ဉာဏ်တော်အမြင့် ၁၈ ပေခန့်ရှိ ဗုဒ္ဓရုပ်ပွားတော်များ၊ အင်္ဂတေဖြင့် အခိုင်အမာတည်ထားသော စေတီငယ်များနှင့် သုံးထပ် ကျောင်းဆောင်ကြီးတခုရှိရာ သာသနာ့နယ်မြေအတွင်း စေတီများမှ အကျိုးအပဲ့များ၊ အဆောက်အအုံ အပျက်အစီးများနှင့် သေနတ်ကျည်ခွံများ ပြန့်ကျဲနေသည်။
စေတီငယ်များ၏ လုံးတော်တွင်လည်း ကျည်ထိမှန်ရာများ ရှိနေသလို စေတီများ၏ အောက်၌လည်း လူ ၂ ယောက် နေနိုင် သည့် ဘန်ကာငယ်များ ဆောက်ထားသည့်အပြင် အုတ်နှစ်ချပ်ကို လှပ်၍ သေနတ်ပစ်ရန် အပေါက်ငယ်အဖြစ် ဖန်တီးထား သလို ဘန်ကာများအတွင်း မွေ့ရာ၊ ခြင်ထောင်နှင့် စစ်ကောင်စီတပ်သားများ အသုံးပြုသော ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ)ထုတ် ကျည်ဆန်နှင့်ကျည်ခွံများကိုလည်း တွေ့ရ၏။
ယင်းနေရာကား စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့သည့် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းက စစ်ရေးအရ အချက်အချာကျသော စခန်းကုန်းလုပ်ထားသည့် လက်ခတ် တောင်ဘုရားဝန်းရှိ သာသနာ့နယ်မြေ ဖြစ်သည်။
“အပြင်ပန်းကကြည့်ရင် ဘုရားစေတီလို့ ထင်ရပေမဲ့ အဲဒီစေတီတွေကို သူတို့က (စစ်ကောင်စီ) ဘန်ကာလိုအသုံးပြုပြီး အဲဒီ နေရာကနေ ခံတိုက်သွားတာ။ ပြီးမှ သူတို့ ဆုတ်ပြေးတာ” ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၆ ၏ ကော်ဘရာစစ်ကြောင်း (၁) မှ တပ်ဖွဲ့ဝင်တဦးက ဧရာဝတီကို ပြောသည်။
အဆိုပါ လက်ခတ်တောင်စခန်းကုန်းရှိရာ တောင်ကြောတခုလုံးကို ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ KNLA တပ်မဟာ ( ၆ )၊ ကော်ဘရာစစ်ကြောင်း ( ၁ )၊ ကျားသစ်နက်စစ်ကြောင်းနှင့် Federal Wings ဒရုန်းတပ်ဖွဲ့ ပါဝင်သည့် ပူးပေါင်းစစ်ကြောင်းက ၂၀၂၃ ဇူလိုင် ၂၁ ရက်၊ နံနက်အစောပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
ကရင်ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ထွက်ပေါ်လာသော မြေပြင်ရုပ်သံမှတ်တမ်းများနှင့် တိုက်ပွဲအတွင်း ပါဝင်ခဲ့သူများ၏ ပြောပြချက်အရ စစ်ကောင်စီတပ်သည် ဘန်ကာကဲ့သို့ အသုံးပြုနိုင်သော စေတီငယ်များကို စစ်ရေးအရ ရည်ရွယ်ချက်ရှိရှိ ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။
သမိုင်းတွင် ဘာသာရေးအရ မြန်မာတို့ အထွဋ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်ကြီးတွင် အင်္ဂလိပ်တို့က ၁၈၆၇ခုနှစ်တွင် ခံတပ်အခိုင်အမာဆောက်ကာ တပ်စွဲခဲ့ဖူးသလို ယနေ့ခေတ်တွင်လည်း အမျိုး၊ ဘာသာ၊ သာသနာဟု ကြွေးကြော်လေ့ ရှိ သည့် စစ်ကောင်စီတပ်များကလည်း ထိုသို့ပင် ဘာသာရေးအဆောက်အအုံများကို အကာကွယ်ယူကာ အခိုင်အမာတပ်စွဲ ထား ခြင်းဖြစ်သည်။
