စစ်တပ်သည် မယ်စဲ့ဒေသကို ပြန်လည် သိမ်းပိုက်နိုင်ခြင်း မရှိသည်ကို တွေ့ရသည်။ ကရင်နီနယ်မြေ အများအပြားတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွင် အသေအပျောက် အဆုံးအရှုံး များနေသည်ကို တွေ့ရ၏။
ကရင်နီအင်အားစုများသည် KNU တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး လိပ်သို၊ ယာဒိုဒေသ စစ်တပ်စခန်းများကို ထိုးဖောက်တိုက်ခိုက်သည်ကို တွေ့နေရ၏။ ထို့ပြင် ရှားတောမြို့နယ် ထိုင်းနယ်စပ်အနီး စစ်တပ်ရိက္ခာ ဂိုဒေါင်များကို စီးနင်းခြင်း၊ ရှေ့တန်းစခန်းများသို့ ရိက္ခာပို့သော တပ်များအား အောင်မြင်စွာ ဖြတ်တောက် တိုက်ခိုက်ခြင်းများ ပြုလုပ်သည်ကို တွေ့ရ၏။
ချုပ်၍ဆိုရလျှင် စစ်ကောင်စီတပ်သည် ကရင်နီတွင် တပ်အင်အား အများအပြား ထပ်မံဖြည့်တင်းထား၏။ ဒေသအရွယ်အစား သေးငယ်သော်လည်း ကရင်နီတွင် မြန်မာစစ်တပ် တပ်ရင်း ၅၀ ကျော် ၆၀ နီးပါး ဖြည့်တင်းထားသည်ကို တွေ့ရ၏။ ကရင်နီ မယ်စဲ့ဒေသတွင် လွတ်မြောက်ဒေသတခု ပေါ်လာမည်ကို ဟန့်တားရန်၊ နေပြည်တော်ကို ခြိမ်းခြောက်လာမှုအား ဟန့်တားနိုင်ရန် ကြိုး စားနေ၏။
ကရင်နီပြည်နယ်တွင် လွိုင်ကော်မှအပ ကျန်မြို့များတွင် အရပ်သားများ မရှိတော့။ ကရင်နီပြည်နယ်တွင် စစ်ကောင်စီမှ အုပ်ချုပ်နိုင်ခြင်း မရှိတော့ပေ။
စစ်ကောင်စီတပ်သည် လက်နက်ကြီးပစ်ကူ၊ ဒုံးတပ်ပစ်ကူ၊ လေကြောင်းပစ်ကူတို့ကို အဆက်မပြတ်သုံးပြီး တိုက်ခိုက်နေသော်လည်း အသေအပျောက်၊ အကျအဆုံး များပြားပြီး ၁၂၀ မမ မော်တာကြီးများနှင့် လက်နက်ခဲယမ်း အများအပြား ဆုံးရှုံးသည့်အပြင် စခန်းများ၊ နယ်မြေများပါ လက်လွှတ်ဆုံးရှုံးနေသည်။ ထို့ပြင် ကရင်နီပြည်နယ်တွင် လွိုင်ကော်မှအပ ကျန်မြို့များတွင် အရပ်သားများ မရှိတော့။ ကရင်နီပြည်နယ်တွင် စစ်ကောင်စီမှ အုပ်ချုပ်နိုင်ခြင်း မရှိတော့ပေ။
(၂) ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း
KNU တပ်ဖွဲ့များနှင့် PDF တပ်ဖွဲ့များ၊ ဒေသခံ ပြောက်ကျားတပ်ဖွဲ့ လှုပ်ရှားရာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ဘားအံခရိုင်မှအပ ကျန်ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်ကို တွေ့ရ၏။
မွန်ပြည်သစ်ပါတီက စစ်ကောင်စီနှင့် အပစ်ရပ်ထားသော်လည်း မွန်လက် နက်ကိုင်အဖွဲ့သစ်များ၊ ဒေသခံ ပြောက်ကျားတပ်ဖွဲ့များ ပေါ်ပေါက်လာပြီး စစ်ကောင်စီအား တိုက်ခိုက်နေသည်ကို တွေ့ရ၏။
KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်မြို့နယ်တွင် တိုက်ပွဲမပြတ် ဖြစ်ပွားနေပြီး စစ်တပ်စခန်းများစွာ လက်လွှတ်ရသည့်အပြင် ဖာပွန်မြို့ပေါ်ရှိ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယားသည်လည်း အသက်မဝင်တော့သည်ကို တွေ့ရ၏။ KNU တပ်မဟာ ၆ နယ်မြေ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ ဒေသတို့တွင် တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေသည်ကို တွေ့ရ၏။ ဇူလိုင်လဆန်းမှစ၍ မြဝတီအနီး လက်ခတ်တောင်အား KNU နှင့် PDF ပူးပေါင်းတပ်များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၂၁ ရက်တွင် သိမ်းပိုက်ရရှိခဲ့၏။
ထို့နောက် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများသုံး၍ ပြန်လည် ထိုးစစ်ဆင်သော်လည်း တလကျော်ကြာမြင့်သည်အထိ သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ပြန်၍လန်ကျသွားသည်ကို တွေ့ရ၏။ လက်ခတ်တောင်သည် မြဝတီ၊ ကော့ကရိတ်ကားလမ်း၏ စိုးမိုးတောင်ကုန်း ဖြစ်သည့်အားလျော်စွာ မြဝတီ၊ ကော့ကရိတ်ကားလမ်းကို KNU နှင့် PDF များ ထိန်းချုပ်ထားနိုင်သည်ကို တွေ့ရ၏။
ထို့အတူ ဘုရားသုံးဆူရှိ စစ်တပ်သည် ပိတ်မိနေသကဲ့သို့ ဘုရားသုံးဆူ မြို့ပေါ်အုပ်ချုပ်ရေးသည်လည်း ပျက်ပြားနေပြီ ဖြစ်၏။ ထို့ပြင် ဇွန်လကုန်ခန့်မှစ၍ မော်လမြိုင်၊ မုဒုံ၊ ရေး၊ ထားဝယ် ကားလမ်းမကြီးအား KNU နှင့် PDF ပူးပေါင်းစစ်ကြောင်းများက ထိန်းချုပ်စစ်ဆေးလျက်ရှိသည်မှာ နှစ်လခန့်ရှိပြီ ဖြစ်သော်လည်း စစ်ကောင်စီတပ် ထွက်ပင် မရှင်းရဲသည်ကို တွေ့ရ၏။
ထို့အတူ သထုံ၊ ကျိုက်ထို နယ်မြေများနှင့် တောင်ငူ၊ သံတောင်နယ်မြေများတွင် KNU တပ်မဟာ ၁ နှင့် တပ်မဟာ ၂ တို့မှ တပ်များနှင့် PDF များ ပူးပေါင်းလှုပ်ရှား တိုက်ခိုက်နေသည်ကို တွေ့ရ၏။ တနင်္သာရီတိုင်း ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင်များတွင် PDF နှင့် KNU တို့ လှုပ်ရှားမှုများရှိပြီး နေ့စဉ်လိုလို ပြောက်ကျားတိုက်ခိုက်မှုများ ရှိနေ၏။ ထီးခီ၊ မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းများ ပိတ်ဆို့နေသည်ကို တွေ့ရ၏။
ကရင်၊ မွန်၊ တနင်္သာရီပြည်နယ်အတွင်း တိုက်ပွဲများစွာဖြစ်ပြီး စစ်ကောင်စီတပ် အကျအဆုံးများနေသည့်အပြင် လက်ခတ်တောင်နှင့် ဖာပွန်မြို့နယ်အတွင်းမှ မြန်မာစစ်တပ် စခန်းများ လက်လွှတ်ရသည်
ချုပ်၍ဆိုရလျှင် ကရင်၊ မွန်၊ တနင်္သာရီပြည်နယ်အတွင်း တိုက်ပွဲများစွာဖြစ်ပြီး စစ်ကောင်စီတပ် အကျအဆုံးများနေသည့်အပြင် လက်ခတ်တောင်နှင့် ဖာပွန်မြို့နယ်အတွင်းမှ မြန်မာစစ်တပ် စခန်းများ လက်လွှတ်ရသည်ကို တွေ့ရ၏။ ဖာပွန်၊ ဘုရားသုံးဆူ မြို့ပြအုပ်ချုပ်ရေးများ ပျက်စီးသွားသည်။
