တော်လှန်ရေးသက်တမ်း ၇၄နှစ်ထဲ ရောက်နေပြီဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ကြီးက ၂၀၁၅ခုနှစ် သမ္မတ ဦးသိန်းစိန် လက်ထက်ကတည်းက ရထားတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်ရေး သဘောတူညီချက် စာချုပ် (NCA)ဟာ ပျက်သွားပြီလို့ သြဂုတ် ၁၀ရက်နေ့က တရားဝင် ကြေညာခဲ့ပါတယ်။
စစ်တပ်က NCA ကိုသုံးပြီး နိုင်ငံတကာနဲ့ လူထုကို လှည့်စားနေတာဟာ KNU နဲ့ မသက်ဆိုင်ကြောင်း ဆိုသလို
လက်ရှိ သူတို့ထိန်းချုပ်နယ်မြေ ၇ ခုကို အခြေခံပြီး ကော်သူလေးဖက်ဒရယ်ယူနစ်ကို တည်ထောင်ကာ တရားမျှ တရေး၊ တန်းတူရေး နဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် စတာတွေကို လုပ်ဆောင်မယ်လို့လည်း ပြောလိုက်ပါတယ်။
တကယ်တော့ တရားမျှတရေး၊ တန်းတူညီမျှရေးနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်စတာတွေဟာ ဒုတိယကမ္ဘာစစ်အပြီး ကရင်တို့ရဲ့ နိုင်ငံရေးနိုးကြားမှုနဲ့အတူ ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး ဒီကနေ့တိုင် အစဉ်တစိုက်တောင်းဆို တိုက်ပွဲဝင် နေရဆဲဖြစ်ပါတယ်။
ကရင်ဆိုတာ သမိုင်းမတင် ရှေးဦးမဆွကတည်းက မြန်မာတွေနည်းတူ သည်မြေသည်ရေမှာ နေထိုင်ခဲ့သူတွေ ဖြစ် ပေမယ့် တန်းတူညီမျှဖို့ အင်းစိန်တိုက်ပွဲကစလို့ မြစ်ဝကျွန်းပေါ်နဲ့ ပဲခူးရိုးမအလယ် အရှေ့ တိုင်းကရင်တို့ နေထိုင်ရာ ဒေါနတောင်တန်းတိုင် တိုက်ပွဲဝင်နေသူတွေဖြစ်တာကြောင့် တော်လှန်ရေးသမိုင်းကြောင်း ရှည်လျှားတယ်လို့ ဆိုရမှာပါ။
မြန်မာနိုင်ငံမှာ သမိုင်းနဲ့ ပတ်သက်ရင် တဖက်သတ် သင်ခန်းစာတွေ ဝါဒဖြန့်မှုတွေ သမိုင်းဖျောက်ဖျက်မှုတွေကိုသာ တွေ့ကြုံသင်ကြားခဲ့ရပြီး ဒါတွေနဲ့သာ ယဉ်ပါးကြီးပြင်းခဲ့ရတဲ့သူတွေအဖို့ သမိုင်းကို နက်နက်နဲနဲ ထဲထဲဝင်ဝင် နှိုက်နှိုက် ချွတ်ချွတ် လေ့လာဖို့ဆိုရင် ကရင်လူမျိုးတွေနဲ့ ပတ်သက်လို့ Phan Foundation မှ မကြာမီက ထုတ်ဝေတဲ့ ကရင်တို့ရဲ့ သမိုင်းနဲ့ ပတ်သက်တဲ့ စာအုပ်ကို ညွှန်းချင် ပါတယ်။
စာအုပ်အမည်ကတော့ “လူငယ်များ အတွက် ကရင်အမျိုးသားသမိုင်း(အခြေခံအဆင့်)”ပါ။