CDM ဗိုလ်ကြီး လင်းထက်အောင်က “ဘာသာရေးအဆောက်အအုံတွေမှာက အုတ်တံတိုင်းတွေ၊ နောက်ပြီး ထုထည်ခိုင်ခံ့ တဲ့ အဆောက်အအုံတွေဖြစ်တဲ့အတွက် တကယ်တမ်း သူတို့ကိုတိုက်ခိုက်လာလို့ရှိရင် ဒါတွေက သူတို့အတွက်ခံစစ်သဖွယ် ဖြစ်နေတာပေါ့။ အဲဒီအတွက် ဘာသာရေးကို ခုတုံးလုပ်ပြီး သူတို့ရဲ့လုံခြုံရေးကို ကာဗာယူလိုက်တာပဲ” ဟု သုံးသပ်ပြောဆို သည်။
ထို့ပြင် မြန်မာနိုင်ငံရှိ ဘာသာရေးအဆောက်အအုံများနှင့် ဘုရားစေတီများသည် အများအားဖြင့် တောင်ကုန်းမြင့်ပေါ်နှင့် ရွာအတွင်း အချက်အခြာကျသောနေရာများ၌ ရှိနေခြင်းကြောင့် စစ်ကောင်စီတပ်သည် ဘာသာရေးအဆောက်အအုံများ ကို စစ်ရေးရည်ရွယ်ချက်များဖြင့် ယခင်ကတည်းက အသုံးပြုလေ့ရှိကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက “ဘုရားစေတီတွေ၊ ဘုန်းကြီးကျောင်းတွေသည် ကျနော်တို့ ဗုဒ္ဓဘာသာလူမျိုးတွေအတွက် အထွဋ် အမြတ်ထားတဲ့ နေရာတွေဖြစ်တယ်။ အဲဒီတော့ လွယ်လင့်တကူ သူတို့ကို မတိုက်ခိုက်နိုင်ဘူး၊ ဘာမှမလုပ်နိုင်ဘူးဆိုတဲ့ အတွေးကလည်း သူတို့ဆီမှာ ရှိတယ်။ ဒါတွေကလည်း ဘုရားစေတီတွေ၊ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲရခြင်းရဲ့ အကြောင်းပြချက်တခု ဖြစ်တယ်” ဟု ဆိုသည်။
ဤ လက်ခတ်တောင် သာသနာနယ်မြေကို စစ်ကောင်စီက စစ်ရေးအတွက် အသုံးချခြင်းက ထင်ရှားသော သာဓကတခု ဖြစ်ပြီး အလားတူ ၂၀၁၈- ၁၉ ခုနှစ် ရခိုင်စစ်ပွဲပြင်းထန်နေချိန် ရှေးဟောင်းမြောက်ဦးမြို့ရှိ သင်းကျစ်တော်စေတီ၊ လင်းမြွေ တောင်ဘုရား၊ ကျောက်တော်မြို့မှ ကျောက်တော်တောင်စေတီ နှင့် မဟာမုနိဘုရား၊ မင်းပြားမြို့ ကျိန်းတောင်စေတီ အစ ရှိသော ဘုရား စေတီများတွင် စစ်တပ်က တပ်စွဲခဲ့သည်မှာ ယခုတိုင်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အခြေစိုက် သတင်း မီဒီယာများ၏ ပြီးခဲ့ သည့် ၂၀၂၃ ခုနှစ် မတ်လအတွင်းက သတင်းဖော်ပြထားချက်အရ သိရသည်။
အလားတူ အပြည်ပြည်ဆိုင်ရာဥပဒေပညာရှင်များကော်မရှင် (ICJ)မှ ယခုနှစ် ဇွန်လကုန်ပိုင်းက ထုတ်ပြန်သည့် “မြန်မာ တွင် အာဏာသိမ်းပြီးကတည်းက လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်များ ချိုးဖောက်ခံနေရ” အမည်ရှိ အစီရင်ခံစာ၌ စစ်ကောင်စီတပ်သည် ပြည်နယ်နှင့်တိုင်း ၁၂ ခုအတွင်းရှိ ဘာသာရေးအဆောက်အအုံပေါင်း ၁၁၀ ထက်မနည်းကို ဝင် ရောက်စခန်းချခြင်းနှင့် တပ်စခန်းများအဖြစ် အသုံးပြုခဲ့ကြောင်း ဖော်ပြထားသည်။
ထိုအရေအတွက်၏ ၉၀ ရာခိုင်နှုန်းခန့်မှာ ကျေးရွာများရှိ ဗုဒ္ဓဘာသာဘုန်ကြီးကျောင်းများဖြစ်ကြောင်း သိရသည်။
