အတက်ကြမ်းနေသည့် ဆန်ဈေးကွက်ကို ထိန်းရန်စစ်ကောင်စီ၏ ကြိုးပမ်းမှုတခု ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းခန့်က ထွက်ပေါ်လာခဲ့သည်။ ထိုကြိုးပမ်းမှုမှာ ဆန်ကို ၎င်းတို့ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရန် ကန့်သတ်လိုက်ခြင်း ဖြစ်သည်။
ပြည်တွင်းဆန်ဈေးကို လက်ကားနှုန်းကို ရွှေဘိုပေါ်ဆန်း ၁ အိတ်လျှင် ၁၂၅၀၀၀ ကျပ်၊ ဧရာဝတီ ပေါ်ဆန်း ၁ အိတ် ၁၁၀၀၀၀ ကျပ်၊ ပေါ်ကျွဲ ၁ အိတ် ၉၅၀၀၀ ကျပ်၊ ဆန်ကြမ်း ၁ အိတ် ၇၂၀၀၀၀ ကျပ်နှင့်သာ ရောင်းချရမည် ဖြစ် သလို ဆန်လက်လီ ရောင်းချနေသူများအနေဖြင့် ယင်းဈေးနှုန်း၏ ၁၀ ရာခိုင်နှုန်းအမြတ်သာ တင်၍ ရောင်းချရမည်ဟု ကန့်သတ်ထားသည်။
လက်လီဈေးကွက်တွင် ရွှေဘိုပေါ်ဆန်း ၁ အိတ်လျှင် အမြင့်ဆုံး ၁၄၀၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း ၁ အိတ်လျှင် ၁၂၀၀၀၀ ကျပ်နှင့် ဆန်ကြမ်း ၁ အိတ်လျှင် ၈၀၀၀၀ ကျပ်ထပ် ပို၍ ရောင်းချခြင်း မပြုလုပ်ရန် ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်က ပြည်တွင်းလက်လီ၊ လက်ကား ဖြန့်ဖြူးရောင်းချနေသော ရန်ကုန်မြို့ ဝါးတန်းလမ်းကုန်စည်ဒိုင် တာဝန်ရှိသူများ က လက်လီရောင်းချသည့် လုပ်ငန်းရှင်များကို ခေါ်ယူ သတိပေးခဲ့သည်။
အဆိုပါ သတ်မှတ်ဈေးများထက် ပို၍ ဈေးတင်ရောင်းသည်ကို တွေ့ရှိပါက စစ်ကောင်စီ ဖွဲ့စည်းထားသည့် ပြည်ထောင် စု ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီ၊ စစ်ကောင်စီ၏ အထူးစုံစမ်း စစ်ဆေးရေး (စစစ သုံးလုံး) တို့က ဖမ်းဆီး အရေး ယူသွားမည်ဖြစ်ကြောင်း ဆန် လက်လီလက်ကား ရောင်းချသည့် ကုန်သည်များကို ဆန်အသင်းကတဆင့် သတိပေး ထားသည်။
ယင်းနှင့်ပတ်သက်ပြီး အစည်းအဝေး တက်ရောက်ခဲ့သည့် လက်လီ၊ လက်ကား ဆန်ရောင်းချသည့် ကုန်သည်တဦးက “ဒီဈေး၊ ဒီဈေးတွေနဲ့ ရောင်းရမယ်။ ပိုမရောင်းရဘူး။ ပိုရောင်းတာတွေ့ရင် သူတို့ (စကစ) က အရေးယူလိမ့်မယ်။ အဲဒါ တွေ့လို့ အရေးယူရင် သူတို့ (ဆန်စပါးကုန်သည်အသင်း၊ ဝါးတန်းလမ်း ကုန်စည်ဒိုင်) နဲ့ မဆိုင်ဘူးပေါ့။ သတ်မှတ်ဈေး ဖြစ်ဖို့ ဘယ်လိုပဲ လုပ်ရောင်းရောင်း ရောင်းလို့ရတယ်။ ဒီဈေးနဲ့ပဲ ရောင်းဆိုပြီး ခေါ်ပြောတာ” ဟု ဧရာဝတီသို့ ပြော သည်။
