• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အစ္စရေး- ဟားမတ်စ် စစ်ပွဲအကြောင်း သိကောင်းစရာ

by ဧရာဝတီ
17 October 2023
in ဆောင်းပါး
A A
အစ္စရေး- ဟားမတ်စ် စစ်ပွဲအကြောင်း သိကောင်းစရာ

ဂါဇာရှိ ပါလက်စတိုင်း ဂျာဘာလီရာ စခန်းအား အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှု မြင်ကွင်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်က တွေ့ရစဉ် / AFP

5.3k
VIEWS
Share on FacebookShare on Twitter

ယခင် ရက်သတ္တပတ်ကုန်က လူ ၁,၄၀၀ သေဆုံးသည့် ဟားမတ်စ်အဖွဲ့၏ တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့် အနေဖြင့် ဂါဇာကမ်းမြှောင်ဒေသကို လေကြောင်းမှ ဆက်လက် တိုက်ခိုက်နေစဉ် ဂါဇာမြို့တော်မှ အရပ်သားအားလုံး တောင်ပိုင်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အစ္စရေးက ပြောကြားထားသည်။

ထိုသို့ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရာတွင် မြောက်ပိုင်းမှ လူ ၁ ဒသမ ၁ သန်းကျော်သည် အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှုများ အကြားမှ ပိတ်ဆို့ခံထားရသော ဒေသတောင်ပိုင်းသို့ ရွှေ့ပြောင်းရမည် ဖြစ်သည်။ ထိုသို့ ရွှေ့ပြောင်းခိုင်းခြင်းသည် လွန်စွာ အန္တရာယ်များပြီး မဖြစ်နိုင်သည့် ကိစ္စဖြစ်သည်ဟု ကုလသမဂ္ဂက ပြောသည်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
12.4k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
3.1k
မြိတ်မြို့

မြိတ်မြို့

11 May 2025
581

အစ္စရေး စစ်လေယာဉ်များသည် ဂါဇာကို အပြင်းအထန် တိုက်ခိုက်နေသည်မှာ တပတ်ကြာပြီဖြစ်ပြီး ကျောင်းများနှင့် ဗလီများအပါအဝင် ရပ်ကွက်လုံးကျွတ် ဖျက်ဆီးပစ်သည်။ အစ္စရေးက ၎င်းတို့သည် ဟားမတ်စ် ပစ်မှတ်များကို တိုက်ခိုက်ခြင်းဖြစ်ကြောင်းနှင့် ထိုအဖွဲ့သည် အရပ်သားများကို လူသားဒိုင်းအဖြစ် သုံးနေကြောင်း ပြောသည်။

အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဂါဇာတွင် လူအနည်းဆုံး ၂,၆၇၀ ဦးသေဆုံးပြီး အခြားသူ ၉,၆၀၀ ကျော် ဒဏ်ရာရသည်။ ဂါဇာမှ ပါလက်စတိုင်း ၁ သန်းနီးပါး နေအိမ်များကို စွန့်ခွာထွက်ပြေးရသည်ဟု ကုလသမဂ္ဂက ပြောသည်။

အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဂါဇာတွင် လူအနည်းဆုံး ၂,၆၇၀ ဦးသေဆုံးပြီး အခြားသူ ၉,၆၀၀ ကျော် ဒဏ်ရာရသည်။ ဂါဇာမှ ပါလက်စတိုင်း ၁ သန်းနီးပါး နေအိမ်များကို စွန့်ခွာထွက်ပြေးရသည်ဟု ကုလသမဂ္ဂက ပြောသည်။

