သူ၏ ဝန်ကြီးဌာနတွင်ဖြစ်နေသည့် မသမာမှုများနှင့် ဘဏ္ဍာရေး စီမံခန့်ခွဲမှု အလွဲအမှား သတင်းအများအပြား ထွက်လာပြီးနောက် ယူကရိန်း ကာကွယ်ရေးဝန်ကြီးကို ဖယ်ရှားရခြင်းသည် သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး၏ စစ်အတွင်းခေါင်းဆောင်မှုကို အဓိက စိန်ခေါ်မှုတခုအဖြစ် မီးမောင်းထိုးပြနေသည်။ ထိုစိန်ခေါ်မှုမှာ ယူကရိန်းတွင် နှစ်ပေါင်းများစွာ ကျယ်ပြန့်နေသည့် အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရန်ဖြစ်သည်။
အရာရှိများ အကျင့်ပျက်ခြစားခြင်းသည် စစ်ပွဲ ပထမနှစ်အတွင်း နိုင်ငံ ဆက်လက်ရှင်သန်ရေး တိုက်ပွဲတွင် ယူကရိန်းနိုင်ငံသားများသည် အစိုးရကို ဝန်းရံနေရပြီး မပြောအပ်သည့်ကိစ္စ ဖြစ်ခဲ့သည်။ သို့သော် မစ္စတာ ဇယ်လန်းစကီးက ယူကရိန်း ကာကွယ်ရေးဝန်ကြီး အိုလက်စီး ရက်ဇ်နီကော့ဗ်ကို ရာထူးမှ ဖယ်ရှားလိုက်ကြောင်း စက်တင်ဘာလ ၃ ရက်နေ့ ညက ကြေညာချက်သည် ထိုပြဿနာကို ယူကရိန်းနိုင်ငံရေးတွင် အမြင့်ဆုံးအဆင့်သို့ မြှင့်တင်လိုက်ခြင်း ဖြစ်သည်။
ထိုပြဿနာသည် ယူကရိန်းက နိုင်ငံအရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် တန်ပြန်ထိုးစစ် ဆောင်ရွက်နေသောကြောင့် အနောက်နိုင်ငံများမှ စစ်ရေးအကူအညီများကို အကြီးအကျယ် မှီခိုနေရစဉ် စစ်ပွဲအတွက် အလွန်အရေးပါသော အခြေအနေတွင် အထက်ပါဖြစ်ရပ် ဖြစ်ပွားခြင်းဖြစ်သည်။ စစ်ပွဲစတင်ချိန်မှ စပြီး ယူကရိန်းအရာရှိများက ဝင်ရောက်လာသည့် ဒေါ်လာဘီလီယံများစွာသော အကူအညီအချို့ကို အလွဲသုံးစား မလုပ်စေရန် ထိုမဟာမိတ်များက မစ္စတာ ဇယ်လန်းစကီးအစိုးရကို ဖိအားပေးခဲ့သည်။
လွန်ခဲ့သော သီတင်းပတ်ကပင် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်သည် စစ်အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆွေးနွေးရန် ယူကရိန်း ထိပ်တန်းအရာရှိ သုံးဦးနှင့် တွေ့ဆုံသည်။ အမေရိကန် ပြည်ထောင်စုမှ လွှတ်တော်ကိုယ်စားလှယ် အချို့က ယူကရိန်းသို့ပေးသည့် စစ်ရေးအကူအညီများကို ကန့်သတ်ရန် ထိုမသမာမှုများကို ကိုးကားအသုံးပြုကြသည်။
