လက်ရှိ ကချင်စစ်မျက်နှာကို ကြည့်ပါက စစ်ကောင်စီတပ်သည် ကချင်လွတ်လပ်ရေးတပ် (KIA) အခြေပြုရာ လိုင်ဇာကို ခြိမ်းခြောက်ရန် မြစ်ကြီးနား- ဗန်းမော်ကားလမ်းတလျှောက် ထိုးစစ်များ ပြုလုပ်နေသည်။
စစ်ကိုင်းတိုင်းအထိ ဝင်ရောက်တိုက်ပွဲ ဖော်နေသော KIA ၏ အရှိန်ကို ရပ်တန့်စေဖို့ ရည်ရွယ်၍ ဇူလိုင် ၃ ရက်မှ စကာ မြစ်ကြီးနားရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ၁၀ ရင်းခန့်ဖြင့် KIA ဌာနချုပ်သို့ ဦးတည် စစ် ကြောင်းထိုးရာ လိုင်ဇာမြို့ အနောက်မြောက်ဘက် ၁၃ မိုင်ခန့်ရှိ နန်ဆန်ယန်ရွာဝန်းကျင်တွင် KIA တပ်များနှင့် တွေ့ဆုံပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်သည်။
လက်ရှိမှာ စစ်ကောင်စီတပ်မှာ နန်ဆန်ယန်ရွာဝန်းကျင်၌ ပိတ်မိနေပြီး မြစ်ကြီးနားနှင့် ဒေါ့ဖုန်းယန်ဘက်မှလာသည့် စစ်ကူများလည်း နန်ဆန်ယန်ရွာ ဘက်သို့ တက်မလာနိုင်သေးကြောင်း KIA ထံက သိရသည်။
KIA သည် ထိုးစစ်ကို ရင်ဆိုင်နေရသော်လည်း တဖက်တွင် တန်ပြန်သည့်အနေဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဆက်တိုက်ဆိုသလို တိုက်ခိုက်နေရာ စက်တင်ဘာ၂၄ ရက်က ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF)နှင့် ပေါင်း၍ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကမ်းဘေးရှိ စစ်ကောင်စီ၏ နမ့်ပေါင် လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့သည်။
ယင်းနမ့်ပေါင်လေတပ်စခန်းတွင် စစ်ကောင်စီက F-7 ကြားဖြတ် တိုက်ခိုက်ရေး လေယာဉ်များ၊ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နှင့် Mi 17 သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ်များ ချထားပြီး လွန်ခဲ့သည့် ၂ နှစ်ကျော်ကလည်း ယင်း လေတပ်စခန်းမှာ KIA ၏ လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းကို ခံခဲ့ရသေးသည်။
ထိုသို့ လုံခြုံရေးအားနည်းသည့် နေရာများကို KIA က တိုက်ကွက်ဖော်လာသဖြင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပိုဖြစ်လာမည်လားဟု သုံးသပ်စရာ ဖြစ်လာသည်။
KIAနှင့် ၎င်း၏ စစ်ရေး ဦးဆောင်မှုအောက်ရှိ ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) သည် ဖားကန့်မြို့နယ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရာ စက်တင်ဘာ ၂၅ ရက်က စစ်ဘက်ရေး ရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ဗိုလ်မှူး စိုးနိုင်ဝင်းနှင့် ရဲနှစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