လက်ရှိအနေဖြင့် သိထားသည့် အချက်များ

မည်သည်တို့ ဖြစ်ပျက်သနည်း

ဂါဇာမှ စစ်သွေးကြွများသည် အောက်တိုဘာလ ၇ ရက်နေ့တွင် ဒုံးကျည်ထောင်ပေါင်းများစွာကို အစ္စရေးမြို့များသို့ ပစ်ခတ်ပြီးနောက် အခိုင်အမာ တည်ဆောက်ထားသည့် အစ္စရေးနယ်စပ် စည်းရိုးကို ချိုးဖောက်ကာ အစ္စရေးပိုင်နက် အတွင်းပိုင်းသို့ စစ်သွေးကြွများကို စေလွှတ်လိုက်သည်။ အစ္စရေးပိုင်နက်အတွင်း ဟားမတ်စ် သေနတ်သမားများသည် အရပ်သားများနှင့် စစ်သားများ အပါအဝင် လူပေါင်း ၁,၄၀၀ ကျော်ကို သတ်ဖြတ်ပြီး ဓားစာခံ ၁၅၀ ခန့်အထိ ဖမ်းဆီးထားသည်ဟု အစ္စရေး အာဏာပိုင်များက ပြောသည်။

၁၉၄၈ ခုနှစ် အာရပ်-အစ္စရေးစစ်ပွဲ နောက်ပိုင်း ၎င်းတို့ပိုင်နက်တွင် ရန်သူနှင့် လမ်းပေါ်တိုက်ပွဲများ မရင်ဆိုင်ရတော့သောကြောင့် ထိုတိုက်ခိုက်မှုများ ယခင်မကြုံဖူးသည့် နည်းဗျူဟာနှင့် အတိုင်းအတာ ဖြစ်သည်။ အရပ်သား အများအပြား သေဆုံးသည့် ယခုလောက် ကြီးမားသော အကြမ်းဖက် တိုက်ခိုက်မှုမျိုးကိုလည်း အစ္စရေး မကြုံဖူးပေ။ ဟားမတ်စ်သည် အစ္စရေးများကို ယခင်က ပြန်ပေးဆွဲခဲ့ဖူးသော်လည်း တကြိမ်တည်းတွင် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အပါအဝင် ထိုမျှများပြားသော လူများကို ဓားစာခံအဖြစ် အဖမ်းမခံရဖူးပေ။

ထိုသို့ တိုက်ခိုက်မှုပြုလုပ်ရန် နှစ်နှစ်အချိန်ယူခဲ့ကြောင်း လက်ဘနွန်မှ ဝါရင့် ဟားမတ်စ်အရာရှိတဦးက ရုရှားနိုင်ငံ ကျောထောက်နောက်ခံပြု သတင်းဌာနတခုသို့ ပြောသည်။

ဂါဇာပြ မြေပုံ / IDF / CNN

ဟားမတ်စ်က ထိုတိုက်ခိုက်မှုကို “အယ်လ်အက်ဆာ မုန်တိုင်း” စစ်ဆင်ရေးဟုခေါ်ပြီး အစ္စရေးက အမျိုးသမီးများကို တိုက်ခိုက်ခြင်း၊ အယ်လ်အက်ဆာ ဗလီကို စော်ကားဖျက်ဆီးခြင်းနှင့် ဂါဇာကို ဆက်လက် ပိတ်ဆို့ထားခြင်းတို့ကြောင့် တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောသည်။

အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှု နောက်ပိုင်းတွင် အစ္စရေးနိုင်ငံတွင်းမှ ဟားမတ်စ် တိုက်ခိုက်ရေးသမား ၁,၅၀၀ ခန့်၏ အလောင်းများကို ပြန်လည် ရယူခဲ့ကြောင်းလည်း ၎င်းတို့ပြောသည်။

အစ္စရေး၏ တုံ့ပြန်မှု

ထိုတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက စစ်ကြေညာပြီး “သံဓားများစစ်ဆင်ရေး” (Operation Swords of Iron) ပြုလုပ်ကာ ဂါဇာမှ ဟားမတ်စ်နှင့် အစ္စလမ်မစ် ဂျီဟတ် ပစ်မှတ်များ ဖြစ်သည်ဆိုသည့် နေရာများကို တိုက်ခိုက်သည်။ ဂါဇာမှ ပြည်သူများအတွက် လောင်စာနှင့် ရေ အပါအဝင် အခြေခံ လိုအပ်သည့် ပစ္စည်းများကိုလည်း ပိတ်ဆို့ထားသည်။

