မကြာသေးခင်ရက်ပိုင်းက အမျိုးသမီးတဦးရဲ့ လူမူကွန်ရက်စာမျက်နှာကနေ တိုက်ရိုက်ထုတ်လွှင့်ပြီး အော်ဟစ်ငိုယိုကာ အများသူငှာကို အကူအညီတောင်းခံခဲ့တဲ့ဖြစ်ရပ်ဟာ စက္ကန့်ပိုင်းအတွင်း လူထုကြား စိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။
“ကျမကို သူ ပါးတွေနားတွေ ရိုက်တယ်။ ကျမကို သူ ထိုးတယ်။ ကျမ နှာခေါင်းတွေ ရွဲ့ကုန်ပြီလား မသိဘူး။ ခြေထောက်နဲ့ ဆောင့်ကန်တယ်” ဆိုတဲ့ ပြောစကားတွေနဲ့အတူ ဩဂုတ် ၁၇ ရက် ညပိုင်းမှာ မချောစုစုအောင်နာမည်နဲ့ အမျိုးသမီးတဦးရဲ့ အကောင့်ကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပြောဆိုနေသူအမျိုးသမီး ညွှန်းဆိုထားတဲ့ ‘သူ’ ဆိုတာက ရုပ်ရှင်သရုပ်ဆောင်တဦးဖြစ်တဲ့ မိုးယံဇွန်ပါ။
သရုပ်ဆောင် မိုးယံဇွန်အနေနဲ့ သူ့ချစ်သူဖြစ်တဲ့ မချောစုစုအောင်ကို အရင်ကတည်းက ရိုက်နှက်ခဲ့တာတွေရှိတယ်ဆိုတဲ့ ရုပ်သံတွေ၊ ဓာတ်ပုံမှတ်တွေလည်း ဆိုရှယ်မီဒီယာပေါ် တမဟုတ်ချင်း ထပ်မံပျံ့နှံ့လာပါတယ်။
အဲဒီမှတ်တမ်းတွေအရ မချောစုစုအောင်ရဲ့ မျက်နှာတခြမ်း ရောင်ရမ်းညိုမဲနေတာ၊ လက်ကောက်ဝတ်မှာ ညိုမဲဒဏ်ရာနဲ့ နောက်ကျောဘက်တဝိုက်မှာ ညိုမဲစွဲဒဏ်ရာတွေရှိနေသလို ရုပ်သံဖိုင်တခုမှာဆိုရင်လည်း အပြန်အလှန်အော်ဟစ်မှုတွေနဲ့ စကားများရန်ဖြစ်နေတာတွေကို တွေ့ရပါတယ်။
ခုဖြစ်စဉ်မှာဆိုရင် လူသိရှင်ကြား ထုတ်ဖော်ပြောပြလာလို့၊ လူသိများတဲ့ သရုပ်ဆောင်တဦး ဖြစ်နေလို့သာ အာရုံစိုက်မှု ရရှိခဲ့တာဖြစ်ပေမယ့် ထုတ်ဖော်မပြောနိုင်ဘဲ လူမသိသူမသိနဲ့ အကြမ်းဖက်ခံနေရတဲ့ဖြစ်စဉ်တွေ လူမှုဝန်းအသိုင်းအဝိုင်းမှာ ဘယ်လောက်တောင် များနေလိုက်မလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
မိုးယံဇွန်ဟာ ပထမရည်းစား ယုသန္တာတင်နဲ့တုန်းကလည်း ဒေါသအလျောက်ဆိုကာ ဆဲဆိုရိုင်းပျမှုတွေလုပ်ခဲ့လို့ ဆိုရှယ်မီဒီ ယာမှာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ဖူးပါသေးတယ်။
ဒီလိုဖြစ်ရပ်မျိုးတွေကို ယေဘုယျအားဖြင့် အိမ်တွင်းအကြမ်းဖက်မှုလို့ သတ်မှတ်ထားပါတယ်။ အကြမ်းဖက်မှုကို ကျူးလွန် သူတွေဟာ ကိုယ်နဲ့လက်တကမ်းမှာရှိနေပြီး ရင်းနှီးပတ်သက်တဲ့သူတွေ ဖြစ်တဲ့ ချစ်သူ၊ သမီးရည်းစား၊ အိမ်ထောင်ဖက်က စလို့ မိဘ၊ ညီအစ်ကို၊ ဆွေမျိုးမောင်နှမတွေအထိ ဖြစ်နိုင်ပါတယ်။
