ဓနုဒေသ
၂၀၀၈ ဖွဲ့စည်းပုံအရ ပင်းတယနှင့် ရွာငံမြို့နယ် နှစ်ခုကို ဓနုကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအဖြစ် သတ်မှတ်ထား၏။ ထို့မြို့နယ် နှစ်ခုတွင်း လူဦးရေ ၁ သိန်း ၇ သောင်းခန့်ရှိပြီး ဓနုလူမျိုး ၁ သိန်းခန့်နှင့် တောင်ရိုး၊ ရှမ်းစသည့် အခြားလူမျိုးများလည်း နေထိုင်ကြ၏။ ဓနုလူမျိုးများသည် ထိုမြို့နယ် နှစ်ခုသာမက ဆက်စပ်နယ်များတွင်ပါ နေထိုင်ကြ၏။
ဓနုဒေသသည် ရှမ်းကုန်းမြေမြင့်၏ အနောက်ဘက်ခြမ်းတွင်ရှိပြီး ဓနုဒေသ၏ တောင်ဘက်တွင် အောင်ပန်း၊ ကလော၊ အရှေ့ဘက်တွင် ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့၊ မိုင်းကိုင်-ဆင်တောင်နှင့် နမ့်လန်ဒေသရှိ၏။ မြောက်ဘက်တွင် ပြင်ဦးလွင်၊ နောင်ချိုမြို့နယ်တို့နှင့် ဆက်စပ်နေပြီး အနောက်ဖက် ရှမ်းကုန်းမြေမြင့် တောင်ခြေတွင် ကျောက်ဆည်၊ မြစ်သား၊ သာစည်နယ်မြေတို့နှင့် ဆက်စပ်နေသည်။
ဓနုဒေသသည် ရှမ်းကုန်းမြေမြင့် တောင်ပေါ်ဒေသဖြစ်ပြီး လူဦးရေနည်းသော်လည်း ကျယ်ဝန်းသော ဒေသဖြစ်၏။ တောတောင်ထူထပ်သော ဒေသဖြစ်၏။ ဆက်စပ်နယ်မြေများပါ ထည့်သွင်းတွက်ချက်ပါက မြောက်မှတောင်သို့ ကီလို ၁၆၀ ခန့် ရှည်လျားပြီး အရှေ့အနောက်မှာ ကီလို ၇၀ မှ ၁၀၀ ခန့် ထိ ကျယ်ဝန်းသည်။
ဓနုဒေသသည် ရှမ်းကုန်းမြေမြင့် တောင်ပေါ်ဒေသဖြစ်ပြီး လူဦးရေနည်းသော်လည်း ကျယ်ဝန်းသော ဒေသဖြစ်၏။ တောတောင်ထူထပ်သော ဒေသဖြစ်၏။
ဓနုလူမျိုး လက်နက်ကိုင်အဖွဲ့အစည်း
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာပြည်တွင် တိုင်းရင်းလက်နက်ကိုင် အဖွဲ့များစွာ ပေါ်ခဲ့သော်လည်း ၂၀၂၁ ခုနှစ် မြန်မာစစ် တပ်က အာဏာသိမ်းသည့်အချိန်ထိ အနှစ် ၇၀ ကျော်အတွင်း ဓနုလူမျိုး လက်နက်ကိုင်အဖွဲ့အစည်း ဆိုသည်မှာ မရှိခဲ့ဖူးပေ။
သို့သော်လည်း ဓနုဒေသသည် လက်နက်ကိုင် တိုက်ခိုက်မှုများနှင့်တော့ မစိမ်းလှပေ။ ၁၉၅၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) တပ်ဖွဲ့များ ဝင်ရောက်ခဲ့ပြီး ရွာငံ – ရေဦးနှင့် ဆက်စပ်နေသည့် ကျောက်ကူ – အင်တော၊ နောင်ဝိုး – နောင်လုံ ဒေသများတွင် လှုပ်ရှားအခြေချခဲ့၏။
အစောပိုင်းကာလက ဗကပ အထက်ဗမာပြည်ဌာနခွဲ အခြေပြုခဲ့ပြီး နောက်ပိုင်း အရှေ့မြောက် အားကောင်းလာသည့် အချိန်တွင် ဗကပ ၁၀၈ စစ်ဒေသ၊ အလယ်ပိုင်း ဗဟိုဌာနခွဲ စသည့် တပ်ဖွဲ့စည်းပုံများနှင့် ဓနုဒေသတွင် လှုပ်ရှားခဲ့သည်။ ၁၉၈၉ ခုနှစ် ဝ တပ်များ ပုန်ကန်ပြီးနောက် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) အနေနှင့် ဆက်လက်တည်ရှိခဲ့ပြီး ၁၉၉၁ ခန့်တွင်မှ UWSA နှင့် နဝတ သဘောတူညီချက်အရ ထိုနယ်မြေမှ UWSA တပ်များ ထွက်ခွာခဲ့ကာ လက်နက်ကိုင် တိုက်ပွဲများနှင့် ကင်းဝေးခဲ့သည်မှာ နှစ် ၃၀ ကျော် ကြာခဲ့ပြီဖြစ်၏။

