“အချစ်ဆိုတာ တသက်မှာ တခါသာ ပေါ်ပေါက်လာတတ်တာမျိုး ဖြစ်တယ်။ တခါ ချစ်ပြီးရင် နောက်ထပ် အသစ် ထပ်ချစ်နိုင်ဖို့ မဖြစ်နိုင်တော့ဘူး”
“ငယ်ချစ်ဦးနဲ့ လွဲခဲ့ရကတည်းက ဘဝမှာ အချစ်ဆိုတာ မရှိတော့ဘူး။ အကြောင်းကြောင်းကြောင့် အိမ်ထောင် ပြုခဲ့ရပေမယ့် အိမ်ထောင်ဖက်ကို ချစ်လို့ မရဘူး။ ကိုယ့်ချစ်သူကိုသာ တမ်းတ နေခဲ့ရတယ်” ဆိုတဲ့ စကားမျိုးတွေကို ဝတ္ထုတွေ၊ ကဗျာတွေမှာ တွေ့ရလေ့ ရှိပါတယ်။ စကားနောက် တရားပါ ဆိုသလို အဲဒီ စကားမျိုးတွေကို အဟုတ်ထင်၊ အမှန်ထင်ပြီး ဘဝ ပျက်သွားရတာတွေ အများကြီး ရှိပါတယ်။
ဒီစကားတွေဟာ အဟုတ်အမှန် မဟုတ်ဘူးလား။
အချစ်ဆိုတဲ့ စိတ်ဟာ ပြောင်းလဲယူလို့ ရသလား။
အချစ်ဆိုတဲ့ စိတ်ဟာ ပြောင်းလဲတတ်သလား။
လေးလေးနက်နက် စဉ်းစား တွေးတောကြည့်ရင် ဒီစကားတွေဟာ ကိုယ့်ကိုယ်ကိုယ် လှည့်စားတတ်တဲ့ လူ့သဘာဝ အရ ပေါ်ထွက်လာတဲ့ စကားတွေသာ ဖြစ်တယ်။
အဟုတ်အမှန် မဟုတ်ဘူး ဆိုတာကို သိနိုင်ပါတယ်။
ဆရာကြီး ပီမိုးနင်း ရေးခဲ့တဲ့ “အချစ် ဖြတ်လမ်း” ဆိုတဲ့ စာအုပ်ထဲမှာလည်း ဆရာကြီးက –
“ငယ်ကချစ် အနှစ်တရာ ဟူသော စကားသည် အခါတိုင်း မမှန်ချေ။ အကြောင်းမူကား အကောင်းအဆိုး အကျိုးအပြစ်ကို မသိသေး။ ငယ်ချစ်စိတ်သည် ကြီးသည့်တိုင်အောင် မြဲရိုး ထုံးစံ မရှိချေ။ ရည်းစား တထောင် လင်ကောင် တယောက် ဟူသော စကား၌ ငယ်ချစ်တို့၏ မမြဲကြောင်း ပါရှိပြီး ဖြစ်လေသည်” လို့ ရေးခဲ့ပါတယ်။
ဒါ့အပြင် ဆရာကြီးက –
“ရှေးဦး ပထမ ရိုးရိုး အချစ်မှ ကိလေသာ အချစ် အဖြစ်သို့ ရောက်တတ်လေသည်။ သဒါမှ တဏှာ ထွက်ပေါ်ပုံ အကြောင်းကို မည်သူမဆို သိလေရာ အထူး ဖော်ပြရန် မလိုတော့ပေ။ သဒါ နှင့် တဏှာသည် ၅၂၈ နှင့် ၁၅၀၀ ကဲ့သို့ တဦးနှင့် တဦး အကြောင်း ပြု၏။ သဒါကြောင့် တဏှာ ဖြစ်၏။ တဏှာကြောင့်လည်း သဒါ ဖြစ်နိုင်ပြန်လေသည်။
ထို့အတူ ၅၂၈ သည် အဖို နှင့် အမ နီးစပ်အပ်ပြီးသော အခါ ၁၅၀၀ သို့ ရောက်သည့် နည်းအတိုင်း ၁၅၀၀ နှင့် ရင်းနှီး၍ အတော်ကြာလျှင် ၅၂၈ သို့ ပြန်၍ ရောက်နိုင်လေသည်။