မိုးယံဇွန်တို့ အဖြစ်အပျက်လိုမျိုး ကိုယ်ထိလက်ရောက်ကျူးလွန်တာ၊ နှုတ်နဲ့ဆဲရေးတိုင်းထွာ တာတွေတင် မကပါဘူး၊ ကာယ ကံရှင်ဆန္ဒမပါဘဲ လိင်ဆက်ဆံခိုင်းတာ၊ ဂုဏ်သိက္ခာ ညစ်နွမ်းစေမယ့်အရာတွေ လုပ်ခိုင်းတာ၊ ပိုက်ဆံပေးမသုံးဘဲ ရှိသမျှကို လက်ဝါးကြီးအုပ်ထားတာ၊ ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင် လုပ်ခွင့်မပြုတာ၊ ချုပ်ချယ်တာ၊ အခန်းထဲပိတ်လှောင်ထားတာ၊ နေမကောင်းရင်တောင် ဆေးကုမပေးဘဲ ပစ်ထားတာမျိုးတွေအထိ ပုံစံမျိုးစုံ ရှိပါတယ်။
ဒီအချက်တွေကို ကိုယ့်ရဲ့မိသားစုသဖွယ် အနီးစပ်ဆုံး လက်တကမ်းမှာ ရှိနေတဲ့သူတွေ၊ ချစ်ရသူတွေက အိမ်တွင်းမှာပဲ ဖြစ်စေ၊ လူသိရှင်ကြား လမ်းမပေါ်မှာပဲဖြစ်စေ ကျူးလွန်တဲ့ဖြစ်ရပ်တွေကို အိမ်တွင်းအကြမ်းဖက်မှုလို့ သတ်မှတ်လေ့ရှိပါ တယ်။
ပြီးခဲ့တဲ့ ၂၀၁၅-၂၀၁၆ ခုနှစ်က လူပေါင်းများစွာကိုမေးမြန်းပြီး ထုတ်ပြန်ထားတဲ့ ‘မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေး ဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်း’ ရဲ့ တွေ့ရှိချက်မှာဆိုရင် မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ ၂၁ ရာခိုင်နှုန်းခန့်ဟာ သူတို့ရဲ့ ခင်ပွန်း၊ လက်တွဲဖော် ဒါမှမဟုတ် ရည်းစားဖြစ်သူတွေရဲ့ အကြမ်းဖက်မှုကို တွေ့ကြုံခံစားနေရတယ်လို့ ဆိုပါတယ်။ တကယ့်မြေပြင်မှာ ဒီကိန်းဂဏန်းအရေအတွက်ထက် ပိုများနိုင်ပါသေးတယ်။
ဒါက အရပ်သားအစိုးရလက်ထက်မှာ ကောက်ယူတွေ့ရှိထားတဲ့ အချက်လက်ဖြစ်ပြီး လက်ရှိ စစ်အုပ်ချုပ်ရေးအောက်မှာဆို အကြမ်းဖက်မှုတွေဟာ ပိုများနိုင်တယ်လို့ အမျိုးသမီးရေး၊ လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေက ရှုမြင်ပါတယ်။
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်က “စစ်ဝါဒမှာ အရေးကြီးဆုံး လက်ကိုင်တုတ်က ဖိုဝါဒကြီးစိုးရေး ဖြစ်ပါတယ်။ တနည်းအားဖြင့် ခွန်အားသာလျှင်အဓိကဆိုတဲ့ စဉ်းစားချက်ကနေလာတာပါ။ စစ်တပ်ကနေ အုပ်ချုပ်ဖို့ကြိုးစား လာတဲ့ကာလဆိုရင် ဖိုဝါဒခေါင်းထောင်လာတဲ့ ကာလလို့ သုံးသပ်တယ်။ လူမှုရေးစံနှုန်းတွေအရရော၊ ဘာသာရေးအရရော အမျိုးသမီးတွေကို နှိမ်ချတဲ့အမြင်ရှိတယ်။ ဖိုဝါဒကြီးစိုးနေသ၍ကတော့ တခြားသောလူမှုစံနှုန်းတွေမှာ တိုးတက်လာဖို့မရှိ ဘူး” လို့ ဆိုပါတယ်။