မြဝတီ၊ ကော့ကရိတ်လမ်းမ၊ မုဒုံ၊ ရေး၊ ထားဝယ် လမ်းမတို့ကို KNU နှင့် PDF တို့က ထိန်းချုပ်ထားနိုင်ပြီး ကျိုက်ထို၊ သထုံ၊ မော်လမြိုင်ကားလမ်း၊ ရထားလမ်းကိုလည်း အချိန်မရွေး နှောင့်ယှက်တိုက်ခိုက်နိုင်သည်ကို တွေ့ရ၏။
(၃) အညာဒေသ (စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း)
အညာဒေသဖြစ်သည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ဧရာဝတီအနောက်ခြမ်းရှိ မကွေးတိုင်းတို့တွင် PDF တပ်ဖွဲ့များ၊ ပကဖ တပ်ဖွဲ့များ၊ ဒေသခံပြောက်ကျားတပ်ဖွဲ့ များစွာရှိပြီး နေရာမလပ် ပြောက်ကျားတိုက်ခိုက်မှုများ၊ မိုင်းထောင်တိုက်ခိုက်မှုများ၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခိုက်မှုများ နေ့စဉ်ဖြစ်ပွားနေသည်ကို တွေ့ရ၏။ ထို့ပြင် ရဲ၊ စစ်တပ်နှင့် ပျူစောထီးတို့၏ အခြေပြုရာ စခန်းငယ်များကိုလည်း ဝင်ရောက် တိုက်ခိုက်နိုင်သည်ကို တွေ့ရ၏။
စစ်ကိုင်းတိုင်းတွင် ချင်းတွင်းမြစ်ရိုးတလျှောက် ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက် ဒေသများ၊ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ကြားရှိ ဗန်းမော်၊ ပင်လည်ဘူး၊ အင်းတော်ဒေသ၊ ကောလင်း၊ ဝန်းသို၊ ထီးချိုင့်ဒေသ၊ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်၊ ခင်ဦးဒေသ၊ အရာတော်၊ ဘုတလင်၊ တန့်ဆည်၊ ရေဦးဒေသ၊ မုံရွာ၊ မြင်းမူ၊ ချောင်းဦး၊ မြောင်ဒေသ၊ ချင်းတွင်းမြစ် အနောက်ဘက်ရှိ ယင်းမာပင်၊ ပုလဲ၊ မြိုင်ဒေသ၊ ကနီဒေသ၊ ကလေး၊ ကဘော်ဒေသ၊ ခန်းပတ်၊ တမူးဒေသတို့တွင်လည်းကောင်း၊ မန္တလေးတိုင်း မိတ္ထီလာခရိုင်၊ မြင်းခြံခရိုင်၊ ညောင်ဦးခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်ခရိုင်နှင့် ဆက်စပ်နေသည့် ရှမ်းမြောက်ဒေသများတွင်လည်းကောင်း၊ မကွေးတိုင်း ဂန့်ဂေါခရိုင်၊ ပခုက္ကူခရိုင်၊ မင်းဘူးခရိုင်တို့တွင်လည်းကောင်း PDF တပ်ဖွဲ့များ၊ ဒေသခံပြောက်ကျားတပ်ဖွဲ့များ၊ တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများ မပြတ်ရှိနေပြီး နယ်မြေအချို့ကို ထိန်းချုပ်ထားနိုင်သည်ကို တွေ့ရ၏။
မန္တလေး၊ မြစ်ကြီးနား ကားလမ်းမပေါ်ရှိ စစ်ကိုင်းနှင့် အင်းတော်ကြား လမ်းပိုင်းတွင် PDF များက ဂိတ်အများစုကို ထိန်းချုပ်ထား၏။ မုံရွာ၊ တန့်ဆည်၊ ကလေးဝ ကားလမ်းမပေါ်ရှိ မဟာမြိုင်တောကြီးအား PDF တို့က ထိန်းချုပ်ထား၏။ မုံရွာ၊ ယာကြီး၊ ကလေးလမ်း၊ မုံရွာ၊ ဂန့်ဂေါ၊ ကလေးလမ်းမများတွင် တိုက်ပွဲများဖြစ်ပွားပြီး PDF တို့က ထိန်းချုပ်ထားကာ လမ်း ကြောင်းပိတ်နေသည်မှာ ကြာမြင့်ပြီဖြစ်၏။