ဓနုဒေသသက်သက်ဆိုလျှင် လှုပ်ရှားစစ်ကစားရန် ကျဉ်းမြောင်းသည်ဟု ဆိုနိုင်သော်လည်း ဓနုဒေသနှင့် ဆက်စပ်နေသည့် ရပ်စောက်၊ ဗထူး၏မြောက်ဘက်ရှိ အင်တော၊ ကျောက်ဂူဒေသ၊ နောင်ဝိုး၊ နောင်လုံဒေသတို့နှင့် တဆက်စပ်တည်းရှိနေရာ လှည့်လည် စစ်ကစားရန် အားကောင်းနေ၏။
ထို့ပြင် ဓနုဒေသ တောင်ဘက်ရှိ ကလော တောင်ဘက်တွင် ပင်လောင်းဒေသအထိ ရှမ်းတောင် PDF နှင့် နေပြည်တော် PDF များ လှုပ်ရှားမှုရှိ၏။
ဓနုဒေသသက်သက်ဆိုလျှင် လှုပ်ရှားစစ်ကစားရန် ကျဉ်းမြောင်းသည်ဟု ဆိုနိုင်သော်လည်း ဓနုဒေသနှင့် ဆက်စပ်နေသည့် ရပ်စောက်၊ ဗထူး၏မြောက်ဘက်ရှိ အင်တော၊ ကျောက်ဂူဒေသ၊ နောင်ဝိုး၊ နောင်လုံဒေသတို့နှင့် တဆက်စပ်တည်းရှိနေရာ လှည့်လည် စစ်ကစားရန် အားကောင်းနေ၏။
ဓနုဒေသ၏ အရှေ့ဘက် နန့်လန်ဒေသ၊ မိုင်းကိုင် ဆင်တောင်တို့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် (SSPP / SSA) တပ်များ အခြေပြုလှုပ်ရှားနေ၏။ မြောက်ဘက် နောင်ချိုဒေသတွင် SSPP, တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့အပြင် မန္တလေး PDF များ အခြေပြု လှုပ်ရှားနေ၏။
အနောက်ဘက် ကျောက်ဆည်၊ မြစ်သား၊ သာစည်ဒေသများမှာလည်း ယခင်နှင့်မတူဘဲ စစ်ကောင်စီဆန့်ကျင်ရေး လေထုမြင့်မားနေ၏။ ဤသို့သော အခြေအနေအောက်တွင် ဓနုဒေသသည်လည်း လက်နက်ကိုင် ပုန်ကန်မှုများအတွက် ရေခံမြေခံသာမက ပတ်ဝန်းကျင်ကောင်းများ ရှိနေတော့၏။
ဓနုလက်နက်ကိုင်ပုန်ကန်မှု
၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးနှင့်အတူ ဓနုဒေသတွင် ဓနုလက်နက် ကိုင်တပ်ဖွဲ့များ ပေါ်ပေါက်လာခဲ့၏။ နွေဦးတော်လှန်ရေးတွင် ဓနုတို့လည်း တက်ကြွစွာ ပါဝင်ခဲ့ကြ၏။ သို့သော် အစောပိုင်းကာလများတွင် စနစ်တကျ မလေ့ကျင့်ရသေးခြင်း၊ လက်နက် မပြည်စုံခြင်းတို့ကြောင့် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ခံခဲ့ရပြီး ဓနုဒေသမှ ဆုတ်ခွာခဲ့ရ၏။ မြို့ပေါ်လမ်းမှ ဆုတ်ခွာသူ ဓနုလူငယ်အချို့ အောင်ပန်းကဲ့သို့ မြို့များတွင် ဖမ်းဆီးခံခဲ့ရသည်ကို တွေ့ရ၏။