မိသားစုဝင် ဒါမှမဟုတ် လင်ယောကျ်ား၊ ချစ်သူရည်းစား ဘယ်သူကမဆို လူမြင်ကွင်းမှာဖြစ်စေ၊ အိမ်တွင်းမှာဖြစ်စေ ရိုက်နှက်တာတွေဟာ အကြမ်းဖက်မှုပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီကိစ္စတွေကို ဖြစ်လေ့ဖြစ်ထရှိတဲ့ သမားရိုးကျကိစ္စလိုမျိုး လက်ခံထားတဲ့သူတွေလည်း မြန်မာ့လူမှုအသိုင်းအဝိုင်း မှာ ရှိနေဆဲဖြစ်ပါတယ်။ ဥပမာအားဖြင့် “အရိုးကွဲအောင်ရိုက်မှ အသဲစွဲအောင် ချစ်တယ်” ဆိုတဲ့စကားကို ခေတ်ပညာတတ် လူငယ်တွေကြားမှာပါ ပြောဆိုသုံးစွဲနေတာကို ကြားနေရဆဲ ဖြစ်ပါတယ်။
ဒီလိုပြောဆိုခံယူချက်ဟာ အကြမ်းဖက်မှုလား၊ အချစ်လားဆိုတာတောင် ကွဲကွဲပြားပြားသိမြင်မှု အားနည်းနေကြပါသေး တယ်။ ဇနီးဖြစ်သူဆိုတာ ခင်ပွန်းသည်ရဲ့ ပိုင်ဆိုင်မှုတခုအနေနဲ့ ရိုက်နှက်ဆုံးမတာ ဖြစ်သင့်တယ်ဆိုတဲ့ မှားယွင်းတဲ့အယူ အဆတွေကြောင့်ပဲ အိမ်ထောင်သည်အမျိုးသမီး ၅ ဦးမှာ ၁ ဦးက ခင်ပွန်းရဲ့ အကြမ်းဖက်တာကို ခံစားကြုံတွေ့ဖူးတယ်လို့ ၂၀၁၅-၂၀၁၆ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်းမှာ ဖော်ပြထားပါတယ်။
ဒီလို အကြမ်းဖက်ခံရတဲ့ အမျိုးသမီးအများစုဟာ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနဲ့ မိသားစုတွေအပြင် လူမှုအသိုင်းအဝိုင်း ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကြောင့်ပဲ ဖွင့်ဟပြောဆိုတာ၊ တိုင်ကြားတာတွေမလုပ်ဘဲ တိတ်တဆိတ်ခံစားလေ့ရှိကြပါတယ်။
ဒါကြောင့်ပဲ ကာယကံရှင်အမျိုးသမီးတွေအနေနဲ့ အကြမ်းဖက်ခံရပြီဆိုရင် ထုတ်ဖော်ဖွင့်ဟတာမျိုး၊ အမျိုးသမီးအဖွဲ့တွေကို ဆက်သွယ်ပြောပြတာမျိုးတွေ ကြိုးစားလုပ်သင့်ပြီး ဒီလိုထုတ်ဖော်ပြောဆိုလိုက်ခြင်းက လက်တလော ကိုယ့်မှာဖြစ်နေတဲ့ အကြမ်းဖက်မှုဖြစ်စဉ်ကို ရပ်တန့်လိုက်သလို နောင်လည်း အကြမ်းဖက်ခံရနိုင်တဲ့ အမျိုးသမီးတွေအတွက် ကာကွယ်ရာ ရောက်တယ်လို့ မသဉ္ဇာရွှန်းလဲ့ရည်က တိုက်တွန်းပြောဆိုပါတယ်။
