မန္တလေးမြို့၏ လမ်း ၈၀ နှင့် ၂၈ လမ်းထောင့်မှာ “လင်းရောင်ခြည်” ကဖေး ရှိသည်။ ထိုဆိုင်၌ ဦးလေးငြိမ်း အမြဲထိုင်ခဲ့သော နေရာသည် ဆိုင်၏ အတွင်းဘက် ချောင်ကျကျ စနေထောင့်စားပွဲတွင် ထိုင်လေ့ရှိသည်။
အင်္ကျီဖြူဖြူဆွတ်ဆွတ် လက်တိုကို လုံချည်က မန်ကျည်းစေ့ ကွက်နုတ်၊ ဖိနပ်က မော်လမြိုင် ရှေ့ထိုးဖိနပ်၊ အိပ်ကပ်ထဲမှာ နဂါးဆေးလိပ် ဆယ်ပြားတန် အသေးဆုံး လေးလိပ်ပါသည်။
သုံးထောင့်ချွန်း လေးထောင့် အိတ်ကပ် အရွယ်သာသာ စာရွက် ဖြူဖြူလွလွလေး တရွက် အိပ်ထဲမှာ ထည့်ထားသည်။ ခဲတံက ဖော့ဖျက်နေရာ ဖော့တုံးသေးသေးလေးကို အပ်ချည်ကြိုးနှင့် ချည်ထားသည်။
ပါးစပ်က ကွမ်းစားရင်း မြုံ့ရင်းက ဝေးလံသီခေါင်သော နေရာဆီ ငေးနေတတ်သည်။ စကားပြောရင်လည်း ချောချော မွေ့မွေ့ ထွက်မလာတတ်ပါ။ အတုံးအတစ်တွေ ပါတတ်သည်။ သို့ပေမယ့် သူ့စကားကို နားထောင်ပြီး ဖြုတ်ကြည့်သည်၊ မရပါ။
မှာထားသော လက်ဖက်ရည်တွေက အပေါ်ရည်လေးတွေ တင်းပြီး အေးစက်နေသည့် အချိန်ထိ မသောက်ဖြစ်သေးသည် က များသည်။
ဦးလေးငြိမ်းသည် မျိုးချစ်စိတ် အလွန်ထက်သန်သူ ဖြစ်သည်။ ဤအကြောင်းကို အောက်ပါ သီချင်းပိုဒ်ကလေးက သက်သေပြနေသည်။ အမျိုးသားနေ့အောင်ပွဲ ကကြသော ကျောင်းသူ ကျောင်းသားကလေးများ သီဆိုကြစေရန် ရေးထားသည်။
“ပျားပန်း ခတ်သည့်သွင် ဝတ်ရည်သုံးကြ ရွှင်ရွှင်… ကျောင်းတော် ဗဟို ကြည်ညိုသော မိခင်… ထွန်းပြောင်စေမည့် အမျိုးသားနေ့မမေ့အပ်သည်ပင်… တန်ဆောင်ဆီမီးသို့ အောင်ပြီး သဘင်ဆင်ယင်…”
အမျိုးသားကျောင်းတွေ ပေါ်ပေါက်လာရခြင်း၊ အမျိုးသားနေ့ဟု ဖြစ်ပေါ်လာရခြင်း တို့သည် သူ့ကျွန်ဘဝမှ အင်အား ကြီးမား ပြင်းထန်လှသော သမိုင်းမှတ်တိုင်ကြီး တခု ဖြစ်၏။
အမျိုးသားရေးကို အလွန်အလေးထားသော ဦးလေးငြိမ်းက အထက်ပါ သီချင်းမျိုးတွေ ထွက်လာရသည်မှာ သူ့ဘဝ၏ မြင့်မြတ်လှသော အကြောင်းအရာတွေပင် ဖြစ်သည်။
သူသည် အတွေးတွေ နက်နက်ရှိုင်းရှိုင်း တွေးနေလေ့ ရှိသော်လည်း ပတ်ဝန်းကျင်ကို မမေ့၊ ကျနော်နှင့် လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် ဆိုင်ရှေ့ ကျောက်လမ်းပေါ်က ရေစည်လှည်း ဆွဲသွားသည်။ ရေစည်က ရေမပါတော့ ဆွဲသူသည် ခပ်မြန်မြန်လေး ဆွဲသည်။
