လာဘ်စားမှုဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသည့် အရာရှိများထဲ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) လက်ထက် လာဘ်စားမှုဖြင့် နှစ်ရှည်ထောင်ချခံခဲ့ရသော ဒုဝန်ကြီးတဦး၏ တပည့်တဦးလည်း ပါဝင်နေသည်။
ထိုသူမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးညွန့်အောင်ဖြစ်ပြီး ၎င်းအား စစ်ကောင်စီက စက်တင်ဘာ ၈ ရက်ကတည်းက ဖမ်းဆီးစစ်ဆေးနေခြင်း ဖြစ်သည်။
ဒုဝန်ကြီး ဦးညွန့်အောင်သည် စစ်တက္ကသိုလ်အပတ်စဉ်-၃၀ (DSA-30) ကျောင်းဆင်းတဦးဖြစ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၏ ညာလက်ရုံးဖြစ်သော ကုန်သွယ်ရေးတာဝန်ခံ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် စစ်တက္ကသိုလ် အပတ်စဉ်တူ သူငယ်ချင်းများ ဖြစ်သည်။
ဦးညွန့်အောင်၏ ဆရာမှာ ၁၉၉၇ ခုနှစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့ (နဝတ)မှ နိုင်ငံတော် အေးချမ်းသာယာရေး ဖွံ့ဖြိုးရေး ကောင်စီ(နအဖ)အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး နောက် လာဘ်စားမှုဖြင့် ပထမဆုံး အရေးယူခံရသော ကုန်သွယ်ရေး ဒုဝန်ကြီး ဗိုလ်မှူးကြီး ကျော်ရွှေဖြစ်သည်။ ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်တိုင်းစစ်ဌာနချုပ် ဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင် နေသော ဗိုလ်မှူးကြီး ကျော်ရွှေအား ကုန်သွယ်ရေးဒုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။
ထိုအချိန်က ဦးညွန့်အောင်သည် ရန်ကုန်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီး ကျော်ရွှေ၏ ဌာနတွင် စစ်ဦးစီးတတိယတန်း (G-3) ဗိုလ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည်။ ဗိုလ်မှူးကြီး ကျော်ရွှေအား ကုန်သွယ်ရေးဒုဝန်ကြီးအဖြစ် ခန့်အပ်ပြီးနောက် ၎င်းတပည့်ဖြစ်သူ ဗိုလ်ကြီး ညွန့်အောင်ကိုလည်း ကုန်သွယ်ရေးဌာနသို့ ပြောင်းရွှေ့ပေးခဲ့သည်။
ဗိုလ်မှူးကြီး ကျော်ရွှေသည် နဝတခေတ် ဒုခေါင်းဆောင် ဗိုလ်ချုပ်မောင်အေး၏ လူရင်းဖြစ်ပြီး ဗိုလ်ချုပ်မောင်အေး ကုန်သွယ်ရေးကောင်စီ (TC) ဥက္ကဋ္ဌဖြစ်ချိန်၌ ၎င်း၏တပည့်ဖြစ်သူ ဗိုလ်မှူးကြီး ကျော်ရွှေအား ကုန်သွယ်ရေးဒုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။
ဗိုလ်မှူးကြီး ကျော်ရွှေသည် ကုန်သွယ်ရေးဒုဝန်ကြီး ဖြစ်လာပြီးနောက် အချိန်တိုအတွင်း သိန်းသောင်းနှင့်ချီ လာဘ်စားခဲ့မှု ကြောင့် ဗိုလ်ချုပ် မောင်အေးသည် တပည့်ဖြစ်သူ ဗိုလ်မှူးကြီး ကျော်ရွှေအား ဖမ်းဆီးကာ ထောင်ဒဏ် နှစ် ၄၀ ချမှတ်လိုက် သည်။
ဦးညွန့်အောင်၏ ဆရာဖြစ်သူ ဗိုလ်မှူးကြီး ကျော်ရွှေ ထောင်ကျသွားသော်လည်း ဦးညွန့်အောင်မှာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ဆက်လက် တာဝန်ထမ်းဆောင်နေခဲ့သည်။ ထို့နောက် တဆင့်ပြီးတဆင့် ရာထူးတိုးကာ သမ္မတ ဦးသိန်းစိန် လက်ထက်၌ ညွှန်ကြားရေးမှူးချုပ် ဖြစ်လာသည်။
