ကျားဖြန့်လို့ တရုတ်လိုခေါ်တဲ့ အွန်လိုင်းငွေကြေး လိမ်လည်တဲ့ လုပ်ငန်းတွေမှာ ပါဝင်တယ်ဆိုပြီး “ဝ” ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့(UWSA)က ထိပ်ပိုင်းအရာရှိ ၂ ဦးကို တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက အောက်တိုဘာ ၁၂ ရက်နေ့မှ ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။
ဝရမ်းအထုတ်ခံရသူတွေကတော့ ၀ ခေါင်းဆောင် ပေါက်ယူချန်းရဲ့ သားမက်ဟောင်း UWSA ရဲ့ မိုင်းလင်းခရိုင်မှူး ရှောက်ဟော် (ခေါ်) အိုက်ဟောက် (ခေါ်) ဟော်ချွင်ထင်နဲ့ ၀ တပ်ဖွဲ့ရဲ့ ၄၆၈ တပ်မှူးဟောင်း လက်ရှိ “ဝ” ပြည်နယ် အစိုးရ ဆောက်လုပ်ရေးဌာနမှူး ပေါက်အိုက်ပန်း (ခေါ်) ပေါက်ယန်ပန် (ခေါ်) ချန်ယန်ပန် တို့ဖြစ်ပါတယ်။
အသက် ၅၀ ကျော်အရွယ် သူတို့ ၂ ဦးဟာ ဝနယ်ထဲက ကာစီနိုရှိရာ နှစ်နေရာဖြစ်တဲ့ မိုင်းပေါက်နဲ့ ဝိန်းကော်မြို့တွေကို ထိန်းချုပ်ကြသူတွေ ဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ ဝဒေသက ဆက်သွယ်ရေးလိမ်လည်မှုဂိုဏ်းတွေရဲ့ အဓိက ခေါင်းဆောင် ၂ ဦးလို့ တရုတ် ရဲတပ်ဖွဲ့က ဖေါ်ပြပြီး သူတို့ကို တရားစီရင်ဖို့ လုံလောက်တဲ့ အထောက်အထားတွေရှိကြောင်း ပြောပါတယ်။ သတင်းပေးကူညီသူကို တရုတ်ယွမ် ၁ သိန်းကနေ ၅ သိန်းအထိ ပေးမယ်လို့ တရုတ်ရဲက ကြေညာပါတယ်။
သူတို့ ၂ ဦးထဲကမှ အိုက်ဟောက်ကို ရန်ကုန်စီးပွားရေးအသိုင်းအဝိုင်းနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက ကောင်းကောင်းမှတ်မိနေကြဦးမှာ ဖြစ်ပါတယ်။
၀ ခေါင်းဆောင် ပေါက်ယူချန်းရဲ့ သားမက်ဟောင်း အိုက်ဟောက်ဟာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)ခေတ် ငြိမ်းချမ်းရေးနဲ့လဲလှယ်တဲ့ ကာလက ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ ထောက်လှမ်းရေး အဖွဲ့တွေက မျက်နှာသာပေးခံထားရသူဖြစ်ပြီး၊ ရန်ကုန်မြို့ထိတိုင် တက်ရောက်တွင်ကျယ်ခဲ့သူပါ။
အိုက်ဟောက်ကို ရန်ကုန်စီးပွားရေးအသိုင်းအဝိုင်းနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက ကောင်းကောင်းမှတ်မိနေကြဦးမှာ ဖြစ်ပါတယ်။
အိုက်ဟောက်ဟာ အဲဒီတုန်းက အသက် ၃၀ခန့် အရွယ်ဖြစ်ပြီး ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ “ဝ” ဆက်ဆံရေးရုံး အကြီးအကဲ ဖြစ်ပါတယ်။ အိုက်ဟော့ဟာ အဲဒီအချိန် ဘိန်းဖြူနဲ့ မူးယစ်ဆေး မှောင်ခိုလုပ်ငန်း မကင်းဘူးလို့ သံသယ အကြီးအကျယ်ရှိတဲ့ UWSA အတွက် စစ်တပ်နဲ့ အပစ်ရပ်အပြီး မြန်မာပြည်တွင်း စီးပွားရေးလုပ်ငန်းတွေ ထူထောင်ပြီး ငွေကြေးခဝါချမှုတွေ လုပ်ဆောင်ပေးခဲ့သူလို့ စောင့်ကြည့်သူတွေက ပြောကြပါတယ်။ “သူဟာ UWSA ရဲ့ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ စစ်တပ် အကြီးတန်း အရာရှိတွေနဲ့ ချိတ်ဆက်မှုမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်” ဟု ရန်ကုန် စီးပွားရေး သတင်းရင်းမြစ် တခုက ဆိုပါတယ်။