အောက်တိုဘာလ ၇ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း အစ္စရေးက လူနေသိပ်သည်းသော ထိုဒေသသို့ ဗုံးပေါင်း ၆,၀၀၀ ကျော် ကြဲချပြီး ထိုအရေအတွက်သည် ၂၀၁၄ ခုနှစ်က ရက်ပေါင်း ၅၀ ကြာ ဂါဇာ-အစ္စရေး ပဋိပက္ခအတွင်းက လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း အရေအတွက်နှင့် တူညီသည်။

ဂါဇာကို အစ္စရေး လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူများ၏ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းသည် ကလေးငယ်များဖြစ်သည်ဟု ဗြိတိန်-ပါလက်စတိုင်း ဆရာဝန် ဂါဆန် အဘူ စစ်တားက CNN မှ ခရစ်တီယန်း အမန်ပေါသို့ အောက်တိုဘာ ၁၂ ရက်နေ့တွင် ပြောသည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ဂါဇာမှ အရပ်သားများအနေဖြင့် ၎င်းတို့ ဘေးအန္တရာယ် ကင်းရေးအတွက် လူနေရပ်ကွက်များမှ ချက်ချင်း ထွက်ခွာရန် ပြောသော်လည်း သွားရောက်ရန် ဘေးအန္တရာယ်ကင်းသော နေရာမရှိကြောင်း အချို့က ပြောသည်။ ဂါဇာမှ ထွက်ခွာသည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားသည်။

ဂါဇာကို အစ္စရေး လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူများ၏ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းသည် ကလေးငယ်များဖြစ်သည်

လျှပ်စစ်ဓာတ်အား၊ အစားအစာ၊ လောင်စာနှင့် ရေ ဖြတ်တောက်ပြီး ဂါဇာကို လုံးဝ ပိတ်ဆို့ထားရန် အမိန့်ပေးထားကြောင်း အောက်တိုဘာ ၉ ရက်နေ့တွင် အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက် ဂဲလန့်က ကြေညာသည်။ စွမ်းအင်ဝန်ကြီး အစ္စရေး ကက်ဇ်ကလည်း ဟားမတ်စ်က ဓားစာခံ ဖမ်းထားသူများကို လွှတ်ပေးသည်အထိ ထောက်ပံ့မှုများ ဖြတ်တောက်ထားမည်ဟု ပြောသည်။

အစ္စရေးနိုင်ငံသည် အောက်တိုဘာလ ၁၁ ရက်နေ့တွင် အရေးပေါ်အစိုးရတခုဖွဲ့ပြီး စစ်စီမံခန့်ခွဲမှုဝန်ကြီးအဖွဲ့ ထူထောင်သည်။

ဂါဇာဘက်သို့ အမြောက်ကြီးများဖြင့် ပစ်ခတ်နေသော အစ္စရေးစစ်သားများ/ AFP

အောက်တိုဘာလ ၁၃ ရက်နေ့တွင် အစ္စရေးစစ်တပ်က ဂါဇာမြောက်ပိုင်းမှ ပြည်သူ ၁ ဒသမ ၁ သန်းကို နေအိမ်များမှ ဘေးလွတ်ရာသို့ ချက်ချင်း ထွက်သွားရန် ပြောသည်။

ဂါဇာမြို့တော် တောင်ပိုင်းမှ အရပ်သားများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းသည့် လမ်းကြောင်းများအနက် တခုတွင် အကြီးအကျယ် ပေါက်ကွဲမှုဖြစ်သည့် ဗီဒီယို ငါးခုကို CNN က ပထဝီအရ တည်နေရာရှာ အတည်ပြုနိုင်ခဲ့သည်။

ထို ဗီဒီယိုများတွင် အကြီးအကျယ် ပျက်စီးသည့် မြင်ကွင်းနှင့် အလောင်းများစွာကို ပြသထားသည်။ အချို့အလောင်းများအနက် အချို့သည် ဂါဇာမြို့မှ ထွက်ခွာသည့် လူများကို သယ်ဆောင်လာပုံရသော အမိုးဖွင့် ကားနောက်တွဲပေါ်တွင် သေဆုံးနေသည့် အလောင်းများ ဖြစ်သည်။ ထိုအလောင်းများတွင် ကလေးငယ် အများအပြားလည်း ပါဝင်သည်။ အကြီးအကျယ် ပျက်စီးလောင်ကျွမ်းနေသည့် ကားအများအပြားကိုလည်း တွေ့ရသည်။