မစ္စတာ ဇယ်လန်းစကီးက မဟာမိတ်များထံမှ ဖိအားနှင့် ပြည်တွင်းဝေဖန်မှုများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစီအစဉ် အများအပြားဖြင့် တုံ့ပြန်သော်လည်း ထိုအစီအစဉ်များ အားလုံးသည် အစိုးရပွင့်လင်းမြင်သာမှုအဖြစ် ကျွမ်းကျင်သူများ မယူဆပေ။ အငြင်းပွားစရာ အဖြစ်ဆုံးကိစ္စမှာ အဂတိလိုက်စားမှုကို နိုင်ငံတော်ပုန်ကန်မှုအဖြစ် အပြစ်ပေးရန် စစ်အုပ်ချုပ်ရေးကို အသုံးပြုခြင်းဖြစ်သည်။
မစ္စတာ ဇယ်လန်းစကီး ရာထူးသက်တမ်းအတွင်း ရာထူးအမျိုးမျိုးရခဲ့သော မစ္စတာ ရက်ဇ်နီကော့ဗ်က နုတ်ထွက်စာတင်သည်။ စွပ်စွဲထားသည့် စီမံခန့်ခွဲမှု မှားယွင်းသည့် စစ်ဘက်ကန်ထရိုက်များအတွက် သူ့ကို လူပုဂ္ဂိုလ်အနေဖြင့် တရားစွဲဆိုခြင်း မရှိပေ။ သို့သော် သူ၏ဝန်ကြီးဌာနအတွင်း ကျယ်ပြန့်သော စုံစမ်းစစ်ဆေးမှုများသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစီအမံများနှင့် ပတ်သက်သည့် အရေးပါသော ပထမဆုံး စိန်ခေါ်မှုဖြစ်သည်။
“ဒီနေရာမှာ မေးစရာရှိတာက ငွေတွေ ဘယ်ရောက်သွားလဲ ဆိုတာပဲ” ဟု ယူကရိန်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဌာန အမှုဆောင် ဒါရိုက်တာ မစ္စ ဒါရီယာ ကာလီညွတ်က ပြောသည်။ ထိုဌာနသည် ယခုအခါ စစ်ကာလအတွင်း ကိုယ်ကျိုးရှာသည့် အများပြည်သူဆိုင်ရာ မသမာမှုများကို တိုက်ဖျက်ရန် အဓိက လုပ်ဆောင်နေသောအဖွဲ့ ဖြစ်သည်။
“အကျင့်ပျက်ခြစားမှုက အသေသတ်နိုင်တယ်” ဟု မစ္စ ကာလီညွတ် ပြောသည်။ “ကျမတို့က ပြည်သူ့ဘဏ္ဍာကို ဘယ်လောက် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်လည်းဆိုတာကို မူတည်ပြီး စစ်သားတွေ လက်နက် ရ၊ မရဆိုတာ ဖြစ်လာမယ်” ဟုလည်း သူကပြောသည်။
ယခုနှစ် အချိန်ကာလတခုတွင် အမေရိကန်ဒေါ်လာ သန်း ၉၈၀ တန်သော လက်နက်စာချုပ်များသည် ပေးပို့ရမည့် အချိန်တွင် ရောက်မလာကြောင်း အစိုးရစာရင်းများအရ သိရပြီး လက်နက်အတွက် ကြိုတင် ငွေပေးချေမှု အချို့သည် ပြည်ပ လက်နက်ပွဲစားများထံတွင် ပျောက်ကွယ်သွားကြောင်း ပါလီမန်သို့ တင်သွင်းသည့် အစီရင်ခံစာအချို့အရ သိရသည်။ အသေးစိတ် အချက်အလက်များကို မသိရသေးသော်လည်း ထိုသို့ မူမမှန်သည့် ဖြစ်ရပ်များသည် ဝန်ကြီးဌာနမှ ဝယ်ယူရေးအရာရှိများက ရောင်းချသူများအား စစ်ဆေးခြင်းမပြု သို့မဟုတ် လက်နက်ပွဲစားများက လက်နက်ပေးပို့ခြင်း မရှိဘဲ ငွေယူသွားခြင်းကို ခွင့်ပြုသည့်သဘော ဖြစ်နေသည်။
