ဤအဖြစ်မျိုးကို ကျနော် ကြုံသလို အများလည်း ကြုံဖူးလိမ့်မည်။ အများကပင် စာမဖွဲ့လောက်သည့် အရေးရယ်ဟု ပေါ့ပေါ့တန်တန် သဘော ပိုက်လိမ့်မည်လား မဆိုနိုင်။
ကျနော့်မှာမူ ဤအရေးမှနေ၍ အတွေးမျှင် တတန်းတန်း ဖြစ်လာပုံကို ပြောပြရပေဦးမည်။ ဖြစ်ပုံမှာ ရိုးရိုးကလေးပါ။
တခုသော ညနေခင်းတွင် ကျနော် အိမ်ပြန်ရန် မှတ်တိုင်၌ ကားစောင့်နေပါသည်။ မကြာမီ ဘတ်စ်ကား ထိုးဆိုက်၍ ကျနော် လှမ်းတက်သည်။
ထိုခဏ၌ အတွင်းမှ “မြန်မြန် ဦးလေး” ဟူသော အသံကို ကြားလိုက်ရသည်နှင့် ခုံသို့ ဝင်အထိုင်၊ အသံလာရာဘက်သို့ ကျနော် ကြည့်လိုက်သည်။
အသံပြုသူ စပယ်ယာ၏ မျက်လုံး၊ ထိုမျက်လုံး အနီးမှ ကျနော့်ဘက်သို့ အမှုမဲ့ အမှတ်မဲ့ လှမ်းကြည့်နေသော မိန်းမပျို နှစ်ဦး၏ မျက်လုံးတို့နှင့် ဆုံမိ၍ ကျနော် ဖိန်းသလို ရှိန်းသလိုဖြစ်သွားလေသည်။
မြန်မာထုံးစံတွင် အစ်ကိုတန်လျှင် အစ်ကို၊ အစ်မတန်လျှင် အစ်မ၊ တဦးနှင့် တဦး ယဉ်ကျေးဖွယ်ရာ နှုတ်ဆက်ရိုး ရှိသည်။
ယခု စပယ်ယာနှင့် ကျနော်သည်လည်း တူအရွယ်၊ သားအရွယ်ဖြစ်၍ သူ ဤသို့ ခေါ်လိုက်သည်မှာ မမှားပါ။ မမှားသော် လည်း တခဏသော် ကျနော် နားအဝင် ခက်မိသည်။
ကျနော်နှင့် အရွယ်တူ အခြားသူတို့လည်း ဤသို့ ကြုံလျှင် ဤနည်းတူ ဖြစ်ကြမည် ထင်မိပါသည်။ ထို့နောက်ကား မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြပေလိမ့်မည်။
ကျနော်အဖို့မူ မေ့၍မရနိုင်၊ မေ့၍မရနိုင်သဖြင့် ကိုယ့်ကိုယ်ကိုယ် မေးခွန်း ထုတ်မိပါသည်။ မိန်းကလေးတွေကို ငါ စိတ်ကစား မိလေသလား။ မိန်းကလေးများရှေ့တွင် ဦးလေးဟု အခေါ်ခံလိုက်ရသည်ဖြစ်ရာ ရှက်အန်းအန်း ဖြစ်သွားမိသလား။
မည်သို့ဖြစ်စေ မိမိအသက်ကြီးသည်၊ အရွယ်ဟိုင်းသည်ဟူသော အဖြစ်ကို တစိမ်းတရံဆံရှေ့၊ အထူးသဖြင့် ငယ်ရွယ်သူများ ရှေ့တွင် အသိမပေးလို၊ ကိုယ်ကိုယ်တိုင်လည်း မေ့မေ့လျော့လျော့သာ နေလိုသည်။ ဤအဖြေသာ ကျနော် ရသည်။
အရွယ်ကြီးသည်။ ရင့်သည်။ ဟုတ်ပြီ။ နည်းနည်းကလေး ပိုတွေးလျှင် ထိုအရွယ် အိုခြင်း၊ နာခြင်းဘက်သို့ တရွေ့ရွေ့ သွားနေသည်ဟု အဓိပ္ပာယ်ပေါက်သည်။ မည်သူ နှစ်သက်နိုင်ပါမည်နည်း။
