ကျနော်၏ အိမ်ရှေ့ရှိ သနပ်ပင်ကြီးကား နှစ်ကာလ ကြာရှည်လှပြီဖြစ်၍ သက်ကြီးရွယ်ရင့်တို့ဘာဝ ကွေးကောက် ကိုင်းညွှတ်သော ကိုယ်နှင့် ရင့်ရော်ကြမ်းခက်သော အရွက်များဖြင့် မလှသော အသွင်ကို ဆောင်တော့၏။
ဤသနပ်ပင်ကြီး ကဲ့သို့ ကွေးနိုင်၊ ကောက်နိုင်၊ ကိုင်းနိုင်သည့် အပင်မျိုး ရှိမည်မထင်။
ကျနော်တို့၏ အိမ်ကလေးပေါ်သို့ မိုးနိုင်အောင်ပင် မမြင့်သော်လည်း ပင်စည်ကို ဘီလူးလက်များဖြင့် ဆွဲ၍ ဆန့်လိုက်ပါမူ ယခုရှိသောအမြင့်ထက် နှစ်ဆလောက်တိုး၍ မြင့်ပေလိမ့်မည်။
ဤပင်အိုကြီးသည် ယခင်ရှေးက ပင်ပျိုပင်နုဖြစ်ခဲ့၏။ လန်းဆန်းဝေဆာခဲ့၏။
နွေရာသီဦး ရွက်ဟောင်းကြွေ၍ ရွက်သစ်တွေ ဖူးသည့် အခါတွင် နုထွတ်စိမ်းဖတ်သည့် အညန့်အရွက်ကလေးများကို ကျနော်တို့ငယ်စဉ်က နှစ်တိုင်းနှစ်တိုင်း ခူးကာ ချူကာ ချဉ်ရေဟင်းချက်၍ မြိန်မြိန်ရှက်ရှက်ကြီး စားသောက်ခဲ့ကြ၏။
ယခုကား ရွက်ညွန့် ရွက်သစ်များ ဝေဆာခြင်း မရှိတော့ပေ။ သိသိသာသာ ရွက်သစ်လဲခြင်း မရှိတော့ပေ။
ရှေးအခါက နေမင်းပူရှိန်သည့် နွေခါချိန်တွင် ထူထပ်ပေါများသော အရွက်တို့၏ တန်ခိုးကြောင့် ကျယ်ဝန်း စိမ့်အေးသော အရိပ်ဖြင့် ဝင်ရောက်ခိုလှုံသူ ခရီးသည်တို့အား နှစ်သိမ့်စေခဲ့၏။
ယခုကား ကျိုးတိုးကျားတား ရှိသော အရွက်တို့ကို နေမင်း၏ ပူရှိန်သော အရောင်တို့သည် အလွယ်တကူ ထိုးဖောက်ကာ သစ်ပင်အောက်ရှိ အရိပ်ကို ကွက်တိကွက်ကျား နေအောင် ဖန်တီး၏။ ဖြတ်သန်းသွားလာသော ခရီးသည်တို့သည် ခိုလှုံ ရပ်နားစရာ အရိပ်ရှိသည်ဟုပင် မသိမမှတ်ကြတော့ပေ။
ဤသနပ်ပင်ကြီးကား သဘာဝဓမ္မ အတိုင်း တဖြည်းဖြည်း အိုမင်းမစွမ်း ရှိခဲ့ရသည် မဟုတ်ရှာပေ။
လူတို့၏ စိတ်လိုရာကို ဖြည့်စွမ်းနိုင်စေခြင်းငှာ ဖန်တီးကြံစည်ထားသည့် လောကဓာတ်ပညာ၏ အသိုင်းအဝိုင်း အစေအပါး တို့ကြောင့် ညှဉ်းဆဲခြင်း ခံခဲ့ရရှာ၏။
နှစ်တိုင်းပင် ဓာတ်ကြိုးဘက်မှ လည်းကောင်း၊ မြူနီစီပယ်ဘက်မှ လည်းကောင်း၊ လက်နက် အပြည့်အစုံနှင့် ကုလားများ လာ၍ ဓာတ်ကြိုးများ သွယ်ထားသော လမ်းဘက်ရှိ အရွက်အခက် ကိုင်းကြီးကိုင်းငယ်များကို ဖြတ်တောက် ခုတ်ထစ် သုတ်သင် ပစ်ကြကုန်၏။
