နိုင်ငံရေးအာဏာသည် သေနတ်ပြောင်းဝမှလာသည်ဟု မော်စီတုန်း ပြောခဲ့ဖူးသည်။ တနည်းအားဖြင့်ဆိုပါက လက်နက်ကိုင်တပ်များကို ထိန်းချုပ်ထားသူသည် မည်သည့်ခေါင်းဆောင် မဆို၏ အောင်မြင်မှုအတွက် အရေးပါသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
တရုတ်နိုင်ငံ၏ လက်ရှိ အထွတ်အထိပ်ခေါင်းဆောင်နှင့် မော်စီတုန်းကို စိတ်အားထက်သန်စွာ လေ့လာခဲ့သူ သမ္မတ ရှီကျင့်ဖျင်သည် အလားတူယုံကြည်ပုံရပြီး လွန်ခဲ့သော ဆယ်စုနှစ်အတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) တွင် သူ၏သြဇာ ထူထောင်ရန် အကြီးအကျယ် ပြုပြင်ပြောင်းလဲရေး လုပ်ခဲ့ပုံရသည်။ ထိုအပြောင်းအလဲများအကျိုးကျေးဇူး ဖြစ်လာသည်ဟု ထင်ရသည့်အချိန်တွင် PLA ထိပ်တန်းအရာရှိများကို ကျယ်ကျယ်ပြန့်ပြန့် ရာထူးထုတ်ပယ်မှုများသည် PLA ၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် ရှီ၏ ခေါင်းဆောင်မှု စွမ်းရည်ကို မေးခွန်းထုတ်စရာ ဖြစ်လာသည်။
ကာကွယ်ရေးဝန်ကြီးနှင့် တရုတ်အစိုးရတွင် အရေးပါသည့် နိုင်ငံတော်ကောင်စီဝင်အဖြစ် မတ်လတွင် ခန့်အပ်ခံရသည့် ဗိုလ်ချုပ်ကြီး လီရှန်းဖုကို စုံစမ်းစစ်ဆေးရန် ဖမ်းဆီးထားသည်ဆိုသည့် စက်တင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့ သတင်းများသည် နောက်ဆုံးထိုးနှက်ချက် ဖြစ်သည်။ အသက် ၆၅ နှစ်ရှိပြီဖြစ်သော ဗိုလ်ချုပ်ကြီး လီကို အများပြည်သူမြင်ကွင်းတွင် မတွေ့ရသည်မှာ နှစ်ပတ်ကျော် ကြာပြီဖြစ်ပြီး စက်တင်ဘာလ ၇ ရက်နေ့နှင့် ၈ ရက်နေ့များတွင် ကျင်းပသည့် ဗီယက်နမ်ကာကွယ်ရေး ခေါင်းဆောင်များနှင့် နှစ်ပတ်လည် အစည်းအဝေးများမှ ရုတ်တရက် ရုတ်သိမ်းသွားခဲ့သည်။ တရုတ်အရာရှိများက ကျန်းမာရေးကိစ္စဟု အကြောင်းပြသည်။
တရုတ်အစိုးရသည် ထိုသတင်းများအနက် မည်သည်ကိုမှ အတည်မပြုပေ။ ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် မေးသောအခါ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ အမျိုးသမီးက ထိုအခြေအနေကို သူ မသိကြောင်း ပြောသည်။ သို့သော် ထိုသတင်းတိကျပါက သမ္မတ ရှီ ဦးဆောင်ပြီး စစ်တပ်ကို ကွပ်ကဲသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်တဦး ထိုသို့သောကံကြမ္မာ ရင်ဆိုင်ရသည်မှာ ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။