အခြေခံအဆင့်ဆိုပေမယ့် ဒေါက်တာစံစီဖိုး၊ စကောလယ်တော၊ မန်းဘသင်စိန်၊ မောင်စင်ကြယ်တို့လို ဝါရင့် ကရင် အမျိုးသားရေး လှုပ်ရှားသူတွေရဲ့ စာတွေအပြင် သမိုင်းသုတေသီ ဒေါက်တာနန်းလှိုင်၊ S မင်းခိုက်သူ၊ မန်းထိန်ဝင်းစိန် တို့ ရေးသားထားတာတွေထဲက ကောက်နှုတ်တင်ပြတာတွေနဲ့ ကရင့်ကြေးမုံစာစောင်ပါ ဆောင်းပါးတချို့ ကို ပြန်လည် စုစည်းကာ ဖော်ပြထားတာဖြစ်ပါတယ်။
နိဒါန်းအစမှာ ကရင်ဆိုတဲ့ အမည်အဓိပ္ပါယ် ဖွင့်ဆိုချက်နှင့်အတူ ခရစ်ယာန်သာသနာပြုတွေ ရေးသလို ကရင်တွေဟာ ဣသရေလလူမျိုးတို့ရဲ့ ပျောက်ဆုံးနေတဲ့ မျိုးနွယ်တွေ မဟုတ် အရှေ့တောင်အာရှဒေသမှာ ပျံ့နှံ့ နေထိုင်တဲ့ တိဗက်တို ဘားမင်းအနွယ်တွေသာ ဖြစ်ကြောင်းကို သမိုင်းပါမောက္ခ ဒေါက်တာလုစ်ရဲ့အဆို၊ ဦးပညာနဲ့ စောအောင်လှရဲ့ ကရင့် ရာဇဝင် ဖွင့်ဆိုချက်၊ ရိုးရာပုံပြင်၊ ဓလေ့ထုံးစံ၊ စာပေကျမ်းဂန်အကိုးအကား အရှေ့တောင်အာရှတလွှားက ကရင်တို့ရဲ့ ဖားစည်ယဉ်ကျေးမှု၊ မဲခေါင်မြစ်ဝှမ်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ပျံ့နှံနေထိုင် ကြတဲ့ ကရင်မျိုးနွယ်စုတွေ အကြောင်းတွေနဲ့ တိုက်ဆိုင်ညှိနှိုင်းပြီး ကရင့် ရှေးဦးခေတ်ကို ရှင်းလင်းထားပါတယ်။
ယူနန်ပြည်နယ်ထဲမှာ နေထိုင်ခဲ့ကြတဲ့ ကရင်လူမျိုးတွေဟာ မဲခေါင်၊ ဧရာဝတီ၊ သံလွင် စတဲ့ မြစ်ကြီးသုံးသွယ်လမ်း ကြောင်းကနေ ထိုင်း၊ မြန်မာစတဲ့ ဒေသတွေမှာ ပျံ့နှံနေထိုင်ကြပုံ၊ သံလွင်မြစ်ကြောင်းအတိုင်း ဆင်းလာတဲ့ ကရင်တချို့ ဟာ ရှမ်းပြည်တောင်ပိုင်းမှာ ပအိုဝ်လူမျိုး၊ ကယားပြည်နယ်(ကရင်နီ)မှာတချို့ ကျန်ကာ တခြားသူတွေက တောင်ငူ၊ ရွှေကျင်၊ ကျောက်ကြီး၊ ဖာပွန်၊ ဘားအံ၊ သထုံ၊ မော်လမြိုင်မှ တဆင့် တနင်္သာရီဘက်ကိုလည်း ဆင်းသက် ကြပုံကို စကောလယ်တောရဲ့ ကရင်တော်လှန်ရေးသမိုင်း စာအုပ်ကို ကိုးကားကာ ဖော်ပြထားပါတယ်။