ဤသည်တို့နှင့် ဝေးရာဘက်သို့သာ ရောက်လိုကြသည်မှာ လူ့ဓမ္မတာပေ။ အိုခြင်း၏ ဆန့်ကျင်ဘက်ကား မအိုခြင်း (ဝါ) နုပျိုခြင်း၊ နာခြင်း၏ ဆန့်ကျင်ဘက်ကား မနာခြင်း (ဝါ) တောင့်တင်းခြင်း၊ ဖျတ်လတ်ခြင်း၊ အိုခြင်း၊ နာခြင်းကား အသက်ဓာတ် ယုတ်လျော့မှုတည်း။
ဤသဘော၏ ရှေ့ပြေးကို ကျနော် စာရေးရင်း မိုးတစိမ့်စိမ့်ရွာနေသော အပြင်ဘက် ရှုခင်းတွင် မြင်နေရပါသည်။
ပထဝီ မြေကြီးသည် အသက်ဓာတ်ဖြင့် လှုပ်ရှား လန်းရွှင်နေသည်ဟု ဆိုရလေမည်။ နွေကာလ အပူဒဏ်ကြောင့် ပြောင်တလင်း ဖြစ်ခဲ့သော၊ ချောက်ကပ် သွေ့ယောင်းခဲ့သော မြေပြင်သည် ယခုအခါ စိမ်းစိုသော မြက်ခင်းတို့ဖြင့် ပြည့်နေလေသည်။
သစ်ပင် ပန်းပင်တို့သည် မိုးရေဝကာ၊ ကားကားစွင့်စွင့် ရှိနေကြသည်။ အညွန့်အညှောက် တို့သည်လည်း ဟိုဘက် သည်ဘက်တွင် ပွားတိုး ကြွရွလျက်သာ ရှိကြသည်။
ဤသို့လျှင် လန်းလန်းဆန်းဆန်း၊ ထူထူထောင်ထောင် ရှိနေသော သဘာဝ ရှုခင်းသည် မြင်သူတို့ အတွက် နှစ်လိုဖွယ်ရာ ဖြစ်လေသည်။
မိုးနူးပန်း သစ်ပင်တို့၏ အမူအရာနှင့် အနီးဆုံးတူအောင် ကြိုးပမ်း နေကြသူတို့တွင် မြို့သူသည် အထင်ရှားဆုံး ဖြစ်လေသည်။
ဆင်းဆင်းရဲရဲ တောသူသည် ကြိတ်ထိုး၊ မောင်းထောင်း၊ နွားကျောင်း၊ ကောက်စိုက်၊ ထင်းပေါက်၊ ရေခပ်နေရ၍ သဘာဝနှင့် ညီညွတ်သည်။
ညီညွတ်၍ ကျန်းမာသည်။ ကျန်းမာသည့် ကိုယ်ကာယသည် ပေါ့ပါးသည်။ စိုပြည်သည်။ သွေးရောင် လျှမ်းသည်။ မျက်လုံး၌ အရောင်တောက်သည်။
ဤသဘာဝကို မြို့တွင်ကြီးရ၍ ကျန်းမာရေးနှင့် ဖီလာဖြစ်သော မြို့အလုပ်ကို လုပ်နေရသည့် မြို့သူသည် အပြည့်မရရှာ။ မရသော်လည်း ပကတိကျန်းမာရေးမှ ထွက်လာသော အသွင် အပြင်၊ အရည်အသွေး တို့ကို တောင့်တရှာလေသည်။
အိုသဏ္ဌာန်ကို တနည်းနည်းဖြင့် တားလိုက်ချင်သည်။ ထို့ကြောင့် ဖြူဖျော့ဖျော့ဖြစ်နေသော နှုတ်ခမ်းကို ဆေးဆိုးလေသည်။ ကောက်ကြောင်း လှအောင် ရင်ကို ဘရာစီယာဖြင့် ပင့်ရလေသည်။ တင်ကားအောင် ခုံမြင့်စီးကာ ပေါ့ပါးမြူးပျံသည့် အသွင် ဖန်တီးရလေသည်။
