စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် သောကြာနေ့ သူ့ဝန်ကြီးအဖွဲအစည်းအဝေးတွင် မြန်မာပြည်သူအများစုသည် လူတစု၏ မိုက်မဲမှုကြောင့် ဒုက္ခရောက်နေသည်ဟု ပြောသောအခါ မရည်ရွယ်ဘဲ သူ့ကိုယ်သူ လက်ညှိုးထိုးခြင်း ဖြစ်နေသည်။
ထိုအစည်းအဝေးတွင် မင်းအောင်လှိုင်က နိုင်ငံ၏ အစိတ်အပိုင်းအချို့ မတည်ငြိမ်မှုများတွက် တော်လှန်ရေး အင်အားစုများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို အပြစ်တင်ပြီး ထို့ကြောင့် ဒေသခံပြည်သူအများစုသည် မလိုအပ်သော ဒုက္ခများ ခံစားရသည်ဟုပြောသည်။
သို့သော် မြန်မာတွင် လက်ရှိဖြစ်ပွားနေသော အကျပ်အတည်းအတွက် အပြစ်တင်ရမည်ဆိုလျှင် အာဏာသိမ်းခြင်းဖြင့် နိုင်ငံတွင် စီးပွားရေးအကျပ်အတည်းကျရောက်စေသည့် စစ်ခေါင်းဆောင်ပိုင်းကိုသာ အပြစ်တင်ရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟု ၎င်းတို့ကိုယ် ၎င်းတို့ခေါ်သည့် စစ်ကောင်စီသည် တနိုင်ငံလုံးတွင် တန်းတူတိုးတက်ရေးအတွက် ကြိုးစားနေသော်လည်း အကြမ်းဖက်မှု ရင်ဆိုင်နေရသော ဒေသများသည် အခြားဒေသများထက် နောက်ကျနေကြောင်း မင်းအောင်လှိုင်ပြောသည်။
သို့သော် သူ၏အကဲဖြတ်ချက်သည် လိမ်လည်မှု ဖြစ်ကြောင်း စီးပွားရေးမြို့တော် ရန်ကုန်မှအခြေအနေများက ပြသနေသည်။ နိုင်ငံ၏ ကျန်အစိတ်အပိုင်းများနှင့် နှိုင်းယှဉ်ချက်အားဖြင့် တည်ငြိမ်ပုံပေါက်ပြီး ပစ်ခတ်တိုက်ခိုက်မှုများက စီးပွားရေးကို ကြီးကြီးကျယ်ကျယ် ထိခိုက်စေသည့် မရှိဟူသော ရန်ကုန်တွင်ပင် ဝင်ငွေနည်းမိသားစုများသာမက အလယ်အလတ်တန်းမိသားစုများပါ ခံစားကြရသည်။
မြင့်မားသော အစားအသောက်ဈေးနှုန်းများကြောင့် ရန်ကုန်ဒေသခံများသည် စစ်ကောင်စီက ညွန်ကြားထားသည့် ဆန်နှင့် ဆီ ဈေးလျှော့ရောင်းချသည့် နေရာများတွင် တန်းစီနေကြသည်။ ထိုသို့သော မြင်ကွင်းများသည် မြန်မာ့ပထမဆုံး စစ်အုပ်စုဖြစ်သည့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်ကို သတိရစရာဖြစ်စေသည်။ ထိုစဉ်က အခြေခံလိုအပ်ချက်များဖြစ်သည့် ဆန်နှင့် ဆပ်ပြာကို ခွဲတမ်းဖြင့် ရောင်းချသည်။
နိုင်ငံ၏ အဓိကစားသောက်ကုန်ဖြစ်သော် ဆန်ဈေးနှုန်းသည် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ၂ ဆ တိုးလာပြီး လွန်ခဲ့သောလများအတွင်း အလျှင်အမြန်တက်နေသည်။ စားအုန်းဆီ အခြေအနေသည်လည်း အလားတူပင်ဖြစ်သည်။ ထိုသို့သောအခြေအနေများအားလုံးသည် အာရှ၏ ဆန်စပါးစိုက်ရာ အဓိကဒေသ မြန်မာတွင် ဖြစ်ပွားနေခြင်းဖြစ်သည်။
ထိုအစည်းအဝေးတွင် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံအတွက် စေတနာကောင်းရှိရမည်ဟု ပြောသောကြောင့် လူအသေအပျောက်များသော မြန်မာနိုင်ငံ အလယ်ပိုင်းမှ ကျေးရွာများမှ ကျောင်းများ၊ ကျန်းမာရေးဌာနများနှင့် ဘာသာရေးအဆောက်အအုံများကို လေကြောင်းတိုက်ခိုက်မှုများနှင့် လူနေအိမ်များကို မီးရှို့ခြင်းကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ပြုလုပ်နေသလို သဘောမျိုး ဖြစ်နေသည်။