ကရင်နဲ့ ဘာသာရေးကဏ္ဍမှာတော့ မွန်ပဒေသရာဇ် လက်အောက်နေခဲ့ရတဲ့ ကရင်လူမျိုးတွေဟာ သုဝဏ္ဏဘူမိ သထုံ ပြည်ကောင်းစားစဉ်က မွန်တို့နည်းတူ ဗုဒ္ဓဘာသာ ကိုးကွယ်ခဲ့ကြပေမယ့် ထင်ရှားတဲ့ ကရင်ဘုန်းတော်ကြီးကတော့ ၁၇၄၉ ခုနှစ် အင်းဝကိုတက်ကာ ပဋိကတ်စာပေလိုက်စားပြီး ကရင်လူမျိုးတို့ကြား ကော့ကရိတ်ခရိုင် ဂျိုင်းရွာမှာ သီတင်းသုံး သာသနာပြုခဲ့တဲ့ ဦးနန္ဒမာလာဘွဲ့အမည်ရ ပိုးကရင် ဘုန်းကြီး ဖူးတာမိုက်ရဲ့ အကြောင်း၊ အရိမေတ္တယျ ဘုရားအလောင်းကို ကိုးကွယ်တဲ့ လဲကယ်ဘာသာ၊ တလခုန်း ရသေ့ဗုဒ္ဓဂိုဏ်း၊ ဖိုးဝယ်ကိုး (မေတ္တာ ဗြဟ္မစိုရ်ဘာသာ အကြောင်း စတာတွေလည်း မှတ်တမ်းတင်ထားပါတယ်။
နောက်ပိုင်းမှာတော့ ကိုသာဖြူကို အစပြုလို့ ကရင်လူမျိုးတို့အကြား ရောက်တဲ့ ခရစ်ယာန်သာသနာက ကရင်စာပေ တီထွင်ပေးပုံအကြောင်း၊ ကရင်လူမျိုးအများအပြား ခရစ်ယာန်ဘာသာဝင် ဖြစ်လာတာနဲ့ ပတ်သက်ပြီး “သူစိမ်းတွေကသာ ကရင်တို့ရဲ့ လူမှုဘဝလုံခြုံမှုကို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာအရ အကူအညီပေး နိုင်တာကြောင့်”ဆိုတဲ့ ကောက်ချက် စတာတွေကလည်း စိတ်ဝင်စားစရာပါ။
မြန်မာန်ိုင်ငံပြီးရင် ထိုင်းနိုင်ငံမှာလည်း ကရင်လူမျိုးများ အများဆုံးနေထိုင်ကြရာ မကြာခင်က ဘန်ကောက်မှာ လုပ်တဲ့ ကရင့်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ပွဲမှာ Move Forward ပါတီခေါင်း ဆောင် ဖိထာ လင်မ်ဂျာရွန်ရတ် တက်ရောက်တာကို တွေ့ရပါတယ်။
ကရင်လူမျိုးတွေဟာ ချင်းမိုင်၊ ချင်းရိုင်၊ လမ်းဖွန်း၊ မဲ့ဟောင်ဆောင်၊ တပ်ခ်- ရဟိုင်း၊ ကန်ချနဘူရီ၊ ဖရိုင်း၊ ရပ်ချ်ဘူရီ၊ ဖိစနုလွတ်၊ ဖက်ချ်ဘူရီ၊ ဥထိုင်းဌာနီ၊ ဆူခိုထိုင်း၊ ပရာကျွတ်ကရီခန်းစတဲ့ဒေသတွေမှာ အများဆုံးနေထိုင်ကြပေမယ့် အခုအခါတော့ ကရင်စကား ပြောတာနည်းလာပြီး ထိုင်းစကားကိုသာ အားသန်လာတာကြောင့် အမျိုးသားရေး စိတ်ဓာတ်လည်း လျော့လာသလို စာပေနဲ့ စကားကိုပါ ဝါးမျိုခံလာရတဲ့ အနေအထား ရောက်နေပါပြီ။
ခေတ်အဆက်ဆက် ဗမာပဒေသရာဇ်နဲ့ ထိုင်းပဒေသရာဇ်တို့ရဲ့ တိုက်ပွဲတွေ၊ ဗမာပဒေသရာဇ်နဲ့ မွန်ပဒေသရာဇ်တို့ရဲ့ ပဋိပက္ခတွေကြားမှာ အေးချမ်းစွာနေလိုတဲ့ ကရင်လူမျိုးတွေဟာ အသုံးချခံဖြစ်ခဲ့ရပုံ၊ ဒီအတွက် ဗမာပဒေသရာဇ်တို့ရဲ့ ရန်ငြိုးဖွဲ့ ဖိနှိပ်တာကို အမြဲခံခဲ့ရပုံ၊ အင်္ဂလိပ်- မြန်မာကျူးကျော်စစ်တွေမှာလည်း ထပ်မံ အသုံးချခံရတာကြောင့် ဗမာ လူမျိုးတို့နဲ့ ကရင်လူမျိုးတို့ကြားမှာ သံသယစိတ် ပိုမိုကြီးထွားလာပြီး တဦးနဲ့ တဦး မယုံမကြည်ဖြစ်ခဲ့ရပုံတွေလည်း သင်ခန်းစာယူစရာ အနေနဲ့ ရေးသားထားပါတယ်။