ထိုသို့ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးမှုကို မည်သည်က ဖြစ်စေခဲ့သည်ကို ရှင်းလင်းစွာ မသိရသေးပေ။ ထိုပေါက်ကွဲမှုသည် အောက်တိုဘာ ၁၃ ရက်နေ့ မွန်းလွဲချိန်တွင် ဆာလာ အယ်လ်ဒီးန် လမ်းတွင် ဖြစ်ပွားခြင်း ဖြစ်သည်။

ဆာလာ အယ်လ်ဒီးန် လမ်းမှ ယာဉ်တန်းကို အစ္စရေး စစ်တပ်က တိုက်ခိုက်ခြင်း မရှိကြောင်း အစ္စရေး IDF ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီး ပီတာ လာနာက အောက်တိုဘာလ ၁၅ ရက်နေ့က CNN သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာတွင် ပြောသည်။

ဂါဇာ၏ လက်ရှိအခြေအနေ

ထိုဒေသကို အစ္စရေး ပိတ်ဆို့မှု တင်းကျပ်လာသောကြောင့် ပြည်သူများ အငတ်ဘေး ရင်ဆိုင်ရမည့် သတိပေးချက်များအကြား ဂါဇာမှ လူသားချင်းစာနာမှု အကျပ်အတည်းသည် အလျင်အမြန် ဆိုးရွားလာနေသည်။

ဂါဇာကမ်းမြှောင်ဒေသသည် ကမ္ဘာတွင် လူဦးရေ အသိပ်သည်းဆုံး ဒေသများအနက်တခုဖြစ်ပြီး လူဦးရေ ၂ သန်းခန့်သည် စတုရန်းကီလိုမီတာ ၁၄၀ မိုင်သာရှိသောနယ်မြေတွင် ကျပ်သိပ်စွာ နေထိုင်ရသည်။ ထိုဒေသသည် အီဂျစ်နိုင်ငံ အနောက်ပိုင်းနယ်စပ်တွင် တည်ရှိပြီး ဟားမတ်စ်က ၂၀၀၇ ခုနှစ်တွင် ထိန်းချုပ်လိုက်ချိန်မှ စတင် ပိတ်ဆို့ခံထားရသည်။

ဂါဇာကမ်းမြှောင်ဒေသသည် ကမ္ဘာတွင် လူဦးရေ အသိပ်သည်းဆုံး ဒေသများအနက်တခုဖြစ်ပြီး လူဦးရေ ၂ သန်းခန့်သည် စတုရန်းကီလိုမီတာ ၁၄၀ မိုင်သာရှိသောနယ်မြေတွင် ကျပ်သိပ်စွာ နေထိုင်ရသည်။

ထိုဒေသကို အစ္စရေးက လေကြောင်း၊ ရေကြောင်းနှင့် ကုန်းလမ်းမှ ပိတ်ဆို့မှုနှင့် အီဂျစ်နယ်စပ် ပိတ်ဆို့မှု ယနေ့တိုင် ရှိနေသေးသည်။

ထိုဒေသမှ တခုတည်းသော လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် အောက်တိုဘာ ၁၁ ရက်နေ့တွင် ရပ်ဆိုင်းသွားသည်။ ဆေးရုံများတွင် လောင်စာကုန်ခန်းတော့မည်ဟု မျှော်လင့်ရပြီး ကပ်ဆိုး အခြေအနေ ကျရောက်စေမည်ဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာက သတိပေးသည်။ ဆေးရုံများသည် ပြိုလဲမည့် အခြေအနေ ရောက်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သတိပေးသည်။

ဂါဇာမှ ဆေးရုံများ လျှပ်စစ်ဓာတ်အား မရပါက လူသေများကို ထားသည့်နေရာများ ဖြစ်သွားနိုင်ကြောင်း နိုင်ငံတကာကြက်ခြေနီ ကော်မတီ (ICRC) က အောက်တိုဘာ ၁၂ ရက်နေ့တွင် ပြောသည်။ လေကြောင်းတိုက်ခိုက်မှုများသည် ပညာရေး အဆောက်အအုံ အနည်းဆုံး ၈၈ ခုကို ထိမှန်ပြီး ကုလသမဂ္ဂဝန်ထမ်း ၁၂ ဦး သေဆုံးကြောင်း ကုလသမဂ္ဂက ပြောသည်။

ဂါဇာမြို့ အပျက်အဆီးများကြားက ပါလက်စတိုင်းမိသားစုတစု/AFP

ဂါဇာဒေသမှ လူဦးရေ ထက်ဝက်ကို တောင်ပိုင်းသို့ ပြောင်းရွှေ့ရန် အစ္စရေးက ပြောကြားပြီးနောက် အရပ်သားများကို ရွှေ့ပြောင်းပေးရန် ဘေးကင်းသည့် နေရာမရှိသောကြောင့် လူသားချင်းစာနာမှု ကပ်ဆိုးဆိုက်မည်ဖြစ်ကြောင်း ပါလက်စတိုင်း လခြမ်းနီအသင်းက ပြောသည်။ ထိုသို့ အစ္စရေးက အရပ်သားများကို ရွှေ့ပြောင်းခိုင်းခြင်းသည် တုန်လှုပ်စရာကောင်းပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်ရသည်ဟုလည်း ထိုအဖွဲ့က ပြောသည်။

တချိန်တည်းတွင် လူ့အခွင့်အရေး အဖွဲ့များကလည်း ဂါဇာတွင် အစ္စရေးက ကျူးလွန်နိုင်ဖွယ်ရှိသည့် စစ်ရာဇဝတ်မှုများကို သတိပေးနေသည်။ ဟားမတ်စ်၏ အကြမ်းဖက် ရက်စက်မှုများအတွက် အရပ်သားများကို သိမ်းကြုံးဒဏ်ခတ်ခြင်းသည် စစ်ရာဇဝတ်မှု မြောက်သည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ပြောကြားပြီး ထိုဒေသကို ပိတ်ဆို့မှု ချက်ချင်းရပ်ရန် အောက်တိုဘာ ၁၃ ရက်နေ့တွင် တောင်းဆိုသည်။

ဂါဇာနှင့် ဆက်သွယ်ထားသည့် လမ်းကြောင်း နှစ်ခုကို အစ္စရေးက ပိတ်လိုက်ချိန်မှ စတင်ပြီး ပါလက်စတိုင်းများ သို့မဟုတ် အကူအညီများ ထိုဒေသသို့ရောက်ရန် တခုတည်းသော စင်္ကြံမှာ တောင်ပိုင်းနှင့် အီဂျစ်ကို ဆက်သွယ်ထားသည့် ရာဖာလမ်းကြောင်းတခုသာ ရှိတော့သည်။ သို့သော် ထိုလမ်းကြောင်းကို ဖွင့်ထား၊ မထား ရှင်းလင်းစွာ မသိရပေ။

ထိုလမ်းကြောင်းကို ဖွင့်ထားသော်လည်း ဂါဇာဘက်မှ လမ်းများကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ထိုလမ်းများကို အသုံးမပြုနိုင်တော့ကြောင်း အီဂျစ် နိုင်ငံခြားရေးဝန်ကြီး ဆမာ ရှိုခရီက ပြောသည်။

ဂျော်ဒန်၊ တူရကီ၊ အာရပ်စော်ဘွားများနိုင်ငံ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကြက်ခြေနီမှ အကူအညီပေးရေး လေယာဉ်များ အီဂျစ်သို့ ရောက်လာကြသော်လည်း ထိုအကူအညီများသည် အီဂျစ်နယ်စပ်ကို မဖြတ်ကျော်နိုင်သေးပေ။ အီဂျစ်နိုင်ငံသည် လူသားချင်းစာနာမှု အကူအညီများ ဂါဇာသို့ ရောက်ရှိရေး ကြိုးစားနေသော်လည်း စနစ်တကျ ခွင့်ပြုချက်မရသေးကြောင်း ဝန်ကြီး ရှိုခရီက ပြောသည်။