ထိုသို့ ဘာသာရေးအဆောက်အအုံများတွင် တပ်စွဲကာ ခံတပ်သဖွယ် အသုံးပြုလေ့ရှိသော စစ်ကောင်စီတပ်သည် တိုက်ပွဲ ကြောင့် ဘုရားပုထိုး၊ စေတီများ ပျက်စီးပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များကို ဘာသာရေးအစွန်းရောက်ဝါဒီများအဖြစ် ပုံဖော်ဝါဒဖြန့်ချိသေးသည်။
ကရင်ပြည်နယ် လက်ခတ်တောင်စခန်းကုန်းအား စစ်ကောင်စီတပ် လက်လွှတ်ဆုံးရှုံးရချိန်၌ ၎င်းတို့အားထောက်ခံသော လော်ဘီတချို့၏ တယ်လီဂရမ်ချန်နယ်နှင့် Facebook အကောင့်များ၌ “ဘာသာမဲ့ KNU/PDF သူပုန်တွေက လက်ခတ် တောင်ပေါ်မှာရှိတဲ့ ဘုရား၊ စေတီတွေကနေ ဌာပနာတွေ လိုက်လံဖောက်ထွင်းခိုးယူနေသည်” ဟူ၍ အမုန်းစကား အခြေခံ သော သတင်းအမှားများ ရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။
စစ်ကောင်စီက ထိုသို့ ဘုရားပုထိုး၊ စေတီများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို အသုံးပြုရခြင်းသည် ၎င်းတို့ အတွက် အကာအကွယ်ယူခြင်းအပြင် တော်လှန်ရေးအင်အားစုများဘက်မှ တိုက်ခိုက်ပါက အရပ်ဘက်ပစ်မှတ်များအား တိုက်ခိုက်သယောင် ပုံဖျက်ဝါဒဖြန့်ရန်အတွက် တမင်ရည်ရွယ်ထားခြင်းဖြစ်ကြောင်းလည်း CDM ဗိုလ်ကြီး ထက်မြက်က သုံးသပ်ပြောဆိုသည်။
၎င်းက “တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်တဲ့အခါ အခုလို အထွဋ်အမြတ်ထားတဲ့နေရာတွေတောင် မရှောင်ဘဲ တိုက် ခိုက်တယ်လို့ စွပ်စွဲပုံဖျက်တယ်။ ပြန်ပြီးပစ်ခတ်တဲ့အခါ အရပ်ဘက်ပစ်မှတ်တွေကို ပြန်ပစ်တာမျိုး၊ ထိခိုက်တာမျိုးဖြစ်လာရင် တော်လှန်ရေးတပ်ဖွဲ့တွေကြောင့်ဆိုပြီး အပြစ်ပုံချမယ်။ အခုနောက်ပိုင်း သူတို့ရဲ့လုပ်ရပ်တွေက တော်လှန်ရေးတပ်ဖွဲ့တွေကို ပုံဖျက်လွှဲချဖို့ရယ်၊ ဒေသခံပြည်သူတွေကို ဓားစာခံလုပ်ဖို့နဲ့ သူတို့အတွက် အဆင်ပြေအောင် နေထိုင်နိုင်စေဖို့ကို ရည်ရွယ် ကြတာပဲ ဖြစ်ပါတယ်” ဟု မှတ်ချက်ပြုသည်။
ဆက်လက်၍ ၎င်းက “အကြမ်းဖက်စစ်တပ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ ဘုရားတည်ကျောင်းဆောက် လုပ်နေပေမယ့် သူ့လက်အောက်က စစ်သားတွေကိုတော့ ဘုရားစေတီနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကို အကာကွယ်ယူပြီး စစ်တိုက်ခိုင်းနေတာကိုကြည့်ရင် အကြမ်းဖက်စစ်တပ်ရဲ့ ဘာသာရေးဆိုတာ ဟန်ပြသက်သက်ပဲ ဖြစ်တယ်” ဟု ဆိုသည်။
ထိုမျှသာမက စစ်ကောင်စီတပ်သည် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများကို ဒေသခံများနှင့် တော်ရေးအင်အားစုတပ်ဖွဲ့ဝင်များ အား ဖမ်းဆီးနှိပ်စက်ရာတွင် စစ်ကြောရေးစခန်းများအဖြစ်ပါ အသုံးချမှုများလည်း ရှိနေပြန်သည်။