ထို့ပြင် စက်တင်ဘာလ ၂၄ ရက်ကလည်း ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာမှာပင် စစ်ကောင်စီ စရဖရုံးနှင့် ရဲစခန်းကို KIA နှင့် KPDF က ၁ နာရီနီးပါးကြာ ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင်အချို့ကို KIA နှင့် KPDF က အရှင်ဖမ်းမိခဲ့ကြောင်း သတင်းများလည်း ထွက်ပေါ် ခဲ့သည်။
ထိုဖြစ်ရပ်များမတိုင်မီ ဩဂုတ် ၇ ရက်ကလည်း ဖားကန့်မြို့နယ် အနောက်တောင်ဘက် ကသိုဏ်းတောင်ရှိ စစ် ကောင်စီ၏ တပ်မ ၃၃ တပ်စခန်းကို KIA တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း ၆ က တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ ညနေပိုင်းတွင် ဖားကန့် ဆယ်ဇင်းရှိ စစ်ကောင်စီတပ်စခန်းကို KIA တပ်ရင်း၂၆ နှင့် KPDF များက တိုက်ခိုက်သိမ်း ပိုက်ခဲ့ပြန်သည်။
ဖားကန့်မြို့နယ် စစ်ရေးအခြေအနေနှင့် ပတ်သက်၍ KPDF တပ်ဖွဲ့ဝင်တဦးက ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ် သည် ခံစစ်အနေအထားဖြစ်နေပြီး KIA နှင့် KPDF များက တိုက်စစ်အနေအထားဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
၎င်းက “ဖားကန့်် ဆယ်ဇင်းဘက်မှာကတော့ တိုက်စစ်ကိုပဲ သွားနေတာပေါ့။ ကျနော်တို့ဘက်ကနေပဲ စခန်းသိမ်း တိုက်ပွဲတွေ တော်တော်များများ ပြီးခဲ့တဲ့ နှစ်ကရော လက်ရှိနှစ်မှာရော လုပ်လာတာတွေ အများဆုံး ရှိခဲ့တယ်” ဟု ဆိုသည်။
ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်ဘက်က တပ်မ ၃၃ အပါအဝင် တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းအချို့နှင့် ရဲတပ်ရင်း ၃၀ ကို အခြေချကာ စစ်ရေးလှုပ်ရှားကြောင်း ဖားကန့်ဒေသခံတချို့ထံက သိရသည်။
စစ်ကောင်စီအနေဖြင့် ဖားကန့်မြို့နယ်၌ ယခုနှစ် စက်တင်ဘာလ ဒုတိယပတ်အတွင်း ပြုလုပ်သည့် ဟောင်ပါးရွာရှိ KIA နှင့် KPDF ကို တိုက်သော စစ်ဆင်ရေးတခုသာ ရှိကြောင်း KPDF ရဲဘော်တဦးက ပြောသည်။
၎င်းက “ဟောင်ပါးက ဘုန်းကြီးကျောင်းမှာ ကျနော်တို့ KIA နဲ့ PDF ရှိတဲ့အချိန် နံနက် ၅ နာရီလောက်မှာ အင်အား ၈၀ ၉၀ လောက်နဲ့လာပြီးတော့ ဝိုင်းတာပေါ့။ အဲဒီနေ့က ဟိုဘက်ဒီဘက် ပစ်ခတ်မှုဖြစ်တယ်။ ကျနော်တို့ဘက်က ထိခိုက် တာတော့ မရှိဘူး။ ဒါပေမယ့် သူတို့ဘက်က ၅ ယောက် ကျဆုံးတယ်။ လက်နက်တွေ သိမ်းမိတယ်လို့ ပြောတာရှိ တယ်။ မြေပြင်မှာတော့ ကျနော်တို့ဘက်မှာ အထိအခိုက် အကျအဆုံးမရှိဘူး” ဟု ဆိုသည်။
KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကမူ ဖားကန့်ဒေသကို KIA က စစ်မြေပြင်အဖြစ်သာ သတ်မှတ်ထား ကြောင်း ဧရာဝတီကို ပြောသည်။
KIA သည် စစ်ကောင်စီတပ်ကို ဖားကန့်ဒေသတွင်သာမက စစ်ကောင်စီ၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ မြစ်ကြီး နားမြို့၏ မြောက်ဘက်ရှိ ဆွမ်ပရာဘွမ်မြို့နယ်တွင်လည်း စခန်းသိမ်းတိုက်ပွဲနှင့် ကြားဖြတ်တိုက်ပွဲများ လုပ်ထားသည်။
ဆွမ်ပရာဘွမ်မြို့ တောင်ဘက် ဒရူးခရွာအနီးက စစ်ကောင်စီတပ်စခန်းတခုကို စက်တင်ဘာ၂၀ ရက်တွင် KIA တပ် မဟာ ၁ နှင့် KPDF တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့သလို မြစ်ကြီးနားမှ ဆွမ်ပရာဘွမ်ဘက်သို့ တက်လာသည့် စစ်ကောင် စီ စစ်ကားအချို့ကိုလည်း KIA ဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
စက်တင်ဘာ၂၂ ရက်တွင် လက်နက်ခဲယမ်းများနှင့် စားနပ်ရိက္ခာများ တင်ဆောင်ထားသည့် စစ်ကောင်စီ၏ ကုန်တင် ယာဉ် ၁၂ ဘီးကား၂ စီးကို KIA နှင့် KPDF က ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းပြီးနောက် ကားကို မီးရှို့ခဲ့ကြောင်း KIA တိုက်ပွဲသတင်းများ ဖော်ပြနေသည့် 7Stars News သတင်းဌာနက ရေးသားသည်။
KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း ဆွမ်ပရာဘွမ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KIA ကြား စစ် ရေးတင်းမာနေကြောင်း ပြောသည်။
၎င်းက “ဆွမ်ပရာဘွမ်လမ်းဘက်မှာတော့ ဒရူးခစခန်းကို ကျနော်တို့ သိမ်းပြီးတဲ့နောက်ပိုင်းမှာ စစ်ကူတွေကို ပြန်ပြီး တော့မှ လမ်းမှာလာတဲ့အခါကျနော်တို့ မိုင်းဆွဲတိုက်ခိုက်တာရှိပါတယ်။ အဲဒီနောက်ပိုင်းမှာ တိုက်ပွဲတော့ မရှိဘူး။ စက်တင်ဘာ၂၆ မှာ မြစ်ကြီးနားဘက်က ကား ၃၊ ၄၊ စီးလောက် ပြန်တက်သွားတယ်ဆိုတဲ့ သတင်းတော့ ရပါတယ်။ အဲဒီကားတွေ အခြေအနေ သတင်းတော့ အခု ထပ်မကြားရသေးဘူး” ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပြီးနောက် မြစ်ကြီးနား- ဆွမ်ပရာဘွမ်လမ်းပိုင်းတွင် စစ်ကောင်စီဘက်က လုံခြုံရေးတင်းကျပ်ကာ လမ်းသွား လမ်းလာများအား စစ်ဆေးမှုများရှိသော်လည်း ယာဉ်အသွားအလာရှိနေဆဲဖြစ်ကြောင်း ကချင်ပြည်နယ် အခြေစိုက် သတင်းမီဒီယာများ၏ ရေးသားချက်အရ သိရသည်။

