AVA ဟု တချိန်က နာမည်ကျော်ခဲ့သည့် အင်း၀မြို့ဟောင်းသည် မန္တလေးမြို့မှ ၁၃ မိုင်ခန့်ဝေးသည့် တံတားဦး မြို့နယ်တွင် ရှိပြီး မန္တလေးတိုင်းအတွင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေပြီးလျှင် ကမာ္ဘလှည့်ခရီးသွား ဒုတိယအများဆုံး ဝင်ရောက် သည့် ရှေးဟောင်းမြို့တခုလည်းဖြစ်သည်။
ခရီးသွားလုပ်ငန်းအပေါ် အဓိကမှီခိုနေရသော အင်းဝဒေသသည် ကိုဗစ်ကပ်ရောဂါနှင့် စစ်တပ်အာဏာသိမ်းပြီး နိုင်ငံရေး အခြေအနေများကြောင့် ၂၀၂၀ ပြည့်နှစ် မေလ မှစတင်ကာ ယနေ့အချိန်ထိ ကမာ္ဘလှည့် ခရီးသွားဧည့်သည့်များ ဝင်ရောက်မှုက ကျီးနှင့် ဖုတ်ဖုတ်ဆိုသလို မရှိသလောက် နည်းပါးခဲ့ပြီး ခရီးသွားလုပ်ငန်း အပေါ် မှီခိုနေကြရသည့် မြင်းလှည်း မောင်းသူများ ဒေသခံများမှာ အခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်နေကြသည်။
အင်းဝမြို့ ဈေးချိုရပ်မှ ဒေသခံတဦးက “ကိုဗစ်ကြောင့် ပိတ်လိုက်တဲ့အချိန်ကစပြီး နိုင်ငံခြားခရီးသွားတွေ လုံးဝကို ဝင်မလာ တော့ဘူး၊ ပြည်တွင်းဘုရားဖူးဧည့် နဲနဲလောက် လာတာမျိုးပဲ ရှိတယ်၊ အဲဒီတော့ ခရီးသွားလုပ်ငန်းကို မှီခိုစားသောက်နေ ကြရတဲ့ မြင်းလှည်းသမားတွေ၊ ဈေးဆိုင်လေးတွေ၊ သမိုင်းကြောင်း ရှင်းပြ၊ ဓာတ်ပုံလိုက်ရိုက်ပေးတဲ့ ကလေးတွေကအစ အကုန်လုံးနီးပါး အဆင်မပြေကြတော့ဘူး”ဟု ပြောသည်။
အင်းဝရှေးဟောင်းဒေသသည် ဧရာဝတီမြစ်နှင့် ဒုဌဝတီ(မြစ်ငယ်မြစ်)တို့ ဆုံရာအရပ်တွင် တည်ရှိကာ တံတားဦးမြို့နှင့် ၃ မိုင်ခန့်၊ မန္တလေးမြို့နှင့် ၁၃ မိုင်ခန့်သာ ကွာဝေးပြီး အင်းဝခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်ရှေးဟောင်းလက်ရာ ဘုရား၊ စေတီ၊ ပုထိုးများစွာရှိသဖြင့် ပြည်တွင်းခရီးသွားဘုရားဖူး ဧည့်သည်များထက် နိုင်ငံခြား ခရီးသွားဧည့်သည်များ ပို၍ လာရောက်ကြသည်။
နန်းမတော်မယ်နု အုတ်ကျောင်းတွင် လက်ဆောင်ပစ္စည်းများ ရောင်းချသူတဦးက “ကိုဗစ်ကပ်ရောဂါ ပထမလှိုင်း ကတည်း က အလုပ်တွေ နားလိုက်ရတာ အခုထိပါပဲ၊ ကျနော်တို့ အဓိက အားထားရတာက နိုင်ငံခြားသား ဧည့်သည်တွေပါ၊ အရင်က နိုင်ငံခြားသားဧည့်က အနည်းဆုံး မလာပါဘူးဆိုတဲ့နေ့တောင် တရက်ကို ၃၀၀၊ ၄၀၀ လောက် ထိရှိခဲ့တာ၊ အခုတော့ နိုင်ငံခြားသားဧည့်ကို မမြင်တာတောင် အတော်ကို ကြာပါပြီ”ဟု ပြောသည်။