ထိုသို့ စစ်ကောင်စီက ဆန်ဈေးနှုန်းများကို သတ်မှတ်လိုက်သည့် ပြီးခဲ့သည့်တပတ်အတွင်း ဆန်ဆိုင်တချို့မှာ ဈေး မကိုက်သဖြင့် အရောင်းရပ်သည်ဟု လူမှုကွန်ရက်တွင် ကြေညာခဲ့ခြင်းများလည်း ရှိခဲ့သော်လည်း နာရီပိုင်းအတွင်းပင် တင်ထားသည့် ပို့(စ်) များကို ပြန်လည် ဖြုတ်ချခဲ့သည်။
ပြည်တွင်း ဆန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်ငွေအပေါ် ယုံကြည်မှု ကျဆင်းကာ နိုင်ငံခြားငွေ လဲလှယ်နှုန်းများ မြင့်တက်လာခြင်းကြောင့် စိုက်ပျိုးရေးသုံး သွင်းအားစု (ဓာတ် မြေဩဇာ) ဈေးနှုန်းကြီးမြင့်လာခြင်း၊ စိုက်ပျိုးထုတ်လုပ်မှု လျော့ကျခြင်း၊ ကျပ်ငွေ တန်ဖိုးဖောင်းပွခြင်း၊ လုပ်နိုင်ကိုင်နိုင် သည့် လယ်သမားသားသမီးများ ပြည်ပသို့ ထွက်ခွာခြင်းကြောင့် လယ်ယာလုပ်သား ရှားပါးခြင်း အစရှိသည့် အကြောင်းအရင်းများစွာကြောင့်လည်း ပါဝင်နေသည်။
ယင်းသို့ ဖြစ်နေချိန်တွင် စစ်ကောင်စီ၏ ကျပ်နှစ်သောင်းတန် ငွေစက္ကူသစ်ရိုက်ထုတ်သည့် အခြေအနေကြောင့် ဆန်အပါအဝင် အခြေခံ စားသောက်ကုန်ဈေးနှုန်းများမှာ ထိုး၍ တက်လာပြန်သည်။
ထိုသို့သော အခြေအနေများကြောင့် စစ်ကောင်စီ၏ ပြင်ဆင်လာသည့်နည်းလမ်းမှာ ဆန်ပြည်ပတင်ပို့မှုကို ထိန်းချုပ် ခြင်း၊ လိုင်စင်ထုတ်ပေးခြင်းကို ကန့်သတ်ခြင်း၊ ဆန်စပါးသိုလှောင်ခြင်းကို ထိန်းချုပ်ခြင်းတို့ကို လုပ်ဆောင်လာရာမှ နောက်ဆုံးတွင် စစ်အာဏာရှင်တို့၏ ထုံးစံအတိုင်း ဈေးကွက်ကို အာဏာနှင့် ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။
ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေမှုကို ထိန်းချုပ်ရန် ဟုဆိုကာ စစ်ကောင်စီက ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီကို ဖွဲ့စည်းပြီးနောက် ပထမအကြိမ် အစည်းဝေးအပြီးမှာပင် ဆန်နှင့် ဆီဈေးနှုန်းများကို သတ် မှတ်ရောင်းချရန်အစီစဉ်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။
စစ်ကောင်စီက ပြည်တွင်းဆန်ဈေးနှုန်းများကို ကန့်သတ်လိုက်ပြီးနောက်ပိုင်း တပတ်အကြာတွင် ပြည်တွင်း ဆန် ဈေးကွက် အရောင်းအဝယ်မှာ မှောင်ခိုဈေးကွက်ပုံစံတခု ပေါ်လာကြောင်း ကုန်သည်များ ဆိုသည်။
ပြည်တွင်း ဆန်လက်လီဈေးကွက်အတွင်း စစ်ကောင်စီ သတ်မှတ်ထားသည့် ဈေးနှင့် ရောင်းချသည့်ပုံစံတမျိုးအပြင် လက်သိပ်ထိုး (မှောင်ခိုဈေး) ဖြင့် ရောင်းသည့် ဈေးကွက် စသည်ဖြင့် ပုံစံနှစ်မျိုးနှင့် ရောင်းချနေရသည့် အခြေအနေသို့ ရောက်လာကြသည်။