ရေစည်က အသံထွက်လာသည်။ ဒေ ဒေ… ဒေ ဒေ၊ ဒေ ဒေ… ဒေ ဒေ… ။ ဦးလေးငြိမ်းက ပြုံးလိုက်ရင်း အရေးတကြီး ကျနော့်ကို ပြောသည်။
“အဲဒီ ရေစည်သံ သုံးပေါက်ကိုက်တယ်၊ သုံးပေါက်ကိုက်တယ်” ရေစည်လှည်း၏ အသံသည် သုံးပေါက် ရောက်နေသည်ကို ပြောခြင်းဖြစ်၏။ သူ သဘောကျလို့ သူ့ဆန္ဒရှိလို့သာ ပြောသည်။ တခါတလေ မိုးချုပ်၍ ဆိုင်သိမ်းသွားသည်ထိ ပြန်သာ လာရသည်၊ စကားတခွန်းမှ မပြောဖြစ်ကြပါ။
ဦးလေးငြိမ်းသည် မိသားစုများသည်။ စားဝတ်နေရေး မည်သို့ရှိကြသည် မသိ။ ဦးလေးငြိမ်း၏ မိဘများကတော့ ပစ္စည်းဥစ္စာ တော်တော် ပြည့်စုံသည်ဟု သိရသည်။
တချို့ကမူ “ဆရာငြိမ်းသည် သူ့မိဘပစ္စည်း ထိုင်သုံးနေသည်”… တချို့ကျပြန်တော့ “ဆရာငြိမ်းသည် သူ့အိမ်အတွက် ဘာမျှ မပူတဲ့သူ”ဟု ဆိုကြပြန်သည်။
မည်သို့ပင်ဖြစ်စေ မိသားစု၏ စားဝတ်နေရေးသည် ဦးလေးငြိမ်းမှာ တာဝန်အရှိဆုံးဟု ကျနော်ကလည်း မြင်မိသည်။ စားဝတ်နေရေး မပြေလည်လျှင် ဦးလေးငြိမ်းသည် မိသားစုတာဝန် ပေါ့လျော့ ပျက်ကွက်သောသူဟု ကျနော် မြင်မိသည်။ ထိုအကြောင်းကို တနေ့တွင် ပြောဖြစ်ကြသည်။
“ကျနော်က တကောင်ကြွက် သာသာ၊ စားဝတ်နေရေး ပူစရာမလိုဘူး၊ ဦးလေးငြိမ်းက …”
စကားကို ကျနော်က ဖြတ်ထားလိုက်တော့ သူက …
“မောင်ရင် ဘာပြောချင်တာလဲ ရှင်းရှင်းပြောပါ”
“ဦးလေးငြိမ်းက မိသားစု ကြီးတယ်၊ လစဉ်ဝင်ငွေ ဘယ်လိုရှိမလဲ မသိဘူး”
“ကျုပ်ဝင်ငွေကိစ္စ မောင်ရင်က ဘာလို့သိချင်တာလဲ”
ကျနော်က အောင့်မထားနိုင်၊ ပြောချင်တာများကို အားသွန်၍ ပြောချလိုက်မိသည်။
“ဦးလေးငြိမ်းက သီချင်းရေးတယ် ဆိုပေမယ့် ကိုယ်ရေးချင်မှ ရေးတာ၊ ရေးပြန်တော့၊ တလ ဘယ်နှစ်ပုဒ် ဆိုတာ မရှိဘူး။ တပုဒ် ဘယ်လောက် ရမလဲ ဆိုတာလည်း အတိအကျ မရှိဘူး။ အဲဒီလို မသေချာပေမယ့် စားဝတ်နေရေးကတော့ နေ့စဉ် မစားမဖြစ် မသုံးမဖြစ်တာတွေ ရှိမယ်။ အဲဒီ တာဝန်တွေ အားလုံးဟာ ဦးလေးငြိမ်း တာဝန်ပဲ။ သီချင်းရေးဆရာ ဆိုတဲ့ ဘဝ ပီတိလေး မကြည့်သင့်ဘူး။ မိသားစု အားလုံးရဲ့ စားဝတ်နေရေးကို အလေးမထားရင် တာဝန်မကျေတဲ့ သူပဲ ဖြစ်မှာပေါ့”