ယူကရိန်းမီဒီယာ သတင်းများကလည်း စားနပ်ရိက္ခာနှင့် ဆောင်းရာသီကုတ်အင်္ကျီ ကဲ့သို့သော စစ်တပ်အတွက် အခြေခံထောက်ပံ့များအတွက် ငွေကြေးမတန်တဆ အသုံးပြုခဲ့ကြောင်း ဖော်ပြနေသည်။
စီမံခန့်ခွဲမှု အမှားအယွင်းများကို လူသိရှင်ကြား ထုတ်ဖော်မှုများသည် လက်ရှိအချိန်အထိ ယူကရိန်း စစ်တပ်သို့ ပြည်ပ လက်နက်လွှဲပြောင်းမှု သို့မဟုတ် အနောက်တိုင်း အကူအညီ ငွေကြေးကို တိုက်ရိုက် ဖော်ပြခြင်း မရှိသော်လည်း ရုရှားက ယူကရိန်းကို ကျူးကျော်မှု ပထမနှစ်အတွင်း ယူကရိန်းနိုင်ငံသားများ ပြသသည့် မေးခွန်းထုတ်စရာမလိုသော အစိုးရကို ထောက်ခံမှုအပေါ် ထိခိုက်စေသည်။
ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိ နှစ်ဦးဖြစ်သည့် ဒုဝန်ကြီးနှင့် ဝယ်ယူရေးအကြီးအကဲသည် ဆောင်းရာသီတွင် ဈေးနှုန်းမြှင့်တင်ထားသည့် ကြက်ဥများကို ဝယ်ယူမှု သတင်းများကြောင့် ဖမ်းဆီးခံရသည်။ အချို့သူများသည် စစ်မှုမထမ်းမနေရ တာဝန်ကို ရှောင်ရှားရန် လာဘ်ပေးသည့် သတင်းများ ထွက်ပြီးနောက် မစ္စတာ ဇယ်လန်းစကီးသည် လွန်ခဲ့သောလတွင် စစ်သားစုဆောင်းရေး အကြီးအကဲကို ဖြုတ်ချသည်။
အကျင့်ပျက်ခြစားမှုကို နိုင်ငံတော်ပုန်ကန်မှုအဖြစ် အရေးယူရန် သူ၏ အဆိုပြုချက်သည် စစ်အုပ်ချုပ်ရေး အာဏာများကို အလွဲသုံးစားပြုရန် ဖြစ်သည်ဟု စွပ်စွဲခံရသည်။
အတိုက်အခံ ဥရောပ သွေးစည်းညီညွတ်ရေးပါတီ (ESP) မှ ပါလီမန်ကိုယ်စားလှယ် အိုလက်စီး ဂွန်ချာရန်ကိုက မစ္စတာ ဇယ်လန်းစကီး၏ နောက်ကြောင်းကို ပြောကြားရာတွင် “စစ်ကာလအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ သူ့ရဲ့အားထုတ်မှုတွေကို ကျနော် မချီးကျူးဘူး” ဟု ပြောသည်။
အချို့ စစ်ဘက်ကန်ထရိုက်များသည် လက်နက် သို့မဟုတ် ခဲယမ်းများမရဘဲ ငွေကြေးများ ပျောက်ဆုံးကုန်ကြောင်း အစိုးရအရာရှိများကလည်း ဝန်ခံသည်။ သို့သော် ပြဿနာအများစုမှာ လွန်ခဲ့သည့်နှစ် ကျူးကျော်စစ်ပွဲ စတင်ချိန် အစောပိုင်းလများက ဖရိုဖရဲအခြေအနေတွင် ဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင် ထိုအခြေအနေကို ပြန်လည် ကုစားခဲ့ကြောင်း ၎င်းတို့က ပြောသည်။