သူက “ကိုယ့်ကိုကျူးလွန်တာကို ရပ်ဖို့ကြိုးစားတာသည် သူရဲ့သားကောင်ဖြစ်လာမယ့် ကျန်တဲ့အမျိုးသမီးတွေကိုပါ ကာကွယ်ပေးလိုက်တာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ဒီလို ထုတ်ဖော်ပြောလာတဲ့ အမျိုးသမီးတွေကိုလည်း လူမှုအသိုင်းအဝိုင်းမှာ ပြစ်တင်ပြောဆိုတာမျိုးမလုပ်ဘဲ ဝိုင်းဝန်းဖေးမ သင့်သလို ကျူးလွန်သူက နှုတ်အားဖြင့် တောင်းပန်လိုက်ရုံနဲ့လည်း မကျေအေးသင့်ဘဲ တရားဥပဒေအရ အရေးယူမှုပါ ပြု လုပ်သင့်ကြောင်း၊ ဒါ့ပြင် လူမှုအသိုင်းအဝိုင်းမှာပါ ဖယ်ကြဉ်ခြင်းဖြင့် လူမှုရေးပြစ်ဒဏ်ခတ်သင့်ကြောင်း တိုက်တွန်းပြောဆိုမှု တွေလည်း ရှိပါတယ်။
မစန္ဒာက (အမည်လွှဲ)က “မီဒီယာမှာ လွယ်လွယ်လေးတောင်းပန်လိုက်ရုံနဲ့ သူ့ကျ အနုပညာအလုပ်တွေ ဆက်လုပ်ပြီးတော့ လူ့အသိုင်းအဝိုင်းကို ပြန်ဝင်လာမယ်ဆိုရင် အမျိုးသမီးက အရိုက်ခံ အနှိပ်စက်ခံလိုက်ရတာပဲ အဖတ်တင်မှာပေါ့။ အဲဒါ ကြောင့် Social Punishment ဆိုတာ အရမ်းကိုအရေးကြီးတယ်လို့ ထင်ပါတယ်။ လူထုက သူတို့ကိုအပြစ်ပေးရမယ်။ အသိုင်းအဝိုင်းကနေ ဖယ်ကြဉ်ရမယ်။ သူ အနုပညာလုပ်တာကို ပြန်လက်ခံမယ်ဆိုရင်တော့ ဒီလူမှုအသိုင်းအဝိုင်းက တော်တော်အမှတ်သည်းခြေနည်းတယ်လို့ပဲ ပြောချင်တယ်” လို့ အားမလိုအားမရ ဆိုပါတယ်။
ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သူ သရုပ်ဆောင် ကိုမိုးယံဇွန်ကိစ္စမှာဆိုရင် သူ့ရဲ့ဖခင် ဦးကျော်ဇေယျကိုယ်တိုင်က ကျူး လွန်ခံရသူအမျိုးသမီးကို စွပ်စွဲပုတ်ခတ်မှု သဘောသက်ရောက်တဲ့စာတွေ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
ဦးကျော်ဇေယျဟာ စစ်တပ်ကနေ ဒုဗိုလ်မှူးကြီးရာထူးနဲ့ အငြိမ်းစားယူထားသူဖြစ်ပြီးတော့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်မှာ ဒါရိုက်တာအဖြစ်လည်း လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပြီး ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ် တိုင်းလွှတ်တော် အမတ်တယောက် ဖြစ်ခဲ့ပါတယ်။
၂၀၂၀ ခုနှစ်မှာတော့ လက်ရှိ စစ်ကောင်စီရဲ့ လူကယ်ပြန်ဝန်ကြီးဖြစ်နေတဲ့ ဒေါ်သက်သက်ခိုင်ဦးဆောင်တဲ့ ပြည်သူ့ရှေ့ ဆောင်ပါတီမှာ ဒုဥက္ကဋ္ဌ နေရာယူခဲ့ပြီး လက်ရှိမှာ တာဝန်ကနေ အနားယူထားတာ ၁ နှစ်ကျော်ပြီလို့ သိရပါတယ်။