မြန်မာပြည် ပညာရေးသမိုင်းမှာတော့ ခရစ်ယာန်သာသနာပြုတွေရဲ့ ကျေးဇူးကြောင့် ဗုဒ္ဓဘာသာ ကရင်တွေထက် ခရစ်ယာန်ကရင်တွေက ရှေ့ရောက်ခဲ့ပြီး ယုဒဿန်ကောလိပ်ဆိုရင် ကရင်လူမျိုးအများဆုံး တက်ရောက် သင်ကြား တာကြောင့် ကရင်ကောလိပ်လို့တောင် ခေါ်ကြသလို ကောလိပ်ကျောင်းအစ ကရင်ကလို့တောင် ပြောစမှတ်ပြုရတဲ့ အထိ ဖြစ်ခဲ့ရပြီး ဒါကြောင့်လည်း အင်္ဂလိပ်အစိုးရက ဆာဘွဲ့ပေးရတဲ့ ဒေါက်တာ စံစီဖိုး၊ ဒေါက်တာတီသံပြာ၊ စောဆစ်ဒနီ လူနီတို့ စောဖေသာတို့လို ကရင်ပညာတတ် ပုဂ္ဂိုလ်တွေ အများအပြား ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလိပ်ခေတ်မှာ သစ်လုပ်ငန်းလုပ်တဲ့ လူချမ်းသာ ဆင်ပိုင်ကရင်တွေ အများအပြားရှိပေမယ့် ကူးသန်းရောင်းဝယ် ရေးဘက်မှာ အောင်မြင်တဲ့ ကရင်မရှိသလောက်ပါ၊ ပညာတတ် ကရင် အများစုကတော့ လခစားအလုပ်နဲ့ စစ်မှုထမ်း ဘက်မှာသာ လုပ်ကိုင်ကြပါတယ်။
စစ်မှုထမ်းဘက်မှာဆိုရင် ၁၉၄၉ ခုနှစ် မတိုင်ခင်က မြန်မာတပ်မတော်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ် စမစ်ဒွန်း၊ ဗိုလ်မှူးချုပ် စောကြာဒိုး၊ ဗိုလ်မှူးချုပ် စောရှီရှိူး၊ ဗိုလ်မှူးကြီး စောမင်းမောင် စတဲ့သူတွေကို ကြည့်ရင် ကရင် လူမျိုးတွေ ဘယ်လောက်အထိ ပေါက် ရောက်ခဲ့တယ်ဆိုတာကို သိနိုင်ပြီး အနှီပုဂ္ဂိုလ်ကြီးတွေရဲ့ အကြောင်းကို ဒီစာအုပ်မှာ ဖော်ပြထားပါတယ်။
ကရင်နဲ့ နိုင်ငံရေး အပိုင်းမှာတော့ နှစ်ပေါင်း ၇၀ကျော်ကြာ ကရင်လက်နက်ကိုင်တော်လှန်ရေးရဲ့ မူလဘူတ ဇာစ်မြစ်ကို မြင်ရမှာဖြစ်ပြီး၊ ကရင့်နိုင်ငံရေးအစဟာ မြန်မာနဲ့ ဆင်တယ်လို့ တောင်ဆိုနိုင်ပါတယ်။
နိုင်ငံရေးအမြင်ရှိတဲ့ မြန်မာပညာတတ်တွေက YMBA လို့ခေါ်တဲ့ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီးကို တည် ထောင်ခဲ့သလို ဒေါက်တာတီသံပြာတို့လို ကရင်ပညာတတ်ပုဂ္ဂိုလ်တွေကလည်း ၁၈၈၁ခုနှစ်လောက်ကတည်းက အမျိုးသားရေးနဲ့ ဘာသာရေးယှက်နွယ်ထားတဲ့ ဒေါကလု အသင်းကို တည်ထောင်ခဲ့တာကြောင့် YMBA ထက်တော့ ပိုစောတယ်လို့ ဆိုရမှာပါ။