လက်လီ၊ လက်ကားရောင်းချနေသော ပြည်တွင်းရှိ ဆန်ကုန်သည်တဦးက “ကန့်သတ်ထားတဲ့ ဈေးပဲ ရောင်းရတော့ အရည်အသွေးကောင်းတဲ့ဆန် ဈေးကွက်မှာ ပျောက်သွားတာပေါ့။ နည်းနည်း ကောင်းကောင်းမွန်မွန်စားချင်တဲ့သူက ကောင်းတာ မရှိဘူးလားဆိုပြီး တောင်းဆိုတာမျိုးရှိတယ်။ အဲဒီအခါကျတော့ ဝယ်တဲ့သူကို ကြည့်ပြီး အမြဲ ဝယ်တဲ့သူ၊ ကိုယ့်အတွက် အန္တရာယ်ဖြစ်လောက်လား၊ မဖြစ်လောက်လား ကြည့်ပြီးတော့မှ အန္တရာယ်မဖြစ်လောက်ဘူးဆိုတဲ့သူ ကိုမှ အကောင်းဈေးနဲ့ ဆန်ထုတ်ရောင်းပေးရတာပေါ့။ အဲဒီတော့ သတ်မှတ်တဲ့ ဈေးကတဈေး၊ တိုးတိုးတိတ်တိတ်က တဈေးပေါ့” ဟု လက်ရှိဈေးကွက် အခြေအနေကို ဧရာဝတီသို့ ပြောသည်။
သတ်မှတ်လက်ကားဈေးထက် ၁၀ ရာခိုင်နှုန်းအမြတ်သာတင်၍ လက်လီဈေးကွက်တွင် ရောင်းချရမည်ဟု ကန့်သတ် ထားပြီး ယင်းဈေးထက် ပိုရောင်းသည်ကို တွေ့ရှိပါက ဖမ်းဆီးမည်ဟု စစ်ကောင်စီက ကုန်သည်များ ကို ခြိမ်းခြောက် ထားသည်။
စစ်ကောင်စီ အရေးယူမည်ဟု ပြောဆိုထားသောကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်မှာ အေးနေပြီး ဖမ်းဆီး ခြင်းခံရမည်စိုးသောကြောင့်လည်း ကုန်သည်များကြား စိုးရိမ်ထိတ်လန့်မှုများ ရှိနေကြောင်း သိရသည်။
အထက်ပါ ဆန်ကုန်သည်က “လူတိုင်း စိုးရိမ်တာက နှစ်ယောက် သုံးယောက် အဖမ်းပြမယ့်ထဲ ကိုယ်ပါသွားမှာ စိုးရိမ် ကြတာ။ ဆန်ကုန်သည်ကြီးတွေကတော့ ကန့်သတ်တဲ့ဈေးအတိုင်း ရောင်းနိုင်အောင်လုပ်ပြီး ရောင်းကြတယ်။ ဈေး မကိုက်တော့ ဆန်ကြမ်းနဲ့အချောရောပြီး ပေါ်ဆန်းဆို ရွှေဘိုပေါ်ဆန်းလို့ တံဆိပ်တပ်ပြီး ရောင်းလိုက်တာပေါ့။ ကိုယ့်နာ မည် ထွက်သွားမှာ အခုက အရမ်းစိုးရိမ်နေရတယ်” ဟု ဆိုသည်။
ယခုရက်ပိုင်းအတွင်းလည်း စစ်ကောင်စီက နမူနာအနေဖြင့် ဆန်ကုန်သည်အချို့အား ဖမ်းဆီးခြင်းများ လုပ်ဆောင်လာနိုင်မည့် အခြေအနေရှိသည့်အတွက် နာမည်ကြီးဆန်ကုန်သည်များမှာ မိမိအမည် မထွက်ရေး သတိထားနေထိုင်ရ ကြောင်း ၎င်းကပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဈေးတင်ရောင်းသည်ဟု ဆိုကာ ဆီကုန်သည်ကြီးအသင်း ဥက္ကဋ္ဌ အပါအဝင် စားအုန်းဆီတင်သွင်း ဖြန့်ဖြူးရောင်းချနေသည့် ကုန်သည် ၄ ဦးကို ဖမ်းဆီးခဲ့သေးသည်။