ဂျော်ဒန်၊ တူရကီ၊ အာရပ်စော်ဘွားများနိုင်ငံ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကြက်ခြေနီမှ အကူအညီပေးရေး လေယာဉ်များ အီဂျစ်သို့ ရောက်လာကြသော်လည်း ထိုအကူအညီများသည် အီဂျစ်နယ်စပ်ကို မဖြတ်ကျော်နိုင်သေးပေ။

လွန်ခဲ့သော ၂၄ နာရီအတွင်း အစ္စရေးက လေကြောင်းမှ သိမ်းကြုံးပစ်ခတ်မှုများကြောင့် အစ္စရေး ဓားစာခံ ၁၃ ဦး သေဆုံးကြောင်း ဟားမတ်စ်က အောက်တိုဘာ ၁၃ ရက်နေ့တွင် ကြေညာသည်။ ထိုပြောဆိုချက်ကို ၎င်းတို့အနေဖြင့် အတည်မပြုနိုင်သလို ပယ်လည်း မပယ်ချနိုင်ကြောင်း အစ္စရေး IDF က ပြောသည်။

ဟားမတ်စ်အဖွဲ့က ဂါဇာဒေသခံများအနေဖြင့် နေအိမ်များကို မစွန့်ခွာရန်ပြောကြားပြီး အစ္စရေးသည် ပါလက်စတိုင်း အရပ်သားများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ တောင်ပိုင်းသို့ ရွှေ့ပြောင်းရန် ပြောကြားပြီး စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေသည်ဟု သတိပေးသည်။ “နေရပ်စွန့်ခွာတာ၊ အဝေးကို ရွှေ့ပြောင်းတာ ကျနော်တို့နဲ့ မဆိုင်ဘူး” ဟု ဟားမတ်စ်က ပြောသည်။

ဂါဇာရှိ ၎င်းတို့၏ ဗဟိုလုပ်ငန်းဌာနနှင့် နိုင်ငံတကာဝန်ထမ်းများကို တောင်ပိုင်းသို့ ပြောင်းရွှေ့ထားပြီးဖြစ်ကြောင်း ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများအေဂျင်စီ (UNRWA) က အောက်တိုဘာ ၁၃ ရက်နေ့တွင် ပြောသည်။

ဟားမတ်စ် ဆိုသည်မှာ

ဟားမတ်စ် ဆိုသည်မှာ တပ်ဖွဲ့တဖွဲ့ ပိုင်ဆိုင်သည့် ၁၉၈၇ ခုနှစ်တွင် ပေါ်ပေါက်လာသော အစ္စလမ်မစ် အဖွဲ့အစည်းဖြစ်ပြီး ၁၉၂၀ ပြည့်နှစ်များနှောင်းပိုင်းက အီဂျစ်တွင် တည်ထောင်သည့် ဆွန်နီ အစ္စလမ်မစ် အဖွဲ့ဖြစ်သည့် မွတ်ဆလင် ညီအစ်ကိုများအဖွဲ့မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ပါလက်စတိုင်းအုပ်စုနှင့် နိုင်ငံရေးပါတီ အများစုကဲ့သို့ပင် ထိုအုပ်စုက အစ္စရေး သိမ်းပိုက်သော နိုင်ငံဖြစ်ပြီး ၎င်းတို့သည် ပါလက်စတိုင်းပိုင်နက်များ လွတ်မြောက်ရေး ကြိုးစားနေသည်ဟု ပြောသည်။ အစ္စရေးသည် တရားမဝင်သော နိုင်ငံဖြစ်ပြီး အစ္စရေးနိုင်ငံ ကျဆုံးရေးကို တောင်းဆိုသည်။

ပါလက်စတိုင်းအဖွဲ့အချို့နှင့် မတူသောအချက်မှာ ဟားမတ်စ်က အစ္စရေးနှင့် ဆက်ဆံရန် ငြင်းဆန်ခြင်း ဖြစ်သည်။ ဟားမတ်စ်သည် ၁၉၉၃ ခုနှစ်တွင် အော်စလို စာချုပ်ကို ဆန့်ကျင်သည်။ အော်စလို စာချုပ်သည် အစ္စရေးနှင့် ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ (PLO) တို့အကြား သဘောတူစာချုပ် ဖြစ်ပြီး အစ္စရေးနှင့်အတူ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးအတွက် PLO က အစ္စရေးကို လက်နက်ကိုင်ခုခံမှု စွန့်လွှတ်ရသည်။ ထိုစာချုပ်အရ အစ္စရေးက သိမ်းပိုက်ထားသည့် အနောက်ဘက် ကမ်းခြေဒေသတွင် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) ထူထောင်ခွင့်ရသည်။