အလားတူပင် ကလေး၊ တမူး ကားလမ်းသည် တိုက်ပွဲများ ဖြစ်ပွားပြီး လမ်းပိတ်နေသည်မှာ၂၀၂၂ ခုနှစ်ကုန်ကတည်းက ဖြစ်၏။ ပုသိမ်၊ မုံရွာကားလမ်းမမှာလည်း မင်းဘူးဘက်မှလာလျှင် ကန်ဇွန်းမ ကျော်သည်နှင့် PDF တို့က ထိန်းချုပ်ထားပြီဖြစ်သည်။ ထို့ပြင် ချင်းတွင်းမြစ် ကြောင်းနှင့် မန္တလေးနှင့်ဗန်းမော်ကြား ဧရာဝတီမြစ်ကြောင်းတွင်းရှိ စစ်တပ်၏ လှုပ်ရှားမှုနှင့် ထောက်ပို့လမ်းကြောင်းကိုလည်း ကောင်းစွာ နှောင့်ယှက် တိုက်ခိုက်နိုင်သည်ကို တွေ့ရ၏။
ထို့ပြင် စစ်ကိုင်းနှင့် မကွေးတိုင်းထဲမှ စစ်တပ်စခန်းငယ်အချို့ စွန့်လွှတ်ထားရသကဲ့သို့ စစ်တပ်အထိုင်ရှိသည့် ပျူစောထီးရွာများက တောင့်ခံနိုင်သော်လည်း စစ်တပ်လက်လှမ်းမမီသည့် ပျူစောထီးရွာအချို့မှာ PDF များ၏ ပိတ်ဆို့မှုကြောင့် ရိက္ခာပြတ်လပ်ပြီး တောင့်မခံနိုင်ဘဲ PDF များဘက်သို့ ကူးပြောင်းနေသည်ကို တွေ့ရ၏။
စစ်ကိုင်းနှင့် မကွေးတိုင်းထဲမှ PDF များသည် လက်နက် မပြည့်စုံသော်လည်း ရနိုင်သည့်လက်နက်နှင့် ကောင်းမွန်စွာ တိုက်ခိုက်နိုင်သကဲ့သို့ လက်နက်လည်း တစတထက်တစ ပိုမိုတပ်ဆင်လာနိုင်ခြင်း၊ စနစ်တကျ ဖွဲ့စည်းလာနိုင်ခြင်းကို တွေ့ရ၏။
စစ်ကိုင်းနှင့် မကွေးတိုင်းထဲမှ PDF များသည် လက်နက် မပြည့်စုံသော်လည်း ရနိုင်သည့်လက်နက်နှင့် ကောင်းမွန်စွာ တိုက်ခိုက်နိုင်သကဲ့သို့ လက်နက်လည်း တစတထက်တစ ပိုမိုတပ်ဆင်လာနိုင်ခြင်း၊ စနစ်တကျ ဖွဲ့စည်းလာနိုင်ခြင်းကို တွေ့ရ၏။ အညာဒေသသည် စစ်ကောင်စီတပ်ကို နေ့စဉ် အမှည့်ခြွေ ခြွေနိုင်သကဲ့သို့ အထိနာစေသည့် တိုက်ပွဲများလည်း ဖော်ဆောင်လာနိုင်သည်ကို တွေ့ရ၏။
စစ်တပ်ဘက်က ၂၀၂၃ ခုနှစ်အတွင်း အညာဒေသတွင် PDF စခန်းငယ်တခုအား အလစ်အငိုက် ဝင်ရောက်စီးနင်း၍ PDF ၁၀ ယောက်ကျော် ကျဆုံးပြီး လက်နက်များရရှိခြင်း၊ ခြုံခိုတိုက်ခိုက်မှုကြောင့် စစ်ကူလာသည့် PDF ၁၀ ယောက်ကျော် ကျဆုံးပြီး လက်နက်များရရှိသည် တိုက်ပွဲ နှစ်ပွဲတွင်သာ အမြတ်ရခဲ့သည်။ ကျန်သည့် စစ်ကောင်စီတပ်၏ စစ်ဆင်ရေးဆိုသည်မှာ မြေပြင်တွင် စစ်ကြောင်းထိုးသည်ဆိုကာ ရွာများအား အကုန်လု၊ အကုန်ရှို့ ပေါ်လစီကျင့်သုံးခြင်း၊ ရွာများကို လက်နက်ကြီးနှင့် ပစ်ခတ်ခြင်း၊ လေယဉ်နှင့်ဗုံးကြဲခြင်း၊ အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းတို့သာ ဖြစ်၏။ သို့သော်လည်း စစ်တပ်သည် စစ်ကိုင်း၊ မကွေး၊ မန္တလေး စသည့် အညာသားများ၏ စိတ်ဓာတ်ကို ချိုးနှိမ် အနိုင်ယူရန် မဖြစ်နိုင်တော့ပေ။