ထို့ကြောင့် စားအုန်းဆီဈေးကွက်တွင်လည်း ဆီကုန်သည်အသင်းမှ ခွဲတမ်းနှင့် ဆိုင်အချို့ကို ချပေးသည်ရှိသော်လည်း ခွဲတမ်းမရသည့် ဆိုင်များမှာ အရေးယူခံရမည်စိုးသဖြင့် ပြင်ပဈေးနှင့် မရောင်းဘဲ အရောင်းပိတ်ထားရခြင်းများလည်း ရှိ သည်။ စားဆီဈေးကွက်သည်လည်း လက်ရှိတွင် သတ်မှတ်ဈေး၊ ပြင်ပအစရှိသည်ဖြင့် မှောင်ခိုဈေးကွက်ပုံစံ ဖြစ်ပေါ် လာသည်။
အင်းစိန်မြို့နယ်ရှိ လက်လီရောင်းချသူတဦးက “သူတို့ အစည်းဝေးမှာပြောတာပဲ သမဝါယမ ပြည်သူ့ဆိုင်ခေတ်က တောင် ပြည်သူ့ဆန်ပေးပြီး နီကြောင်အကျိုးကြေတွေ စားခဲ့ရသေးတာပဲတဲ့။ အဲဒီတော့ ဆန်စပါးအသင်းက ဆိုလိုတာ က သူတို့ ပြောတဲ့ဈေးနဲ့သာရောင်း ဘယ်လိုနည်းနဲ့ပဲလုပ်ပြီး ရောင်းရောင်းဆိုတော့ တချို့က သတ်မှတ်ဈေးနဲ့ ရောင်း တယ်၊ အရည်အသွေးက အရင်လို မကောင်းတော့ဘူး။ ကောင်းတာနဲ့ မကောင်းတာ ရောရောင်းတာပေါ့။ တချို့က သတ်မှတ်ဈေးနဲ့တမျိုး။ ကောင်းတာ လိုချင်တမျိုးပေါ့” ဟု ပြောသည်။
စစ်ကောင်စီ သတ်မှတ်ဈေးဖြစ်သည့် ရွှေဘိုပေါ်ဆန်းတအိတ် ၁၄၀၀၀၀ ကျပ်တန်မှာ ဈေးကွက်အတွင်း အမှန်တကယ် ရှိသင့်သည့် ဈေးမှာ ၁၆၀၀၀၀ ကျပ် ဖြစ်နေသဖြင့် ရွှေဘိုပေါ်ဆန်းဟု အမည်တပ်၍ ဆန်ကြမ်းတခုခုနှင့်ရော၍ ရောင်းချခြင်း သို့မဟုတ် ၁၆၀၀၀၀ ကျပ်တန် အရည်အသွေးရှိ ရွှေဘိုပေါ်ဆန်းအမျိုးအစားကိုသာ စားချင်ပါက ယင်း ဈေးဖြင့် စစ်ကောင်စီထံသို့ သတင်းမပေးသူဖြစ်ကြောင်း ယုံကြည်ရသူကိုသာ ထုတ်ရောင်းပေးခြင်းများ ပြုလုပ်နေရ သည့် သဘောဖြစ်သည်။
ထို့ကြောင့် စားသုံးသူများ၏ လွတ်လပ်စွာ ဝယ်ယူပိုင်ခွင့်၊ ရွေးချယ်ခွင့်၊ အရည်အသွေးကောင်းသည့် ပစ္စည်းကို ဝယ်ယူ သုံးစွဲခွင့်များ ပျောက်ဆုံးပြီး ဈေးကွက်ကလည်း သတ်မှတ်ဈေး၊ မှောင်ခို (ပြင်ပ) ဈေး ဟူ၍ ဖြစ်နေသည်။
ရန်ကုန်မြို့ ဘုရင့်နောင်ရှိ ဆန်လက်လီ၊ လက်ကား ရောင်းချနေသည့် ကုန်သည်တဦးက “အခုလောလောဆယ်တော့ သူတို့ သတ်မှတ်ထားတဲ့ ဈေးနဲ့ရောင်းလို့ရတဲ့ဟာပဲ ရောင်းတယ်။ သတ်မှတ်ဈေးထက် ကျော်လွန်တာတော့ ကျမတို့ မရောင်းဘူးပေါ့နော်။ စားသုံးသူက နည်းနည်း အရည်အသွေးကောင်းတဲ့ ဆန်မျိုး တောင်းဆိုလာရင်တော့ ကျမတို့ဆီ မှာမရှိလို့ တခြားက မှာယူဖို့ ပြောရတာပေါ့။ ဒီလို လုပ်နေတာနဲ့ ဈေးကွက်မှာ တက်နေတဲ့ပစ္စည်းကို ကျအောင် လုပ်နိုင် မလားဆိုတာ သိတော့သိပါတယ်။ ဒါပေမယ့် မပြောရဲဘူး” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ဆန်စပါးများ သိုလှောင်ပြီး ဈေးကစားခြင်း မပြုလုပ်နိုင်ရန်အတွက်ဟုဆိုကာ အွန်လိုင်းမှ မှတ်ပုံတင်သည့် စနစ် ကို ယခု စက်တင်ဘာလအတွင်း စတင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြောဆို ထားသည်။