၂၀၂၂ မေလ ၁၁ ရက်၌ ဖြစ်ပွားခဲ့သည့် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုန်တိုင်ပင်ကျေးရွာမှ ရွာသူရွာသား ၃၇ ဦး အစုလိုက် အသတ်ခံရမှုဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယင်းကျေးရွာ ဘုန်းကြီးကျောင်းဝင်းရှိ ကျောင်းဆောင်အောက်၌ ဒေသခံများအား လက်ပြန်ကြိုးတုပ်ဖမ်းဆီးပြီး မသတ်ဖြတ်မီ နှိပ်စက်ညှဉ်းပန်းမှုများ ပြုလုပ်ခဲ့သည်။
ထို့အတူ ၂၀၂၃ မတ်လ ၁၁ ရက်က ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နန်းနိမ်ကျေးရွာမှ အစု လိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ်တွင်လည်း နန်းနိမ်ဘုန်ကြီးကျောင်း၏ ပင်မအဆောက်အအုံ နံရံဘေးနား၌ပင် စစ်ကောင်စီတပ်က သံဃာ ၃ ပါး အပါအဝင် ဒေသခံ ၃၀ နီးပါးကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းဖြစ်စဉ်များသည် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ သာသနာ့နယ်မြေများကို သွေးချောင်းစီးကာ စိတ်မချမ်း မြေ့ဖွယ် အနိဋ္ဌာရုံများအဖြစ် ပြောင်းလဲလိုက်သော အာဏာသိမ်းစစ်ကောင်စီတပ်၏ လုပ်ရပ်တချို့ဖြစ်ပြီး ယင်းဖြစ်စဉ်များ သည် ၂၀၂၂ -၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျူးလွန်ခဲ့သည့် အဆိုးဝါးဆုံးသော လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများလည်း ဖြစ်သည်။
ထို့ပြင် အာဏာသိမ်းမှုဖြစ်သည့် ၂၀၂၁ မှ ယခု ၂၀၂၃ ဧပြီလထိ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း၊ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာရေး အဆောက်အအုံများအပါ သာသနိက အဆောက်အအုံပေါင်း ၂၀၀ နီးပါး တိုက်ခိုက်ဖျက်ဆီးခံထားရကြောင်း ICJ ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။
ICJ ၏ အစီရင်ခံစာအရ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း ၄၃ ကျောင်းကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး အတင်း အဓမ္မဝင်ရောက်ရှာဖွေမှုနှင့် စစ်ဆေးခြင်းများအပြင် ခရစ်ယာန်ဘုရားကျောင်း ၁၅ ခု၊ အစ္စလာမ်ဘာသာရေးဆိုင်ရာ နေရာ ၅ ခု နှင့် ဟိန္ဒူဘုရားကျောင်းတခုတို့ကိုလည်း ဝင်ရောက်စီးနင်းကာ ဘာသာရေးခေါင်းဆောင်များနှင့် ပြည်သူများအား မတရားဖမ်းဆီးမှုများရှိခဲ့ကြောင်း သိရသည်။
မြန်မာစစ်တပ်အနေဖြင့် လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းသော စစ်ကိုင်း၊ မကွေးတိုင်း၊ ချင်းနှင့် ကယား(ကရင်နီ) ပြည်နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ရာတွင်လည်း နေအိမ်များအပြင် ဘာသာရေးအဆောက်အအုံ များနှင့် ဘုရားစေတီပုထိုးများအား မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းနှင့် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ခြင်းများ ပြုလုပ်လေ့ရှိသည်။