နောက်ပိုင်းတော့ ဒေါကလုအသင်းကြီးဟာ ဗုဒ္ဓဘာသာ ကရင်အပါအဝင် အားလုံး ပိုမိုပေါင်းစည်းနိုင်ဖို့ အမျိုးသားရေး ဘက်ကို ဇောင်းပေးလာသလို စာပေသင်ကြားရေး၊ ကရင်အမျိုးသားနေ့ ကရင်အမျိုးသားအလံ အသိအမှတ်ပြုရေး ကနေ နောက်ပိုင်းတော့ ပြည်နယ်ရရှိရေးအထိပါ တောင်းဆိုလာတာတွေ့ရပါတယ်။
ဒါကလည်း အတိတ်သမိုင်းမှာ ဗမာပဒေသရာဇ်တို့ရဲ့ ရက်စက်တဲ့ လုပ်ရပ်၊ ဂျပန်ခေတ်က ဖြစ်ခဲ့တဲ့ အရှေ့တိုင်းနဲ့ မြစ်၀ ကျွန်းပေါ် အဓိကရုဏ်းတို့ဟာ ကရင်တို့အတွက် မှတ်သားလောက်စရာ သင်ခန်းစာဖြစ်ပြီး ဗမာဆိုတာ ပဒေသရာဇ်ပဲ ဖြစ်ဖြစ် နိုင်ငံရေးသမားပဲ ဖြစ်ဖြစ် အင်အားနည်းတဲ့ တိုင်းရင်းသားအပေါ်မှာ အနိုင်ကျင့်တတ်တဲ့ စိတ်ရှိကာ လူနည်းစု အခွင့်အရေးကို အလေးမထား ကတိမတည် သနားငဲ့ညှာထောက်ထားတယ်ဆိုတာ သမိုင်းမှာ မရှိ၊ ဒါကြောင့် လွတ်လပ်ရေး ရပြီးရင် ဗမာလက်အောက်မှာ နေရမှာကို စိုးရိမ်တဲ့အတွက် အင်္ဂလိပ် အစိုးရဆီ ပြည်နယ် ခွဲပေးဖို့ တောင်းခဲ့ရတာလို့ ကရင်ခေါင်းဆောင်တချို့ရဲ့ သဘောထားကိုလည်း သုံးသပ်ဖော်ပြထားပါတယ်။
ဒါပေမယ့် ဗြိတိသျှအင်ပါယာအပေါ် အင်္ဂလိပ်- မြန်မာစစ်ပွဲတွေ၊ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်နဲ့ ဂျပန်တော်လှန်ရေး တို့မှာ သူတို့ဘယ်လိုပဲ အကျိုးပြုခဲ့ ပြုခဲ့ “ကျွနုပ်တို့၏ နှလုံးသားသည် ကရင်များနှင့် အတူရှိခဲ့သော်လည်း ကျွနုပ်တို့၏ ဦးခေါင်းမှာမူ ဗမာများနှင့်သာ ရှိပေသည်”ဆိုသလို သူတို့ကို ဗြိတိသျှတွေက ဗမာလက်အောက်မှာ ထားခဲ့ပြီး သစ္စာ ဖောက်ခဲ့ကြ တယ်လို့ ကရင်တွေ ယုံကြည်တယ်လို့ ဒီစာအုပ်မှာ ဖော်ပြထားပါတယ်။
ဂျပန်ဝင်ကာစ ကရင်တွေဟာ အင်္ဂလိပ်လိုလားသူတွေ၊ သူလျှိုတွေလို့ဆိုကာ ဂျပန်နဲ့ ရန်တိုက်ပေးသလို ဘီအိုင်အေ တချို့ ရဲ့ မလိမ္မာမှုကြောင့် ဖာပွန်၊ ရွှေကျင်နဲ့ သထုံဒေသက ကရင်- ဗမာလူမျိုးရေး အဓိကရုဏ်းတွေ၊ မြောင်းမြက စောဖေသာတို့ မိသားစု တစုလုံး အသတ်ခံရတာ မြစ်ဝကျွန်းပေါ်ကဖြစ်ရပ်တွေ ဒါတွေဟာ ကရင်နဲ့ ဗမာကြား ပိုမိုဝေး ကွာစေပြီး ဗိုလ်ချုပ်အောင်ဆန်းကတော့ စောစံဖိုးသင်၊ စောကြာဒိုးနဲ့ မန်းဘခိုင်တို့ကို ကရင်-ဗမာ ချစ်ကြည်ရေး အတွက် စည်းရုံးနိုင်ပေမယ့် ကျန်ကရင်ခေါင်းဆောင်တွေနဲ့ အနီးကပ်ဆက်ဆံတာမျိုး ကရင်သမိုင်းမှာ မတွေ့ရပါဘူး။
စောစံဖိုးသင်ဆိုရင်လည်း ဗိုလ်ချုပ် အောင်ဆန်းရဲ့ ကျေးဇူးကို ထောက်ထားတဲ့အနေနဲ့ မိခင်အဖွဲ့အစည်း KNU ကနေ လမ်းခွဲပြီး ဖဆပလကိုထောက်ခံကာ ဘုရင်ခံကောင်စီကနေ နုတ်ထွက်သွားတဲ့ စောဘဦးကြီးနေရာမှာ အစားထိုး ဝင်ရောက် ခဲ့ပါတယ်။
တဖက်က ကြည့်တော့ လက်ဖမိုး၊ တဖက်ကကြည့်တော့ လက်ဖဝါးဆိုသလို ဖဆပလ အစိုးရက သစ္စာရှိကရင်လို့ ကင်ပွန်းတပ်တဲ့ သမ္မတဟောင်း မန်းဝင်းမောင်နဲ့ ဗိုလ်မှူးကြီး စောထွန်းစိန်၊ စောကျော်စိန်၊ စောမြသိန်းတို့လို ဆိုရှယ်လစ် အတွေးအခေါ်ရှိသူတွေ ဖွဲ့စည်းခဲ့တဲ့ ကရင်လူငယ်များ အစည်းအရုံး (KYO)လို အဖွဲ့အစည်းကိုလည်း ကရင်အဖွဲ့အစည်းတွေက ဗမာ့ရဲ့ လက်ကိုင်တုတ်လို့ ခေါ်ဝေါ်တာကိုလည်း တွေ့ရပါတယ်။
နောက်ဆုံးအပိုင်းကတော့ “ကရင်ပြည် ချက်ချင်းပေး၊ ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပြ၊ လူမျိုးရေး အဓိကရုဏ်း အလိုမရှိ၊ ပြည်တွင်းစစ် အလိုမရှိ” စတဲ့ ကြွေးကြော်သံတွေနဲ့ ပြည်လုံးကျွတ်ဆန္ဒပြပွဲတွေ၊ ဖဆပလအစိုးရနဲ့ ဆွေးနွေး ခဲ့ကြပေမယ့် ပြေလည်မလာဘဲ အင်းစိန်တိုက်ပွဲကစလို့ ပြည်တွင်းစစ်ကြီး မီးတောက်လာပုံ၊ ကရင်ခေါင်းဆောင်ကြီး တွေဖြစ်တဲ့ စောဘဦးကြီး၊ စောစန်းကေ၊ ဗိုလ်ချုပ်မင်းမောင်တို့ ကျဆုံးခဲ့ရတဲ့ ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်တွေကို ဖော်ပြထားပါတယ်။
ဒါကြောင့် ဒီကနေ့ ကချင်၊ ကရင်၊ ကယား၊ ချင်းစတဲ့ တိုင်းရင်းသားတွေနဲ့ လက်တွဲကာ စစ်အာဏာရှင် အမြစ်ပြုတ်ရေး တိုက်ပွဲဝင် နေချိန် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုနဲ့ ပတ်သက်လို့ စဉ်းစားကြတဲ့အခါ တိုင်းရင်းသားတွေရဲ့ ခံစားချက်နဲ့ သမိုင်းနောက်ခံကို သိရှိထားမယ်ဆိုရင် လွယ်လွယ်ကူကူ နားလည်မှု ရှိရှိ တည်ဆောက်နိုင်မှာဖြစ်လို့ အားလုံး ဖတ်ရှု့ လေ့လာသင့်တဲ့တာကြောင့် “လူငယ်များ အတွက် ကရင်အမျိုးသားသမိုင်း(အခြေခံအဆင့်)” စာအုပ်ကို ညွှန်းဆိုလိုက် ရခြင်း ဖြစ်ပါတယ်။