ဆန်စပါးသိုလှောင်လိုသည့် ကုမ္ပဏီများအနေဖြင့် မိမိဝယ်ယူထားသည့် ဆန်စပါးပမာဏ၊ ဝယ်ယူသည့်အချိန်၊ ဝယ်သူအမည်၊ ပြန်ရောင်းသည့် ပမာဏ၊ ပြန်ရောင်းသည့် ဈေးနှုန်းတို့ကို အွန်လိုင်းတွင် မှတ်ပုံတင်ပြုလုပ်မှသာ ဆန်စပါး သိုလှောင်နိုင်မည်ဖြစ်သည်။
ယင်းသတ်မှတ်ချက်နှင့် ပတ်သက်၍ အထက်ပါကုန်သည်က “မှတ်ပုံတင်ရမယ်ဆိုတော့ တင်ရတယ်ပေါ့နော်။ အခုလောလောဆယ်တော့ အဆင်ပြေနေသေးတယ်။ အခုလိုမျိုး ထိန်းချုပ်တာတော့ ရေရှည်တော့မလွယ်ပါဘူး။ ဆန်ဈေးကွက်ဆိုတာက မြန်မာ့မြေပေါ်မှာ စပါးစိုက်တယ်ဆိုတာပဲရှိတာ။ ကျန်တာ အားလုံး(သွင်းအားစု)တွေက နိုင်ငံခြားက ဝယ်ရတာလေ။ လွယ်တော့ မလွယ်ပါဘူး” ဟု သုံးသပ်ပြောဆိုသည်။
စစ်ကောင်စီသည် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် အာဏာနှင့် ကုန်သည်လုပ်ငန်းရှင်များကို ဖမ်းဆီးခြင်း၊ ဈေးကွက် ကို ထိန်းချုပ်ခြင်း၊ ဈေးနှုန်များ သတ်မှတ်ခြင်း၊ ကန့်သတ်ခြင်းလုပ်ဆောင်နေခြင်းမှာ အောင်မြင်နိုင်သည့် နည်းလမ်း မဟုတ်ကြောင်း၊ စစ်တပ်အာဏာသိမ်းသည့် အကျိုးဆက်၊ နိုင်ငံရေးကြောင့် ဖြစ်လာသည့် စီးပွားရေး ပြိုလဲမှုကို နိုင်ငံ ရေးအရ မဖြေရှင်းနိုင်သရွေ့ အဆင်မပြေနိုင်ကြောင်း ပြည်တွင်းပြည်ပ စီးပွားရေး ပညာရှင်များက ထောက်ပြပြောဆိုကြ သည်။
သို့သော်လည်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ကုန်ဈေးနှုန်းများ မြင့်တက်လာ ခြင်းသည် ဝိသမလောဘသားများကြောင့်၊ ကုန်သည်၊ လုပ်ငန်းရှင်များ ဈေးကစားခြင်းကြောင့်ဟုသာ ပြောဆို၍ ဆက် တိုက် ဈေးကွက်အား ထိန်းချုပ်နိုင်ရန် ကြိုးစားလျက်ရှိသည်။
ထိုသို့ စစ်ကောင်စီ၏ အာဏာစက်နှင့်ခြိမ်းခြောက် ထိန်းချုပ်မှုများကြားကပင် ရွှေ၊ ဒေါ်လာနှင့် အခြေခံ စားသောက်ကုန် များဖြစ်သည့် ဆန်နှင့် ဆီဈေးကွက်မှာ လွတ်လပ်စွာဈေးသတ်မှတ်ရောင်းချသည့် ဈေးကွက်ကနေ မှောင်ခို ဈေးကွက် ဆီသို့ တကြော့ပြန် ရောက်ရှိသွားတော့သည်။ ။
You may also like these stories:
စစ်ကောင်စီ ဆန်စျေးသတ်မှတ်၊ စျေးပိုရောင်းသူ အရေးယူမည်ဟုဆို
စစ်ပွဲနဲ့ ကုန်ဈေးနှုန်းကြားက စစ်ရှောင်တောင်သူတို့ရဲ့ ဘ၀
ဆီကုန်သည်များအား ဖမ်းဆီးစစ်ဆေးမှု စစ်ကောင်စီကို လုပ်ငန်းရှင်များ ဝေဖန်