ပြောအပ်သည်၊ မပြောအပ်သည် မသိ၊ ကျနော်က ရင်ထဲမှာရှိသမျှ တောက်လျှောက် ပြောချလိုက်ခြင်း ဖြစ်သည်။
ကျနော့် ပြောစကားများကို နားထောင်ပြီး ချက်ချင်း မတုံ့ပြန်၊ မျက်စိ မျဉ်းတည့်တည့်ဆီလောက် မျှော်၍ငေးနေရှာ၏။ ထို့နောက် သူ့ရှေ့မှာရှိသော အပေါ်ရည် တင်းနေသည့် လက်ဖက်ရည်ကို ဖျတ်ခနဲယူ၍ မော့ချလိုက်သည်။ သူလှုပ်ရှားပုံကို ကြည့်၍ တခုခုတော့ ထူးခြားမည်ဟု ထင်လိုက်သည်။ မဲ့ပြုံးလေး တချက် ပြုံးလိုက်ရင်းက ကျနော့်ကို မေးခွန်းများ စမေးတော့သည်။
“မောင်ရင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ဆိုတာ သိတယ်နော်”
“ဟုတ်ကဲ့၊ သိပါတယ်”
ကျနော်က သိတယ်ဟု ဆိုလိုက်သည်နှင့် တပြိုင်နက် သူက အိတ်ကပ်ထဲမှ စာရွက်ကလေး တရွက် ထုတ်ကာ စားပွဲပေါ် ဖြန့်ချလိုက်ပြီး၊ ဆက်၍ ခဲတံကို နှိုက်ယူလိုက်ကာ ပါးစပ်မှ တိုးတိုးလေး “ဦးအောင်ဇေယျကို သိတဲ့” ဟု ဆိုလိုက်ပြီး စာရွက်ပေါ်တွင် “သိ” တလုံး ရေးလိုက်၏။
“အလောင်းမင်းတရားကြီး မူးမြစ်ကို ဆည်တော်မူစဉ် ဆရာနှုံး ရေးသော “ကျောက်ဘွဲ့ ဘုန်းတန်းကြိုး” လို့ ဆိုတာ ရသလား”
“ဟုတ်ကဲ့ ရပါတယ်”
စာရွက်ပေါ်တွင် “ရ” တလုံး ရေးလိုက်ပြန်၏။
“မူးမြစ်ကို ရောက်ဖူးသလား”
“ဟုတ်ကဲ့ ရောက်ဖူးပါတယ်”
စာရွက်ပေါ်တွင် “ရောက်ဖူး” ဟု ရေးပြန်လေ၏။
“မူးမြစ် ဘယ်က စသလဲ သိသလား”
“မသိပါဘူး” ၊ စာရွက်ပေါ် “မသိ” ဟု ရေးလိုက်၏။
“မူးမြစ် ဘယ်မှာဆုံးသလဲ သိလား”
“မသိပါဘူး” ၊ စာရွက်ပေါ်တွင် “မသိ” ဟု ရေးလိုက်ပြန်၏။
“မူးမြစ် အကျယ်အဝန်း ဘယ်လောက်ရှိသလဲ သိလား”
“မသိပါဘူး”
“အင်း … မောင်ရင် မသိတာတွေ တော်တော်များနေပြီ” ဟု ပြောရင်း စာရွက်ပေါ်၌ “မသိ” တလုံး ထပ်ရေးလိုက်၏။
“မူးမြစ်မှာ ဘယ်ခါ ရေများသလဲ၊ ဘယ်ခါ ရေနည်းသလဲ သိသလား”
“မသိပါဘူး” ၊ ထုံးစံအတိုင်း “မသိ” ဟု ရေးလိုက်၏။
“ယူဂိုဆလပ် မုန်လာဥ မြင်ဖူးသလား”
“ဗျာ”
ကျနော်က လန့်၍ အံ့အားသင့်သွား၏။ ထိုအချိန်က ကျနော်တို့နိုင်ငံတွင် ယူဂိုဆလပ် ဟူသော အသုံးအနှုန်းများ သိပ်မရှိသေး၍ အံ့အားသင့်သွားခြင်း ဖြစ်သည်။
