အဂတိလိုက်စားမှုဖြင့် ယခုအခါ အိမ်အကျယ်ချုပ်ထားခံရသော အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။
သူသည် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏လူရင်း ဖြစ်သည်။ ၂၀၂၁ အာဏာသိမ်းစဉ် ကာကွယ်ရေးဝန်ကြီး ဖြစ်ခဲ့သော ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ပြီးခဲ့သည့် သြဂုတ်လတွင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခံခဲ့ရသည်။ ရာထူး ချလိုက်ခြင်းဟု ရှူမြင်သုံးသပ်ချက်အချို့ ရှိခဲ့သည်။
ထို့ကဲ့သို့ ရာထူးပြောင်းရွှေ ခံရပြီး ၁ လကျော်အကြာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ညာလက်ရုံး ဖြစ်သူ ဒု ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းမှာ အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးစစ်ဆေးခံရသည်။ သူ တာဝန်ယူထားသော စီးပွားရေးတွင် အရေးပါသည့် ကော်မတီ ၃ ခု၏ ဥက္ကဋ္ဌ တာဝန်များအား ဗိုလ်ချုပ်ကြီးမြထွန်းဦးက တာဝန်ယူလိုက်သည်။ စစ်အာဏာသိမ်းမှုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် တစတစ အမေရိကန်ဒေါ်လာအား စနစ်တကျ စိစစ်သုံးစွဲရန် အရေးပါသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ကုန်သွယ်မှုနှင့် ကုန်သွယ်စီးဆင်းမှု မြန်ဆန်လွယ်ကူစေရေးကော်မတီနှင့် နိုင်ငံခြားငွေကြီးကြပ်ရေးကော်မတီတို့က ယခုအခါ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဦးစီးတော့မည်။
စစ်အာဏာသိမ်းမှုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် တစတစ အမေရိကန်ဒေါ်လာအား စနစ်တကျ စိစစ်သုံးစွဲရန် အရေးပါသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ကုန်သွယ်မှုနှင့် ကုန်သွယ်စီးဆင်းမှု မြန်ဆန်လွယ်ကူစေရေးကော်မတီနှင့် နိုင်ငံခြားငွေကြီးကြပ်ရေးကော်မတီတို့က ယခုအခါ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဦးစီးတော့မည်။
ဗိုလ်ချုပ်ကြီးမြထွန်းဦး ဘယ်သူလဲ
၁၉၈၀ ခုနှစ်တွင် စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ဗိုလ်လောင်းသင်တန်းဆင်း အရာရှိတဦး ဖြစ်သည့် ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် စစ်တပ်တွင် စစ်ဖက် ရေးရာလုံခြုံရေးအရာရှိချုပ် (စရဖ) ရုံးတွင် စစ်ဦးစီးပထမတန်း (G-1)၊ တပ် ၁၀၁ တပ်မမှူး၊ စစ်တက္ကသိုလ်ကျောင်းအုပ်၊ ရှမ်းအခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ၊စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် (စရဖ) တာဝန်များယူခဲ့ပြီး ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ဗိုလ်ချုပ်ကြီးရာထူးဖြင့် ညှိနှိုင်းကွပ်ကဲရေးမှူး ( ကြည်းရေလေ) တာဝန်ထမ်းဆောင်ခဲ့သည်။