အင်းဝခေတ်ဟု ဆိုရာတွင် ခေတ် ၄ ခေတ် ရှိခဲ့ပြီး ပထမအင်းဝခေတ်ကို တကောင်းမင်းဆက် သတိုးမင်းဖျားက ပင်းယမြို့နှင့် စစ်ကိုင်းမြို့များကို အောင်နိုင်သိမ်းပိုက်ပြီးနောက် ဧရာဝတီ၊ ဒုဋ္ဌဝတီ၊ စမုံ၊ ဇော်ဂျီ၊ ပန်းလောင် မြစ်၅ခု ဆုံရာအရပ်တွင် အင်း ၄ ခု ဖို့ကာ မြန်မာသက္ကရာဇ် ၇၂၆-ခုနှစ်၊ တပေါင်းလဆန်း(၆)ရက်၊ အင်္ဂါနေ့ (အေဒီ-၁၃၆၄)တွင် အင်းဝမြို့ကို စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။
“မြို့တည်သက္ကရာဇ်ကို ထုတ်ခွန်သ အင်းဝတည်လို့ ဆိုကြတော့ အင်းဝမြို့ကို မြန်မာသက္ကရာဇ် ၇၂၆ မှာ သတိုးမင်းဖျားက ပင်းယနဲ့ စစ်ကိုင်းကို ဖျက်သိမ်းပြီး တည်ထောင်ခဲ့တာ၊ အင်းဝ၊ အင်းနဝ၊ ရွှေဝ၊ အဝ၊ ရတနာပူရဆိုပြီး အမည် ၅ မျိုးထိ ရှိတယ်၊ ရှင်ဘုရင်တွေလက်ထက်ကတော့ ကျောက်မျက်ရတနာတို့၏ မြို့တော်အဖြစ် တင်စားကာ ရတနာပူရ အင်းဝရွှေမြို့ တော်လို့လည်း ခေါ်ခဲ့ကြတယ်၊ ပြောချင်တာက အင်းဝက သမိုင်းကြောင်းကြီးတဲ့ ရှေးဟောင်းမြို့ဆိုတာ သိစေချင်လို့ပါ”ဟု အင်း၀ ဒေသခံသမိုင်းသုတေသီတဦးက ပြောသည်။
ကုန်းဘောင်ခေတ်တလျှောက် ဆင်ဖြူရှင်မင်း၊ ဘကြီးတော်မင်း၊ သာယာဝတီမင်း လက်ထက်၌ အင်းဝအား မင်းနေပြည် တော်အဖြစ် စိုးစံခဲ့ကြပြီး သာယာဝတီမင်းလက်ထက် ၁၈၃၉ ခုနှစ်တွင် အလွန်ပြင်းထန်သည့် အင်းဝငလျင် လှုပ်ခတ်ပြီး နောက် အမရပူရသို့ မင်းနေပြည်တော် ပြောင်းရွှေ့ခဲ့ပြီး အင်းဝမြို့ဟောင်းအဖြစ် တည်ရှိခဲ့သည်မှာ ယနေ့ထိတိုင်ဖြစ်သည်။
အင်းဝရှေးဟောင်းဒေသသို့ နိုင်ငံခြားသားခရီးသွားဧည့်သည်များ လေ့လာနိုင်ရန် ခရီးသွားလုပ်ငန်း အေဂျင့်များက ခရီးစဉ် တခုအနေဖြင့် ထည့်သွင်းရောင်းချလေ့ရှိပြီး ဧည့်သည်များသည် အမရပူရမြို့နယ် ဒုဌဝတီမြစ် အိုးတုတ္တန်းဆိပ်ကမ်းမှတဆင့် စက်လှေဖြင့် မြစ်အနောက် ဘက်သို့ ကူးကာ အင်းဝဆိပ်ကမ်းသို့ ဆိုက်ကပ်ပေးကြောင်း သိရသည်။
ထိုသို့ အင်းဝရှေးဟောင်းဒေသသို့ အိုးတုတ္တန်းဆိပ်ကမ်း (ဒုဌဝတီမြစ်)မှ စက်လှေဖြင့် ကူးပေးနိုင်ရန်အတွက် တနှစ်စာ လေလံစနစ်ဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာမှ လေလံချပေးပြီး လေလံရရှိသူမှ နိုင်ငံခြားခရီးသွား ဧည့်သည်များအား စက်လှေဖြင့် အင်းဝဘက်ကမ်း အိုးတုတ္တန်း မြင်းလှည်းဂိတ်ထိ ပို့ဆောင်ပေးကြောင်း သိရသည်။