သူ့ကို ဖယ်ရှားလိုက်ခြင်းသည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ သမားရိုးကျနှင့် နျူကလီးယား ဒုံးကျည်တပ်ဖွဲ့ထက် မကသည့် ပြဿနာများ တက်နေကြောင်း ပြသနေသည်။ ဇူလိုင်လတွင် တရုတ်အာဏာပိုင်များက ဒုံးကျည်တပ်ဖွဲ့တပ်မှူး ဗိုလ်ချုပ်ကြီး လီယုချောင်နှင့် ၎င်း၏ နိုင်ငံရေးမှူး ဗိုလ်ချုပ်ကြီး ရှူကျုံဘိုကို ရာထူးမှ ရုတ်တရက် ဖယ်ရှားလိုက်ကြောင်း ကြေညာသည်။ မည်သည့် အကြောင်းပြချက်မှ မပေးပေ။ သို့သော် ၎င်းတို့သည် အဂတိလိုက်စားမှု သို့မဟုတ် စစ်ရေးလျှို့ဝှက်ချက် ပေါက်ကြားမှုများအတွက် စုံစမ်းစစ်ဆေးခံနေရကြောင်း ခန့်မှန်း ပြောဆိုကြသည်။
ထိုမျှ ရာထူး မမြင့်မားသော်လည်း အလားတူ ထူးခြားသည့် အပြောင်းအလဲကို စက်တင်ဘာလ ၁ ရက်နေ့တွင် သိလာရပြီး ထိုကိစ္စမှာ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် စစ်ခုံရုံးဥက္ကဋ္ဌ ဗိုလ်ချုပ် ချန်းဒေါင်ဖန်ကို ထိုရာထူးတွင် ခန့်ထားပြီး ရှစ်လအကြာတွင် ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။ မည်သည့် အကြောင်းပြချက်မှ မပေးပေ။ ဂုဏ်သတင်း ကျော်ကြားသည့် ပီကင်းတက္ကသိုလ်ဘွဲ့ရ ဗိုလ်ချုပ် ချန်းဒေါင်ဖန်သည် ဟောင်ကောင်ရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ပြောရေးဆိုခွင့်ရှိသူနှင့် ဥပဒေဌာန အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ထိုဗိုလ်ချုပ် လေးဦးကို သမ္မတ ရှီ ကိုယ်တိုင် မခန့်အပ်လျှင်ပင် သူ့ခွင့်ပြုချက် လိုသောကြောင့် ၎င်းတို့ကျဆုံးခြင်းသည် သူ၏ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ ဖြစ်လာသည် သို့မဟုတ် တပ်ဖွဲ့ဝင်များကို သူ၏ ထိထိရောက်ရောက် တာဝန်ခံနိုင်မှုအား မေးခွန်းထုတ်စရာ ဖြစ်လာသည်။ သမ္မတ ရှီက ဒီဇင်ဘာလတွင် ခန့်ထားသည့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းကို မကြာသေးမီက ရုတ်တရက် ဖယ်ရှားလိုက်ခြင်းသည်လည်း အလားတူပင် ဖြစ်သည်။ ထိုကိစ္စတွင်လည်း တရုတ်အာဏာပိုင်များက ကျန်းမာရေးကို အကြောင်းပြသည်။
ဖြစ်နိုင်ခြေရှိသော အဖြေတခုမှာ ထိုဗိုလ်ချုပ်များ၏ ပြဿနာများသည် ဒုံးကျည်တပ်ဖွဲ့နှင့် ပတ်သက်နေသည့်ဆိုသည့် အဖြေဖြစ်သည်။ တရုတ်နိုင်ငံသည် နျူကလီးယားလက်နက်များကို အဓိကကျသည့် အဆင့်မြှင့်တင်မှုများ လုပ်နေသောကြောင့် ထိုတပ်ဖွဲ့၏ စစ်ရေးအသုံးစရိတ်သည် မကြာသေးမီ နှစ်များအတွင်း တိုးချဲ့လာသည်။ လက်ရှိ အချိန်အထိ အဂတိလိုက်စားမှု လက္ခဏာ မတွေ့ရသေးသော်လည်း စစ်ရေးအသုံးစရိတ်များသည့် အစီအစဉ်များသည် မကြာခဏ အလွဲသုံးစား၊ လာဘ်ပေး လာဘ်ယူနှင့်အခြား ငွေအလွဲသုံးစားမှုများ ဖြစ်တတ်သည်။