မြန်မာစစ်တပ်က ရက်စက်စွာ ဖိနှိပ်သော်လည်း ဓနုလူငယ်များ အလံမလှဲခဲ့ဘဲ ကျားကုတ်ကျားခဲ ကြိုးစားခဲ့မှုကြောင့် ၂၀၂၃ ခုနှစ်တွင် ဓနုလက်နက်ကိုင် တပ်ဖွဲ့နှစ်ခု ဓနုဒေသသို့ ပြန်လည် ထိုးဖောက် ဝင်ရောက်လာသည်
မြန်မာစစ်တပ်က ရက်စက်စွာ ဖိနှိပ်သော်လည်း ဓနုလူငယ်များ အလံမလှဲခဲ့ဘဲ ကျားကုတ်ကျားခဲ ကြိုးစားခဲ့မှုကြောင့် ၂၀၂၃ ခုနှစ်တွင် ဓနုလက်နက်ကိုင် တပ်ဖွဲ့နှစ်ခု ဓနုဒေသသို့ ပြန်လည် ထိုးဖောက် ဝင်ရောက်လာသည်ကို တွေ့ရ၏။
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)
တဖွဲ့မှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့တွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး ဖွဲ့စည်းခဲ့ကြောင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့၏။ DPLF ကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဒေသတခုတွင် လေ့ကျင့်ဖွဲ့စည်းခဲ့သည်ဟု သိရ၏။ စစ်သင်တန်း လေးကြိမ် ပေးခဲ့ပြီဟု ဆိုသည်။

၎င်းတို့က တရားဝင်ထုတ်ပြန်ခြင်း မရှိသော်လည်း DPLF သည် မြောက်ပိုင်း TNLA နယ်မြေတွင် လေ့ကျင့်ခဲ့သည်ဟု မြေပြင်သတင်းများအရ သိရ၏။ ထို့နောက် ဓနုဒေသတွင် စစ်ရေးလှုပ်ရှားမှုများ တွေ့ရသကဲ့သို့ စစ်ဆေးမှုများ တင်းကြပ်လာသည်ကို တွေ့ရသည်။ DPLF သည် ၎င်းတို့ လှုပ်ရှားမှု၊ တိုက်ပွဲများနှင့် ပတ်သက်၍ တရားဝင် ထပ်မံထုတ်ပြန်သည်ကို မတွေ့ရသေးပေ။
ဓနု PDF
နောက်ထပ် ဓနုလက်နက်ကိုင် အင်အားစုတခုမှာ ရှမ်းပြည်တောင်ပိုင်းတွင် စုဖွဲ့လေ့ကျင့်ခဲ့သော ဓနု PDF ဖြစ်၏။ ဓနုအခြေစိုက် ပြည်သူ့ကာ ကွယ်ရေးတပ်မတော် (ဓနု PDF) ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ရင်း ၁၀၀၃ အဖြစ် ရှမ်း၊ ကရင်နီနယ်စပ်တွင် ပြောင်းလဲဖွဲ့စည်းထားကြောင်းနှင့် စစ်ရေးလှုပ်ရှားခဲ့မှု အခြေအနေများကို ဓနု PDF မှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်တွင် အသိပေး ထုတ်ပြန်ထား၏။
စစ်အာဏာရှင်ကို တော်လှန်လိုသည့် ဓနုလူငယ်များသည် ၂၀၂၁ ခုနှစ်တွင် ကရင်နီပြည်သို့ ထွက်ခွာခဲ့ကြပြီး ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ တိုက်ပွဲ အတွေ့အကြုံ ရယူကြပြီးနောက် ဓနုဒေသကို ပြန်လာ လှုပ်ရှားခဲ့သည်ဟု ဆိုပါသည်။
အခုအခါ ဓနု PDF အနေဖြင့် အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ရင်း ၁၀၀၃ အဖြစ် တရားဝင် တာဝန်ထမ်းဆောင်နေပြီး ရှမ်းပြည်နယ် တောင်ပိုင်းဒေသ လွတ်မြောက်ရေးမှ တနိုင်ငံလုံး လွတ်မြောက်ရေးအထိ ဦးတည်ကာ စစ်အာဏာရှင်ကို တော်လှန်သွားမည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထား၏။