(၄) ချင်းပြည်နယ်
ချင်းပြည်နယ်ရှိ CDF တပ်ဖွဲ့များသည် မင်းတပ်၊ မတူပီလမ်းကြောင်း၊ ကလေး၊ ဖလမ်း၊ ဟားခါး လမ်းကြောင်းများကို ကောင်းစွာ ထိန်းချုပ်ထားနိုင်ပြီး ထိုလမ်းခရီးတွင် သွားသည့် စစ်ကောင်စီတပ် စစ်ကြောင်းများကို ကောင်းမွန်စွာ တိုက်ခိုက်နိုင်သည့်အပြင် စစ်တပ်၏ သံချပ်ကာ ကားနှစ်စီးကိုပင် ဖျက်ဆီးနိုင်ခဲ့၏။ ပြည်မမှ ချင်းပြည်နယ်ရှိ စစ်တပ်ကို ထောက်ပို့သည့်လမ်းကြောင်းအား ကောင်းစွာထိန်းချုပ် တိုက်ခိုက်နိုင်သည်ကို တွေ့ရ၏။
ယခုနောက်ပိုင်းတွင် ချင်းပြည်နယ်၌ လမ်းဖြတ်တိုက်ပွဲများသာမက ဗားရ်စစ်တပ်စခန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်သကဲ့သို့ ဖလမ်း၊ ထန်တလန်၊ မင်းတပ်တို့ရှိ အခြေစိုက်စစ်စခန်းများကို တိုက်ခိုက်နိုင်ကြောင်း တွေ့ရ၏။ ထို့မြို့များအတွင်းမှာပင် CDF များ မပြတ်လှုပ်ရှားနေသည်ကို တွေ့ရ၏။ ကရင်နီပြည်နယ်ကဲ့သို့ပင် စစ်ကောင်စီတပ်သည် ချင်းပြည်နယ် မြို့များရှိ စခန်းများတွင်သာ တပ်စွဲထားနိုင်ပြီး အုပ်ချုပ်ရေးလုပ်နိုင်စွမ်း မရှိတော့။
(၅) ကချင်ပြည်နယ်
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အတိအလင်း ပူးပေါင်းထားသည့်အပြင် PDF များကို လေ့ကျင့် လက်နက်တပ်ဆင်ပေးနေသည့် အဖွဲ့ဖြစ်၏။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ PDF စစ်ဆင်ရေးများကိုလည်း တာဝန်ယူထားသည်။
ထို့ပြင် KIA ဌာနချုပ်တွင် လက်နက်စက်ရုံရှိ၏။ စစ်တပ်အတွက် လိုင်ဇာသည် ဆူးတချောင်း ဖြစ်၏။ ကချင်ပြည်နယ်တွင် ဇူလိုင်လဆန်းမှစ၍ လိုင်ဇာအနီး နန်ဆန်ယန်ဒေသသို့ စစ်တပ်မှ စစ်ဆင်ရေး ဝင်ရောက်လာပြီး လိုင်ဇာရှိ KIA ဌာနချုပ်အား တက်သိမ်းမလိုလို ဝါဒဖြန့်လာသည်ကို တွေ့ရ၏။ မပခ နယ်မြေရှိ တိုင်းတပ်၊ စကခ ၃၊ စကခ ၂၁ နှင့် တပ်မ ၈၈ တို့မှတပ်ရင်း ၁၀ ရင်းနီးပါးခန့် ထုတ်နုတ်ပြီး ထိုးစစ်ဆင်လာသည်ကို တွေ့ရ၏။
သို့သော်လည်း စစ်တပ်သည် လိုင်ဇာနား မကပ်နိုင်မီ နန်ဆန်ယန်တဝိုက်တွင်ပင် ပိတ်ဆို့ ဖြတ်တောက်ခံနေရပြီး အလဲလဲအကွဲကွဲ ဖြစ်နေ၏။ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မလိချောင်းရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုအနက် တခုကိုပင် KIA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့၏။ ထို့ပြင် နန်ဆန်ယန်သို့ တက်လာသော စစ်ကြောင်းများကိုလည်း KIA တပ်များက ဖြတ်တောက် တိုက်ခိုက်နေသည်ကို တွေ့ရ၏။