အာဏာမသိမ်းမီက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သက်တမ်းပြည့် အငြိမ်းစားယူလျှင် ကာကွယ်ရေးဦးစီးချုပ် လျာထားဆက်ခံမည့်သူအဖြစ် ဗိုလ်ချုပ်မြထွန်းဦးအား ခန့်မှန်းထားခဲ့ကြသည်။ သို့သော် အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်ကြီးမြထွန်းဦးအား ကာကွယ်ရေးဝန်ကြီး အဖြစ် ခန့်အပ်လိုက်သည့်အတွက် တပ်ချုပ်ဖြစ်မည့် အခွင့်အရေးနည်းသွားခဲ့သည်။ ထိုမှတဆင့် အရပ်ဖက် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်သည့်အတွက် ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် စစ်ဖက်ရာထူးတွင် အကြီးအကဲ ဖြစ်ရန် အခွင့်အလမ်းမရှိသလောက် ဖြစ်သွားခဲ့သည်။
ထိုကဲ့သို့ဖြစ်လာခြင်းမှာ ဗိုလ်ချုပ်မှူးကြီး (ဟောင်း) သန်းရွှေ နှင့် လက်ရှိစစ်ခေါင်းဆောင်တို့ဆက်ဆံရေး အေးစက်လာခြင်းကြောင့်ဟု လေ့လာသူများ သုံးသပ်ကြသည်။၂၀၁၈ ခုနှစ်နောက်ပိုင်းက စ၍ ဦးသန်းရွှေနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကြားဆက်ဆံရေး အေးစက်လာခဲ့ရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လူရင်းဖြစ်သူ ဗိုလ်ချုပ်ကြီးမြထွန်းဦးကိုလည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က တဖြည်းဖြည်း ချောင်ထိုးလာခဲ့သည်။
အငြှိုးကြီးတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အညှိုးကြီးသူဖြစ်သည်။ တချိန်က သူ့ဆရာဖြစ်ခဲ့သော ဗိုလ်ချုပ်ကြီး သူရဦးရွှေမန်းနှင့်လည်း ၂၀၁၃ နောက်ပိုင်း ဆက်ဆံရေးမကောင်း တော့ ပေ။ ထို့ကြောင့် စစ်တပ်ထဲတွင် ရှိသော ဦးရွှေမန်းလူများအား ရာထူးနေရာမပေးပေ။ အချို့ကို တပ်မှ အနားပေးခဲ့သည်။ ထို့အပြင် အာဏာသိမ်းပြီးနောက် ပြည်သူ့လွှတ်တော်တွင် တာဝန် ထမ်းဆောင်နေသော သူရဦးရွှေမန်းတပည့်များအား အရပ်ဖက်ပို့ပြီး အရေးမပါသည့် ဌာနများသို့ ပြောင်းပစ်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်ချုပ်ဖြစ်လာသည့်အချိန်က စပြီး ယခင် စစ်အုပ်စုလက်ထက်တွင် ဒုချုပ် ဖြစ်ခဲ့သော ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ လူများသာ နေရာရလာခဲ့ကြသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်ချုပ်ဖြစ်လာသည့်အချိန်က စပြီး ယခင် စစ်အုပ်စုလက်ထက်တွင် ဒုချုပ် ဖြစ်ခဲ့သော ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ လူများသာ နေရာရလာခဲ့ကြသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက် ထက်တွင် ထိပ်တန်းရာထူးများအား ဗိုလ်ချုပ်ဆန်းဦး၊ ညိုစော၊ လူအေး တို့ ရခဲ့ကြသည်။ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်၊ စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကစထ (၁) မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး၊ လက်ရှိ စရဖ ဒုချုပ် ဗိုလ်ချုပ်တိုးရီ၊ လက်ရှိ ဖမ်းဆီးခံထားရသော ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့သည် ဒုချုပ်ဟောင်း မောင်အေး လူများဖြစ်သည်။
ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ကိုကိုဦးနှင့် ကျော်စွာလင်းတို့သည် ဗိုလ်ချုပ်မောင်အေး၏ ကိုယ်ရေးအရာရှိ လုပ်ခဲ့သူများဖြစ်သည်။ ကျန်ဗိုလ်ချုပ်များသည် ဗိုလ်ချုပ်မောင်အေးရုံးတွင် တာဝန်ထမ်း ဆောင်ခဲ့သူများဖြစ်ကြသည်။