ဓနု PDF တပ်ရင်းကို ရှမ်းတောင်တွင် အခြေပြုဖွဲ့စည်းခဲ့ပြီး ဓနုဒေသသို့ ပြန်လည် အခြေပြုနိုင်ပြီဟု ယူဆသည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် ၎င်းတို့ သဘောထားနှင့် တိုက်ပွဲသတင်းများကို ထုတ်ပြန်ကြေညာသည်။
ဓနု PDF တပ်ရင်းကို ရှမ်းတောင်တွင် အခြေပြုဖွဲ့စည်းခဲ့ပြီး ဓနုဒေသသို့ ပြန်လည် အခြေပြုနိုင်ပြီဟု ယူဆသည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် ၎င်းတို့ သဘောထားနှင့် တိုက်ပွဲသတင်းများကို ထုတ်ပြန်ကြေညာသည်။
၎င်းတို့ ထုတ်ပြန်သည့် တိုက်ပွဲသတင်းများအရ ဓနု PDF ရင်း ၁၀၀၃ သည် ၂၀၂၂ ခုနှစ်၊ မေလ၊ ဇွန်လများအတွင်း ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် မိုင်းဆွဲတိုက်ခိုက်ခြင်း၊ သူလျှို ဒလန်ရှင်းလင်းခြင်း၊ လမ်းဖြတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့ရ၏။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွာငံနှင့် သာစည်မြို့နယ်ကြား မြက်ခါးအင်း ကျေးရွာအနီးရှိ ဓနု PDF ရင်း ၁၀၀၃ မှ တပ်ခွဲတခု အခြေပြုသည့်စခန်းအား စစ်ကောင်စီတပ်မှ ဝင်ရောက်ရှင်းလင်းရာမှ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နှစ်ဖက် အကျအဆုံးရှိခဲ့သည်ဟု သိရသည်။
ထို့ပြင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာအနီး တိုက်ပွဲများဖြစ်ပွားလာသည်ကို တွေ့ရသည်။ ထိုတိုက်ပွဲသည် DPLF နှင့် ဖြစ်ပွားသည်လော၊ ဓနု PDF နှင့် ဖြစ်ပွားသည်လော သဲသဲကွဲကွဲ မသိရပါ။
ဓနုဒေသတိုက်ပွဲများသည် ကြီးမားခြင်း မရှိသေးသော်လည်း စစ်ကောင်စီတပ်၏ ပြင်းထန်သည့် ဖိနှိပ်မှုအောက်မှ အရှုံးမပေး အညံ့မခံဘဲ ရုန်းထွက်သည့် ဇွဲသတ္တိကို တွေ့ရ၏။ လက်ရှိ ဓနုဒေသတွက် လှုပ်ရှားနေသော DPLF နှင့် ဓနု PDF တို့ကြား ဆက်ဆံရေး အခြေအနေကို မသိရသေးသော်လည်း ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေရှိသည်ဟု သိရ၏။
ဓနုတပ်ဖွဲ့များအတွက် စိန်ခေါ်မှု
ဓနုလက်နက်ကိုင် တပ်ဖွဲ့များအတွက် စိန်ခေါ်မှုမှာ ပျူစောထီးဟုလည်း ခေါ်ကြသည့် စစ်တပ်လက်ဝေခံ ပြည်သူ့စစ်ပြဿနာ ဖြစ်၏။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖြစ်သူ စဝ်အောင်မြတ်သည် မြန်မာစစ်တပ်တွင် ဒုဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ပင်းတယ၊ ပွေးလှ ဓနုစော်ဘွား အဆက်အနွယ်ဖြစ်၏။