ညွှန်ကြားရေးမှူးချုပ် ဖြစ်လာသော ဦးညွန့်အောင်သည် ကချင်ပြည်နယ်၊ ဖားကန့်သို့ စက်ယန္တရားကြီးများ တရားမဝင် သယ်ယူခွင့်ပြုခြင်းနှင့် နယ်စပ်ကုန်သွယ်ရေးကိစ္စများတွင် လာဘ်စားမှုများ စစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်၌ ရာထူးမှအနားပေးခြင်းခံခဲ့ရသည်။ ဦးညွှန့်အောင်သည် စီးပွားကူးသန်းဝန်ကြီးဌာနတွင် “ခြံစည်းရိုးထင်းခွေသူ”အဖြစ် နာမည်ကြီးသူလည်း ဖြစ်သည်။
၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအား စစ်ခေါင်းဆောင်က စီးပွားရေးတာဝန်ခံအဖြစ် တာဝန်ပေးခဲ့ရာ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် ရာထူးမှအနားပေးခံထားရသည့် ၎င်း၏သူငယ်ချင်းဖြစ်သူ ဦးညွန့်အောင် ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်ခဲ့သည်။
စစ်ကောင်စီတွင် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း တန်ခိုးကြီးလာမှုနှင့်အတူ စစ်တက္ကသိုလ်အပတ်စဉ်-၃၀ ကျောင်းဆင်းအချို့ သည်လည်း ကြီးပွားလာခဲ့ကြောင်း စစ်မှူးထမ်းဟောင်းတဦးက ဆိုသည်။
ထို့ပြင် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် ဦးညွန့်အောင်အား အဖွဲ့ဝင်အဖြစ် တာဝန်ပေးထားပြီး ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီ၌လည်း အတွင်းရေး မှူးတာဝန် ပေးထားခဲ့သည်။
ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းသူများအနေဖြင့် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ကော်မတီနှင့် စီးပွားကူးသန်းဝန်ကြီးဌာန၏ ခွင့်ပြု ချက်ရမှသာ ကုန်ပစ္စည်းတင်သွင်းနိုင်သည်။ ထို့ကြောင့် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဗိုလ်ချုပ် ရန်နောင်စိုးတို့အား ဖမ်းဆီး စစ်ဆေးပြီး မကြာခင်ရက်ပိုင်း၌ပင် ဒုဝန်ကြီး ဦးညွန့်အောင်လည်း ဖမ်းဆီးစစ်ဆေးခံခဲ့ရခြင်း ဖြစ်သည်။
ထို့ပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ၅ ဦးနှင့် ညွှန်ချုပ် ၁ ဦးကိုပါ စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။ ထိုသို့ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေသော်လည်း လက်ရှိအချိန်ထိ စစ်ခေါင်း ဆောင်အနေဖြင့် မည်သို့အရေးယူမည်ကိုမူ ဆုံးဖြတ်ချက်ချရန် ခက်ခဲနေသည်ဟူသော ယူဆချက်များလည်း ရှိနေသည်။
ထို့အတူ စစ်ခေါင်းဆောင်သည် ၎င်း၏ညာလက်ရုံးဖြစ်သူ မိုးမြင့်ထွန်းမှာ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ လူရင်းဖြစ်နေ သည့်အတွက် ပြတ်ပြတ်သားသား အရေးယူရန် ခက်ခဲနေခြင်းဖြစ်ကြောင်းလည်း လေ့လာသူများက သုံးသပ်ပြောဆိုသည်။
You may also like these stories:
စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ
ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ
ကုန်သွယ်ရေး တာဝန်ခံ ဗိုလ်ချုပ်ရန်နောင်စိုးနှင့် စီးပွားရေးသမားတချို့ စစ်ဆေးခံနေရ
နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးအား ခန့်အပ်