အမရပူရမြို့နယ်၊ အိုးတုတ္တန်း ဆိပ်ကမ်းတွင် ဈေးဆိုင်ဖွင့်လှစ်ရောင်းချသူတဦးက “ဒီဆိပ်ကမ်းကနေ အဓိက နိုင်ငံခြားသား တွေကို စက်လှေနဲ့ အင်းဝဘက်ကို ပို့ပေးရတာပေါ့နော်၊ ကိုဗစ်ကတည်းက ပိတ်လိုက်တော့ လေလံရတဲ့သူကလည်း အရှုံး ခံပြီး ဆက်မလုပ်နိုင်တော့ လက်မှတ်ရောင်းတဲ့ဂိတ်ကို ပိတ်ပစ္စည်းတွေသိမ်းပြီး နားခဲ့တာ ဒီနေ့အထိပဲ၊ နိုင်ငံခြားသားတွေ လာတုန်းကတော့ စက်လှေစောင့်ရင်း ဆိုင်လေးတွေထိုင်၊ လက်ဆောင်ပစ္စည်းလေးတွေ ဝယ်ကြနဲ့ဆိုတော့ အဆင်ပြေခဲ့ကြ တာပေါ့၊ အခုကတော့ ဆိပ်ကမ်းလည်း ပိတ်၊ ဆိုင်တွေလည်း ပိတ်ထားရတာ ၂ နှစ်ကျော် ၃ နှစ်ထဲရောက်ပြီ၊ အရင်လို ပြန်ဖြစ်ပါဦးမလားလို့ မျှော်လင့်နေရတာပါပဲ”ဟု ပြောသည်။
အမရပူရမြို့နယ် အိုးတုတ္တန်းဆိပ်ကမ်းမှ အင်းဝဘက်ကမ်း မြင်းလှည်းဂိတ်သို့ ပို့ဆောင်ပေးသည့် စက်လှေခမှာ ကိုဗစ် မတိုင်မီက နိုင်ငံခြားသားတဦးလျှင် ကျပ် ၁၅၀၀ နှုန်း ကောက်ခံခဲ့ကြောင်း အင်းဝဘက်ကမ်းသို့ ရောက်ရှိပြီးနောက် အိုးတုတ္တန်း မြင်းလှည်းဂိတ်နှင့် မီးသွေးတိုက်မြင်းလှည်းဂိတ်များမှ အလှတန်ဆာ ဆင်ထားသည့် မြင်းလှည်း ၁ စီး လျှင် နိုင်ငံခြားသားခရီးသွား ဧည့်သည် ၂ ဦး တင်ဆောင်ကာ အင်းဝရှေးဟောင်းဇုန်အတွင်းရှိ ရှေးဟောင်းအမွေအနှစ်နေရာများ ဖြစ်သည့် မယ်နုအုတ်ကျောင်း (မဟာအောင်မြေဘုံစံ)၊ နန်းမြင့်မျှော်စင်၊ ရတနာဆီမီးဘုရား၊ ဗားကရာ၊ ဝင်္ကပါ၊ မြင်းမိုရ် တောင် ဘုရားအုပ်စု၊ လောကသရဖူ ဘုရားနှင့် ဆင်ကျုံးခံတပ်များသို့ လိုက်လံပို့ဆောင်ပေးကြောင်း သိရသည်။
အဆိုပါမြင်းလှည်းဂိတ်များတွင် မြင်းလှည်းအစီးရေ ၄၀၀ ခန့်ထိ ရှိခဲ့ပြီး နိုင်ငံခြားသားခရီးသွား ဧည့်သည် ၂ ဦး တင်ဆောင် သည့် မြင်းလှည်းတစီးလျှင် ကျပ် ၁ သောင်းခွဲနှုန်း ကောက်ခံခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ကိုဗစ်ကပ်ရောဂါနှင့် စစ်တပ်က အာဏာသိမ်းပြီးနောက် ကမာ္ဘလှည့်ခရီးသွားဧည့်သည့်များ ဝင်ရောက်မှု မရှိတော့သဖြင့် မြင်းလှည်း ယာဉ်မောင်းသူများမှာ စီးပွားရေးကျပ်တည်းလာခြင်းကြောင့် ကြုံရာကျပန်းအလုပ်များ ဖြစ်သည့် လက်သမား၊ ပန်းရံ၊ ကုန်တင်ကုန်ချ၊ လမ်း လုပ်ငန်း၊ ဈေးရောင်း၊ တောင်သူလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေကြရကြောင်း အင်းဝမြင်းလှည်းယာဉ် အသင်းမှ သိရသည်။