ဗန်းမော်မှ လိုင်ဇာဘက်သို့ တက်လာသည့် မော်တော်ယာဉ် ၂၆ စီးပါ စစ်ယာဉ်တန်းကို ဩဂုတ် ၃၀ ရက်နေ့တွင် KIA က ကြားဖြတ် တိုက်ခိုက်သကဲ့သို့ မြစ်ကြီးနားဘက်မှလာသည့် စစ်ကြောင်းများအားလည်း ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ဒေသတွင် ဖြတ်တောက် တိုက်ခိုက်နေ၏။
စစ်တပ်၏ လိုင်ဇာစစ်ဆင်ရေး မှန်းချက်မပေါက်ဘဲ အလဲလဲအကွဲကွဲ ဖြစ်နေချိန် ဩဂုတ်လဆန်းတွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဖားကန့်ဒေသရှိ ကသိုဏ်းတောင် စခန်းကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့၏။
စစ်တပ်၏ လိုင်ဇာစစ်ဆင်ရေး မှန်းချက်မပေါက်ဘဲ အလဲလဲအကွဲကွဲ ဖြစ်နေချိန် ဩဂုတ်လဆန်းတွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဖားကန့်ဒေသရှိ ကသိုဏ်းတောင် စခန်းကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့၏။ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူနှင့် ပြန်လည် ထိုးစစ်ဆင်သော်လည်း ပြန်လည် သိမ်းပိုက်နိုင်ခြင်း မရှိတော့။
KIA နှင့် PDF တပ်များသည် ကသိုဏ်းတောင်တိုက်ပွဲနှင့် တဆက်တည်း တာမခန်၊ ဆယ်ဇင်းဘက်ရှိ စစ်တပ်စခန်းတခုကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ကို တွေ့ရ၏။ ကသိုဏ်းတောင်တိုက်ပွဲအပြီး ဖားကန့်ဒေသတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ဖားကန့်နှင့် ကာမိုင်းကြားတွင်လည်း KIA ၏ တိုက်ခိုက်မှုကြောင့် စစ်တပ်စစ်ကြောင်း အထိနာခဲ့၏။
ဩဂုတ်လ ၃ ရက်ကတည်းက မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ စစ်သင်္ဘော ကိုးစီးဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ဘက်သို့ ဧရာတီမြစ်ကြောင်းအတိုင်း ဆန်တက်ခဲ့ရာ ထိုသင်္ဘောများအားလုံး သြဂုတ် ၁၉ ရက်နေ့မှ ဗန်းမော်သို့ ရောက်ရှိခဲ့ပြီး ဧရာဝတီမြစ်ကြောင်း အောက်ပိုင်းတွင်း PDF များက တိုက်ခိုက်ခဲ့သကဲ့သို့ ကချင်ပြည်နယ်ထဲ ဝင်ကတည်းက KIA နှင့် KPDF များက တိုက်ခိုက်ခိုက်ခဲ့ရာ သင်္ဘောအချို့ပျက်စီးပြီး သေဆုံးဒဏ်ရာရသူ များခဲ့သည်။
မဘိန်းဒေသရှိ စစ်တပ်စခန်းတခုကို KIA နှင့် PDF များ ပူးပေါင်း၍ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့၏။ ထို့ပြင် တနိုင်းဒေသတွင်လည်း KIA ၏ တိုက်ပွဲများကို မြင်တွေ့နေရ၏။ အလားတူပင် ရွှေကူအနီးမှ စစ်တပ်စခန်းတခုအား KIA နှင့် KPDF တို့က တိုက်ခိုက် သိမ်းပိုက်နိုင်သည်ကို တွေ့ရ၏။ မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် မတ်လကုန်ပိုင်းတွင် KIA က ထိုးစစ်ဆင် သိမ်းပိုက်ခဲ့သည့် အလောဘွမ်အားလည်း စစ်တပ်က ပြန်လည် ထိုးစစ်ဆင်နိုင်ခြင်း မရှိတော့ပေ။