ဦးသန်းရွှေရဲ့အခန်းကဏ္ဍ
ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် စစ်သက်တလျှောက်လုံး ထောက်လှမ်းရေးလုပ်ငန်းကိုသာ အဓိကတာဝန်ယူခဲ့သူ ဖြစ်သည်။ ထို့ကြောင့် စီးပွားရေးတွင် အဓိကဒေါက်တိုင်ကြီးဖြစ်သော ကေ်ာမတီ ၃ ခု ဥက္ကဋ္ဌအဖြစ် ယိမ်းယိုင်ကျဆင်းနေသော နိုင်ငံ့စီးပွားကို မည်သို့ကိုင်တွယ်မည်က စိတ်ဝင်စားစရာဖြစ်လာခဲ့သည်။
သို့သော် သူသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်သူဖြစ်သည်။ သူ့ဆရာ ဦးသန်းရွှေကိုလည်း တရုတ်နိုင်ငံက အထူး အလေးထားသူဖြစ်သည်။ ဦးသန်းရွှေ၏ လူရင်း နောက်တဦးဖြစ်သည့် လက်ရှိ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပစ်ပယ်ထားသော တရုတ်နိုင်ငံအား ပြန်လည်စည်းရုံးနေသည်။ တရုတ်ကလည်း စီးပွားရေးမက်လုံးများ နေပြည်တော်စစ်ကောင်စီကို ကမ်းလှမ်းနေသည်။
မည်သို့ဆိုစေ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း အရာကျသွားခြင်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အာဏာ အကန့်အသတ်ရှိကြောင်း ပြသနေသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း၏ မေလ ခရီးစဉ်တွင် အငြိမ်းစားယူနေပြီဖြစ်သော စစ်အာဏာရှင်ဟောင်းကို သွားရောက်တွေ့ဆုံပြီး “တရုတ်-မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးသန်းရွှေ၏ အဓိကအကျိုးဆောင်မှုများကို တန်ဖိုးထားကြောင်း” ပြောဆိုပြီး နိုင်ငံရေး ပွဲထုတ်ခဲ့သည်။ စစ်ကောင်စီခေါင်းဆောင်ကမူ အိမ်နီးချင်း တရုတ်ထက် ရုရှားကို ပိုမို အားကျပြီး ဆက်ဆံရေး တိုးမြှင့်သည်။
မည်သို့ဆိုစေ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း အရာကျသွားခြင်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အာဏာ အကန့်အသတ်ရှိကြောင်း ပြသနေသည်။ မကြာသေးခင်ကလည်း စစ်ခေါင်းဆောင်၏ ကိုယ်ပွားဟု သတ်မှတ်ထားသူ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ် ချုပ်ကြီး စိုးထွဋ်လည်း အနားပေးခံရကာ ဒုဗိုလ်ချုပ်ကြီး ရာပြည့်အား ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ဒု ဗိုလ်ချုပ်ကြီးရာပြည့်သည် ဦးသန်းရွှေလက်ထက်က တိုင်းမှူးတာဝန်ပေးခံရသူဖြစ်သည်။ လက်ရှိ ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် စစ်တက္ကသိုလ်အပတ်စဉ် ၂၂ တွင် အတူတက်ရောက်ခဲ့သူဖြစ်သည်။
အဆိုပါ အခြေအနေကြောင့် စစ်ကောင်စီ၏ ခေါင်းဆောင်မှုတွင် လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင်သည် အထီးကျန်လာနေသည်။ တချိန်က သူခေါက်ထားခဲ့သော ဦးသန်းရွှေ၏ လူများက သူ့အနား ဝိုင်းလာနေပြီဖြစ်သည်။
You may also like these stories:
ဦးသန်းရွှေကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ပွဲထုတ်လာ
တရုတ်ကွန်မြူနစ်ပါတီက ဦးသန်းရွှေနှင့် ဦးသိန်းစိန်တို့ကို လာရောက်တွေ့ဆုံခဲ့
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော