“ရာစုသစ်” ဟူသော စကားလုံး “ဝိုင်တူးကေ” ဟူသော စကားလုံးကို ယခုတလော ထပ်ဖန်တလဲလဲ ကြားနေရသည်။
ဒီလို ကိစ္စမျိုးမှာ အရူးအမူး စိတ်ဝင်စားလေ့ ရှိကြသော အနောက်နိုင်ငံမှာတော့ဖြင့် ဘယ်လို ဖြစ်နေမည် မသိ၊ ကျနော်တို့ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာပင်လျှင် ထိုနှစ်သစ်ကူးမည့် ညတွင် တညလုံး မအိပ်ဘဲ စားကြ ပျော်ကြပြီးနောက် လှလှပပ မြင်သာလောက်သော နေရာက စောင့်၍ နေထွက်သည်ကို ကြည့်ကြဦးမည် ဆိုပဲ။
“ဘာများ ထူးမှာလဲဟယ်” ဟု ကျနော်က ပြောလိုက်တော့ “ထူးတာပေါ့ ဆရာရဲ့ ဒါက နှစ်ဆယ့်တစ် ရာစု ဝင်မှာ ထွက်တဲ့နေ မဟုတ်လား” တဲ့။
ကျနော်က ဘာမျှ မပြောတော့ပါ။ ကိုယ့်စိတ်ကူးက ထူးသည် ထင်တော့လည်း ထူးသွားသည်ပဲပေါ့။
ပြောမည့်သာ ပြောနေရသည်၊ ကျနော် ကိုယ်တိုင်ကလည်း နှစ်ဆယ့်တစ် ရာစုသစ်တွင် လူ့လောကကြီး ဘာတွေ ဖြစ်မည် လဲ ဆိုသည်ကို လှမ်းပြီး မှန်းမကြည့်ဘဲ မနေနိုင်။ ကယောင်ကတမ်း လှမ်းပြီး စိတ်ကူးကြည့်မိသည်မှာ မကြာခဏဖြစ်သည်။
နောက်တွင် ကျန်ရစ်ခဲ့တော့မည့် ရာစုဟောင်း နှစ်ပေါင်း တထောင်ကို ပြန်ကြည့်လ်ိုက်တော့ လူသားတို့ တိုးတက် လာလိုက်သည်မှာ ကြောက်ခမန်း လန့်ခမန်း ဖြစ်သည်။
အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာ အတတ်ပညာ၊ သိပ္ပံပညာတွေ တိုးတက်လာလိုက်ပုံမှာ စာဖွဲ့လို့ပင် ကုန်နိုင်မည် မဟုတ်။
ရှေးအခါက ခေတ်စားခဲ့သော အင်း၊ အိုင်၊ ဂါထာ မန္တရား စသည့် ဂမ္ဘီရ ပညာများကို ပညာရှင်ကြီးများက လူမိုက် လူယုတ်မာများ လက်သို့ ရောက်သွားလိုက်လျှင် လူကောင်း သူကောင်းတွေကို ဒုက္ခပေးမည် စိုးသောကြောင့် ထိုပညာများကို လျှို့ဝှက်ထားခဲ့သည်။
သို့မဟုတ် နက်နဲစွာ လိုက်စားသော သူတော်ကောင်းများသာ သိနိုင် ဖော်နိုင်လေအောင် လေးနက် ခက်ခဲသော နည်းများဖြင့် မှတ်တမ်း တင်ခဲ့ကြသည်။
ထိုနည်းများကို ရယူလိုလျှင် နှစ်ရှည်လများ ဥပုသ် သီတင်း ဆောက်တည်ခြင်း စသော သူတော်ကောင်း ကျင့်စဉ်များကို ကျင့်သုံးရသေးသည်။ သူတော်ကောင်း စင်စစ်ဖြစ်မှသာ ထို ဂမ္ဘီရပညာများကို ရနိုင်အောင် စီစဉ်ခဲ့သည်ပေါ့။
ထိုထိုသော ဂမ္ဘီရပညာများကို ယုံသည် မယုံသည် အပထား သူတို့ထားခဲ့သည့် စေတနာ အမြော်အမြင်ကိုတော့ လွန်စွာ ကြည်ညိုအပ်သည်ဟု ကျနော် ထင်မိသည်။
ယနေ့ သိပ္ပံနည်းပညာများ အကြောင်းကို သုံးသပ်ကြည့်လိုက်သော အခါတွင်မှ ထိုအမြော်အမြင်ကို ရိုသေအပ်ကြောင်း ထင်ရှားလာတော့သည်။
သိပ္ပံနည်းပညာ ဆိုသည်ကတော့ ဘာသူတော်ကောင်း ကျင့်စဉ်ကိုမျှ လိုက်နာကျင့်သုံးစရာ မလိုတော့ပြီ။ ဘယ်လို လူမျိုးပဲ ဖြစ်ဖြစ် လိုက်စားလျှင် တတ်မြောက်နိုင်တော့သည်သာ။
ဒီတော့ လူဆိုးသူဆိုးတွေက “အီလက်ထရောနစ်” စသော အဆင့်မြင့် ဂမ္ဘီရ သိပ္ပံပညာရပ်တွေကို အသုံးပြုပြီး လူကောင်း သူကောင်းတွေကို နှိပ်စက်လိုက်ကြသည်မှာ ထောင်းလမောင်း ကျေပါလေရောဟု ဆိုရတော့မည်။