သူသာလျှင် မဟုတ်သေး။ အရည်တွန့်ခြင်း၊ အရောင်မှေးခြင်း၊ ကိုယ်လက် လေးလံခြင်း ဟူသော အိုခြင်း လက္ခဏာကို အထင်အရှားပြနေသော အမယ်အိုသည်ပင် နုအောင်၊ ပျိုအောင်၊ ပရိယာယ် ဆင်ချင်ရှာသေးသည်။ အိမ်အိုက ကျားကန်၊ လူအိုက ပန်းပန်ဟူသော ဆိုထုံးကို ကြည့်။
ဤသို့လျှင် သွားမကျိုး၊ ဆံမဖြူ၊ ငယ်မူငယ်သွေး ထွက်အောင် မြို့သူက သူ့နည်းသူ အားထုတ်သည်။
သူနှင့် ဘဝတူဟု ဆိုရမည်ဖြစ်သော အဂ္ဂိရတ်သမား အဘိုးအိုကလည်း ထာဝစဉ် နုပျိုအောင် သူ့နည်းနှင့်သူ အားထုတ်သည်။ သူသည် မိုးလင်းမှ မိုးချုပ်သည့်တိုင် ငွေကုန်ခံ၊ အညောင်းခံ၍ လုပ်ရပ်ကျမ်းတို့နှင့်အညီ ဖိုထိုးသည်။
ငွေကုန်၍ မယားဆူသည်။ ဆူစေတော့၊ ညောင်းညာ၍ ဒူလာစွဲသည်။ စွဲစေတော့။ သို့သော် ထိုအရာတို့သည် တခဏမျှသာ တည်း။
မကြာမီ နာအစရှိသော ဓာတ်မ ကိုးပါး၊ ကန့် ကျောက်ချဉ် အစရှိသော ဓာတ်ဖို တစ်ဆယ့်နှစ်ပါး တို့၏ သဘာဝကို မုချ သိမြင်၍ သိဒ္ဓိ ပေါက်သော် ပြဒါးရှင်လုံး ရတော့အံ့၊ မြန်မာ ဇာတ်ပွဲတို့တွင် ကောင်းကင်ပျံကာ၊ မြေလျှိုးကာနှင့် ရွှင်မြူး နေသော ဇော်ဂျီကို မြင်ဖူးကြသည် မဟုတ်လော။
ထွက်ရပ်လမ်း ပေါက်သော သူသည်လည်း ဝိဇ္ဇာဇော်ဂျီ အဖြစ်သို့ ကူးပြောင်းလေတော့အံ့။ ထိုအခါ၌ အဆိုပါ သိဒ္ဓိတို့ အပြင်၊ မမောမပန်းခြင်း၊ အမြဲနုပျိုခြင်း၊ ဘုရားတဆူနှင့် တဆူအကြား တိုင်အောင် အသက်ရှည်ခြင်း ဟူသော သိဒ္ဓိများ ရရှိတော့အံ့။
တရားတော်က သဗ္ဗေသင်္ခရာ အနိစ္စာဟု ဆိုသည်။ အဂ္ဂိရတ် အဘိုးအိုနှင့် မြို့သူ မိန်းမပျို တို့ကား မအိုရ၊ မနာရသည့် နည်းကို မမောမပန်း ရှာဖွေကြတုန်းပင် ဖြစ်လေသည်။ ။
(စာပေပညာရှင် စာရေးဆရာကြီး တိုက်စိုး ရေးသားခဲ့သည့် ဤ ရသစာတမ်းကို စာပေလောက စာအုပ်တိုက်က ၁၉၉၇ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေသော “ကံ့ကော်မြိုင်စာတန်း တတိယအကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၀၃ ခုနှစ် မေလ ၄ ရက် အသက် ၈၃ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)