မြန်မာစစ်တပ်၏ လက်ရင်းလူယုံဖြစ်ပြီး မြန်မာစစ်တပ် ကျောရိုးပြုသည့် ဓနု ပြည်သူ့စစ်များကို မွေးထုတ်နေသူဖြစ်၏။ ဓနုလူမျိုးထဲမှ မြန်မာစစ်တပ်အတွက် လက်ရင်းလူယုံများ ရှိနေခြင်းသည် ဓနုတော်လှန်ရေး လက်နက်ကိုင်များအတွက် စိန်ခေါ်မှုတခုဖြစ်၏။
သို့သော် အားသာချက်လည်းရှိ၏။ တပြည်လုံးအနှံ့ စစ်မျက်နှာဖွင့်နေရသော စစ်ကောင်စီတပ်သည် ဓနုအင်အားစုများ ဖြတ်လေးဖြတ်ဖြင့် ဝိုင်းပတ်ချေမှုန်းရန်အတွက် ဓနုဒေသသို့ စစ်အင်အား ဖြည့်တင်းနိုင်ခြင်း မရှိပေ။ ဓနုတော်လှန်ရေးတပ်ဖွဲ့များအတွက် လွတ်လပ်စွာ စစ်ကစားပြီး မိမိအင်အားကို ကောင်းစွာ တည်ဆောက်နိုင်သည့် အခွင့်အလမ်းရှိနေ၏။
ဓနုလူမျိုးထဲမှ မြန်မာစစ်တပ်အတွက် လက်ရင်းလူယုံများ ရှိနေခြင်းသည် ဓနုတော်လှန်ရေး လက်နက်ကိုင်များအတွက် စိန်ခေါ်မှုတခုဖြစ်၏။
ဓနုဒေသသည် စစ်တပ်၏ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) နယ်မြေအတွင်းတွင် ရှိ၏။ ရပခ၏ တပ်အများစုသည် ကရင်နီဒေသတွင် ရောက်ရှိနေသကဲ့သို့ တပ်အင်အား ဖြည့်တင်းမှုမှာလည်း ကရင်နီဒေသတွင်ပင် လုံလောက်မှုမရှိရာ ဓနုဒေသသို့ မဖြည့်တင်းနိုင်ပေ။
သို့ဖြစ်ရာ ဓနုဒေသစစ်ဆင်ရေးတွင် တိုင်းတပ်လက်ကျန်အချို့၊ ကလောအခြေစိုက် တပ်မ ၅၅ မှ နောက်ချန်အင်အားများ၊ ဗထူးတပ်မြို့နှင့် သင်တန်းကျောင်းမှ ထုတ်နုတ်အင်အားများသာ အသုံးပြုနေရရာ ဓနုတပ်ဖွဲ့များအား အလုံးအရင်းနှင့် စစ်ဆင်ရေး ဆင်နွှဲနိုင်ခြင်း မရှိပေ။ စစ်တပ်သည် ပြည်သူ့စစ်များ ခေါ်ယူစုဆောင်းနေသကဲ့သို့ ရပခ နယ်မြေရှိ ဝန်ထမ်းများအား အရံတပ်အဖြစ် ဖွဲ့စည်းမည်ဆိုသည့် ရုံးစာတစောင်လည်း တွေ့နေရ၏။
သို့ဖြစ်ရာ ဓနုတော်လှန်ရေး အင်အားစုများ အနေဖြင့် စစ်ရေးအရ ကြီးမားသည့် ဖိအားရှိလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ဓနုတော်လှန်ရေး အင်အားစုများသည် ရွာငံ၊ ပင်းတယ စသည့် ဓနုဒေသသာမက အင်တော-ကျောက်ဂူ၊ နောင်ဝိုး-နောင်လုံ၊ နောင်ချို၊ သာစည်-ကျောက်ဆည်ဒေသများသို့ပါ ဖြန့်ကြက်၍ လှုပ်ရှားစစ်ကစားရန် လို၏။ သို့မှသာ စစ်ကောင်စီတပ်နှင့် စစ်ကစားသည့်ခွင် ကျယ်ပြောပြီး စစ်တပ်အား လှည့်စား တိုက်ခိုက်နိုင်သည်သာမက စစ်တပ်၏ ဝိုင်းပတ်ပိတ်ဆို့ခြင်းကို ရှောင်ရှားနိုင်ပေလိမ့်မည်။
မြန်မာပြည်တွင် လူအင်အား ၂၀၊ ၃၀ ဖြင့် စတင်ခဲ့သည့် လက်နက်ကိုင်အဖွဲ့များ များစွာရှိခဲ့၏။ မလောက်လေး မလောက်စားလေးများဟု အထင်သေး နှာခေါင်းရှုံ့ခဲ့ကြသော်လည်း ပျောက်ကွယ်သွားသော အဖွဲ့များရှိသကဲ့သို့ အင်ကြီးအားကြီး ဖြစ်လာသောအဖွဲ့များလည်း ရှိ၏။
အကြောင်းမှာ မြန်မာပြည်သည် သူပုန်ထရန် ရေခံမြေခံကောင်းလွန်းသည်။ ထို့ပြင် မြန်မာစစ်တပ်သည် အခြားနေရာများတွင် ညံ့ကောင်းညံ့သော်လည်း သူပုန်မွေးထုတ်ရာတွင် အလွန်တော်သည်။ အထူးသဖြင့် မြန်မာစစ်တပ် ခေါင်းဆောင်များအနက် လက်ရှိ စစ်ခေါင်းဆောင်သည် သူပုန်မွေးထုတ်ရာတွင် အတော်ဆုံးဖြစ်၏။ သူ တပ်ချုပ်တာဝန် ယူကတည်းက ဟောတဖွဲ့၊ ဟောတဖွဲ့ဖြင့် မွေးထုတ်နေသည်မှာ အတောမသတ်ဖြစ်၏။
မြန်မာစစ်တပ် ခေါင်းဆောင်များအနက် လက်ရှိ စစ်ခေါင်းဆောင်သည် သူပုန်မွေးထုတ်ရာတွင် အတော်ဆုံးဖြစ်၏။ သူ တပ်ချုပ်တာဝန် ယူကတည်းက ဟောတဖွဲ့၊ ဟောတဖွဲ့ဖြင့် မွေးထုတ်နေသည်မှာ အတောမသတ်ဖြစ်၏။
ဤသည်မှာ ဖက်ဒရယ်ပြဿနာ၊ ကိုယ်ပိုင်းပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြဿနာ၊ တန်းတူရေးပြဿနာတို့ကို စစ်တပ်က နိုင်ငံရေးအရ မဖြေရှင်းနိုင်ဘဲ၊ မဖြေရှင်းလိုဘဲ အင်အားသုံး ဖြေရှင်းနေခြင်းကြောင့် ဖြစ်၏။
ဓနုလက်နက်ကိုင်အဖွဲ့များ၏ ဖြစ်ထွန်းတိုးတက်မှုကမူ သူတို့၏ ရည်မှန်းချက်၊ သူတို့၏ခံယူချက်၊ သူတို့၏စွမ်းဆောင်ရည်၊ သူတို့ ဇွဲသတ္တိတို့နှင့် သက်ဆိုင်၏။ ဓနုလူမျိုးသည် လူဦးရေ ၁ သိန်းခန့်သာရှိရာ လူဦးရေနည်းသည်ဟု ဆိုနိုင်သည်။
မြောက်ပိုင်းရှိ ကိုးကန့်လူမျိုးသည် လူဦးရေ ၁ သိန်းခန့်သာ ရှိသော်လည်း ကိုးကန့်တို့၏ MNDAA သည် မြန်မာစစ်တပ်ကို ကောင်းစွာ ခြိမ်းခြောက်နိုင်၏။ ဓနုဒေသနှင့် ဓနုလက် နက်ကိုင်တပ်ဖွဲ့များ၏ အနာဂတ်ကို အလေးထား စောင့်ကြည့်ရပေဦးမည်။ ဓနုလက်နက်ကိုင် တပ်ဖွဲ့များသာ အားကောင်းလာပါက ဓနုဒေသသည် ရှမ်းမြောက်၊ ကချင်၊ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ရခိုင် စစ်မျက်နှာနှင့် ကရင်နီ၊ ကရင်၊ မွန်၊ တနင်္သာရီ စစ်မျက်နှာ နှစ်ခုအား ဆက်စပ်ပေးသည့် အရေးပါသော ဒေသတခု ဖြစ်လာပေလိမ့်မည်။
(ကိုဦးသည် တိုင်းရင်းသားအရေး လေ့လာသူ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
ရှမ်းပြည်တောင်ပိုင်းမှ Non-CDM များ စစ်တပ် အရန်အင်အားအဖြစ် ဖွဲ့ရန် ညွှန်ကြား
ရှမ်းနှင့် ရခိုင်မှ အချိန်မရွေးပေါက်ကွဲနိုင်သည့် “လက်နက်အသင့်ငြိမ်းချမ်းရေး”
စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် အပိုင်း ၁
စစ်ပွဲ အလှည့်အပြောင်းဖြစ်လာစေရေး PDF များ လက်နက်များ ရရှိလာနေ