အပင်ကြီးကား သနားစရာ။ အိမ်ဘက်ကလည်း အလင်းရောင်မရ။ လမ်းဘက်ကလည်း ခုတ်ပစ်။ အရှေ့ဘက်ကလည်း အိမ်သို့ သွယ်ထားသော ဓာတ်ကြိုးကြောင့် အကိုင်းအခက် မထုတ်ရ။ သုံးဘက်မှ အနှိပ်စက်ကို ခံရရှာသဖြင့် ကျန်တဘက် သို့ ကိုင်းထွက်ကာ ကောက်ကွေးခြင်း ဘဝသို့ ရောက်ရရှာလေသည်။
ကျနော်၏ အဘွားသည် ရေအိုးစင်တည်၍ ရေကုသိုလ်ပြုရန် ဆုံးဖြတ်လိုက်၏။ ရေအိုးစင် ပုံပန်းသဏ္ဌာန်နှင့် ဆောက်လုပ်ပုံ ကို စီမံသူကား ကျနော်၏ ဖခင်။ လက်စိုက်၍ လုပ်ကိုင်သူကား တပည့်ကျော် မြသီး။ ကျနော်ကား နံဘေးမှရပ်လျက် အားပေး အားမြှောက်ပြုကာ မနောကံ ဝစီကံဖြင့် ကူညီ၏။
ရေအိုးစင်ကလေး သပ်သပ်ရပ်ရပ် ရှိပေပြီ။ ခိုင်ခိုင်ခန့်ခန့် တည်ထားပေပြီ။ သင်္ဘောဆေးဖြူ သုတ်ထားသည့် အမိုးနှင့် ခြေတံ တို့ကြောင့် ကျက်သရေ ပဝင်းလျက် ရေသောက်သူများ ရေမွတ်သိပ်ခြင်းကို ပြေပျောက်စေရုံသာမက သနပ်ပင်ကြီး အောက်မှ လွဲ၍ အဘယ်နေရာ၌ ထားပါအံ့နည်း။
ရေသောက်သူများကား ရေကိုအားရပါးရ ခပ်ယူကြ၏။ သောက်၍ မကုန်နိုင်သည့်အခါ သစ်ပင်ရင်းသို့ ပက်သွန်ခဲ့ကြ၏။ ကျနော်တို့၏ ကုသိုလ်ကို ပွားများ စေလိုကြဟန် တူ၏။
တနေ့သောအခါ သနပ်ပင်ကြီး၏ အောက်ခြေမှ သနပ်ပင်ပျိုကလေး တပင် မြေနားတွင် ကပ်လျက် ပေါက်လာ၏။ ဤသနပ်ပင်ကြီးကို ကျနော်တို့ မျှော်လင့်ခြင်းကင်းသော ဘဝ၊ သစ်သစ်လွင်လွင် ဖန်တီးနိုင်ရန် ပေးသောဘဝသို့ ရောက်ရှိလေပြီဟု မှတ်ယူထား၏။
မည်သည့် မိုးဦးလေဦး တိုက်ရာတွင် လဲပြိုမည်နည်းဟု စောင့်စားခဲ့၏။ မလဲပြိုစေချင်။ သို့သော် လောက သဘာဝအတိုင်း ဤတလှုပ်လှုပ် တကုပ်ကုပ်ရှိသော ပင်အိုသည် လဲပြိုခြင်းသဘောကို လွန်ဆန်နိုင်မည် မဟုတ်တော့ဟု ထင်မိခဲ့၏။
ဤ မွဲခြောက်ခြောက် ရော်ရင့်ရင့်ရှိသော အပင်သည် သက်တမ်းစေ့လုနီးပြီ ဖြစ်ရကား၊ ခက်နုကိုင်းပျို ပေါက်ရောက် ထိုးထွက်ရန် မတတ်နိုင်တော့။ အားကုန်ခဲ့ပြီဟု ကျနော်တို့မှတ်ယူခဲ့၏။