သို့သော် စစ်ကောင်စီသည် တိုင်းရင်းသားပြည်သူများအတွက် စိတ်စေတနာ မရှိပေ။ ရာနှင့်ချီသည့် ပြည်သူပေါင်းများစွာသည် အထူးသဖြင့် ကချင်ပြည်နယ် မြောက်ပိုင်းမှ ကချင်ပြည်သူများသည် မင်းအောင်လှိုင်လက်ချက်ကြောင့် လွန်ခဲ့သောနှစ်က လေကြောင်းတိုက်ခိုက်မှုများအတွင်း သေဆုံးရသည်။
စစ်ကောင်စီသည် မေလက မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ ဆိုးရွားသော ဆိုင်ကလုန်းဒဏ်ခံ လူတသန်းကျော်အတွက် ကယ်ဆယ်ရေး ပစ္စည်းများပေးပို့ခြင်းအတွက် နိုင်ငံတကာ အဖွဲ့အစည်းများကိုလည်း တားမြစ်ထားသည်။ ထောင်ချီသည့် အိမ်များ ပျက်စီးပြီး အများအပြားကို ပြန်မဆောက်ရသေးပေ။
မင်းအောင်လှိုင်သည် ချင်းနှင့် ကယား (ကရင်နီ) ပြည်နယ်များကိုလည်း ချမ်းသာ မပေးပေ။ ချင်းပြည်နယ်မှ ထန်တလန်နှင့် ကယားပြည်နယ်မှ မြို့များကို စစ်ကောင်စီက ဖျက်ဆီးသည်။
ကုလသမဂ္ဂ လူသားချင်းစာနာမှု ညှိနိုင်းရေးရုံး၏ အဆိုအရ စစ်အာဏာသိမ်းပြီးနောက် ပြည်သူ ၁.၆ သန်းကျော်သည် နေရပ်စွန့်ခွာရပြီး စစ်ကိုင်းတိုင်းတခုတည်းတွင်ပင် လူ ၈ သိန်းနီးပါး နေရပ်စွန့်ခွာရသည်။
မြန်မာနိုင်ငံ လူဦးရေ သုံးပုံတပုံသည် လူသားချင်းစာနာမှုအကူအညီများ လိုအပ်နေချိန်တွင် မင်းအောင်လှိုင်က ပြည်တွင်းပြည်ပအကူအညီပေးရေးအဖွဲ့များသည် ပြည်ပအစိုးရများ၏ နောက်လိုက်များဖြစ်သည်ဟု စွပ်စွဲပြီး ပိုမိုအနီးကပ်ကြီးကြပ်ရန် ဝန်ကြီးအဖွဲ့ အစည်းအဝေးတွင် ညွှန်ကြားသည်။
ထို့ပြင် မင်းအောင်လှိုင်သည် ငွေကြေးဖေါင်းပွမှုထိန်းချုပ်ရန် ကိုယ်ကျိုးရှာ စီးပွားရေးသမားများကို လက်ညှိုးထိုးနေသည်။
အမေရိကန်ဒေါ်လာ၊ ယူရိုငွေရောင်းဝယ်မှု ပြုလုပ်နေသူများကို စစ်ကောင်စီ၏ ဗဟိုဘဏ်က အသွင်ယူ ဖမ်းဆီးနေသည်။ စားသုံးဆီဈေးနှုန်းတည်ငြိမ်ကျဆင်းရေး ဆီတင်သွင်းခွင့်ပါမစ်ရကုန်သည်များကို ဖမ်းထားသည်။ ထိုးတက်နေသည့် ဆန်ဈေးနှုန်းများကို ဈေးလျှော့ရောင်းရန် သတ်မှတ်လိုက်ပြီး သတ်မှတ်ဈေးထက် ပိုရောင်းသူများကို အရေးယူမည်ဟု ပြောထားသည်။
သို့သော် မြန်မာနိုင်ငံ ကျဆုံးနိုင်ငံသို့ ဦးတည်နေခြင်းသည် တခြားလူများ အပြစ်မဟုတ်ဘဲ ပြည်သူက ရွေးကောက်တင်မြှောက်သော အစိုးရကို ဖြုတ်ချကာ သူစတင်ခဲ့သည့် ပြည်တွင်းစစ်ကို ဆက်တိုက်ရန် ပြည်သူ့ဘဏ္ဍာငွေများအား တလွဲသုံးစားလုပ်နေသည့် မင်းအောင်လှိုင်သည်သာ တစ် တရားခံ ဖြစ်ကြောင်း ပြည်သူလူထု အများစုက သဘောပေါက်ပြီး ဖြစ်ပေသည်။
You may also like these stories:
အကူအညီပေးရေး NGO အဖွဲ့များကို စစ်ကောင်စီခေါင်းဆောင် ပစ်မှတ်ထား
ဒေါ်လာရောင်းဝယ်သူများကို အသွင်ယူ ဖမ်းဆီးနေမှုကြောင့် ပြင်ပဈေးကွက်ရပ်ဆိုင်း
ဆီကုန်သည်များအား ဖမ်းဆီးစစ်ဆေးမှု စစ်ကောင်စီကို လုပ်ငန်းရှင်များ ဝေဖန်
စစ်ကောင်စီ ဆန်စျေးသတ်မှတ်၊ စျေးပိုရောင်းသူ အရေးယူမည်ဟုဆို
မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး မှောင်ခိုလုပ်ငန်းများ ကြီးထွားလာနိုင်