၅၂၈ နှင့် ၁၅၀၀ သိသိသာသာ ခြားနားပုံမှာ ၅၂၈ သည် ငြီးငွေ့ခြင်း မရှိ၊ ၁၅၀၀ မှာ ငြီးငွေ့ခြင်းကြောင့် အပြောင်းအလဲကို လိုလားတတ်ခြင်း ဖြစ်လေသည်။ သို့သော်လည်း ၅၂၈ သည် အဟောင်းတလည်လည် ဟူသော စိတ်ကို ဖြစ်စေနိုင်လေ သည်။ အကြင်လင်မယား ဖြစ်၍ နေရာ၌ ၅၂၈ ကြောင့် ရက်စက်စွာ စွန့်နိုင်ခဲ့သော်လည်း ၁၅၀၀ ကိစ္စကိုမူ ခေတ္တစွန့်ကာ အခြားသို့ ရောက်စေနိုင်လေသည်။ ၅၂၈ မှာ ထိုကဲ့သို့ စွန့်ခြင်း မရှိပေ။ အတိုးအပွားသာ ရှိနိုင်လေသည်။
၁၅၀၀ သည် စွန့်လည်း စွန့်နိုင်၏။ ပြောင်းလည်း ပြောင်းလဲနိုင်၏။ တိုးလည်း တိုးနိုင်လေသည်။ အတိုး ဆိုသည်မှာ တယောက် အပြင် နှစ်ယောက်၊ သုံးယောက် တိုးခြင်းကို ဆိုလို၏။
ကိလေသာ အချစ်သည် စင်စစ်အားဖြင့် အချစ်မဟုတ်၊ ကောင်းသည်ဟု ထင်မှတ်ရသော အရာတခုခုကို တပ်မက်သော စိတ်မျိုးပင် ဖြစ်လေသည်။
အများအားဖြင့် ချစ်သူ ရည်းစားတို့မှာ စိတ်မချရဆုံး ဖြစ်လေသည်။ အကောင်းကို မစားဘူးသော ပါးစပ်သည် ကြက်သား ကိုသာ ဟင်းကောင်း ထင်တတ်သလို ငယ်ရွယ်သူတို့သည် အချစ်လမ်း၌ အတွေ့အကြုံ နည်းကြလေရာ ပထမဦး တွေ့သူကို အထူးဆုံး မှတ်ထင်တတ်ကြလေသည်။ ထိုပထမဦး တွေ့သော သူတို့မှာ ကလေးချစ်၊ လှည့်စားသော အချစ်မျှ ဖြစ်တတ်လေသည်။ ရုပ်ပုံကားကောင်းကို မမြင်ဘူးသူသည် သင့်ရုံမျှကားကို အလွန်အကြူး မှတ်ထင်တတ်လေရာ နောင် တဖြည်းဖြည်း အတွေ့အကြုံ များလာသည့် အခါ ပြောင်းလဲ တတ်ကြလေသည်။”
စသဖြင့် ရေးသားပြီး လူငယ်တွေကို သတိပေးခဲ့ပါသေးတယ်။
တကယ်ပြောရရင် တယောက်ကို ချစ်မိလို့ နောက်တယောက်ကို ထပ်ချစ်လို့ မရနိုင်တော့ဘူး ဆိုတာ မှားပါတယ်။ အချစ်ဆိုတာ ပြောင်းလဲတတ်ပါတယ်။ ပြောင်းလဲ ယူလို့ ရပါတယ်။ အမြဲတမ်းလည်း ပြောင်းလဲနေပါတယ်။
လူတယောက်က အမေကို ချစ်လို့ အဖေကို ချစ်မရတော့ဘူး ဆိုတာ မရှိပါဘူး။
ညီအစ်ကို မောင်နှမတွေ တကျိပ်လောက် ရှိရာမှာ တယောက်ကိုသာ ချစ်ပြီး ကျန်တဲ့လူတွေကို မချစ်တော့ဘူး ဆိုတာ မရှိပါဘူး။
၅၂၈ နဲ့ ၁၅၀၀ မတူဘူးလေလို့ ပြောနိုင်ပါတယ်။
သေသေချာချာ ဆန်းစစ်ကြည့်ပါ။ ၅၂၈ ဖြစ်ဖြစ်၊ ၁၅၀၀ ဖြစ်ဖြစ် သမုဒယ စိတ်နဲ့ တွယ်တာစိတ် အပေါ်မှာ အခြေခံပြီး ပေါ်ပေါက်လာတာချည်းပါ။ ၁၅၀၀ အချစ်စိတ် ဟာလည်း ကိလေသာပါ။ ၅၂၈ အချစ်စိတ် ဟာလည်း ကိလေသာပါ။
ဒီကိလေသာတွေဟာ နိဝရဏ တရားအားလုံးရဲ့ ရေသောက်မြစ် ဖြစ်ပါတယ်။ အဲဒါကြောင့် ဗုဒ္ဓက ကိလေသာ အားလုံးကို ချုပ်ငြိမ်းအောင် လုပ်ဖို့ ဟောကြားခဲ့တာပါ။
အချစ်စိတ် ဆိုတာ အတူတူ ချည်းပါ။
အဖေကိုရော အမေကိုရော ချစ်လို့ ရသလို၊ ညီအစ်ကို မောင်နှမတွေ အားလုံးကို ချစ်လို့ ရသလို ချစ်သူ ရည်းစားတွေကိုလည်း ညီမျှစွာ ချစ်လို့ ရပါတယ်။
အချစ်ဆိုတာ ဖရောင်းတိုင်နဲ့ တူပါတယ်။ မူလ ဖရောင်းတိုင်ကနေ နောက်ထပ် ဖရောင်းတိုင်တွေ ဘယ်နှစ်တိုင်ပဲ ကူးယူ ကူးယူ၊ မူလ ဖရောင်းတိုင်ရဲ့ အလင်းအား လျော့ကျသွားတယ်လို့ မရှိပါဘူး။
အချစ်စိတ် ဆိုတာလည်း တဦးတယောက်ကို ပုံပေးလိုက်လို့ ငြိမ်းသွားတယ်၊ ကုန်သွားတယ်၊ အင်အား လျော့ကျ သွားတယ်လို့ မရှိပါဘူး။
အချစ်ဆိုတာဟာ အကြိုက်ချင်း၊ စရိုက်ချင်း၊ ဝါသနာချင်း အပြင် ခံယူချက်ချင်း တူရာကနေ ဖြစ်တည်လာခဲ့ရတယ် ဆိုတဲ့ အချက်ကို အထက်မှာ ပြောခဲ့ပါတယ်။
လောကမှာ ကိုယ်နဲ့ ဘဝချင်း တူတဲ့၊ ကြိုက်ချင်း တူတဲ့၊ စရိုက်ချင်း တူတဲ့၊ ဝါသနာချင်း တူတဲ့ အပြင် ခံယူချက်ချင်း တူတဲ့ လူတွေ အနမတဂ္ဂ ပေါများလှပါတယ်။
အဲဒီ ပေါများလှတဲ့ သူတွေထဲက ကိုယ်နဲ့ ကြုံကြိုက် နီးစပ်တဲ့ သူတွေကို တယောက်မက နှစ်ယောက်မက ချစ်တဲ့စိတ် ဖြစ်ပေါ်လာနိုင်ပါတယ်။
ချစ်တဲ့စိတ် ပေါ်လာသမျှ အားလုံးကို လိုက်ချစ်မနေတာကတော့ သစ္စာတရားကို စောင့်ထိန်းခြင်း၊ သီလကို စောင့်ထိန်းခြင်း ဆိုတဲ့ မြင့်မြတ်တဲ့ “လူရဲ့ ကျင့်ဝတ် သီလ” ကြောင့် ဖြစ်ပါတယ်။ “ကျင့်ဝတ် သီလ” ကြောင့် စောင့်ထိန်းခြင်းသာ ဖြစ်ပါတယ်။ ချစ်တဲ့စိတ် ဖြစ်ပေါ်မလာခြင်း မဟုတ်ပါဘူး။
အချစ်ဆိုတာ ပြောင်းလဲတတ်ပါတယ်။ ပွားစီးတတ်ပါတယ်။ ချစ်သူ တယောက်နဲ့ လွဲသွားခဲ့ရင် နောက်ထပ် ချစ်သူ တယောက် ပေါ်ပေါက်လာဦးမှာသာ ဖြစ်ပါတယ်။
နောက်ပေါ်လာတဲ့ ချစ်စိတ်က ရှေ့ဦးဆုံး ပေါ်လာတဲ့ ချစ်စိတ်လောက် အားမကောင်းတော့ဘူးလို့ မရှိပါဘူး။
“ငယ်ကချစ် အနှစ် တရာ မမေ့သာ” ဆိုတဲ့ စကားအတိုင်း ငယ်ကကျွမ်းရတဲ့ အချစ်ဦးကို ဘယ်တော့မှ မမေ့တတ်ကြပါဘူး လို့ ပြောတတ်ကြပါတယ်။
လူတိုင်း လူတိုင်းဟာ ကိုယ်ငယ်ငယ်က ဝက်သက် ပေါက်ဖူးတာ၊ ခွေးကိုက် ခံရဖူးတာတွေကိုလည်း မမေ့တတ်ကြဘူး မဟုတ်လား။
ဒီသဘောကို အလေးအနက် မစောကြောကြတဲ့ အခါကျတော့ ဝတ္ထုတွေ၊ ကဗျာတွေမှာပါတဲ့ –
“အချစ်ဆိုတာ တသက်မှာ တခါသာ ပေါ်ပေါက်လာတာ” တို့၊
“ငယ်ချစ်ဦးနဲ့ လွဲခဲ့ရကတည်းက ဘဝမှာ အချစ်ဆိုတာ မရှိတော့ဘူး” တို့၊
“မင်းနဲ့ လွဲခဲ့ရကတည်းက ငါ့ဘဝမှာ အချစ်ဆိုတာ သေဆုံးသွားပြီ” တို့
ဆိုတာတွေကို အဟုတ်ကြီး ထင်နေတတ်ကြပါတယ်။
အဲဒီ အဟုတ်ကြီးလို့ ထင်နေတဲ့ အကျိုးဆက်ကြောင့် လူငယ်တွေ အများကြီးဟာ ဘဝပျက်တဲ့ အထိ ရေစုန် မျောခဲ့ကြရပါတယ်။
အချစ်တွေ ပြောင်းလဲသွားတာ၊ အချစ်တွေ ပွားစီးသွားတာဟာ ပြစ်မှု ဒုစရိုက်ကြီး တခု မဟုတ်ပါဘူး။ သဘာဝပါ။
အရေးကြီးတာက အချိန်တချိန်မှာ ကြုံကြိုက်ရတဲ့ ချစ်သူ တယောက် အပေါ်ကို ရိုးရိုးသားသား ချစ်ဖို့၊ သစ္စာတရားကို စောင့်ထိန်းဖို့၊ လူ့ကျင့်ဝတ် သီလ မြဲမြံဖို့သာ ဖြစ်ပါတယ်။
အကြောင်းကြောင်းကြောင့် ချစ်သူ တယောက်နဲ့ ကွေကွင်းသွားရပြီး နောက်ထပ် ချစ်သူ တယောက် တွေ့တဲ့အခါ (တွေ့လည်း တွေ့မှာပါ) အဲဒီ ချစ်သူကိုလည်း ရိုးရိုးသားသား ချစ်ဖို့၊ သစ္စာတရားကို စောင့်ထိန်းဖို့၊ လူ့ကျင့်ဝတ် သိက္ခာ မြဲမြံ ဖို့သာ ဖြစ်ပါတယ်။
“ရည်းစား တထောင် လင်ကောင် တယောက်” ဖြစ်ရတာဟာ ပြစ်မှု ဒုစရိုက်ကြီး တခုအဖြစ် တရားသေ ယူဆလို့ မရပါဘူး။
“ရည်းစား ငါးယောက် လင် ငါးယောက်” ဖြစ်ရတာလည်း ရှက်စရာလို့ တရားသေ ယူဆလို့ မရပါဘူး။
ဘယ်အကြောင်းကြောင့် ဖြစ်ရတာလဲ ဆိုတာကို ကြည့်ပြီးမှ ဆုံးဖြတ်ရမှာပါ။ တပင်လဲလို့ တပင်ထူတဲ့ ကိစ္စဆိုရင် အပြစ်လို့ မယူဆနိုင်ပါဘူး။
စောင့်ထိန်းအပ်တဲ့ သစ္စာတရားကို မစောင့်ထိန်းဘဲ လူ့ကျင့်ဝတ် သီလကို ဖောက်ဖျက်တဲ့ “လော်မာ” တဲ့ ကိစ္စမျိုး ဆိုရင်တော့ ရှုတ်ချရမှာပေါ့။
အချစ်ဆိုတဲ့ သဘောကို သရော်ထားတဲ့ ကဗျာလေး တပုဒ်ကို ဒီနေရာမှာ ထုတ်ပြချင်ပါတယ်။ လူငယ်တွေ စောကြော ဆန်းစစ်ကြည့်နိုင်အောင်ပါ။
The man is like the train
At 20 years he is like the local,
It stops at every station.
At 30 years he is like the special,
It stops only at the large towns.
At 40 years he is like the express,
It stops at the big cities only.
At 50 years he is like old locomotive,
It stops often to water.
At 60 years he doesn’t leave anymore,
It remains in the yard.
ယောက်ျားဟာ မီးရထားနဲ့ တူတယ်
၂၀ အရွယ်မှာ သူလော်ကယ် ရထားနဲ့ တူတယ်။
ဘူတာစဉ်တိုင်းမှာ ရပ်နားတယ်။
၃၀ အရွယ်မှာ သူဟာ အထူး ရထားနဲ့ တူတယ်။
မြို့ကြီးတွေမှာသာ ရပ်နားတယ်။
၄၀ အရွယ်မှာ သူဟာ အမြန်ရထားနဲ့ တူတယ်။
မြို့တော်ကြီးတွေမှာသာ ရပ်နားတယ်။
၅၀ အရွယ်မှာ သူဟာ စက်ခေါင်း အိုကြီးနဲ့ တူတယ်။
ခဏခဏ ရပ်ပြီး ရေထည့်ရတယ်။
၆၀ အရွယ်မှာတော့ သူဘယ်မှ မထွက်တော့ဘူး။
မီးရထား ဝင်းထဲမှာသာ နေတော့တယ်။ ။
The woman is like the world
At 20 years she is like Africa,
Semi explored.
At 30 years she is like India,
Warm, mature and mysterious.
At 40 years she is like America,
Technically perfect.
At 50 years she is like Europe,
All in ruin.
At 60 years she is like Siberia,
Everyone knows where it is, but no one want to go.
မိန်းမဟာ ကမ္ဘာကြီးနဲ့ တူတယ်
၂၀ အရွယ်မှာ သူမဟာ အာဖရိကတိုက်နဲ့ တူတယ်။
တပိုင်းတစသာ စူးစမ်း ရှာဖွေရသေးတယ်။
၃၀ အရွယ်မှာ သူမဟာ အိန္ဒိယနဲ့ တူတယ်။
ပူနွေးတယ်၊ ရင့်ကျက်တယ်၊ အသိရခက်တယ်။
၄၀ အရွယ်မှာ သူမဟာ အမေရိကနဲ့ တူတယ်။
အတတ်ပညာ ပြည့်ဝတယ်။
၅၀ အရွယ်မှာ သူမဟာ ဥရောပတိုက်နဲ့ တူတယ်။
အားလုံး ပျက်စီး ယိုယွင်းနေတယ်။
၆၀ အရွယ်မှာ သူမဟာ ဆိုက်ဘေးရီးယားနဲ့ တူတယ်။
ဘယ်နေရာမှာ ရှိမှန်း လူတိုင်း သိကြတယ်။
ဒါပေမယ့် ဘယ်သူမှတော့ မသွားချင်ကြဘူး။ ။
“အချစ်ဆိုတာ တသက်မှာ တခါသာ ပေါ်ပေါက်လာတာ” တို့၊
“ငယ်ချစ်ဦးနဲ့ လွဲခဲ့ရကတည်းက ဘဝမှာ အချစ်ဆိုတာ မရှိတော့ဘူး” တို့၊
“မင်းနဲ့ လွဲခဲ့ရကတည်းက ငါ့ဘဝမှာ အချစ်ဆိုတာ သေဆုံးသွားပြီ” တို့
“ငယ်ကချစ် အနှစ် တရာ မမေ့သာ” တို့
စတဲ့ စတဲ့ ဝတ္ထုတွေ၊ ကဗျာတွေ ထဲက စကားလုံးတွေကို အဟုတ်ကြီး အမှန်ကြီး ထင်မှတ်ပြီး ကိုယ့်ဒုက္ခ ကိုယ်ရှာ၊ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ပြီး ကိုယ့်ဘဝကိုယ် ဖျက်နေကြတဲ့ “အစွဲမှားကြီး” နဲ့ လူငယ်တွေ “အမှားစွဲကြီး” ကျွတ်စေဖို့ “လူငယ်နဲ့ အချစ်” ပြဿနာကို ဆွေးနွေး တင်ပြလိုက်ရပါတယ်။ ။
(သတင်းစာဆရာကြီး လူထုစိန်ဝင်း ရေးသားခဲ့သည့် ဤဆောင်းပါးကို ဒေါင်း စာပေက ၂၀၀၀ ပြည့်နှစ် ဇန်နဝါရီလတွင် ထုတ်ဝေသော “အတွေးအမြင် အမှတ်တရ” စာစောင်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး လူထုစိန်ဝင်း သည် ၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ရက် အသက် ၇၁ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)