မစ္စတာ ရှီက ဒုံးကျည်တပ်ဖွဲ့ကို ဦးဆောင်ရန် ရွေးချယ်မှုသစ်ကလည်း သူသည် ယခင်က တပ်တွင်း အဂတိလိုက်စားမှုများ ဖြစ်စေခဲ့သည့် ကျေးဇူးခံ ကျေးဇူးစား ကွန်ရက်များကို ဖြိုခွဲရန် ကြိုးစားနေသည့်သဘော ပြသနေသည်။ ထိုဒုံးကျည်တပ် တပ်မှူးသည် ရေတပ်ဗိုလ်ချုပ် ဝမ် ဟောင်ဘင် ဖြစ်သည်။ ထိုတပ်ဖွဲ့၏ နိုင်ငံရေးမှူးသစ်မှာ လေတပ် ဗိုလ်ချုပ် ရှုရှီရှန်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီး လီရှန်းဖု ပျောက်ကွယ်နေသည့် ကိစ္စအတွက် နောက်ထပ်အဖြေတခုမှာ ၎င်း၏ လက်နက်ထုတ်လုပ်မှုနှင့် ဝယ်ယူမှုတွင် ကာလကြာမြင့်စွာ ပါဝင်ပတ်သက်နေခြင်း ဖြစ်သည်။ ထိုလုပ်ငန်းများသည်လည်း အဂတိလိုက်စားမှု လွန်စွာ ဖြစ်ပွားသောလုပ်ငန်းများ ဖြစ်သည်။ အင်ဂျင်နီယာတဦးအဖြစ် သင်ယူခဲ့ပြီး သူသည် တရုတ်နိုင်ငံ၏ အဓိက ဂြိုဟ်တုပစ်လွှတ်ဌာနတွင် နှစ် ၃၀ ကြာ ဝန်ထမ်းဆောင်ကာ နောက်ဆုံးတွင် ထိုဌာန၏ ညွန်ကြားရေးမှူး ဖြစ်လာသည်။
၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်းတွင် သူသည် ဗဟိုစစ်ကော်မရှင်၏ လက်နက်ကိရိယာ ထုတ်လုပ်ရေးဌာနကို ဦးဆောင်သည်။ တရုတ်က ရုရှားထံမှ တိုက်လေယာဉ်များနှင် ဒုံးကျည်ကိရိယာများ ဝယ်ယူခြင်းအတွက် သူ့ကို အမေရိကန် ပြည်ထောင်စုက ၂၀၁၈ ခုနှစ်တွင် အရေးယူပိတ်ဆို့မှုများ ချမှတ်သည်။ ယခုနှစ် ဇူလိုင်လတွင် ထိုဌာနက အဂတိလိုက်စားမှု တိုက်ဖျက်ရေး အသစ်တဖန် လုပ်ဆောင်ပြီး ၂၀၁၇ ခုနှစ်က စတင်သည့် အလွဲသုံးစား လုပ်မှုများအတွက် သတင်းပေးရန် တောင်းဆိုသည်။
သို့သော် မစ္စတာ ရှီ၏ အမိန့်ကို မနာခံခြင်း သို့မဟုတ် အခြား စစ်စည်းကမ်း ချိုးဖောက်ခြင်းကဲ့သို့သော ဖြေရှင်းချက်များလည်း ရှိနိုင်သည်။ ကာကွယ်ရေးဝန်ကြီးအနေဖြင့် ဗိုလ်ချုပ်ကြီး လီသည် အခြားနိုင်ငံများနှင့် စစ်ဘက်ဆက်ဆံရေးအတွက် တာဝန်ရှိပြီး စစ်ဆင်ရေးများကို ကြီးကြပ်ရန် မလိုပေ။ ထိုအမြင်ဖြင့် ကြည့်ပါက သူ့ကိုဖယ်ရှားခြင်းသည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် မသက်ဆိုင်ပေ။
