စက်သုံးဆီလုပ်ငန်းထဲက ဦးနေအောင်
ဦးနေအောင်၊ ဒေါ်ခင်ငုရည်ဖြိုး၊ ဦးသန်းဝင်းဆွေနှင့် ဦးမြဟန်တို့သည် မြန်မာ့စက်သုံးဆီ ဖြန့်ဖြူးရောင်းချရေးလောကတွင် ဆိုင်ခွဲများစွာ ရှိသည့် New Day Energy Company နှင့် New Day Energy Services Company တို့၏ ဒါရိုက်တာများ ဖြစ်သည်။ ဦးသိန်းစိန် အစိုးရ တက်ခါစ နိုင်ငံပိုင် စက်သုံးဆီဆိုင်များကို ပုဂ္ဂလိက လွှဲပြောင်းသည့်အချိန်တွင် New Day Energy Company က ၁၉ ဆိုင်အထိ လွှဲပြောင်းရရှိခဲ့ပြီး ယင်းမှာ ထိုအချိန်က ဒုတိယ အများဆုံးရရှိသည့် အခွင့်အရေး ဖြစ်ခဲ့သည်။
ဦးနေအောင်သည် Fortune International Group ၏ ဥက္ကဋ္ဌလည်းဖြစ် စစ်တပ်ပိုင် Mytel ကုမ္ပဏီ၏ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်လည်းဖြစ်သူ ဦးမြဟန်နှင့် နီးကပ်သည့် စီးပွားဆက်ဆံရေး ရှိသူဖြစ်သည်။ ဦးမြဟန်သည် Mytel ၏ ဒါရိုက်တာတဦး ဖြစ်သည့်အတွက် မြန်မာကုမ္ပဏီ ၁၁ ခု ဖွဲ့ထားသည့် MNTH အများပိုင် ကုမ္ပဏီတွင် ရှယ်ယာများစွာ ပိုင်ဆိုင်ထားသည်ဟု ယူဆ၍ရသော်လည်း ဧရာဝတီက ရာခိုင်နှုန်း အတိအကျကို မသိရပါ။
သို့သော် ၎င်းသည် MNTH တွင် ရှယ်ယာအများဆုံး ထည့်ဝင်သည့် ကုမ္ပဏီနှစ်ခုဖြစ်သော Royal Yatanarpon Telecom Public Company နှင့် Maha Yoma Public Company Limited တို့၏ ရှယ်ယာရှင် ဖြစ်သည်။
ဦးနေအောင်နှင့် ဦးမြဟန်သည် အာဏာသိမ်းအပြီး ငါးလအကြာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် New Day IGE Energy Company ကို တည်ထောင်ထားကြသေးသည်။ ထိုကုမ္ပဏီက မည်သည့်လုပ်ငန်းများ လုပ်သည်ကိုမှု ဧရာဝတီက မတွေ့ရပါ။

New Day Energy Services Company သည် သီလဝါဆိပ်ကမ်း၌ စက်သုံးဆီ သိုလှောင်ကန်များနှင့် ဆီတင်ချဆိပ်ကမ်း ဆောက်လုပ်ခွင့်ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် ရရှိခဲ့ပြီး IGE Service Company ကလည်း သိုလှောင်ကန်နှင့် ဆီတင်ချဆိပ်ကမ်းများ ဆောက်လုပ်ခွင့်ကို ၂၀၁၃ မေလတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ ခွင့်ပြုချက် ရခဲ့သည်။
IGE ၏ လုပ်ငန်းခွဲတခုဖြစ်သော Premium Petrol Co.,Ltd (IGE Energy Co.,Ltd) ကမှု စက်သုံးဆီ ဖြန့်ဖြူးရန် သိုလှောင်ရုံအဖြစ် မန္တလေးတိုင်း၊ ရွေကြက်ယက် ဆိပ်ကမ်းနှင့် ရန်ကုန်၊ ရွှေပြည်သာမြို့နယ်တို့တွင် ထားရှိကာ လည်ပတ်နေသည်။ အဆိုပါ ကုမ္ပဏီသည် မြန်မာပြည်ရှိ Myanmar Energy Sector Development Public Company (MESDP) တွင် ရှယ်ယာရှင်အဖြစ် ပါဝင်ထားသည်ဟု IGE Group ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။
MESDP အများပိုင် ကုမ္ပဏီသည် မြန်မာပြည် ခရိုနီများစွာ ပါဝင်ဖွဲ့စည်းထားသည့် ကုမ္ပဏီဖြစ်ပြီး ဆီလုပ်ငန်း ခေါင်းပိုင်းများဖြင့် ထိန်းချုပ်ထားသည့် ကုမ္ပဏီလည်း ဖြစ်သည်။