အိုက်ဟောက်ဟာ ၂၀၁၀ ခုနှစ်မှာ သက်တမ်းတိုးပေးဖို့ ငြင်းခံရတဲ့ Yangon Airways ရဲ့ အဓိက ပိုင်ရှင်နဲ့ မန်နေဂျင်း ဒါရိုက်တာ ဖြစ်ပြီး နိုင်ငံတဝှမ်းမှာ ဟိုတယ်တွေကို ပိုင်တဲ့ တက်ခမ်းကုမ္ဗဏီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီဟာ ကျောက်မျက်လုပ်ငန်းနဲ့ ဆောက်လုပ်ရေးပရောဂျက်တွေလည်း လုပ်ခဲ့ပါတယ်။ သူ့ဟိုတယ်တွေဟာ ပြည့်တန်ဆာလုပ်ငန်းနဲ့လည်း ပတ်သက်တာ ကျော်ကြားပါတယ်။
အိုက်ဟောက်ဟာ ၂၀၀၃ ခုနှစ်မှာ မြန်မာပြည် ဘဏ်အကျပ်အတည်းဆိုက်သွားစေခဲ့တဲ့ မြန်မာမေဖလားဝါးဘဏ်မှာလည်း ရှယ်ယာ အတော်များများ ပိုင်ခဲ့သူပါ။
သူ့ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဖူးတဲ့ စစ်သားစာရေးဆရာ ဗိုလ်မှူးကြီးဟောင်း သောင်းဝေဦးရဲ့ အဆိုအရ စာမတတ် ပေမတတ်၊ ပေါက်ယူချန်း သားမက်ဖြစ်တာကြောင့် ငွေကို ရေလိုသုံးသူ၊ ထောက်လှမ်းရေးနဲ့ ရန်ကုန်မြို့ တော် စည်ပင်သာယာရေးအဖွဲ့ (YCDC) ရဲ့ အပြည့်အဝ ကျားကန် ပေးထားခံရသူလို့ ဆိုပါတယ်။
အိုက်ဟောက်ဟာ ၂၀၀၃ ခုနှစ်မှာ မြန်မာပြည် ဘဏ်အကျပ်အတည်းဆိုက်သွားစေခဲ့တဲ့ မြန်မာမေဖလားဝါးဘဏ်မှာလည်း ရှယ်ယာ အတော်များများ ပိုင်ခဲ့သူပါ။
သူဟာ ငွေကို လုံးဝ ဂရုမစိုက်၊ မရိုက်တတ် ရိုက်တတ်နဲ့ တချောင်း သိန်းဆယ်ချီ ပေးရတဲ့ အကောင်းဆုံး ဂေါက်ရိုက်တုတ်တွေကို ဝယ်ရိုက်၊ မကောင်းလို့ ဆိုပြီး အလကားတွေပေး၊ ဒီလို အပေးအကမ်း ရက်ရောတာကြောင့် မျက်နှာပန်း အလွန်ပွင့်ခဲ့ပြီး ပေါင်းသင်းချင်သူများကာ ထောက်လှမ်းရေးနဲ့ YCDC အရာရှိတွေက အိုက်ဟောက်အတွက် မိန်းမလိုချင် မိန်းမ အရက်လိုချင် အရက် စတာတွေကို ဖန်တီးပေးကြောင်း၊ အဲဒီခေတ်က အကြွေးတင်နေတဲ့ အကယ်ဒမီရ မင်းသမီးတဦးကိုပင် ငွေ ၆သိန်းနဲ့ အိုက်ဟောက်ထံ ဆက်သွယ်ပေးခဲ့ကြောင်း၊ အဲဒီငွေပမာဏဟာ အိုက်ဟောက်အတွက် ကလေးမုန့်ဖိုးပင်ဖြစ်ကြောင်း စာရေးဆရာ သောင်းဝေဦးရဲ့ မြန်မာနိုင်ငံ ထောက်လှမ်းရေးများ အကြောင်းမှာ ရေးထားပါတယ်။
ဒါပေမယ့် ၂၀၀၄ ခုနှစ် စစ်ထောက်လှမ်းရေးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ သူ့အင်ပါယာကို စစ်တပ်အတွင်းက အခြားစစ်ဗိုလ်ချုပ်ကြီးတွေက ဖယ်ရှားရှင်းလင်းအပြီး အိုက်ဟောက်နဲ့ ဝ စီးပွားရေး အရင်လို ထင်တိုင်းကြဲမရတော့ပါဘူး။