မည်သို့ပင်ဆိုစေ ထိုကိစ္စသည် တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အတွင်း စိတ်ဓာတ်ကို ပျက်ပြားစေမည်ဖြစ်ပြီး ထိုလက်နက်ကိုင်တပ်များ၏ ပြည်တွင်းပြည်ပ ရုပ်ပုံလွှာကို ထိခိုက်စေမည် ဖြစ်သည်။ မစ္စတာ ရှီ အာဏာမရမီက ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ အဂတိလိုက်စားမှုများနှင့် စွမ်းဆောင်ရည် ကင်းမဲ့မှုများအတွက် ယခင်ခေါင်းဆောင်များကိုသာ အပြစ်တင်ရမည် ဖြစ်သည်။
သို့သော် လက်ရှိ ပြဿနာများတွင် တရုတ်က ၎င်းတို့ ပိုင်နက်အဖြစ် သတ်မှတ်ပြီး ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်အရေးတွင် အမေရိကန် ပြည်ထောင်စုထက် စွမ်းအားပိုမိုမြင့်ပြီး ပိုမိုသေးငယ်၊ ပိုမိုသန့်ရှင်းသော တိုက်ခိုက်ရေးတပ် တည်ဆောက်ရေးတွင် မျှော်မှန်းထားသည့် အောင်မြင်မှု မရကြောင်း ပြသနေသည်။
သမ္မတ ရှီ၏ အာဏာကို အုပ်စုဖွဲ့စိန်ခေါ်သည့် လက္ခဏာများ မတွေ့ရသေးပေ။ သို့သော် PLA မှ ပြဿနာများသည် စီးပွားရေး နှေးကွေးခြင်း၊ အင်အားချိနဲ့စေသော ဒေသဆိုင်ရာအစိုးရများ ကြွေးမြီနှင့် အသက်အရွယ် ကြီးရင့်သူဦးရေ တိုးမြင့်လာခြင်း အပါအဝင် စိန်ခေါ်မှု အများအပြား ရင်ဆိုင်နေရချိန်တွင် သူ၏ထိရောက်စွာ အုပ်ချုပ်နိုင်စွမ်းအပေါ် သံသယတိုးပွားစေသည်။
သမ္မတ ရှီက တရုတ်နိုင်ငံရေးစနစ်သည် အနောက်တိုင်းပုံစံ လစ်ဘရယ် ဒီမိုကရေစီထက် ပိုမိုတည်ငြိမ် ထိရောက်သည့် အခြားစနစ်အဖြစ် သူပုံဖော်နေချိန်တွင် ရာထူးမှ ဖယ်ရှားမှုများကို ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မစ္စတာ ရာဟမ် အီမန်နျူရယ်က စာရေးဆရာ အဂ္ဂါသာ ခရစ္စတင်း၏ “နောက်ဆုံးတော့ ဘယ်သူမှမကျန်” ဆိုသည့် ဝတ္တုနှင့် နှိုင်းယှဉ်ကာ X လူမှုကွန်ရက်တွင် ရေးသားသည်။
စက်တင်ဘာလ ၁၅ ရက်နေ့က ဗိုလ်ချုပ်ကြီး လီ၏ သတင်းများ ထွက်လာပြီးနောက် သူက “ရှိတ်စပီးယားရဲ့ Hamlet ပြဇာတ်အတိုင်းဆိုရင် ဒိန်းမတ်မှာ တစုံတခု ပုပ်သိုးနေပြီ” ဟု ရေးသည်။
(The Economist ပါ The mystery surrounding China’s missing defence minister ကို ဘာသာပြန်သည်။)
You may also like these stories:
ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ
တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနေရာတွင် ဝမ်ယိကို ပြန်ခန့်
တရုတ်ဝန်ကြီး လာပြီးနောက် မြန်မာတွင် တရုတ်ဆန့်ကျင်ရေး မြင့်မားလာနေ
အမေရိကန် မပါဘဲ တရုတ်ကို ထိုင်ဝမ် မည်သို့ ခံတိုက်နိုင်သနည်း