ချင်းရေးရာအဖွဲ့ချုပ် (Institute of Chin Affairs) မှ လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွေဆန် (Salai Van Sui San) က “ဖျက်ဆီးခံလိုက်ရတဲ့အထဲမှာ ကျနော်တက်ခဲ့ဖူးတဲ့ ဘုရားကျောင်းသုံးလေးခု ပါသွားတယ်။ ကိုယ်ဘုရားဝတ်ပြုဖူး တဲ့နေရာကို ဖျက်ဆီးခံရတော့ စိတ်ထဲမှာ ပြောလို့မရတဲ့ခံစားချက်တမျိုးတော့ ဖြစ်သွားတယ်။ စစ်ကောင်စီက ပြည်သူတွေ လုံခြုံမှုပိုကင်းမဲ့အောင် ဘာသာရေးအဆောက်အအုံတွေကို တိုက်ခိုက်လာတာဖြစ်တယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ ဩဂုတ်လထိ စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်ခြင်းတို့ကြောင့် ချင်းပြည်နယ်အတွင်း ခရစ်ယာန်ဘာသာရေး အဆောက်အအုံပေါင်း ၈၅ လုံး ပျက်စီးခဲ့ကြောင်း ချင်း ရေးရာအဖွဲ့ချုပ်၏ အချက်အလက်များအရ သိရပြီး ယင်းမှာ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဘာသာရေးအဆောက် အအုံ အများဆုံးဖျက်ဆီးခံရသည့် ပြည်နယ်လည်း ဖြစ်သည်။
ဆလိုင်းဗန်ဆွေဆန်က “စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခရစ်ယာန်မှမဟုတ်ဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ ဘာသာပေါင်းစုံက ခံနေရတာ။ ဒါက ဘာကို သက်သေသွားပြလဲဆိုတော့ စစ်ကောင်စီက ပြည်သူလူထုရဲ့ဆန္ဒကို ဘယ်တော့မှ အလေးမထား ဘူး ဆိုတာပါပဲ” ဟု မှတ်ချက်ပြုသည်။
ထို့အတူ ယခုနှစ် ဇန်နဝါရီလအတွင်း၌ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်ရှိ ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ အများစုနေထိုင်ရာ ချမ်းသာရွာသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ဘာသာရေးအဆောက်အအုံများနှင့် နေအိမ်များ အား မီးရှို့ဖျက်ဆီးသွားသည့်အပြင် နှစ်ပေါင်း ၁၂၉ နှစ် သက်တမ်းရှိ ဒေသခံ ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ၏ မယ်တော်သခင်မ ဘုရားကျောင်းကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်။
စစ်ကိုင်းတိုင်း၊ မုံရွာသပိတ်ဦးဆောင်ကော်မတီဝင် မချောစုစံက “သူတို့(စစ်ကောင်စီ) ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာရဲ့ ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေကိုတောင် ကာကွယ်မစောင့်ရှောက်တာ တခြားဘာသာတွေဆိုရင်တော့ ကျနော်တို့ လုံးဝကို မထင်ဘူး။ ကျနော်တို့ အညာမှာဆိုရင် စစ်ကောင်စီတပ်က ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘာသာရေးအဆောက်အအုံ တွေကို ပစ်မှတ်ထားဖျက်ဆီးမှုတွေ အများအပြား မြင်တွေ့ရလိမ့်မယ်” ဟု ဆိုသည်။