“ခရီးသွားတွေ မလာတာကြောင့် စားဝတ်နေရေးအတွက် အတော်ကို ခက်ခက်ခဲခဲ ရုန်းနေကြရတာပေါ့ဗျာ၊ လူစာအတွက် လည်း ရှာရ၊ မြင်းတွေအတွက်လည်း ရှာရဆိုတော့ ဘယ်လိုအဆင်မပြေကြတော့ဘူး၊ အချို့ဆိုရင် မြင်းစာအတွက် ခက်ခဲ လာလို့ ရောင်းပစ်လိုက်ကြပြီ၊ မြင်းလှည်းက မဆွဲရတော့ မိသားစုအတွက် စားဖို့က ရှိနေသေးတော့ ကြုံရာအလုပ် တွေ ဝင်လုပ်နေကြရတာပေါ့၊ အချို့ဆိုရင် မန္တလေးဘက်ထိ သွားပြီး အလုပ်လုပ်နေကြတယ်၊ ယာလေးတွေ ရှိတဲ့သူ တွေကလည်း တောင်သူပြန်လုပ်ပေါ့”ဟု မြင်းလှည်းမောင်းသူ ဦးကျော်က ပြောသည်။
လက်ရှိအချိန်ထိ မြင်းလှည်းယာဉ်ဂိတ်များလည်း ပိတ်ထားရပြီး စားဝတ်နေရေးခက်ခဲလာမှုကြောင့် မြင်းစာဖိုး မတတ်နိုင် ကြတော့သဖြင့် ဂိတ်ရှိ မြင်းအကောင်ရေ ၆၀ ရာခိုင်နှုန်းခန့်အထိ ရောင်းချပြီးဖြစ်ကြောင်း၊ မြင်းတကောင်ပေါက်ဈေးမှာ ကျပ် ၈ သိန်းခွဲမှ ၁၀ သိန်းဝန်းကျင်ထိ ရှိနေသော်လည်း ပေါက်ဈေးထက် လျှော့ကာ ရောင်းချနေကြရပြီး အချို့သော မြင်းများကို ဟင်းစားအဖြစ် ရောင်းချမည့်သူများထံသို့ ရသည့်ဈေးများဖြင့် ရောင်းချနေကြရကြောင်း မြင်းလှည်းမောင်းသူများက ဆိုသည်။
အင်းဝမြို့ဟောင်းမှ မြင်းရောင်းချထားသူ ဒေါ်တူးကလည်း “သူတို့ ကျွေးမွေးရတာ တကောင်အတွက် ကုန်ကျစရိတ်က တရက်ကို အနည်းဆုံး ၂ ထောင်ပဲ၊ အခုက မြင်းလှည်းက မထွက်ရတာကြာတော့ သူတို့အစာဖိုးတွေကို မတတ်နိုင်တော့ တာကြောင့် အိမ်ပေါက် ၂ ကောင်လေးပဲ ချန်ထားပြီး ကျန်တာတွေ ရောင်းပစ်လိုက်ရတယ်၊ တောင်မြို့ဘက်နဲ့ မန္တလေး ဘက်ကနေ အများဆုံး လာဝယ်ကြတာပဲ၊ အချို့ဆိုရင် သတ်ပြီး ဟင်းစားရောင်းမယ့်သူတွေ လက်ထဲ သိသိကြီးနဲ့ ရောင်းပစ် လိုက်ရတာမျိုးတွေထိ ရှိတယ်၊ အရင်လို ရာသီကောင်းရင်တော့ မြင်းတွေ ပြန်ဝယ်ကြရမှာပေါ့”ဟု ပြောသည်။
နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ဝင်ရောက်မှု မရှိသော်လည်း ပြည်တွင်းဘုရားဖူးဧည့်သည်များ ဝင်ရောက်မှုရှိနေပြီး အများစုမှာ ကားများဖြင့် လာရောက်ကြကာ ပြည်တွင်းဧည့်သည်တချို့သာ မြင်းလှည်း ငှားစီးလေ့ရှိကြောင်း၊ လက်ရှိတွင် မြင်းလှည်း အစီးရေ ၇၀ ခန့်သာ ပြည်တွင်းဧည့်သည်ကို မျှော်၍ ပြေးဆွဲပေးနေကြောင်း သိရသည်။