တိုက်ပွဲများ မကြာခဏ ဖြစ်နေပြီး လက်ရှိတွင်လည်း KIA နှင့် စစ်ကောင်စီတပ်ကြား လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှု ရှိသည့် မြစ်ကြီးနား- ဗန်းမော်ကားလမ်းတွင်မူ စစ်ရေးတင်းမာမှုကြောင့် ယာဉ်အသွားအလာ မရှိတော့သည် မှာ၂ လကျော် ၃ လနီးပါး ကြာလာပြီဖြစ်သည်။
KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက နန်ဆန်ယန်ရွာဝန်းကျင်တွင် စစ်ကောင်စီတပ်သည် ပိတ်မိနေဆဲ ဖြစ်သည်ဟု ရှင်းပြသည်။
၎င်းက “မြေပြင်တိုက်ပွဲ မရှိဘူးခင်ဗျ။ လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်တာတော့ ရှိပါတယ်။ စစ်ကောင်စီရဲ့ စစ်ကူတွေ က ပိတ်မိနေတဲ့ တပ်တွေနဲ့ မပေါင်းရသေးပါဘူး။ နန်ဆန်ယန် ချောင်းတံတားကူးလိုက်ရင် လိုင်လုံဆိုတဲ့နေရာမှာ တပ် စခန်းရှိပါတယ်။ စစ်ကောင်စီရဲ့ တပ်စခန်းပေါ့။ အဲဒီကို ကူဖို့ လာတဲ့စစ်ကောင်စီရဲ့ စစ်ကူတွေက ဗန်းမော်ဘက် ကနေ လာတာ။ အဲဒီ စစ်ကူတွေက မဒီးယန်၊ အောင်ဂျာဆိုတဲ့နေရာမှာပဲ ရောက်နေတာပါ။ လိုင်လုံဘက်ကို မပူးပေါင်းရသေး ပါဘူး။ မြစ်ကြီးနားကနေလာတဲ့ စစ်ကူတွေက နန်ဆန်ယန်ဘက်ကိုတော့ မရောက်ဘူး။ မရောက်ဘူးဆိုတာက ဒဘတ် ယန်တို့ မလိ၊ ဂျာပူတို့မှာ ထိုင်နေတာပါ” ဟု ဆိုသည်။
ဗိုလ်မှူးကြီး နော်ဘူက ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်သည် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး KIA အနေနှင့် ခုခံစစ်ကို သာ ဆင်နွှဲနေခြင်း ဖြစ်ကြောင်း ဆိုသည်။
စစ်ကောင်စီ၏ ထိုးစစ်ကို KIA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်းများ၊ KIA လှုပ်ရှားတပ်မဟာ အမှတ်၂ လက် အောက်ခံတပ်ဖွဲ့ဝင်များ အဓိက တိုက်ခိုက်နေကြောင်း KIA ထံမှ သိရသည်။
KIA ဘက်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ KPDF တို့လည်း ပါဝင်တိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်တချို့က ဧရာဝတီကို ပြောသည်။
KIA နှင့် နီးစပ်သည့် ကချင်ပြည်နယ်အခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့တခုမှ အရာရှိတဦးကလည်း ကချင်ပြည်နယ်တွင် တော်လှန်ရေး ပူးပေါင်းတပ်များအချင်းချင်း ချိတ်ဆက်မှုနှင့် စုဖွဲ့ပြင်ဆင်မှုများ အားကောင်းနေပြီး တိုက်စစ်အတွက် အသင့်အနေအထား ဖြစ်နေပြီ ဖြစ်ကြောင်း ပြောသည်။
၎င်းက “ကချင်ပြည်နယ်မှာ တော်လှန်ရေး ပူးပေါင်းတပ်တွေက အထက်လူကြီးတွေရဲ့ အမိန့်ကိုပဲ စောင့်နေတာ။ အထက်လူကြီးတွေက တိုက်ဆိုတာနဲ့ တိုက်စစ်ဖွင့်ဖို့ အဆင်သင့်ဖြစ်တဲ့ အနေအထားမှာ ရှိပါတယ်” ဟုဆိုသည်။