ယခုကား ဤအပင်၏ ကိုယ်လုံး ပင်ခြေအရင်းနားမှ အသက်သစ်ဖြစ်သော ပင်ပျို ကိုင်းခက်ကလေး ထွက်လာ၏။ ထွက်လာရုံသာမက တနေ့တခြား ကြီးထွားလာ၏။ အရွက်အခက် တို့နှင့် ပြည့်စုံလာ၏။ တနေ့တနေ့ မြင့်လာ၏။ ကောင်းကင်အထိ တက်ရန်ပင် တာဝန်လေးလှမည် မဟုတ် ဟူသော သဘောမျိုး ရှိလေရော့သလား မသိ။ အညွန့်တလူလူနှင့် ထောင်လွှားကာ နုမာန် ပျိုးလျက်ရှိ၏။ လူမချိုး၊ နွား မစား၊ ဆိတ်မညှဉ်းဘဲ ဝဋ်ကင်းလာခဲ့၏ ။
ယခုအခါ ဤအပင်ကလေးသည် ကျနော်၏ တရပ်ရှိပေပြီ။ အပင်ကလေးဟု ကျနော်ဆို၏။ ပင်စည်လုံးမှ ပေါက်လာသော အကိုင်းကလေးပင် စင်စစ်ဖြစ်သော်လည်း မြေနားမှ ကပ်ပေါက်သည် တကြောင်း၊ တည့်တည့်မတ်မတ် တဟုန်တည်း ထိုး၍ အပင်များကဲ့သို့ ပေါက်လာသည် တကြောင်း၊ ဤအကြောင်းတို့ကြောင့် အပင်ကလေးနှင့် တူနေ၏။
ပင်ပျိုကလေး၏ အရွက်နုကလေးများကို မြင်ရတိုင်း ကျနော်၏ စိတ်သည် နုပျို သစ်လွင်လာ၏။ မတွေးဘူးသော အကြံများ၊ မကြုံဘူးသော စိတ်ကူးများ၊ စိတ်မကူးဘူးသော မျှော်လင့်ချက်များ၊ မမျှော်လင့်ဘူးသော ဉာဏ်သစ်များသည် ပေါ်ပေါက် ဝေဆာလာ၏။
ပင်ပျိုကလေး၏ စိမ်းစို နုဖတ်သော အဆင်သည် လောကကြီးကို တန်ဆာဆင်တော့၏။
ပင်ပျိုကလေး၏ မကြောက်မရွံ့ ၊ မထိတ်မလန့်၊ မကြောင့်မကြ၊ မစိုးရိမ်သော အသွင်သည် ကျနော့်အား အားပေးလျက် ရှိ၏။
ဤပင်ပျို၏ မျှော်လင့်ခြင်းသည် ကျနော့်၏ မျှော်လင့်ခြင်း။ ဤပင်ပျို၏ ရဲဝံ့ခြင်းသည် ကျနော်၏ ရဲဝံ့ခြင်း။ ဤပင်ပျို၏ နုပျို တောင့်တင်း ဝေဆာခြင်းသည် ကျနော်၏ နုပျို တောင့်တင်းဝေဆာခြင်း။
ဤ ပင်ပျို ခရီးသည် ကျနော်၏ ခရီး။ ဤပင်ပျိုကား ကျနော်၊ ကျနော်ကား ဤပင်ပျိုဟု ဆိုရမတတ် ဤပင်ပျိုသည် ကျနော်၏ စိတ်ကို ဖုံးလွှမ်း စိုးမိုးလေတော့သည်။ ။
(စာရေးဆရာကြီး နွယ်စိုး ရေးသားခဲ့သည့် ဤဆောင်းပါးကို စာပေလောက စာအုပ်တိုက်က ၁၉၉၇ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေသော “ကံ့ကော်မြိုင်စာတန်း တတိယအကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ စာရေးဆရာကြီး နွယ်စိုး သည် ၁၉၉၅ ခုနှစ် စက်တင်ဘာလ ၂၁ ရက် အသက် ၈၅ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)