MESDP အများပိုင် ကုမ္ပဏီသည် မြန်မာပြည် ခရိုနီများစွာ ပါဝင်ဖွဲ့စည်းထားသည့် ကုမ္ပဏီဖြစ်ပြီး ဆီလုပ်ငန်း ခေါင်းပိုင်းများဖြင့် ထိန်းချုပ်ထားသည့် ကုမ္ပဏီလည်း ဖြစ်သည်။ တယ်လီနောမြန်မာကို ဝယ်ယူလိုက်သည့် ရွှေဗျိုင်းဖြူအုပ်စု ပိုင်ရှင် ဦးသိန်းဝင်းဇော်၊ မြတ်မေတ္တာမွန် ဆီဆိုင်ပိုင်ရှင် ဦးဝင်းမြင့်နှင့် ၎င်း၏သားများဖြစ်သည့် ဦးထွဋ်ခေါင်ဝင်း (ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလက်ထက် အင်းလျားလမ်းလျှောက်သင်္ကြန်ကို ဦးဆောင်သူ)၊ ဦးဝေယံဖြိုးပြည့်ဝင်း၊ သူရဦးရွှေမန်း၏သား ဧရာရွှေဝါကုမ္ပဏီအုပ်စု ပိုင်ရှင် ဦးအောင်သက်မန်း၊ ဦးတေဇသား ဦးပြည့်ဖြိုးတေဇ အစရှိသည့် ခရိုနီများ ပါဝင်ကြသည်။
ထိုကုမ္ပဏီက စီမံကိန်းတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရှိ ရန်ကုန်-မန္တလေး ပိုက်လိုင်း စီမံကိန်းကို အကောင်အထည်ဖော်ရန် တင်ပြထားသည်။ ထို့အပြင် မန္တလေး၊ အင်းဝ၌ ဆီသိုလှောင်ရုံကြီးတခု အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသကဲ့သို့ မန္တလေး၊ အမရပူရမြို့နယ်၌ မြေဧက ၃၀ ကျော်ပေါ်တွင် နိုင်ငံတကာအဆင့်မီ ဆီသိုလှောင်ရုံ ဆိပ်ကမ်းကို အကောင်အထည်ဖော်နေသည်။
ရေအားလျှပ်စစ် စီမံကိန်းများနှင့် IGE
IGE အုပ်စုသည် မြန်မာပြည်၌ ရေအားလျှပ်စစ် စီမံကိန်း ငါးခုထက် မနည်းကို ပြည်ပကုမ္ပဏီများနှင့် ပူပေါင်း လုပ်ကိုင်ခွင့် ရထားသည်။ သံလွင်မြစ်ပေါ်တွင် သုံးခု၊ မြစ်ငယ်မြစ်ပေါ်တွင် တခုနှင့် သံတွဲမြို့နယ် သူဌေးချောင်းတွင်တခု လုပ်ကိုင်လျက် ရှိသည်။
ထိုစီမံကိန်းများသည် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးရာတို့ကို ထိခိုက်စေသည်ဟုဆိုပြီး ဒေသခံများ၊ အရပ်ဖက်အဖွဲ့အစည်းများ၏ ကန့်ကွက်ခြင်းကို ခံနေရသည်။ IGE နှင့် အကျိုးတူ လက်တွဲလုပ်ကိုင်နေသည့် ကုမ္ပဏီများတွင် တရုတ်၊ ထိုင်း၊ ပြင်သစ်နှင့် အိန္ဒိယကုမ္ပဏီများ ပါဝင်သည်။
အထက်ရဲရွာ စီမံကိန်း

မဂ္ဂါဝပ် ၂၈၀ ထွက်ရှိမည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြစ်ငယ်မြစ်ပေါ်ရှိ အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းကို ပြင်သစ်အခြေစိုက် Fayat Group ၏ လက်အောက်ခံ ကုမ္ပဏီ Razel-Bec နှင့် IGE ၏ လက်အောက်ခံ ကုမ္ပဏီ International Power Generation Public Company (IPG) တို့ ဖက်စပ်တည်ထောင်ထားသည့် IPGRB ကုမ္ပဏီက လုပ်ကိုင်နေခြင်း ဖြစ်သည်။
အဆိုပါ စီမံကိန်းနှင့် ပတ်သက်ပြီး ပြင်သစ်ကုမ္ပဏီ Razel-Bec အနေဖြင့် အမြန်ဆုံး ထွက်ခွာသွားရန် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်းက တိုက်တွန်းခဲ့သေးသည်။
အဆိုပါ စီမံကိန်းနှင့် ပတ်သက်ပြီး ပြင်သစ်ကုမ္ပဏီ Razel-Bec အနေဖြင့် အမြန်ဆုံး ထွက်ခွာသွားရန် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်းက တိုက်တွန်းခဲ့သေးသည်။ အထက်ရဲရွာဆည်ကို ပြီးခဲ့သည့် နအဖ စစ်အစိုးရ လက်ထက် ၂၀၀၈ ခုနှစ်ကတည်း စတင် တည်ဆောက်ခဲ့ပြီး ထိုစဉ်ကတည်းက ဒေသခံများ၏ သဘောထားကို အလေးထားညှိနှိုင်းမှု မရှိဘဲ ဆောက်လုပ်ခဲ့သည့်အတွက် ရှမ်းအရပ်ဘက်အဖွဲ့အစည်းများက ကန့်ကွက်ကြသည်။