စစ်ရေး လေ့လာသည့် သုတေသီတဦးကမူ KIA သည် စစ်ကောင်စီကိုဆန့်ကျင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းနေသလို ပြည်သူ့ကာကွယ်ရေးတပ် PDF ကို စစ်ပညာသင်ပေးပြီး လက်နက်တပ်ဆင်ပေးနေ သဖြင့် စစ်ကောင်စီဘက်က KIA ဌာနချုပ်ရှိရာ လိုင်ဇာသို့ ဦးတည်၍ စစ်ဆင်နေခြင်း ဖြစ်ကြောင်း ဆိုသည်။
KIA ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ဒု ဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွန်မော်ကလည်း KIO နှင့် NUG၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အပါအဝင် မဟာမိတ် စစ်ရေးအုပ်စုများကြား အပြန်အလှန် ယုံကြည်မှု၊ နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုရှိကြောင်း၂၀၂၂ ခုနှစ် ဒီဇင်ဘာလက RFA နှင့် ပြုလုပ် သည့် သီးသန့်အင်တာဗျူးတွင် ပြောသည်။
ထို့ပြင် KIA သည် ခုခံတော်လှန်ရေးသမား ၄၀၀၀ ကို လေ့ကျင့်သင်ကြားပေးထားကြောင်း ဗိုလ်ချုပ်ဂွန်မော်က ဆို သည်။
သို့ဖြစ်ရာ စစ်ကောင်စီ၏ လိုင်ဇာကို ဦးတည်သည့် ထိုးစစ်သည် NUG နှင့် နီးကပ်စွာ ပူးပေါင်းနေသည့် KIA ကို ဖိအား ပေးရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသည့် မြန်မာသုတေသီအချို့က သုံးသပ် သည်။
လက်ရှိတွင် စစ်ကောင်စီ၏ ထိုးစစ်ကို KIA ဘက်က ခံစစ်ရှင် ဗျူဟာသုံးကာ ခုခံနေပုံရကြောင်း စစ်ရေးလေ့လာသည့် မြန်မာသုတေသီတဦးက ဧရာဝတီကို ပြောသည်။
၎င်းက “လိုင်ဇာ၊ နန်ဆန်ယန်ဒေသမှာဆိုရင် စစ်တပ်က ထိုးစစ်ဖြစ်တယ်။ KIA က ခံစစ်ဖြစ်တယ်။ ခံစစ်က ကတုတ် ကျင်းထဲမှာ ထိုင်ပြီး တိုက်နေတဲ့ ခံစစ်သေ မဟုတ်ဘူး။ ခံစစ်ရှင် ဖြစ်တယ်။ နန်ဆန်ယန်ကို တက်လာတဲ့ တပ်တွေကို ကြားဖြတ်တိုက်တာတို့ နန်ဆန်ယန်ကို ဝင်မယ့်စခန်းတွေကို သိမ်းတာတို့ အဲဒါက ခံစစ်ရှင်လို့ ခေါ်တယ်။ အဲဒါအပြင် ကချင်ပြည်နယ်ထဲက တပ်တွေကို ထုတ်နုတ်ပြီး နန်ဆန်ယန်လာထိုးတော့ ကျန်တဲ့နေရာမှာ လစ်ဟာတယ်။ လစ်ဟာ တဲ့ နေရာတွေမှာ တိုက်ပွဲတွေ ဖော်ပြီး ခံစစ်ရှင်ကို အကောင်အထည် ဖော်နေတာ တွေ့ရတယ်” ဟု ဆိုသည်။
ဆက်လက်၍ စစ်ရေးလေ့လာသည့် မြန်မာသုတေသီတဦးက လတ်တလောတွင် စစ်ကောင်စီနှင့် KIA ကြား နိုင်ငံရေး အရ ဆွေးနွေးမည့်အလားအလာ မရှိသဖြင့် တဖက်နှင့်တဖက် စစ်ရှိန်ပိုမြှင့်ကြမည့် အခြေအနေရှိကြောင်း ဆိုသည်။
၎င်းက “ယေဘူယျကတော့ စစ်ရေးအရှိန်က တဖြည်းဖြည်းမြင့်လာမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးဆွေးနွေးဖို့က လမ်းပိတ်နေတာကိုး။ လမ်းပိတ်တဲ့အတွက်၂ ဖက်လုံးကတော့ စစ်ရေး အရှိန်မြှင့်ကြမှာပဲ” ဟု ဆိုသည်။