မြင်းလှည်းမောင်းသူ ကိုဝင်းဦးက “နိုင်ငံခြားသားဆိုရင်တော့ မြင်းလှည်းတစီးကို ၂ ယောက်ပဲ တင်တယ်၊ ပြည်တွင်း ဧည့် ဆိုရင် ၃ ယောက်၊ ၄ ယောက်ထိ တင်ရပါတယ်၊ လက်ရှိမှာက အဖိတ်၊ ဥပုသ်၊ စနေ၊ တနင်္ဂနွေ ပိတ်ရက်ကလေးတွေ မှာတော့ ပြည်တွင်းဧည့်လေးတွေ ဝင်နေတာရှိတယ်၊ မြင်းလှည်းစီးတဲ့သူက အတော်ကို နည်းပါတယ်၊ လိုက်ရပြန်တော့ လည်း ဈေးကို ညှိနှိုင်းပြီး လိုက်နေရတာ၊ တပတ်ကို ၃၊ ၄ ခေါက်ရဖို့ကို မလွယ်ဘူးရယ်၊ မထွက်ရတဲ့ရက်က ပိုများ ပါ တယ်”ဟု ပြောသည်။
ယင်းသို့ မြင်းလှည်းမောင်းသူများသာမက စေတနာကြေးဖြင့် ဧည့်သည်များအား သမိုင်းကြောင်းများ လိုက်လံ ရှင်းပြခြင်း၊ ဓာတ်ပုံရိုက်ပေးခြင်း ပြုလုပ်ကြသည့် အမျိုးသမီးငယ်လေးများ၊ ကလေးငယ်လေးများနှင့် လက်ဆောင်ပစ္စည်း ရောင်းချသူ များ၊ အစားအသောက်ရောင်းချသူများမှာလည်း နိုင်ငံခြားသားခရီးသွားများ ဝင်ရောက်မှုမရှိခြင်းနှင့်အတူ ပြည်တွင်း ခရီးသွား ဝင်ရောက်မှု နည်းပါးခြင်းကြောင့် ဝင်ငွေပုံမှန် မရှိဘဲ စားဝတ်နေရေး အခက်အခဲများဖြင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။
“အရင်ကဆိုရင် ဧည့်သည်တွေ အလာများတော့ သမိုင်းကြောင်းရှင်းပြ၊ ဓာတ်ပုံရိုက်ပေးရတာနဲ့တင် တရက်ကို ၁သောင်းခွဲ၊ ၂ သောင်းလောက်ထိ ရပါတယ်၊ အခုကတော့ ဧည့်သည်တွေလာတာ အတော်နည်းသွားတဲ့အပြင် သမီးတို့ကို သမိုင်း ကြောင်း ရှင်းပြခိုင်းတာမျိုး ဓာတ်ပုံရိုက်ခိုင်းတာမျိုးလည်း နည်းတော့ တရက်ကို ၂ ထောင် လောက်ပဲ ရတဲ့ရက်တွေတောင် ရှိတယ်”ဟု အင်းဝမြို့ဟောင်းမှ မဇာဇာက ပြောသည်။
အင်းဝရှေးဟောင်းဒေသသို့ နှစ်စဉ် စက်တင်ဘာမှ မေလခန့်ထိ ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်မှု ရှိပြီး စနေ၊ တနင်္ဂနွေနှင့် အခါကြီးရက်ကြီးများတွင် ပြည်တွင်းဧည့်သည်များ လာရောက်လည်ပတ်မှု ပို၍ များပြားကြောင်း သိရသည်။
“အရင်က မြင်းလှည်းတစီးကို တနေ့ကို ၂ ကြိမ်လောက် အနည်းဆုံးထွက်ရတယ်၊ ဧည့်ကျတဲ့နေမျိုးဆိုရင် ၃ ကြိမ်လောက် ထိ ရကြတယ်၊ တခေါက်ကို ၁ သောင်းခွဲနှုန်းရတာဆိုတော့ မြင်းစာဖိုးနှုတ်လိုက်ရင် မိသားစုတွေ စိုစိုပြေပြေ စားနိုင် သောက်နိုင်ခဲ့ကြပါတယ်၊ အခုကတော့ ပြည်တွင်းဧည့်တွေ ဝင်နေသေးတယ်ဆိုပေမယ့် တပတ်နေလို့ လှည်းတခေါက်ရဖို့ မလွယ်တော့ဘူးလေ၊ လှည်း မတိုက်ရတော့ လှည်းတွေကို ဒီအတိုင်း ထိုးထားပြီး အပြင်လုပ်ငန်းထွက်လုပ်နေရတာပေါ့၊ ကိုယ့်နေရာ ကိုယ့်ဒေသလေးမှာပဲ အေးအေးဆေးဆေး မြင်းလှည်းလေးပဲ မောင်းချင်တာပေါ့ဗျာ၊ အခြေအနေက ဆိုးနေတော့လည်း ဘယ်တတ်နိုင်မလဲ”ဟု မြင်းလှည်းမောင်းသည့် ကိုဖိုးဇော်က ပြောသည်။
ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေး ကျဆင်းနေရာမှ စစ်အာဏာသိမ်းမှုကြောင့် အခြေအနေ ပိုမို ဆိုးဝါးလာပြီး စီးပွားရေးကျပ်တည်းမှု၊ အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် အထွေထွေအကျပ်အတည်းများကို ပြည်သူများ ရင်ဆိုင်နေကြရသဖြင့် ခရီးသွားလာမှုများလည်း လျော့ကျလာကြောင်း၊ ကိုဗစ်ကာလအတွင်း ခရီးသွားလုပ်ငန်း သိသိသာသာကျဆင်းခဲ့ပြီး ယင်းကာလအလွန်တွင်လည်း အများစုမှာ လုပ်ငန်း လည်ပတ်နိုင်ခြင်းမရှိသေးဘဲ အနည်းစုသာ ပြန်လည်လုပ်ကိုင်နေကြကြောင်း သိရသည်။
မန္တလေးမြို့ခံ ပြင်သစ်စကားပြန် ကိုလင်းက “ကျနော်တို့ တိုးဂိုက်အတော်များများက ဒီ Lifeကို သဘောကျလို့ ရွေးချယ်ခဲ့ကြတာလေ၊ တိုးဂိုက်ဖြစ်ဖို့ ပေးဆပ်ရတာတွေ ကြိုးစားရတာတွေ အများကြီးရှိပါတယ်၊ လက်ရှိမှာတော့ တိုးဂိုက်တွေ အတော်များများ အခြားလုပ်ငန်းခွင်တွေထဲကို ရောက်ကုန်ကြတာတွေ ရှိတယ်၊ ခရီးသွားလုပ်ငန်းက ကိုဗစ်ကနေ အခုအချိန်ထိ ဘယ်လိုမှ အဆင်ပြေမလာတော့ မိသားစု စားဝတ်နေရေးအတွက် ရရာအလုပ်ကို ဝင်လုပ်ကြရတာပေါ့၊ ခရီးသွားလုပ်ငန်းက အရင်လို ပြန်ဖြစ်ဖို့ဆိုတာ အိပ်မက်အဆင့်မှာပဲ ရှိနေသေးတယ်”ဟု ပြောသည်။
ယခုအခါ စစ်ကောင်စီလက်အောက်ခံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့်မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီး သွားကဏ္ဍ တိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်ရန် စီစဉ်နေသလို တရုတ်ခရီးသွား ဧည့်သည်များ ပိုမိုဝင်ရောက်လာစေရန် ဗီဇာဖြေလျှော့ပေးရေးကို ဆောင်ရွက်နေလျက်ရှိကြောင်း၊ ထို့ပြင် တရုတ်ခရီးသွား များ ပြည်တွင်းသို့ လာရောက်လည်ပတ်ရာတွင် ငွေကြေးသုံးစွဲမှု အဆင်ပြေစေရန် ဆက်စပ်ဝန်ကြီးဌာနများနှင့် စီစဉ် ဆောင်ရွက်နေပြီး ကောင်းမွန်သည့် ခရီးသွားဝန်ဆောင်မှုများ ရရှိစေရန်အတွက် အခြေခံ တရုတ်စကားပြော သင်တန်းများ ကိုလည်း ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။