“ယူဂိုဆလပ် မုန်လာဥဟာ တဥကို တပိဿာခွဲ နှစ်ပိဿာ ရှိတယ်၊ အဲဒါ မြင်ဖူးသလား၊ သိသလား”
“ဟင့်အင်း”
“သြော်… မောင်ရင်က သိလည်း မသိ။ မြင်ဖူးကြားဖူးဟန်ပင် မရှိဘူးထင်တယ်” ဟု ပြောရင်း စာရွက်ကလေး ပေါ်တွင် “မသိ” တလုံး တိုးသွားလေ၏။
“မရှိတာထက် ဘာခက်သလဲ”
“မသိတာက ခက်ပါတယ်”
“အင်း…ကျုပ်က မသိ အများကြီးလူနဲ့စကားပြောနေရတာပဲ” ဟု နှုတ်မှ ရွတ်ဆို လိုက်သဖြင့် ကျနော့်မှာ ခေါင်းမဖော် ဝံ့တော့ပေ။ ထို့နောက် ဦးလေးငြိမ်းက စိတ်ပါလက်ပါ အားပါးတရ တောက်လျှောက်ကြီး ပြောနေတော့သည်။
“အလောင်းမင်းတရားကြီးရဲ့ မူးမြစ်ဟာ မိုင် အများကြီး ရှည်တယ်၊ မူးမြစ်ကမ်းနံဘေးက ဆင်ခြေလျှောလေး ဖြစ်နေတယ်။ တဘက် တဘက် အကျဉ်းဆုံးနေရာကိုပဲ နှစ်ဖျာရာစာ သာသာလောက် ကျယ်တယ်။ ယူဂိုဆလပ် နိုင်ငံက မုန်လာဥက သိပ် အထွက်ရဲတယ်။ တဥ တဥ နှစ်ပိဿာနီးနီး ရှိတာတွေတောင် ပါတယ်။ အဲဒီ မုန်လာဥမျိုးကို ယူပြီး မူးမြစ် ကမ်းဘေး မှာ စိုက်မယ်။ သဲနုံးမြေနုမို့ မြေဆီ အားကောင်းတယ်။ မြစ်ကမ်းနံဘေးမို့ ရေလောင်းစရာ မလိုဘူး။ ကျွဲ၊ နွား တွေလည်း အခင်း ဝင်စားမှာ ပူစရာ မလိုဘူး။ သီးနှံ စိုက်ပျိုးစရိတ် အများကြီး အကုန်အကျ သက်သာပြီး တနှစ် တနှစ် မုန်လာဥ တန်ချိန် သန်းနဲ့ချီ ထွက်မယ်။ ဒါ ကျုပ်ခေါင်းထဲမှာ ရှိတဲ့ စီးပွားရေး စီမံကိန်း တခုပဲ ဖြစ်တယ်။ မောင်ရင် ပိုက်ဆံ လိုချင်ရင်၊ ငွေ လိုချင်ရင်တော့ ကျုပ်ပြောတဲ့ မုန်လာဥ စီမံကိန်းကို လိုက်နာပြီး စိုက်ပါ။ ကျုပ်ကတော့ မစိုက်အားဘူး။ သီချင်းလေးတွေ အများကြီး ရေးဦးမယ်”။ ။
(ဂီတ အနုပညာရှင်ကြီး အလင်္ကာကျော်စွာ မြို့မငြိမ်းနှင့် တွေ့ဆုံမှု အမှတ်တရ ရွာစား စိန်တင်ဟန် ရေးသားခဲ့သည့် ဤဆောင်းပါးကို ထန်းရွက်ပုတီး စာပေက ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ဝေသော “မြန်မာတို့ ဇာတ်ပွဲ ပထမ အကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ရွာစား စိန်တင်ဟန်သည် ၂၀၀၄ ခုနှစ် မေလ ၁၇ ရက် အသက် ၇၂ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)