သိပ္ပံပညာ အားကိုးနှင့် လောကဓာတ် သဘာဝကြီးကို လူတွေက ဇက်ခွစီးလိုက်ကြသည်မှာ အံပြီးရင်း သြရင်း ဖြစ်လောက် ပါပေသည်။
သေချာ စဉ်းစားကြည့်လိုက်တော့ လောကဓာတ် မြင်းရိုင်းကြီးကလည်း မလွှဲသာလို့ ကျောပေါ် အခွခံနေရသော်လည်း ငြိမ်ခံနေသည် မဟုတ်။ ခုန်လိုက်ပေါက်လိုက် ပတပ်ရပ်လိုက်နှင့် ကော့ကော်ကန်ကား မပြတ် လုပ်နေသည်ဟု ထင်မိသည်။
ကြည့်လေ သူက လောက မြေပြင်ကြီးပေါ်တွင် လူတွေ ပြည့်နေသည်ကို မကြိုက်၊ ဒါကြောင့် လူတွေ များလာ၊ ပြည့်လာလျှင် ကပ်ရောဂါကြီး တမျိုးမျိုးကို ဖန်တီး၍ လူဦးရေ လျှော့ပစ်လိုက်သည်။
ပလိပ်ရောဂါ၊ ဝမ်းရောဂါ၊ ကျောက်ရောဂါ ဆိုသည့် ရောဂန္တရ ကပ်ကြီးမှာ လူဦးရေ လျှော့သည့် လုပ်ငန်းတွင် အထိရောက်ဆုံး လက်နက် ဖြစ်ခဲ့သည်။
လူတွေကလည်း ဒါကို ငြိမ်ခံမနေ။ ထိုထိုသော ကပ်ရောဂါများကို နိုင်အောင်ကို တိုက်ခဲ့သည်။ ကာကွယ်ဆေး အမျိုးမျိုးကို ရှာဖွေ တီထွင်ခဲ့သည်။ ယခုဆိုလျှင် ထိုရောဂါများကို ကပ်ရောဂါဟုပင် မခေါ်နိုင်တော့ပြီ။
လောကဓာတ် မြင်းရိုင်းကြီး ဘာများ တတ်နိုင်ပါသေးသနည်း။ သူကလည်း ကြည့်ကြသေးတာပေါ့ “တတ်နိုင်သေးသပ” ဟု ပြောနေသည့် အလား ထင်ရသည်။
“ကင်ဆာ” တဲ့ “အေအိုင်ဒီအက်စ်” တဲ့ ဘာတွေမှန်းကို မသိနိုင်အောင် ဖြစ်လာတော့သည်။ ကင်ဆာ တမျိုးတည်း မှာတောင် မျိုးစိတ်တွေဟု ခေါ်ရမည်လား မသိသော ရောဂါတွေက တပုံတပင်ကြီး ဖြစ်နေတော့သည်။
ဒီလိုရောဂါတွေထဲက ဘယ်တခုခုက ဘယ်နေ့များ ကိုယ့်ဆီ ရောက်လာမလဲ တထိတ်ထိတ် ဖြစ်နေရသည်။
ဒီလောက်နဲ့တောင် အားမရနိုင်သေးတော့ လောကဓာတ် မြင်းရိုင်းကြီးက “ငါသတ်လို့ မနိုင်လောက်အောင် မင်းတို့က စွမ်းနေပြီ၊ ကဲ ဒီလောက်တောင် ရှိလှတာ မင်းတို့ချင်း သတ်ကြစမ်း၊ ငါ လက်ညောင်းနေပြီ” ဟု ပြောလိုက်ဘိ သကဲ့သို့ လူသားအချင်းချင်း ပျော်ပျော်ကြီး သတ်နေလိုက်ကြသည်မှာ တဝုန်းဝုန်း ဖြစ်နေတော့သည်။
လူသားတွေက ရုပ်ပစ္စည်းတွေကို စိတ်ဝင်တစား အနိုင်ယူနေချင်ကြသည်။ နိုင်သင့်သလောက်လည်း နိုင်ပါ၏။
သို့သော် အဇ္စျတ္တ ဟု ခေါ်သည့် အတွင်းရန်သူ လောဘ၊ ဒေါသ၊ မောဟ စသည်တို့ကို မေ့နေကြသည်။
ရုပ်တရားကို စိတ်ဝင်စားနေသည်။ နာမ်တရားကို မေ့နေကြသည်။ ရုပ်ကို အနိုင်ယူခြင်း၌ မွေ့လျော်နေကြသည်။ စိတ်ကို အောင်နိုင်ရန် မေ့လျော့နေကြသည်။
စိတ်ကူးယဉ်လှသည်ဟု ဆိုလျှင်လည်း ခံရပါတော့မည်။
လာမည့် ရာစုသစ်တွင် လူသား သတ္တဝါတို့သည် ရုပ်ပိုင်း လေ့လာရေး ငြီးငွေ့ကြလျက် စိတ်ပိုင်း ဆိုင်ရာတို့ကို ပိုမို လေ့လာကြလိမ့်မည်ဟု ထင်မိသည်။
တနည်းအားဖြင့် “အပြင်” ထက် “အတွင်း” ကို စိတ်ဝင်စားလာကြလိမ့်မည်ဟု ထင်နေမိပါသည်။ ။
(စာရေးဆရာကြီး အောင်သင်း ရေးသားခဲ့သည့် ဤဆောင်းပါးကို ဇွန်ပွင့် စာအုပ်တိုက်က ၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ဝေသော “အနာဂတ်ကို မကြောက်နဲ့” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက် အသက် ၈၈ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)