ဝန်ကြီးဌာနအနေဖြင့် ပစ္စည်းပေးသွင်းသူများထံ ပျောက်ဆုံးနေသော ကြိုတင်ပေးငွေများကို ပြန်လည် ရရှိမည်ဟု ယုံကြည်ကြောင်း နုတ်ထွက်သွားသည့် ကာကွယ်ရေးဝန်ကြီး မစ္စတာ ရက်ဇ်နီကော့ဗ်က ပြောသည်။
ကာကွယ်ရေးဝန်ကြီးအနေဖြင့် မစ္စတာ ရက်ဇ်နီကော့ဗ်က သူ၏ အဓိကအလုပ်သည် လက်နက်ထောက်ပံ့ရန် မဟာမိတ်များကို စည်းရုံးရသည့်အလုပ် ဖြစ်သည်ဟု မြင်သည်။ သူသည် နေ့စဉ်စစ်ပွဲကို စီမံရန် တာဝန်မရှိဘဲ သူ့ကို ရာထူးမှ ဖယ်ရှားခြင်းသည် ယူကရိန်း၏ တန်ပြန်ထိုးစစ် နှေးကွေးနေခြင်းနှင့် တိုက်ရိုက်မသက်ဆိုင်ဟု မြင်ကြသည်။
ယခုအခါ စစ်အသုံးစရိတ်သည် ယူကရိန်း အမျိုးသားအသုံးစရိတ်၏ ထက်ဝက်ရှိနေပြီး ကန်ထရိုက်အရှုပ်တော်ပုံ သတင်းများက အဂတိလိုက်စားမှုရင်းမြစ် ပြောင်းလဲသွားကြောင်း ပြသနေသည်။
စစ်ပွဲမတိုင်မီက အလွဲသုံးစားမှု အခြေခံရင်းမြစ်မှာ စီမံအုပ်ချုပ်မှု ညံ့ဖျင်းသည့် နိုင်ငံပိုင်ကုမ္ပဏီများဖြစ်ပြီး ၎င်းတို့အနက် ၃,၀၀၀ ကျော်မှာ အစိုးရငွေစာရင်းတွင် ရှိနေသည်။ ငွေကို အတုအယောင် အစီအစဉ်များဖြင့် ချမ်းသာသော အတွင်းလူများက ထုတ်ယူကြပြီး ပြည်ပအကူအညီဖြင့် ကျားကန်ထားသည့် အမျိုးသားအသုံးစရိတ်က ဆုံးရှုံးမှုများကို လက်ခံရသည်။
စစ်ကို ထောက်ပံ့ရန် ငွေအများအပြား ရောက်လာခြင်းကြောင့် ၎င်းတို့သည် စစ်သုံးစရိတ်ကို အဂတိလိုက်စားရန် ရင်းမြစ်အဖြစ် ပြောင်းလိုက်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့များက ပြောသည်။
ကြက်ဥတလုံးကို ပေါက်ဈေးထက် များစွာပိုပြီး တလုံးလျှင် ၁၇ ဟာရစ်ညာ (၄၇ ဆင့်) ပေးဝယ်ခြင်း ကဲ့သို့သော စစ်တပ်အတွက် အခြေခံအထောက်အပံ့များကို ယူကရိန်း စုံစမ်းဖော်ထုတ် သတင်းသမားက မီးမောင်းထိုးပြကြသည်ဟု ယူကရိန်းသတင်းစာ Dzerkalo Tyzhnia မှ သတင်းတပုဒ်က ဖော်ပြသည်။ စစ်တပ်သည် ပဲစည်သွပ်ဘူးများကို တူရကီမှ ဝယ်ယူရာတွင် လက်လီဈေးထက် နိမ့်သောဈေးဖြင့် ဝယ်ယူမည်ဟု မျှော်လင့်ထားသော်လည်း ယူကရိန်း ဈေးဝယ်စင်တာကြီးများမှ ဈေးထက် ပိုမိုမြင့်မားနေသည်ဟုလည်း ထိုသတင်းစာက ဖော်ပြသည်။