ဟားမတ်စ်က ၎င်းတို့သည် PA နှင့် စင်ပြိုင်အဖွဲ့အဖြစ် ပုံဖော်သည်။ PA သည် အစ္စရေးကို အသိအမှတ်ပြုပြီး မအောင်မြင်သော ငြိမ်းချမ်းရေးအစီအစဉ် အများအပြားကို အစ္စရေးနှင့်အတူ လုပ်ဆောင်သည်။ နှစ်ပေါင်းများစွာအတွင်း ပါလက်စတိုင်းများအကြား အယုံအကြည် ကင်းမဲ့လာသည့် PA ကို သမ္မတ မာမွတ် အဘတ်စ်က ဦးဆောင်သည်။

ဟားမတ်စ်အဖွဲ့သည် နှစ်ပေါင်းများစွာအတွင်း အစ္စရေးအပေါ် တိုက်ခိုက်မှု အများအပြား ပြုလုပ်ပြီး ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် အစ္စရေးတို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည်။ ၎င်း၏ အကြီးမားဆုံး ရန်သူဖြစ်သော အီရန်က ဟားမတ်စ်ကို ထောက်ခံသည်ဟု အစ္စရေးက စွပ်စွဲသည်။

ဟားမတ်စ်အဖွဲ့သည် နှစ်ပေါင်းများစွာအတွင်း အစ္စရေးအပေါ် တိုက်ခိုက်မှု အများအပြား ပြုလုပ်ပြီး ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် အစ္စရေးတို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည်။

ဟားမတ်စ်သည် အစ္စရေး၊ အီဂျစ်တို့နှင့် ကုန်းနယ်နိမိတ်ထိစပ်နေသည့် ကမ်းမြှောင်ဒေသ ဂါဇာကို အုပ်ချုပ်သည်။ ထိုဒေသသည် လွန်ခဲ့သော နှစ်ပေါင်း ၇၀ အတွင်း အကြိမ်ကြိမ် လက်ပြောင်းလက်လွှဲ အလုပ်ခံရသည်။ ထိုဒေသတွင်နေထိုင်သူ အများစုမှာ ယခု အစ္စရေးနိုင်ငံဖြစ်နေသည့် ဒေသများမှ ၁၉၄၈ ခုနှစ်တွင် မောင်းထုတ်ခံရသည့် ဒုက္ခသည်များမှ ဆင်းသက်လာသူများ ဖြစ်သည်။

လက်ရှိအခြေအနေကို မည်သို့ရောက်လာသနည်း

အစ္စရေးနှင့် ပါလက်စတိုင်းများအကြား တင်းမာမှုများသည် ၁၉၄၈ ခုနှစ်တွင် အစ္စရေးနိုင်ငံ မထူထောင်မီကပင် ရှိနေသည်။ ဆယ်စုနှစ်များစွာအတွင်း နှစ်ဖက်လုံးမှ လူထောင်ပေါင်းများစွာ သတ်ဖြတ်ခံရပြီး ထို့ထက် ပိုမိုများပြားသောသူများ ဒဏ်ရာရကြသည်။

အကြမ်းဖက်မှုသည် ယခုနှစ်တွင် အပြင်းထန်ဆုံး ဖြစ်သည်။ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းခြေ ဒေသတွင် အစ္စရေးတပ်များ၏ သတ်ဖြတ်ခြင်းခံရသည့် ပါလက်စတိုင်း အရပ်သားနှင့် စစ်သွေးကြွ အရေအတွက်သည် ဆယ်စုနှစ် နှစ်ခုနီးပါးအတွင်း အမြင့်မားဆုံး ဖြစ်လာသည်။ ပါလက်စတိုင်းဘက်က တိုက်ခိုက်မှုများကြောင့် သေဆုံးရသည့် အစ္စရေးနှင့် နိုင်ငံခြားသား အရပ်သား အရေအတွက်သည်လည်း ယခုနှစ်တွင် အလားတူ အမြင့်မားဆုံး ဖြစ်လာသည်။