နွေဦးတော်လှန်ရေးကာလ၌ ကချင်ပြည်နယ်အတွင်းရှိ PDF များအား KPDF များအဖြစ် ဖွဲ့စည်းပြီး KIA က ဌာနတခုအသစ်ဖွင့်၍ တိုက်ရိုက် ကိုင်တွယ်သည်ဟု သိရ၏။ KPDF များအား လေ့ကျင့်၊ ဖွဲ့စည်း၊ လက်နက်တပ်ဆင်၊ ထောက်ပံ့၊ ကွပ်ကဲမှုအား KIA မှ တာဝန်ယူပြီး NUG ၏ MOD အောက်တွင် မရှိဟု သိရ၏။ KPDF တပ်ရင်း ၁၅ ရင်းခန့် ရှိပြီး ဟုမ္မလင်း PDF တပ်ရင်း နှစ်ရင်းမှာလည်း KIA ၏ ကွပ်ကဲမှုအောက်တွင် ရှိ၏။ ကချင်ပြည်နယ်တွင်းရှိ အခြားလူမျိုးများကိုပါ KPDF အဖြစ် စုစည်းနိုင်သဖြင့် ပိုမိုအားကောင်းလာပြီး KIA တပ်ဖွဲ့များသည် ကချင်ပြည်နယ်သာမက ရှမ်းပြည်နယ် မြောက်ပိုင်းတွင်ပါ လှုပ်ရှား၏။ KPDF များအပြင် PDF တပ်များသည်လည်း KIA နှင့် တွဲ၍ လှုပ်ရှားသည်။
မြစ်ကြီးနား-ဖားကန့်၊ မြစ်ကြီးနား-တနိုင်း၊ မြစ်ကြီးနား-ပူတာအို၊ မြစ်ကြီးနား-ချီဗွေ၊ မြစ်ကြီးနား-နန်စီးအောင်၊ ဗန်းမော်-ကသာ လမ်းကြောင်းများကိုလည်း KIA နှင့် PDF များက လိုအပ်ပါက ဖြတ်တောက် တိုက်ခိုက်နိုင်စွမ်း ရှိ၏။
ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်သည် မြို့ကြီးအများအပြားနှင့် ဆက်သွယ်ရေး လမ်းကြောင်းများကို ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေး ထူထောင်ထားနိုင်၏။ သို့သော်လည်း ယခုအခါ နန်ဆန်ယန်တိုက်ပွဲများကြောင့် ဗန်းမော်၊ မြစ်ကြီးနားကားလမ်း ပိတ်နေ၏။ KIA ထံ ထောက်ပို့ရောက်မည် စိုးရိမ်သဖြင့် ဗန်းမော်၊ လွယ်ဂျယ်ကားလမ်းကိုလည်း စစ်တပ်က ပိတ်ထားသည်။
မြစ်ကြီးနား-ဖားကန့်၊ မြစ်ကြီးနား-တနိုင်း၊ မြစ်ကြီးနား-ပူတာအို၊ မြစ်ကြီးနား-ချီဗွေ၊ မြစ်ကြီးနား-နန်စီးအောင်၊ ဗန်းမော်-ကသာ လမ်းကြောင်းများကိုလည်း KIA နှင့် PDF များက လိုအပ်ပါက ဖြတ်တောက် တိုက်ခိုက်နိုင်စွမ်း ရှိ၏။ သို့ဖြစ်ရာ ကချင်ပြည်နယ် စစ်ရေးအခြေအနေသည် တင်းမာသည့် အခြေအနေဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်)
(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
ကရင်နီစစ်မျက်နှာကို ဆန်းစစ်ခြင်း အပိုင်း (၁)
လိုင်ဇာအနီးက စစ်ရိပ်စစ်ငွေ့များ
ဖားကန့်က စစ်ကောင်စီစခန်း ၂ ခု KIA သိမ်း
လက်ခတ်တောင်ပြန်ရရေး စစ်ကောင်စီ စစ်ရှိန်မြှင့်၍ တိုက်ခိုက်နေ