ဝန်ကြီးဌာနသည် ယူကရိန်း၏ ပြင်းထန်လှသော ဆောင်းရာသီအတွက် လုံလောက်စွာ အနွေးဓာတ်မပေးနိုင်သည့် ကုတ်အင်္ကျီ ထောင်ပေါင်းများစွာ ဝယ်ယူခဲ့သည်။
ထိုပြဿနာများအား ယူကရိန်းက မည်သို့ ကိုင်တွယ်သည်ကို အနောက်တိုင်းအလှူရှင်များက အနီးကပ် စောင့်ကြည့်နေသည်ဟု ယူကရိန်းပါလီမန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မတီ ဥက္ကဋ္ဌ အနက်စတာစီယာ ရာဒီနာက တွေ့ဆုံမေးမြန်းမှုတခုတွင် ပြောသည်။
ပိုမိုစိတ်ပူစရာကောင်းသော ကိစ္စမှာ အကျင့်ပျက်ခြစားခြင်းကို နိုင်ငံတော် ပုန်ကန်မှုအဖြစ် အရေးယူရန် အဆိုပြုချက် ဖြစ်သည်။ ထိုသို့လုပ်ပါက သမ္မတ၏ တိုက်ရိုက် ထိန်းချုပ်မှုအောက်မှ ယူကရိန်း ပြည်တွင်း ထောက်လှမ်းရေးဌာန (S.B.U) သည် အစိုးရအရာရှိများ၏ အကျင့်ပျက်ခြစားမှုကို စုံစမ်းစစ်ဆေးမည် ဖြစ်သောကြောင့် ထိုသို့ စိုးရိမ်စရာကောင်းခြင်း ဖြစ်သည်။
အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး မစ္စတာ ဆူလီဗန်နှင့် လွန်ခဲ့သောအပတ်က အစည်းအဝေးတွင် အထူး စုံစမ်းစစ်ဆေးရေးဌာန၊ ရှေ့နေချုပ်ရုံးနှင့် ယူကရိန်းကို အနောက်နိုင်ငံများက နိုင်ငံရေးအရ စတင်အားထားသည့် ၂၀၁၄ ခုနှစ်နောက်ပိုင်း အမေရိကန် ပြည်ထောင်စုနှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကဲ့သို့သော နိုင်ငံတကာ ငွေချေးသူများ အကူအညီဖြင့် ထူထောင်ထားသည့် တရားရုံးတခုမှ အကြီးအကဲများ ပါဝင်သည်။ မစ္စတာ ဇယ်လန်းစကီးက အကျင့်ပျက်ခြစားမှုကို နိုင်ငံတော် ပုန်ကန်မှုအဖြစ် အရေးယူပါက ထိုအဖွဲ့အစည်းများသည် အာဏာလက်လွှတ်ရမည့် အဖွဲ့အစည်းများ ဖြစ်သည်။
အနောက်နိုင်ငံအစိုးရများက ထိုဌာနများ သြဇာကျဆင်းလာမည့် အလားအလာကို စိုးရိမ်နေကြောင်း မစ္စ ရာဒီနာက ပြောပြီး ထိုအဆိုပြုချက် ရှေ့ဆက်ပါက ထိုနိုင်ငံများ ကန့်ကွက်မည့် အလားအလာရှိသည်ဟုလည်း ပြောသည်။
သို့သော် ခြုံ၍ဆိုရပါက မစ္စတာ ဇယ်လန်းစကီး၏ အာဏာရ ပြည်သူ့အကျိုးပြုပါတီဝင် မစ္စ ရာဒီနာသည် အစိုးရ၏ စစ်ကာလအတွင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အားထုတ်မှုများကို ကာကွယ်ခဲ့သည်။