ကချင်ပြည်နယ်အရေး လေ့လာသည့် ကချင်တိုင်းရင်းသား သုတေသီတဦးကလည်း ကချင်ပြည်နယ်တွင် စစ်ဘောင် ပိုကျယ်လာမည့် အလားအလာမြင်နေရပြီး စစ်ဘောင်ကျယ်လာပါက စစ်ဘေးရှောင်များ ပိုများလာမည့် အခြေအနေ ရှိကြောင်း ဆိုသည်။
ကချင်ပြည်နယ်တွင် လက်ရှိအချိန်တွင် စစ်ဘေးရှောင် ၉ သောင်းခန့် ရှိနိုင်ကြောင်း ကချင်ပြည်နယ်အရေးလေ့လာ သည့် ကချင်တိုင်းရင်းသားသုတေသီအချို့က ခန့်မှန်းသည်။
စစ်ကောင်စီလက်အောက်ခံ ကချင်ပြည်နယ်အစိုးရသည် ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ရွာနှင့် အနီးဝန်းကျင်ရွာအချို့မှ စစ်ရှောင်များအား တရုတ်နိုင်ငံအကူအညီဖြင့်၂၀၂၃ ခုနှစ် နှစ်ဆန်းတွင် နေရပ်ပြန်ရန် တိုက်တွန်းခဲ့ဖူးသည်။
သို့သော်လည်း ဇူလိုင်လတွင် ပြန်လည် စတင်လာသည့် တိုက်ပွဲများကြောင့် စစ်ရှောင်များသည် မိမိတို့ရပ်ရွာတွင် မနေနိုင်ဘဲ ဘေးလွတ်ရာ ထပ်မံ တိမ်းရှောင်ကြရသဖြင့် စစ်ကောင်စီ၏ စစ်ရှောင်များပြန်လည်နေရာချထားရေး အစီအစဉ်သည် အထမမြောက်တော့ဘဲ ရပ်တန့်သွားသည်။
ကချင်ပြည်နယ်အရေး လေ့လာသည့် ကချင်တိုင်းရင်းသား သုတေသီတဦးက ကချင်ပြည်နယ်ရှိ စစ်ရှောင်များသည် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် ဘဝရပ်တည်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှု အခက်အခဲများ ကြုံနေရ ကြောင်း ပြောသည်။
၎င်းက “တော်တော်လေးကို မျှော်လင့်ချက်မဲ့တဲ့ အနေအထားပါ။ စစ်ဘောင်ကလည်း ပိုကျယ်လာတယ်။ ကချင်ပြည် နယ်မှာ နေရာတကာ ထိုးစစ်ဆင်တဲ့အပိုင်းတွေလည်း ရှိနေတယ်။ နန်ဆန်ယန် မြစ်ကြီးနား၊ ပူတာအို၊ ဆွမ်ပရာဘွမ်မှာ ရော တန်ဖဲမှာလည်း စစ်ကောင်စီက စစ်ဆေးတာတွေအများကြီးရှိနေတယ်။ စစ်ရှောင်တွေအနေနဲ့က လုံးဝကို နေရပ် ပြန်ဖို့ အဆင်မပြေတဲ့ အနေအထား တွေ့ရတယ်။ ပြီးရင် IDP တွေ ပိုများလာတဲ့ အနေအထားမြင်တယ်” ဟု ဆိုသည်။
တိုက်ပွဲများ ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ ကချင်ပြည်နယ်တွင် စစ်ရှောင်များ နေရပ်ပြန်ရေးသည် အလှမ်းဝေးနေဦး မည်သာ ဖြစ်သည်။
You may also like these stories:
နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း
နမ်ဆန်ယန်သို့ စစ်ကူလာသည့် စစ်ကြောင်း အတိုက်ခံရပြီး ပြန်ဆုတ်ခွာ
ကချင်ပြည်နယ်ရှိ စစ်ကောင်စီ စခန်းများ KIA နှင့် PDF တိုက်ခိုက်