ပြင်သစ်အစိုးရပိုင် ကုမ္ပဏီဖြစ်သည့် Electricite de France (EDF) သည် စစ်တပ်အာဏာသိမ်းမှုအပြီး မြန်မာပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဆက်စပ်၍ ၎င်းတို့ အကောင်အထည်ဖော် တည်ဆောက်နေသော ရှမ်းပြည်နယ်ရှိ ရွှေလီ (၃) ရေအားလျှပ်စစ် စီမံကိန်းကို ရပ်ဆိုင်း၍ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ EDF ကုမ္ပဏီကဲ့သို့ ပြင်သစ်ကုမ္ပဏီ Razel-Bec ကိုလည်း ရှမ်းလူ့အခွင့်အရေး အဖွဲ့အစည်းက ထွက်ခွာရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့အနီးရှိ ရွှေလီ (၃) ရေအားလျှပ်စစ် စီမံကိန်းကို မြန်မာ့ခရိုနီ လက်သစ် ဦးဇော်ဝင်းရှိန် ပိုင်ဆိုင်သည့် ဧရာဟင်္သာ ကုမ္ပဏီ၊ ပြင်သစ်အစိုးရပိုင် EDF ကုမ္ပဏီနှင့် ဂျပန် ကုမ္ပဏီ Marubeni Corporation တို့ ဖက်စပ်လုပ်ကိုင်ခြင်း ဖြစ်သည်။
နောင်ဖာဆည် စီမံကိန်း
မဂ္ဂါဝပ် ၁,၂၀၀ ထွက်ရှိမည့် သံလွင်မြစ်ပေါ်ရှိ နောင်ဖာဆည် ရေအားလျှပ်စစ် စီမံကိန်းကို တရုတ်အစိုးရပိုင် Hydrochina Corporation၊ ဩစတြေးလျ ကုမ္ပဏီ Snowy Mountains Engineering Corporation (SMEC) နှင့် IGE တို့ ဖက်စပ်အကျိုးတူ လုပ်ကိုင်သည်။ လားရှိုးမြို့နှင့် ဟိုပုံးမြို့အကြားရှိ အဆိုပါ စီမံကိန်းအတွက် နားလည်မှု စာချွန်လွှာ (MOU) ကို တရုတ်အစိုးရနှင့် မြန်မာတို့ကြား ၂၀၀၉ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်တောင်ပိုင်း သံလွင်မြစ်ပေါ် မန်းတုံနှင့် မန်းပန်မြို့ကြားတွင် ရှိပြီး ရေအားလျှပ်စစ် မဂ္ဂါဝပ် ၇,၁၁၀ ထွက်ရှိမည့် မန်းတုံဆည် စီမံကိန်းကို China Three Gorges Corporation၊ Sinohydro, China Southern Power Grid EGATi(Thailand) နှင့် IGE ကုမ္ပဏီတို့ ပူးပေါင်း အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ ယခင်က တာဆန်ဆည်ဟု ဆိုသည့် စီမံကိန်းကို မန်းတုံဆည်အဖြစ် ၂၀၁၃ ခုနှစ်တွင် ပြန်လည်စတင်ခြင်းလည်း ဖြစ်သည်။
ဟတ်ကြီးဆည် စီမံကိန်း
သံလွင်မြစ်ပေါ်မှာပင် တည်ရှိပြီး IGE က နိုင်ငံခြားကုမ္ပဏီများနှင့် ဖက်စပ် အကောင်အထည် ဖော်နေသည့် ရေအားလျှပ်စစ် စီမံကိန်းတခုမှာ မဂ္ဂါဝပ် ၁,၃၆၀ ထွက်ရှိမည့် ဟတ်ကြီးဆည်စီမံကိန်း ဖြစ်သည်။ ထိုစီမံကိန်းကို EGAT International (EGATi)၊ Sinohydro Corporation, မြန်မာအစိုးရဘက်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနှင့် IGE ကုမ္ပဏီတို့ ပူးပေါင်း လုပ်ကိုင်နေခြင်း ဖြစ်သည်။
သူဌေးချောင်း စီမံကိန်း
သံတွဲမြို့နှင့် ၁၂ မိုင် အကွာတွင် ရှိသည့် သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းတွင်လည်း IGE Power ကုမ္ပဏီက ပါဝင်ရင်းနှီးမြှုပ်နှံထားသေးသည်။
YBS မှာလည်း ပါ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်နေ့မှ စတင်၍ ရန်ကုန်မြို့ ခရီးသည်တင်ယာဉ်ပြေးဆွဲမှုစနစ်ကို စတင် ပြောင်းလဲခဲ့သည်။ ယခင် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီ (မထသ) ကို ဖျက်သိမ်းပြီး YBS အများပြည်သူသယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းစနစ်ကို ကျင့်သုံးခဲ့သည်။

လုပ်ငန်းရှင် ဦးနေအောင်သည်လည်း စီးပွားရေးသမား ပီသစွာပင် အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းလုပ်ငန်းတွင် ဝင်ရောက်ရန် ပြင်ဆင်ခဲ့သည်။ IGE ၏ လုပ်ငန်းခွဲ တခုအဖြစ် Trans Link Public Company ကို ၂၀၁၆ ခုနှစ်အတွင်း တည်ထောင်ခဲ့ပြီး YBS ယာဉ်လိုင်းအမှတ် (၂၇၊ ၇၆၊ ၇၉၊ ၈၀၊ ၈၁၊ ၈၅ ) များကို ပြေးဆွဲခဲ့သည်။ IGE ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ ဖြစ်သည့် ဦးသန်းဝင်းဆွေနှင့် ဦးသန့်ဇင်တို့သည် ထိုကုမ္ပဏီ၏ ဒါရိုက်တာများအဖြစ် တာဝန်ယူထားသည်။
ဟိုတယ်၊ ဘဏ်၊ ဆောက်လုပ်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများ
ဦးနေအောင်၏ လုပ်ငန်းများက များပြားလှသည်။ အထက်တွင် ဆိုခဲ့သည့် လုပ်ငန်းများသာမက အခြား လုပ်ငန်းများ ဖြစ်သည့် ဟိုတယ်၊ ဘဏ်၊ ဆောက်လုပ်ရေးနှင့် ဆက်သွယ်ရေး လုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံမှု မြောက်များစွာ ပိုင်ဆိုင်ထားသေးသည်။
ဦးနေအောင်က Amara Hotel Company ကို ၂၀၀၇ ခုနှစ်တွင် တည်ထောင်ပြီး နေပြည်တော်ရှိ အမရာဟိုတယ်ကို ၂၀၀၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ငါးနှစ်ကြာအပြီး ၂၀၁၄ ခုနှစ်တွင် နေပြည်တော်၌ပင် Grand Amara ဟိုတယ် ကို ထပ်မံဖွင့်လှစ်ခဲ့သည်။
၂၀၀၈ ခုနှစ်တွင် ထောင်ခဲ့သည့် ဦးနေအောင်၏ Future Creator Group Construction Company (FCGC) သည် ပြီးခဲ့သည့် စစ်အာဏာပိုင်များ လက်ထက်အတွင်း နေပြည်တော်ရှိ ရေပန်းဥယျာဉ်၊ နက္ခတ်တာရာပြခန်းနှင့် ဆာဖာရီဥယျာဉ် ကဲ့သို့သော အစိုးရစီမံကိန်းကြီးများကို ဆောက်လုပ်ခွင့်ရခဲ့သည်ဟု ၎င်းတို့၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။
ဦးနေအောင်တို့ မိသားစု စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် မည်မျှအထိ နီးကပ်သည့် ဆက်ဆံရေးရှိကြောင်း ပြည်လမ်း အင်းလျားကန်စောင်းတွင် စံအိမ်ကြီးတလုံးကို မင်းအောင်လှိုင်အတွက် ဦးနေအောင်တို့ ဆောက်လုပ်ပေးခဲ့ခြင်းက သက်သေပင်။ ယခင် စစ်တပ်ပိုင် ဆင်ဖြူရှင်များ ရိပ်သာကို မင်းအောင်လှိုင်က သိမ်းယူခဲ့ခြင်းဖြစ်ပြီး ပြည်လမ်းနှင့် သွယ်ထားသောလမ်းကို မြက်ခင်းရိပ်သာလမ်းဟု ခေါ်သည်။
“နန်းတော်လိုပဲ။ အိမ်ထဲမှာကို ရေကူးကန်တွေ ဘာတွေနဲ့” ဟု အဆိုပါ အိမ်တွင်းသို့ ရောက်ဖူးသူ အငြိမ်းစားစစ်အရာရှိကြီးတဦးက ဧရာဝတီသို့ ပြောသည်။