လွန်ခဲ့သော ရက်သတ္တပတ်ကုန်က ယူကရိန်းတွင် အချမ်းသာဆုံးသူတဦးဖြစ်သော အီဟော ကိုလိုမွိုက်စကီးကို ဖမ်းဆီးခြင်းသည် သူ၏နိုင်ငံရေးသြဇာကို ထိန်းချုပ်ရန် ကြိုးစားခြင်းဖြစ်သည်ဟု မြင်ကြသည်။ လိမ်လည်မှုနှင့် ငွေကြေးခဝါချမှုများအတွက် သံသယရှိခံရသော ကိုလိုမွိုက်စကီးသည် ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စဉ်က မစ္စတာ ဇယ်လန်းစကီးကို ထောက်ခံခဲ့သော်လည်း စစ်ပွဲစတင်ပြီးနောက် သမ္မတက သူနှင့်အဆက်အသွယ် ဖြတ်လိုက်သည်။
ယခုနှစ်အတွင်း အခြားဖြိုခွင်းမှုများတွင် စုံစမ်းစစ်ဆေးသူများသည် လာဘ်ပေးလာဘ်ယူမှုအတွက် အဆင့်အမြင့်ဆုံး အရာရှိ ယူကရိန်း တရားသူကြီးချုပ်ကို မေလတွင် ဖြုတ်ချ ဖမ်းဆီးလိုက်သည်။ ထို့ပြင် လူသားချင်းစာနာမှုအကူအညီ ရန်ပုံငွေ အလွဲသုံးစားမှုဖြင့် စွပ်စွဲခံနေရသည့် ဒုတိယ စီးပွားရေးဝန်ကြီးသည် အမှု ရင်ဆိုင်နေရသည်။
ထိုသို့ အဆင့်မြင့်အရာရှိပိုင်းမှ အကျင့်ပျက်ခြစားမှုများကို ဖော်ထုတ်ခြင်းသည် အတွင်းကြိတ် ဖြေရှင်းလေ့ရှိသည့် နိုင်ငံတွင် အပြုသဘောဆောင်ကြောင်း ယူကရိန်းမှ နိုင်ငံတကာပွင့်လင်းမြင်သာမှု ဒါရိုက်တာ အန်ဒရီ ဘော်ရောဗ်က ပြောသည်။ ထိုအချက်က နိုင်ငံသည် စစ်ပွဲနှင့် အဂတိလိုက်စားမှုကို တပြိုင်တည်း တိုက်ခိုက်နိုင်ကြောင်း ပြသသည်ဟု ပြောသည်။
“အရှုပ်တော်ပုံတွေကို ဖော်ထုတ်တာ ကောင်းတယ်” ဟု ၎င်းကပြောသည်။ “ဒီစစ်ပွဲဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ရပ်ထားဖို့ အကြောင်းပြချက် မဟုတ်ဘူး” ဟုလည်း ပြောသည်။
(The New York Times ပါ Andrew E. Kramer ၏ ‘Where Is the Money?’ Military Graft Becomes a Headache for Ukraine ကို ဘာသာပြန်သည်။)
You may also like these stories:
ဗိုလ်ချုပ်ကြီးနှစ်ဦး ထိပ်တိုက်တွေ့သော ယူကရိန်းစစ်ပွဲ
စိတ်အားတက်ဖွယ် မိန့်ခွန်းဖြင့် အမေရိကန် ကွန်ဂရက်ကို ဇယ်လန်းစကီး ဖမ်းစားခဲ့
ယူကရိန်းစစ်ပွဲတွင် ကျဆုံးသည့် ရုရှားဗိုလ်ချုပ်အရေအတွက် “မယုံနိုင်အောင် များပြား”
ယူကရိန်းကဲ့သို့ မြန်မာလည်း နိုင်ငံတကာအကူအညီများနှင့် ထိုက်တန်
မြန်မာစစ်တပ်ထုတ် အမြောက်ကျည်များကို ယူကရိန်းတွင် ရုရှားသုံးနေ