“အရင်ကဆိုရင် အခုလိုအချိန်ကတည်း အာရှထဲကရော အနောက်တိုင်းဘက်ကပါ ခရီးစဉ်ပက်ကေ့ချ်တွေကို ကြိုဝယ်ထားကြတာတွေရှိတယ်၊ အဲဒီအတွက် အေးဂျင့်တွေက ခရီးစဉ်ပက်ကေ့ချ်အလိုက် ဟိုတယ်အခန်းတွေ၊ ကားတွေ၊ စကားပြန်လိုက်မယ့်သူတွေကို ရက်မရမှာ စိုးရိမ်လို့ ကြိုချိတ်ထားကြရတာ၊ အခုကတော့ အေးအေးဆေးဆေးပဲ၊ လက်ရှိမှာ ခရီးစဉ်တွေထဲက အချို့ဆိုရင် လုံခြုံရေးအခြေအနေအရ ကန့်သတ်ခံထားရတာတွေလည်းရှိတော့ ပြည်ပဧည့်ကို မျှော်ကိုးလို့ ကို မရတော့တဲ့အနေအထားမှာ ရှိနေတယ်၊ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သေးဘူး”ဟု မန္တလေးမြို့ခံ ဧည့်လမ်းညွှန်တဦးဖြစ်သည့် ကိုသိန်းဦးက ပြောသည်။
စစ်ကောင်စီ၏ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဒေါ်သက်သက်ခိုင်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ခရီးသွားကဏ္ဍဖွံ့ဖြိုးရေးအတွက် ရုရှား၊ တရုတ်၊ အိန္ဒိယ အဓိက ခရီးသွားဈေးကွက်ရရှိရေး ဆောင်ရွက်ကြရန်၊ နယ်စပ်ခရီးသွားဖွံဖြိုးရန်အတွက် ကြိုတင် စီစဉ်ဆောင်ရွက်ထားကြရန် ပြောဆိုခဲ့သည်။
ယနေ့ထုတ် စစ်ကောင်စီ၏ အာဘော်သတင်းစာတွင်လည်း လာမည့်ခရီးသွားရာသီအတွက် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ငွေဆောင်၊ ချောင်းသာ၊ ငပလီ၊ ပြင်ဦးလွင်၊ အင်းလေး၊ ကလော၊ တောင်ကြီး၊ ကော့သောင်း၊ ကျောက်ဖြူ၊ မာန်အောင်၊ ပူတာအို စသည့် ဒေသများကို မြန်မာနိုင်ငံအတွင်း ဦးစားပေး လည်ပတ်နိုင်သည့် ခရီးစဉ် ၁၄ ခုဟု ရည်ညွှန်း ဖော်ပြထားသည်။
စစ်ကောင်စီက ထိုကဲ့သို့ ခရီးသွားလုပ်ငန်းများကို ပြန်လည်မြှင့်တင်ရန် ကြိုးစားနေသော်လည်း အမေရိကန်နိုင်ငံခြားရေး ဌာန ၏ မြန်မာနိုင်ငံခရီးသွားသတိပေးချက်နှင့် ပတ်သက်၍ ဇူလိုင်လ ၂၄ ရက်ထုတ်ပြန်ချက်တွင် အနီရောင်ပြ အဆင့်(၄) သတ်မှတ်ထားပြီး ယင်းသတ်မှတ်ချက်သည် အဆိုးဆုံး သတ်မှတ်ချက် ဖြစ်ကာ မတည်ငြိမ်မှုနှင့် လက်နက်ကိုင် ပဋိပက္ခ အခြေအနေကြောင့် အမေရိကန်နိုင်ငံသားများ မြန်မာနိုင်ငံကို ခရီးသွားလာမှုမလုပ်ရန် သတိပေး တိုက်တွန်းထားသည်။
You may also like these stories:
စားဝတ်နေရေးအတွက် ကပ်ဘေးအတွင်းက ဧည့်မျှော် ဒေသခံများ
အင်းဝ၊ပင်းယမြို့ဟောင်းများမှ ရှေးဟောင်းအဆောက်အအုံများကို ပြုပြင်ထိန်းသိမ်း