အောက်ခြေစစ်သားများက ထိုသို့ ကျူးလွန်နေသည့်တိုင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များကမူ ဘုရားတည်၊ ထီးတင်နှင့် ဆရာတော်ကြီးများအား လှူတန်းပြ၊ ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ကာ ဘာသာရေးကို ရိုသေကိုင်းရှိုင်းပြီး အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်သူများအဖြစ် ပုံဖော်လျက်ရှိသည်။
ဆရာတော်မင်းသုည (ဗုဒ္ဓတက္ကသိုလ်)က “ဘာသာ၊ ဿသနာအတွက် ဘုရားကြီးတွေ ဘယ်လောက်ပဲတည်ပြတည်ပြ၊ ဘုန်းကြီးတွေကို သွားလှူပြလှူပြ ဒါတွေက အသုံးချမှုသက်သက်ပဲ။ ခုတုံးလုပ်တာပါပဲ။ သူတို့ဘာသာ အမျိုးဘာသာ၊ ဿသနာကို စောင့်ရှောက်ထိန်းသိမ်းပါတယ်လို့အော်အော် စစ်မိစ္စာတွေရဲ့လုပ်ရပ်ဟာ အမျိုးဘာသာ၊ သာသနာကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာပဲ” ဟု မိန့်ကြားသည်။
မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်ထားသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကြီး၏ ဂျီနီဗာ နိုင်ငံတကာသဘောတူစာချုပ် အရ ပဋိပက္ခဖြစ်ပွားရာဒေသများရှိ သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းများသည် ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ ပိုင်ဆိုင်မှုများကို လေးစားလိုက်နာရမည်ဖြစ်သလို ဘာသာရေး၊ ပညာရေး၊ သိပ္ပံနှင့် အနုပညာ အပါအဝင် သမိုင်းဝင်အထိမ်း အမှတ် အဆောက်အအုံများကို စစ်ရေးဆိုင်ရာ ရည်ရွယ်ချက်များဖြင့် အသုံးမချရန် ကန့်သတ်ထားသည်။
သို့သော် အာဏာသိမ်းစစ်ကောင်စီသည် ပြည်တွင်းစစ်ပဋိပက္ခများတွင် ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို စစ်ရေး ရည်ရွယ်ချက်များဖြင့် အသုံးပြုနေသလို မီးရှို့ခြင်း၊ တိုက်ခိုက်ဖျက်ဆီးခြင်းများကိုလည်း ယနေ့ထိတိုင် ဆက်လက်ပြုလုပ်နေ ဆဲဖြစ်ရာ မည်သည့်ဥပဒေ၊ ကျင့်ဝတ်ကိုမျှ လေးစားလိုက်နာမှု မရှိကြောင်း မီးမောင်းထိုးပြနေလေသည်။ ။
You may also like these stories:
မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများ ပိုမိုပြင်းထန်လာကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ ထုတ်ပြန်
မြန်မာစစ်တပ် အမျိုးသားရေးဝါဒီလား အရေခြုံလား
ဘာသာရေး အကြောင်းပြ စစ်ကောင်စီနှိပ်ကွပ်နေဟု သံဃာတော်များ မိန့်ကြား
လားရှိုးတွင် ခရစ်ယာန်ဘုရားကျောင်းကို ရဲအင်အားဖြင့် တံခါးများဖျက်၍ စီးနင်း