ဦးကျော်ဇေယျဟာ သားသမီးကို ဆုံးမရမယ့်အစား အားပေးအားမြှောက်ပြုတယ်ဆိုတဲ့ ဝေဖန်ချက်တွေရှိလာတဲ့အပြင် မိုးယံဇွန်အနေနဲ့ ဖခင်ဖြစ်သူရဲ့အရှိန်အဝါကို တလွဲအသုံးပြုတယ်ဆိုပြီး ပြည်သူလူထုကြား ဝေဖန်မှုတွေလည်း မြင့်တက်ခဲ့ပါ တယ်။
အသက် ၃၀ ဝန်းကျင်အရွယ် မမိုးမိုးက (အမည်လွှဲ) က “လူ့ပတ်ဝန်းကျင်လူ့အသိုင်းအဝိုင်းက ဒီလိုလူမျိုးကို အထင်သေး အမြင်သေးနဲ့ နောင်မလုပ်အောင် ကြဉ်နေရမယ့်အစား ပြန်ပြီးတော့ သွေးထိုးပြီး အားပေးအားမြှောက်လုပ်နေရင် ဒီလူဟာ ပိုပြီးတော့အကျင့်ပျက်လာနိုင်တယ်။ သားသမီးတယောက်ကို မိဘအနေနဲ့ဆုံးမရမယ့်အစား သူကပါ အားပေးအားမြှောက် လုပ်နေတာပေါ့။ သမီးအရွယ် မိန်းကလေးတယောက်ကို ခြိမ်းခြောက်နေတာ” လို့ ပြောပါတယ်။
တဖက်မှာ လက်ရှိ ခေတ်ကာလအခြေအနေကလည်း ဥပဒေအရအပြစ်ပေးနိုင်ဖို့အတွက် အခက်အခဲများစွာ ရှိနေပါတယ်။ စစ်အာဏာရှင်တွေက ဘယ်ဥပဒေမဆို လိုရာဆွဲအသုံးပြုတာ၊ လိုသလိုပြင်ဆင်တာနဲ့ တရားရေးအဖွဲ့အစည်းတွေ၊ ဌာနဆိုင် ရာတွေက စစ်အုပ်စုကိုသာ မျက်နှာမူထားတာဖြစ်လို့ ပြည်သူတွေအနေနဲ့ ယုံကြည်မှုလျော့ကျလာပါတယ်။
အကျိုးဆက်အနေနဲ့ အမျိုးသမီးတွေဟာ အကြမ်းဖက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရတာ၊ အဓမ္မပြုကျင့်ခံရတာမျိုး တွေနဲ့ ပတ်သက်လို့ တိုင်တန်းမှုတွေမရှိတော့ဘူးလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။
မသဉ္ဇာရွှန်းလဲ့ရည်က “အမျိုးသမီးတွေက ကျူးလွန်ခံရရင် ရဲဌာနကိုသွားရဲလားမေးရင် မသွားရဲဘူး။ သားပြောမယားပြော ပြောခံရမယ်ဆိုတဲ့ စိုးရိမ်ချက်ရှိတယ်။ လုံခြုံရေးကဏ္ဍဖြစ်တဲ့ ရဲ၊ စစ်သား၊ တရားရုံးတို့အပေါ်မှာ လူထုရဲ့ယုံကြည်မှုက ကျဆင်းလာတယ်။ ပိုက်ဆံပေးရင်ပေးသလို၊ နီးစပ်ရင်နီးစပ်သလို ကင်းလွတ်ခွင့်ရနိုင်တယ်” လို့ ဆိုပါတယ်။
လက်ရှိအခြေအနေနဲ့ ပတ်သက်လို့လည်း သူက “ကျူးလွန်တဲ့လူကို ဖမ်းဆီးရမိရေးထက် နိုင်ငံရေးလုပ်တဲ့လူကိုဖမ်းမိဖို့ အင်အား၊ ငွေကြေး၊ အချိန် ပိုသုံးလာတယ်။ ဆိုတော့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ပျော်ပျော်ကြီးရနေတဲ့အချိန်ဆိုတော့ အိမ်တွင်းအကြမ်းဖက်မှုတို့၊ တခြားမူးယစ်ဆေးဝါးကိစ္စတွေက မြိုင်မြိုင်ဆိုင်ဆိုင်ကို ပိုက်ဆံနဲ့ပေးပြီး လုပ်လာလို့ရတယ် ဆိုတာ ပိုကြုံလာရတယ်” လို့ မှတ်ချက်ပြုပါတယ်။