တိုက်ဆိုင်စွာပင် စစ်ခေါင်းဆောင်၏ အိမ်ကြီးသည် ၂၀၁၁ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်ချုပ် ဖြစ်လာပြီးနောက်ပိုင်း စစ်တပ်ပိုင်မြေပေါ်တွင် တည်ဆောက်ခဲ့သည့် IGE ၏ Lotte Hotel အရိပ်အောက်တွင် ရှိနေသောကြောင့် ဦးနေအောင်သည် ဟိုတယ် ဆောက်လုပ်ခွင့် အလဲအလှယ်အနေဖြင့် စစ်ခေါင်းဆောင် နေအိမ်ကို ဆောက်လုပ်ပေးခဲ့သည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်လာခဲ့သည်။
FCGC ကုမ္ပဏီ၏အစသည် ယခု အမည် မတည်ထောင်ခင်ကတည်းက ရှိနှင့်ပြီး ၁၉၉၆ ခုနှစ်ကတည်းက ဆောက်လုပ်ရေး လုပ်ငန်းများ စတင်ခဲ့သည်ဟု IGE ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။ ထိုနှစ်သည် ဦးအောင်သောင်း၏ မိသားစုပိုင် အောင်ရည်ဖြိုးကုမ္ပဏီ ထောင်သည့် ၁၉၉၄ ခုနှစ်အပြီး နှစ်နှစ်အကြာဖြစ်ကာ IGE မစတင်မီ ငါးနှစ်အကွာ ကာလဖြစ်သည်။ ထိုအချိန်ကတည်းက အစိုးရ ဆောက်လုပ်ရေး စီမံကိန်းများကို လုပ်ပိုင်ခွင့် ရနေသည့် သဘောဖြစ်သည်။
FCGC ကုမ္ပဏီသည် လက်ရှိ အာဏာသိမ်း စစ်ကောင်စီအောက်တွင်လည်း အိန္ဒိယ အထောက်အပံ့ စီမံကိန်းဖြစ်သည့် Paletwa-Zorinpu လမ်းပိုင်း စီမံကိန်း၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) စီမံကိန်းဖြစ်သည့် ငသိုင်းချောင်း-ဂွ လမ်းပိုင်း စီမံကိန်းနှင့် ရွှေပြည်သာ ကွန်ပြူတာတက္ကသိုလ် စီမံကိန်းများကို လုပ်ကိုင်နေသည်။
FCGC ကုမ္ပဏီသည် လက်ရှိ အာဏာသိမ်း စစ်ကောင်စီအောက်တွင်လည်း အိန္ဒိယ အထောက်အပံ့ စီမံကိန်းဖြစ်သည့် Paletwa-Zorinpu လမ်းပိုင်း စီမံကိန်း၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) စီမံကိန်းဖြစ်သည့် ငသိုင်းချောင်း-ဂွ လမ်းပိုင်း စီမံကိန်းနှင့် ရွှေပြည်သာ ကွန်ပြူတာတက္ကသိုလ် စီမံကိန်းများကို လုပ်ကိုင်နေသည်။
ပြီးခဲ့သည့် စစ်အစိုးရလက်ထက်က ပုဂ္ဂလိကဘဏ်များကို လုပ်ပိုင်ခွင့်လိုင်စင်များ ထုတ်ပေးခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင် ဦးနေအောင်တို့က United Amara Bank (UAB) ကို တည်ထောင်ခဲ့ကြသည်။
UAB ဘဏ်ထောင်ပြီး နောက်တနှစ် ၂၀၁၁ ခုနှစ်မှာပင် Amara Communication Company (AMS) ကို ထောင်ခဲ့သည်။ ထိုကုမ္ပဏီသည် လက်ရှိ အာဏာသိမ်းစစ်တပ် တိုက်ရိုက် ထိန်းချုပ်မှုအောက် လုပ်ကိုင်နေသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ငွေဖြည့်ကတ်များ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများ လုပ်ကိုင်ရာတွင် အဓိက ပူးပေါင်းဆောင်ရွက်သူ မိတ်ဖက်ကုမ္ပဏီ ဖြစ်သည်ဟု IGE က ၎င်းတို့ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။

Amara Communication Company (AMS) သည် ကချင်၊ ကယား၊ ချင်း၊ ရခိုင်၊ ရှမ်း၊ မန္တလေး၊ ရန်ကုန်၊ စစ်ကိုင်းနှင့် ဧရာဝတီတိုင်း စသည့် တိုင်းနှင့် ပြည်နယ် ကိုးခုတွင် 2600MHz ဝိုင်ယာလက် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ လည်ပတ်ရန် လုပ်ပိုင်ခွင့် ရရှိခဲ့သည်။ ထိုစီမံကိန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၅ သန်းကျော် ဖြစ်သည်။
IGE ၏ နောက်ထပ် ကုမ္ပဏီခွဲ တခုဖြစ်သော Muse Development Public Company သည်လည်း တရုတ်-မြန်မာ နယ်စပ် မူဆယ်ဒေသ စီးပွားရေးဖွံ့ဖြိုးမှုဇုန် အကောင်အထည်ဖော်ရေး အစီအစဉ် ကြိုတင်လေ့လာဆန်းစစ်ချက်များ လုပ်ရန် ခွင့်ပြုချက်ရထားသော ကုမ္ပဏီဖြစ်သည်။ ၎င်းကုမ္ပဏီသည် အဆိုပါ စီမံကိန်း အကြိုလေ့လာ ဆန်းစစ်ချက်များအတွက် ပြင်သစ်ကုမ္ပဏီ Egis ကို အပ်နှံထားသည်။
ကျောက်မျက်နှင့် ဟိုတယ်လုပ်ငန်းများပိုင်ရှင် ဒုဗိုလ်မှူးကြီးဟောင်း ပြည်အောင်
ဦးပြည်အောင်သည် ဒုတိယဗိုလ်မှူးကြီး အဆင့်ဖြင့် စစ်တပ်မှ အနားယူခဲ့သူ ဖြစ်သည်။ နဝတ၊ နအဖ ကောင်စီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ၊ တပ်မတော်တွင် ဒုတိယ ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) တာဝန်များကို ယူခဲ့သူ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏သမီး ဒေါ်နန္ဒာအေး၏ ခင်ပွန်း ဖြစ်သည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ယခင်စစ်အုပ်စုတွင် ကုန်သွယ်ရေးကောင်စီ အကြီးအကဲဖြစ်လာသောအခါ စီးပွားရေးသမားများနှင့် ဆက်ဆံရေး ထူထောင်လာနိုင်ခဲ့ပြီး စီးပွားရေးကဏ္ဍတွင် သူ၏ သြဇာလွှမ်းမိုးမှုကို ဖြန့်ကြက်ခဲ့သည်။ ဦးအောင်ကိုဝင်းကို ၎င်း၏ စည်းစိမ်ဥစ္စာများကို ခဝါချကာ အမြတ်များများရအောင် ကမ္ဘောဇဘဏ်ကို ဖွင့်ခွင့်ပေးခဲ့သည်။
ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးသည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်များကို ယူခဲ့ဖူးသူဖြစ်ပြီး မြန်မာပြည် ထိပ်သီး ခရိုနီကြီးများဖြစ်သည့် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ ထူးကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးတေဇတို့၏ ခေါင်းကိုင်ဖခင်တဦးဟုပင် ပြော၍ရသည့် ပုဂ္ဂိုလ်လည်း ဖြစ်သည်။ ဦးအောင်ကိုဝင်း ကိုယ်တိုင်က ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် သူ့ကို ကျောက်စိမ်းနှင့် ကျောက်မျက်လုပ်ကွက်များတွင် အခွင့်အလမ်းများ ပေးခဲ့ဖူးသည်ဟု ဝန်ခံခဲ့ဖူးသည်။

ဗိုလ်ချုပ်မှုးကြီး မောင်အေး ၂၀၁၁ ခုနှစ်တွင် စစ်တပ်မှ အနားယူအပြီး ၎င်း၏ဇာတိ ကန့်ဘလူမြို့သို့ သွားသည့် အလှူခရီးစဉ်တွင် ဦးအောင်ကိုဝင်း၊ ဦးတေဇတို့ ကိုယ်တိုင် လိုက်ပါခြံရံ ပို့ဆောင်ခဲ့ကြရသည်။ ၎င်းတည်ထောင်ထားသည့် အေးမြစိုးဖောင်ဒေးရှင်း ၏ နာယက အဖွဲ့ဝင်များအဖြစ်လည်း ဦးအောင်ကိုဝင်း၏ ဇနီး ဒေါ်နန်းသန်းထွေးနှင့် ဦးတေဇတို့ ပါဝင်ကြသည်။
ထိုသို့ ထိပ်သီး ခရိုနီကြီးများကိုပင် မြေတောင်မြှောက်ပေးခဲ့သူ၊ တပ်မတော်တွင် ဒုတိယ အာဏာအရှိဆုံးပုဂ္ဂိုလ် ဖြစ်ခဲ့သူ၏ သမီးဖြစ်သူနှင့် လက်ထပ်ထားသူ ဒုဗိုလ်မှူးကြီး ပြည်အောင်သည်လည်း အခွင့်အရေးများ ရခဲ့မည်မှာ မလွဲပေ။ ဒေါ်နန္ဒာအေးသည် လက်ရှိ စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေး ဆက်ဆံရေးဝန်ကြီး ဦးကံဇော် ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ပါမောက္ခ၊ ဌာနမှူးနှင့် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က ကျောင်းသားဟောင်းလည်း ဖြစ်သည်။ လက်ရှိ ရာထူး မတိုင်မီ ဦးကံဇော်သည် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးအဖြစ် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။
ကျောက်စိမ်းလုပ်ကွက်များ အခွင့်အရေးရကာ ချမ်းသာမှုအရှိန်ကို စတင်ခဲ့သူ ဦးအောင်ကိုဝင်းတို့ ကဲ့သို့ပင် ဦးပြည်အောင်သည်လည်း ကျောက်စိမ်း တူးဖော်ရေးလုပ်ကွက်များ ရရှိခဲ့သည်ဟု ယူဆရသည်။ ဒုဗိုလ်မှူးကြီး ပြည်အောင်က သူ့စီးပွားလုပ်ဖော် ဦးဇော်မင်းနိုင်ဦး (ဦးပြည်အောင်၏ စီးပွားရေး လုပ်ငန်းများစွာတွင် ရှယ်ယာထည့်ဝင်ထားသူ) နှင့်အတူ Two Horses Jems ကုမ္ပဏီကို ၁၉၉၆ ခုနှစ်တွင် တည်ထောင်ပြီး ကချင်ပြည်နယ် လုံးခင်း၊ ဖားကန့်ဒေသတို့တွင် ကျောက်စိမ်း တူးဖော်ခဲ့သည်။ Natural Green Gems Co,.Ltd သည်လည်း ဦးပြည်အောင် ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်သည်။
တဖက်တွင်လည်း ဦးပြည်အောင်သည် ၎င်းတို့ မိသားစုပိုင်ကုမ္ပဏီဖြစ်သည့် အောင်ရည်ဖြိုး ကုမ္ပဏီနှင့် ၎င်းတို့ ညီအစ်ကို သုံးဦး တည်ထောင်သည့် Myanmar Oceanic Resources Manufacturing Company ကို လုပ်ကိုင်သူ ဖြစ်သည်။
ဦးပြည်အောင်နှင့် ဦးဇော်မင်းနိုင်ဦးတို့သည် ကျောက်စိမ်းလုပ်ကွက်များသာမက အခြား သတ္တု တူးဖော်ရေးလုပ်ငန်းကိုပါ လုပ်ကိုင်ခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ၂၀၁၀ ပြည့်နှစ်တွင် Green Strategic Mining Company ကို ထောင်၍ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းကတ်ရွာအနီး၌ ဆီလီကွန် သတ္တုများ ထုတ်ခဲ့ကြသေးသည်။
တဖက်တွင်လည်း ဦးပြည်အောင်သည် ၎င်းတို့ မိသားစုပိုင်ကုမ္ပဏီဖြစ်သည့် အောင်ရည်ဖြိုး ကုမ္ပဏီနှင့် ၎င်းတို့ ညီအစ်ကို သုံးဦး တည်ထောင်သည့် Myanmar Oceanic Resources Manufacturing Company ကို လုပ်ကိုင်သူ ဖြစ်သည်။
ဟိုတယ်များပိုင်ရှင် ဒုဗိုလ်မှူးကြီး ပြည်အောင်
ဒုဗိုလ်မှူးကြီး ပြည်အောင်၏ ဇနီး ဒေါ်နန္ဒာအေးသည် Lone Ma Lay Group (Ngapali Beach Hotel) Company ၏ ဒါရိုက်တာဖြစ်သည်။ သံတွဲမြို့နယ်၊ မြပြင်ရွာတွင် ရှိသည့် Ngapali Beach Hotel သည် ယခင်က Strand Hotel Sandaway ဟု အမည်ပေးခဲ့သည် ဟိုတယ်ဖြစ်ပြီး Steel Brothers Company က ၁၉၆၁ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ၁၉၆၅ ခုနှစ်တွင် ကုန်သွယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းခဲ့ပြီး Ngapali Beach Hotel ဖြစ်လာခဲ့သည်။ ထိုမှ တဖန် ပုဂ္ဂလိကပိုင်အဖြစ် Lone Ma Lay Group သို့ ၁၉၉၉ ခုနှစ်တွင် လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

Pristine Hotel Group ကမူ ဦးပြည်အောင်၏ အဓိက စီးပွားရေးလုပ်ငန်းတခုဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် Pristine Lotus Spa Resort (Inle) ကို စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ငပလီရှိ Pristine Mermaid Resort ကိုမူ ၂၀၁၇ ခုနှစ်တွင် တည်ဆောက်ခွင့် ရခဲ့သည်။ ဦးပြည်အောင်သည် Pristine Palace Resort (Bagan) ၏ ပိုင်ရှင်လည်းဖြစ်ပြီး Pristine Chaung Thar Resort ကိုလည်း အကောင်အထည်ဖော်သူ ဖြစ်သည်။
ဦးပြည်အောင်၏ စီးပွားရေးလုပ်ငန်းများတွင် စွမ်းအင်ကဏ္ဍလည်း ပါဝင်သည်။ Central Power Grid ကုမ္ပဏီနှင့် City Light Electric Power ကုမ္ပဏီတို့မှာ ၎င်း၏ ပိုင်ဆိုင်မှုများ ဖြစ်သည်။ City Light Electric Power ကုမ္ပဏီ သည် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) နှင့် လက်တွဲ၍ လျှပ်စစ် ဖြန့်ဖြူးနေသည့် ကုမ္ပဏီ ဖြစ်သည်။
မြေယာများ သိမ်းခဲ့သည့် အေးမြစိုး ကုမ္ပဏီ
ဦးပြည်အောင်နှင့် ၎င်း၏ဇနီး ဒေါ်နန္ဒာအေးတို့ တည်ထောင်ထားသည့် အေးမြစိုး ကုမ္ပဏီသည် ကျွန်းစိုက်ခင်းများ လုပ်ရန်ဆိုသည့် အကြောင်းပြချက်ဖြင့် ၎င်းတို့ဖခင် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ဇာတိဒေသ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း၌ ဒေသခံများ ပိုင်ဆိုင်သည့် မြေဧကပေါင်း များစွာကို အာဏာပိုင်များနှင့် ပူးပေါင်းသိမ်းယူခဲ့သည်။ မြေသိမ်းခံရသော ဒေသခံများက ၎င်းတို့မြေယာများ ပြန်လည်ရရှိရေး ဆန္ဒဖော်ထုတ်ခဲ့ကြရာ ဒေသခံများနှင့် ကုမ္ပဏီတို့ ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ကုမ္ပဏီဘက်က ဒေသခံရွာသားများကို တရားစွဲဆိုမှုများပါ ဖြစ်ခဲ့သည်။
ဇွန်လတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ “ကမ္ဘာ့အမြင့်ဆုံး” ဧရာမ စကျင်ကျောက်ဆင်းတုတော် တည် ဆောက်ရာတွင် အလှူငွေများ လှူဒါန်းရန် ခရိုနီများ နေပြည်တော်သို့ ရောက်ရှိလာသောအခါ အလှူရှင် ဦးမိုးအောင်၊ ဦးနေအောင်နှင့် ဦးပြည်အောင်တို့သည် အလှူငွေကျပ် ၅၁၂ သိန်း (အမေရိကန်ဒေါ်လာ ၂၄၂,၀၀၀ ကျော်) ဖြင့် ထိပ်တန်းအလှူရှင်ငါးဦးစာရင်းတွင် ဝင်ခဲ့သည်။
ပြီးပါပြီ။
(ယခု ဆောင်းပါးကို ဧရာဝတီ သတင်းဌာန၏ Investigative Desk မှ တည်းဖြတ် ထုတ်လုပ်သည်။)
You may also like these stories:
ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)
စစ်အစိုးရလက်ထက် နာမည်ဆိုး အထွက်ဆုံး ဝန်ကြီးဖြစ်ခဲ့သူ ဦးအောင်သောင်း
ရေတပ်ဦးစီးချုပ် နှစ်ဦးကြားက တယ်လီနောမြန်မာ အရောင်းအဝယ်
ဆွေမျိုး မိတ်ဆွေ ကောင်းစားရေးနှင့် စစ်ဗိုလ်ချုပ်များ
Mytel မှ ဘဏ္ဍာရေးမှူးချုပ် ပစ်ခတ်ခံရ၍ သေဆုံး
ဦးအောင်သောင်းနှင့် သားများ အနာဂတ် ဘာဖြစ်လာမလဲ