၂၀၀၉ ခုနှစ် ဇန်နဝါရီလမှာ ရန်ကုန်ဆိပ်ကမ်းကနေ စင်ကာပူထွက်မယ့် စင်ကာပူ အလံတင်သင်္ဘော Kota Tegap ပေါ်ကနေ ဘိန်းဖြူတန်ချိန် ၂၈ တန် တွေ့ခဲ့အပြီး အိုက်ဟောက်နဲ့ သူ့စီးပွားဘက်တွေကို စစ်တပ်က သံသယရှိလို့ ဖမ်းဆီးရာမှာ အိုက်ဟောက် UWSA နယ်ထဲ လွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီနောက်ကတည်းက လူမြင်ကွင်းက သူ ပျောက်ကွယ်နေရာက အခုမှ လူရှေ့ပြန်ရောက်လာခဲ့ပါတယ်။
မြန်မာနယ်စပ်အနီး လုပ်ကိုင်နေတဲ့ ငွေလိမ်ဂိုဏ်းများကို ဖြိုခွဲဖို့ တရုတ်အစိုးရက အရှိန်မြှင့် လုပ်ဆောင်နေစဉ် အခုလို ဝ အဆင့်မြင့်အရာရှိတွေကို ဖမ်းဝရမ်းတွေ ထုတ်လာတာပါ။
မြန်မာနယ်စပ်အနီး လုပ်ကိုင်နေတဲ့ ငွေလိမ်ဂိုဏ်းများကို ဖြိုခွဲဖို့ တရုတ်အစိုးရက အရှိန်မြှင့် လုပ်ဆောင်နေစဉ် အခုလို ဝ အဆင့်မြင့်အရာရှိတွေကို ဖမ်းဝရမ်းတွေ ထုတ်လာတာပါ။
ကျားဖြန့် (ခေါ်) အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို တိုက်ဖျက်ဖို့ တရုတ်အစိုးရဘက်က UWSA တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း “ဝ” ဒေသ ပန်ဆန်း(ပန်ခမ်း)၊ မိုင်းလင်းနဲ့ မိုင်းပေါက်မြို့နယ်တို့ အတွင်း ဖမ်းဆီးတွေ လုပ်ဆောင်ခဲ့ပြီး စက်တင်ဘာ ၆၊ ၇ ရက်တွေမှာ လူတထောင်ကျော် UWSA က တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပါသေးတယ်။
အခုလို UWSA အဆင့်မြင့်အရာရှိတွေကို တရုတ်ဘက်က ဝရမ်းထုတ်လာမှုအပေါ် ဘာဆက်လုပ်မလဲဆိုတာ သိရဖို့ UWSA ပြင်ပဆက်ဆံရေးတာဝန်ရှိသူ ဦးညီရန်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ “အသေးစိတ် မသိရသေးဘူး၊ အထက်ကို မေးထားတုန်းပဲ” လို့သာ ပြန်ပြောနိုင်ပါတယ်။
အောက်တိုဘာလထဲမှာပဲ တရုတ်အစိုးရဟာ မြန်မာနိုင်ငံ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ထင်ရှားတဲ့ စီးပွားရေးသမားနဲ့ အရာရှိ ၁၁ ဦး ယူနန်ပြည်နယ်၊ လင်ချန်း ကုန်စည်ပြပွဲ တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပြီး အလာမှာ ဖမ်းဆီးခဲ့ပါတယ်။ ဘာ့ကြောင့်ဆိုတာ တရုတ်ဘက်က တရားဝင် ထုတ်မပြောပေမယ့် အွန်လိုင်း ငွေကြေး လိမ်လည်မှုတွေနဲ့ ပတ်သက်မယ်လို့ ယူဆနေကြပါတယ်။
You may also like these stories:
ကိုးကန့်ထိပ်သီးလုပ်ငန်းရှင်များ တရုတ်ဖမ်းထား
အွန်လိုင်းငွေလိမ်သူများ ရန်ကုန်တွင် ရုံးခန်းများဖွင့်လာ
“ဝ” ဒေသရှိ အွန်လိုင်းလိမ်လည်နေသူ ၁၀၀၀ ကျော်ကို တရုတ်ရဲလက်အပ်
တရုတ်ရာဇဝတ်ဂိုဏ်းတွေကို စစ်ကောင်စီ တကယ်တိုက်ဖျက်မှာလား
တရုတ်ရာဇဝတ်ဂိုဏ်းများ ထိုင်း-မြန်မာနယ်စပ်ကို ထိန်းချုပ်ထား