ဒီလို တရားဥပဒေစိုးမိုးမှု မရှိတဲ့အတွက်ကြောင့် ကျူးလွန်သူတွေဟာ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေပြီး ပြစ်မှုတွေကို ထပ်ကာထပ်ကာ ကျူးလွန်လာနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိပါတယ်။
ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေလက်အောက်မှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ မတရားပြုကျင့်မှုတွေ အမြောက်အမြားရှိခဲ့ပေမယ့် ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုနဲ့ တာဝန်ယူတာဝန်ခံမှုတွေ မရရှိခဲ့သည့်တိုင်အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်မှာ တော့ ပြောင်းလဲမှုတချို့ စတင်ခဲ့ပါတယ်။
ချစ်သူအမျိုးသမီးအပေါ် ရိုက်နှက်အကြမ်းဖက်ခဲ့လို့ အနုပညာရှင်တဦးဖြစ်တဲ့ အဆိုတော် အစ္စဏီဟာ အမှုရင်ဆိုင်ပြီးတဲ့ နောက် ပြစ်ဒဏ်ကျခံခဲ့ရပါတယ်။
အခုလို စစ်အုပ်ချုပ်ရေးအောက်မှာတော့ တရားမျှတမှုကို ချက်ချင်းမရနိုင်ပေမယ့် အကြမ်းဖက်ခံရတဲ့ ဖြစ်ရပ်တိုင်းကို မှတ်တမ်းယူထားတာက နောင်တချိန်မှာ တရားမျှတမှုဖော်ဆောင်တဲ့အခါ အထောက်အကူဖြစ်နိုင်ကြောင်း အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူတွေက တိုက်တွန်းကြပါတယ်။
အကြမ်းဖက်ခံရတဲ့ အမျိုးသးမီးတွေအနေနဲ့ အမျိုးသမီးဆိုင်ရာအဖွဲ့အစည်းတွေဆီကို အကူအညီတောင်းပြီး အကြမ်းဖက်မှု ကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစားသင့်သလို အဖွဲ့အစည်းတွေဘက်ကလည်း ရုပ်ပိုင်းရော၊ စိတ်ပိုင်းဆိုင်ရာပါ ကုစားပံ့ပိုးပေးမှု တွေ လုပ်ဆောင်နိုင်ပေးနိုင်ဖို့အတွက် နိုင်ငံတွင်း ဒါမှမဟုတ် နယ်စပ်တလျှောက်မှာ လုံခြုံတဲ့နေရာတွေ ဖန်တီးပေးဖို့ လိုအပ် နေတယ်လို့လည်း တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။ ။
You may also like these stories:
အိမ်တွင်းအကြမ်းဖက်မှုများအတွက် ဥပဒေအားနည်းနေ
အိမ်တွင်းအကြမ်းဖက်မှုသည် ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေသည်
အမျိုးသမီးများနေ့၌ စစ်ခေါင်းဆောင်ပြောသောမိန့်ခွန်း လက်တွေ့နှင့် ကွဲလွဲနေ
အဖမ်းခံရသည့် အမျိုးသမီးငယ်တချို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရ