ဘယ်လိုဖြေမလဲ
အံ့သြစရာလို့ ပြောရမလား မသိပါ။ ဝေါဟာရ တရပ်ကို သမားရိုးကျ နားလည်နေကျအတိုင်း နားလည်လို့ မရတော့သည့် ပုံစံမျိုးတွေ အလွန် ထွန်းကားလာသည်။
ဥပမာ Global Literacy ဆိုသော စကား လုံးကောက် အဓိပ္ပာယ်၌ ကမ္ဘာလုံးကျွတ် စာတတ်မြောက်ရေးဟု အနက် ထွက်မည်။
ပြီးခဲ့သည့် နှစ်က ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ချုပ် ယူနက်စ်ကို မှ ထုတ်ပြန်သော ဆောင်ပုဒ် Literacy for All အားလုံးအတွက် စာတတ်မြောက်ရေးတို့၊ အားလုံးအတွက် ပညာရေးတို့ ဆိုသော ဆောင်ပုဒ်တို့နှင့် ရှုပ်ထွေးသွားနိုင်သည်။ မတူ။ အလွန် ခြားနား၏။
Global Literacy ကို ဖော်ပြခဲ့ပါ အဓိပ္ပာယ်တို့နှင့် ဆင်တူ သုံးစွဲခြင်း မဟုတ်ဘဲ အဓိပ္ပာယ် အသစ်အဆန်းဖြင့် ရေးသား ပြောဆိုလာခြင်း ဖြစ်သည်။
ကမ္ဘာ့ပညာ ဟု မြန်မာလို ပြန်လျှင် ဝေါဟာရ တီထွင် သုံးစွဲသူ ဆိုလိုသော အာဘော်နှင့် ပို၍ နီးစပ်လိမ့်မည်ဟု ဆင်ခြင် မိသည်။
Global Literacy သည် စာတတ်မြောက်ရေးကို ရည်ရွယ်သည် မဟုတ်ပေ။ ပညာ တတ်မြောက်ရေးကို ရည်ရွယ်ခြင်း ဖြစ်သည်။
မျက်မှောက်ခေတ်၌ ကမ္ဘာ့ လက္ခဏာ ဆောင်ပြီး ဖွံ့ဖြိုးနေသော ပညာရပ် သုံးပါး ပေါ်ထွန်းလာသည်။
ယင်းတို့မှာ (၁) အင်္ဂလိပ်စာ၊ (၂) ကွန်ပျူတာ၊ (၃) အင်တာနက် တို့ ဟူ၍ ဖြစ်သည်ဟု ပညာရှင်တို့က ထောက်ပြ လာကြသည်။
ဤပညာရပ် သုံးပါးကို တတ်ကျွမ်း နားလည်မှ၊ ပိုင်နိုင်မှ မိမိဘဝ၏ အသက် ရှင်သန်ရေး အတွက် မည်မည်ရရ ရုန်းကန် လှုပ်ရှားနိုင်မည့် အခြေအနေ ဖြစ်လာသည်။
ဤပညာရပ် သုံးပါးတွင် အတော်အတန် တီးခေါက်မိမှ စာတတ်သည်။ ထိုမှ ဘဝ ရပ်တည်နိုင်မည်။ လူရာဝင်မည်ဟု ဆိုလာကြကုန်သည်။
ထို့ကြောင့် သင့်အား စာတတ်သလားလို့ မေးရင် အဓိပ္ပာယ်သစ်ဖြင့် ဖြေရတော့မည်။
ဆော့ဖ်ဝဲ
မက်ဆေ့ချ် Message ဟု ခေါ်ဆိုအပ်သော အမှာစကားကို သယ်ယူပေးရာ၊ ပုံဆောင်ပေးရာ ကြားခံ ကိရိယာတို့ကို မီဒီယမ် Medium ဟု နားလည်နေကြသည်။ မမှားပါ။
မောင်း၊ ဟစ်တိုင်၊ ဗဟိုရ်စည်၊ စာ၊ ပေစာ၊ ကျောက်စာ၊ ပုံနှိပ်၊ အသံလွှင့်၊ ရုပ်သံလွှင့်၊ ရုပ်မြင်သံကြား၊ ဗီဒီယို၊ တယ်လီဖုန်း၊ ဖက်စ်၊ အီးမေးလ်၊ ကြေးနန်း၊ ဂြိုဟ်တု၊ ကွန်ပျူတာ၊ ယခု နောက်ဆုံး အင်တာနက် တို့သည် အမှာစကားကို သယ်ပေးရာ၊ ပုံဖော်ပေးရာ ယာဉ်များ၊ ကိရိယာများ ဖြစ်ကြကုန်သည်။
အဆင့်ဆင့် ဆန်းဆန်းပြားပြား တော်လှန် ပြောင်းလဲလာသော မီဒီယမ်များ ပေတည်း။
ပစ္စုပ္ပန် နှင့် အနာဂတ် တို့တွင် သော့ချက် အကျဆုံး မီဒီယမ်သည် ကွန်ပျူတာ အပျော့ထည် ဆော့ဖ်ဝဲ Software ဖြစ်လာပြီ။
ထို့ကြောင့် ကွန်ပျူတာ ဆော့ဖ်ဝဲ ထုတ်လုပ်သည့် မိုက်ခရိုဆော့ဖ် Microsoft ကဲ့သို့ ကော်ပိုရေးရှင်းကြီးတို့သည် အလွန် တန်ခိုး ကြီးလာသည်။
ပြိုင်တူ တန်ခိုးကြီးလာသည့် ကော်ပိုရေးရှင်းကြီး တို့မှာ မက်ဆေ့ချ်ကို ဖန်တီးကြသည့် ကော်ပိုရေးရှင်းကြီးများ ပေတည်း။
ဥပမာ တိုင်းဝါးနား ကော်ပိုရေးရှင်း နှင့် ပေါင်းစည်း ဖွဲ့စည်းလိုက်သော AOL (American on Line) ကော်ပိုရေးရှင်းကြီးတို့ ဖြစ်ကြသည်။
ရုပ်ရှင်၊ တေးဂီတ၊ စာနယ်ဇင်း စာအုပ်တို့ကို အင်တာနက်မှ ဖြန့်ချိပေးကြသည်။ ဤအရာတို့ကို မက်ဆေ့ချ် လို့လည်း ခေါ်၏။ အနှစ်သာရ Content လို့လည်း ခေါ်ကြသည်။
ယခုအခါ မီဒီယမ် (ဆော့ဖ်ဝဲ) ပိုင်း၌လည်း အကြီးအကျယ် တော်လှန် ပြောင်းလဲမှုများ ဖြစ်ထွန်းနေသည့် နည်းတူ မက်ဆေ့ချ် (အနှစ်သာရ) ပိုင်း၌လည်း တော်လှန် ပြောင်းလဲမှုကြီး ဖြစ်ပေါ်လျက် ရှိသည်။
Content Revolution ဆိုသော စကားရပ်ပင် ပေါ်နေသည်။
ဆော့ဖ်ဝဲ ဘုရင် ဘီးလ်ဂိတ် နှင့် မက်ဆေ့ချ် ဘုရင် စတီးဗ်ကေ့စ် တို့သည် ဆွစ်ဇာလန် ဒီဗိုစ် စီးပွားရေး ဖိုရမ်၌ မကြာသေးခင်က စကားစစ် ထိုးခဲ့ကြသည်။
ရှေ့၌ မီဒီယမ်က ပို၍ အရေးကြီးသလား၊ သို့တည်း မဟုတ် မက်ဆေ့ချ် (အနှစ်သာရ) က ပို၍ အရေးကြီးသလား ဆိုပြီး ငြင်းခုံခဲ့ကြသည်။ အကြောင်းအရာသည် လက်ငင်း ပြဿနာ ဖြစ်လာပုံရသည်။
မက်လူဟန် က Medium is Message မီဒီယမ်သည် မက်ဆေ့ချ် ဖြစ်သည်ဟု သုံးနှုန်းခဲ့ဖူးလေရာ သူ့အမြင်အရ ဤ နှစ်ခုသည် တန်းတူ ရည်တူ အရေးပါပုံ ရခဲ့သည်။
သို့သော် ယခု ဂိတ် နှင့် ကေ့စ် တို့ အခြေအတင် စကားစစ် ထိုးပွဲက ဘယ်ဒင်းက ပိုလို့ အရေးကြီးသလဲ ဆိုသော ပြဿနာကို မီးမောင်း ထိုးလိုက်လေပြီ။
အမြင်ယဉ်ကျေးမှု
ဘယ်လိုပဲ ဖြစ်ဖြစ် ခေတ်သစ် ကြော်ငြာ ပုံစံတို့က မီဒီယမ်ကိုကော မက်ဆေ့ချ် ကိုပါ ခွစီးထားသည်။
မီဒီယမ်နှင့် မက်ဆေ့ချ်တို့ တော်လှန်ပြောင်းလဲ၍ ခေတ်မီ ဆန်းကြယ်လာသည်နှင့် အမျှ ကြော်ငြာတို့ကလည်း အလွန် ဝေဆာလာသည်။ သွက်လက် စိုပြည်လာသည်။ အမြင်အသွင် အရောင် ဆင်ဆန်းတို့ဖြင့် ဒီဇိုင်းစုံ ဖန်တီးကြသည်။
ဤနေရာ၌ ပညာရှင် တဦးက ဈေးဝယ်ထွက်ခြင်း Shopping ထွက်သည် ဆိုသည်မှာ အမြင်ယဉ်ကျေးမှု Visual Culture ကို ခံစားခြင်း ဖြစ်သည်ဟု သုံးသပ်ပြသည်။
ဈေးကြီးထဲ ဆိုင်ပေါင်းစုံမှ အပြင်အဆင် အထားအသိုတွေ၊ စူပါစတိုး၊ ကုန်တိုက်ကြီးတို့မှ အပြင်အဆင် အထားအသို တို့သည် လိုချင်စဖွယ် ရှိအောင် ဖန်ဆင်းကြခြင်း ဖြစ်စေကာမူ တကယ့်သဘော၌ ဝယ်ယူသူတွေ ခံစားနိုင်အောင် ဖန်တီး ပြခြင်း ဖြစ်ပါသည်ဟု ကောက်နုတ်ပြသည်။
ဈေးဝယ်ထွက်ခြင်း နှင့် ရုပ်ရှင် ကြည့်ခြင်းတို့ အရသာ ဆင်တူသည်။
ဥပဓိ အမှတ်အသား
စူပါ မားကက်၊ ကုန်တိုက်ကြီး၊ ဈေးတိုက်ကြီး တို့၌ ဈေးဝယ်ခြင်းသည် အဆင့်မြင့် စားသုံးမှု High Consumption ကို သရုပ်ဖော်ရာ ရောက်သည့် နည်းတူ ဈေးဝယ် ထွက်သူ၏ ဥပဓိ အမှတ်သရုပ် Identity ကို ပြောင်လက်အောင် ပွတ်တိုက် ပေးရာလည်း ရောက်သည်။
အဆင့်မြင့် နာမည်ကြီး ကုန်တိုက်ကြီး၌ ဝယ်လျှင် သို့မဟုတ် ခေတ်မီ ဖက်ရှင် ဝယ်လျှင် မိမိသည် ပို၍ အဆင့်အတန်း မြင့်သည်။ ယုတ်စွ အဆုံး မိမိကို သူများတွေက ပို၍ အာရုံ စိုက်သည် စသဖြင့် စိတ်ထဲတွင် မှတ်သည်။
ယင်းသည် ဥပဓိ အမှတ်သရုပ်ကို တည်ဆောက် ပွတ်တိုက်သည့် သဘောပင် ဖြစ်သည်။
ယခု အဆင့်မြင့် ဈေးဆိုင်ကြီးဆီ မသွားဘဲ အင်တာနက် အွန်လိုင်းဖြင့် ဈေးဝယ် Shopping ပြုလုပ်နိုင်သည်ဟု ထွင်လာသော အခါ အချို့က မကြိုက်ကြပေ။
အဘယ်ကြောင့် ဆိုသော် အင်တာနက် ရှော့ပင်၌ အမြင်ယဉ်ကျေးမှု မခံစားရ။ မိမိ ဥပဓိ အမှတ်သရုပ်ကို ပွတ်တိုက် ပြသဖို့ရာ အခွင့်အလမ်း မရှိဟု ထင်မှတ်ကြသောကြောင့် ဖြစ်သည်။ အိမ်ကပဲ ကွန်ပျူတာ ခလုပ်နှိပ်၍ ဆောင်ရွက်ရသည်။
အထက် ဖော်ပြပါ မီဒီယမ် နှင့် မက်ဆေ့ချ်သမား တို့ကလည်း “လျင်” ကြပါသည်။
အင်တာနက် အွန်လိုင်း၌ ဈေးဝယ်ခြင်းကို တကယ့်ဈေး၊ တကယ့် ကုန်တိုက်ကြီး၌ တကယ် ဝယ်နေသည့် ပမာ ထင်ရအောင် အရုပ်နှင့် အမြင်တို့ကို ဖန်တီးပေးလာကြသည်။
Virtual Shopping ဟု ခေါ်သည်။
ကာရာအိုကေတို့ မန်ယူတို့
မီဒီယမ် နှင့် မက်ဆေ့ချ်တို့ တော်လှန် ပြောင်းလဲလာသမှု တို့ကြောင့် မိမိ၏ တဦးကောင်း ဝါဒ Individualism ကို ဖော်ထုတ်ရန် အခွင့်အရေးတို့လည်း ရရှိလာကြသည်။
ဥပမာ ကာရာအိုကေ သီချင်းတွေ၊ စီဒီ သီချင်းတွေ အလျှို အလျှို ပေါ်လာသောကြောင့် တကိုယ်တော် ဖိုးဆိုချင် တို့ တကိုယ်တော် သီဆိုနိုင်ခွင့်တွေ ရရှိလာကြသည်။
ဤ အချက်ကို အကျယ်ချဲ့ပြီး စဉ်းစားကြည့်၍ စီးပွားရေးပိုင်း၌သာ ကမ္ဘာလုံးကျွတ် ဖြန့်ကျက်မှု Globalization ဖြစ်ထွန်းသည် မဟုတ်။ ယဉ်ကျေးမှု အပိုင်း၌လည်း ဤအတိုင်း အလားတူ ဖြစ်ထွန်းနေပြီလားဟု တွက်ဆကြည့်ကြ ပြန်သည်။
ယဉ်ကျေးမှုပိုင်း၌ ကမ္ဘာလုံး ဖြန့်ကျက်မှု Cultural Globalization သည် ယဉ်ကျေးမှု တမျိုးက အခြားတမျိုးကို ဝါးမျိုပစ်ခြင်း၊ မောင်းထုတ်ပစ်၊ ပထုတ်ပစ်ခြင်း စသည်ဖြင့် အဆိုးဘက်က မြင်တတ်ကြသည်။
များစွာသော ပညာရှင်တို့ကမူ ဤသို့ မမြင်ပေ။ ယဉ်ကျေးမှုပိုင်း၌ ကမ္ဘာလုံး ဖြန့်ကျက်မှု ဖြစ်ထွန်းမှုကြောင့် ရသသစ်၊ အလှသစ်တို့ကို မျှဝေ ခံစားလာကြည့်သည့် Shared Aesthetic သဘောက ပိုလို့ များပါလိမ့်မည်ဟု မျှော်လင့်ကြသည်။
ဆန်းကြယ်လာသော မီဒီယမ် (ဆော့ဖ်ဝဲ) နှင့် ဆန်းကြယ်လာသော မက်ဆေ့ချ် (အနှစ်သာရ) တို့ကြောင့် ယဉ်ကျေးမှု ပိုင်း၌လည်း ကမ္ဘာ့ လက္ခဏာတွေ မြန်မြန် ဆန်ဆန် နှင့် ကျယ်ကျယ် ပြန့်ပြန့် ထွန်းကား လာပါလိမ့်မည်။
ဤ ဖြစ်စဉ်ကို တားလို့ ရနိုင်မည့်ပုံ မရှိပေ။ ဥပမာ ဂြိုဟ်တု ရုပ်မြင်သံကြား တို့ကြောင့် ထိပ်တန်း ကမ္ဘာ့ ဘောလုံးပွဲမှ “မန်ယူ တို့၊ ဂျူဗင်တပ်တို့၊ အေစီမီလန်တို့၊ ရိုမာရီယိုတို့၊ အိုဝင်တို့” ဆိုသည့် စကားတို့ကို မြန်မာ ဘောလုံး ဝါသနာအိုးတွေ ကြားထဲ၌ မြိန်ရေ ယှက်ရေ ပြော၍ ရင်ခုန် ခံစားမှုတို့ကို မျှဝေ ခံစားနေကြပြီကို ထောင်ချင့်နိုင်သည်။
ယင်းကဲ့သို့ မျှဝေခံစားနိုင်သည်မှာ ခေတ်မီ ဆန်းကြယ်လာသော မီဒီယမ် နှင့် မက်ဆေ့ချ် တို့ကြောင့် ဖြစ်သည်။
ထို့ကြောင့် ဘယ်အရာက ပိုလို့ အရေးကြီးသလဲ ဆိုသော ပြဿနာသည် သိမ်မွေ့ လွန်းနေသည်။ ။
အညွှန်း
Asian Studies Review IHT
(စာရေးဆရာကြီး မောင်စူးစမ်း ရေးသားခဲ့သည့် ဤဆောင်းပါးကို Milestones Publishing House က ၂၀၀၄ ခုနှစ် စက်တင်ဘာလတွင် ထုတ်ဝေသော “ယနေ့ အသစ်၊ မနက်ဖြန် အဟောင်း၊ သန်ဘက်ခါ ခေတ်ကုန် ဒီတော့…ရွှေဟဲလို နှင့် လူမှု စီးပွား အတွေးများ” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၈ ရက် အသက် ၉၁ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)