အစ္စရေးသည် ၁၉၆၇ ခုနှစ် စစ်ပွဲတွင် ဂါဇာကို အီဂျစ်ထံမှ သိမ်းယူပြီး ၂၀၀၅ ခုနှစ်တွင် တပ်များနှင့် အခြေချနေထိုင်သူများ ဆုတ်ခွာသည်။ ပါလက်စတိုင်း ၂ သန်းခန့်ရှိသော ထိုနယ်မြေကို ဟားမတ်စ်က ဖာတာအဖွဲ့နှင့် ခဏတာ စစ်ဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် သိမ်းယူသည်။ ပြိုင်ဘက် ပါလက်စတိုင်းအုပ်စုဖြစ်သော ဖာတာသည် PA ၏ ကျောရိုးဖြစ်သည်။

ဟားမတ်စ်က ထိုဒေသကို ထိန်းချုပ်လိုက်ပြီးနောက် အစ္စရေးနှင့် အီဂျစ်တို့က တင်းကျပ်စွာ ပိတ်ဆို့ထားသည်မှာ ယနေ့တိုင်ဖြစ်သည်။ အစ္စရေးသည် ဂါဇာကို လေကြောင်းနှင့် ရေကြောင်းမှလည်း ပိတ်ဆို့ထားသည်။

လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) က ထိုဒေသကို “လေဟာပြင် အကျဉ်းထောင်” ဟု ခေါ်သည်။ ဒေသ လူဦးရေ ထက်ဝက်ကျော်သည် ဆင်းရဲနွမ်းပါးမှုဖြင့် နေထိုင်ပြီး စားနပ်ရိက္ခာ မလုံလောက်ဘဲ လူဦးရေ ၈၀ ရာခိုင်နှုန်းသည် လူသားချင်းစာနာမှု အကူအညီကို မှီခိုနေရသည်။

ဟားမတ်စ်နှင့် အစ္စရေးတို့သည် စစ်ပွဲပေါင်းများစွာ တိုက်ကြသည်။ အောက်တိုဘာ ၁၄ ရက်နေ့က စစ်ဆင်ရေး မတိုင်မီက နှစ်ဖက်အကြား နောက်ဆုံးစစ်ပွဲမှာ ၂၀၂၁ ခုနှစ်ကဖြစ်ပြီး ၁၁ ရက်ကြာကာ ဂါဇာမှ လူ အနည်းဆုံး ၂၅၀ သေဆုံးပြီး အစ္စရေးမှ ၁၃ ဦး သေသည်။

ဟားမတ်စ်နှင့် အစ္စရေးတို့သည် စစ်ပွဲပေါင်းများစွာ တိုက်ကြသည်။ အောက်တိုဘာ ၁၄ ရက်နေ့က စစ်ဆင်ရေး မတိုင်မီက နှစ်ဖက်အကြား နောက်ဆုံးစစ်ပွဲမှာ ၂၀၂၁ ခုနှစ်ကဖြစ်ပြီး ၁၁ ရက်ကြာကာ ဂါဇာမှ လူ အနည်းဆုံး ၂၅၀ သေဆုံးပြီး အစ္စရေးမှ ၁၃ ဦး သေသည်။

အောက်တိုဘာ ၁၄ ရက်နေ့က တိုက်ခိုက်မှုသည် ၁၉၇၃ ခုနှစ် စစ်ပွဲဖြစ်ပြီး နှစ်ပေါင်း ၅၀ အကြာတွင် ဖြစ်ပွားသည်။ ထိုစဉ်က အစ္စရေး၏ အာရပ် အိမ်နီးချင်းနိုင်ငံများသည် အစ္စရေးကို ဂျူးပြက္ခဒိန်မှ အမြင့်မြတ်ဆုံးနေ့ဖြစ်သည့် ယွမ်ကစ်ပါနေ့ ၁၉၇၃ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် အလစ်အငိုက် တိုက်သည်။

မည်သည်တို့ဆက်ဖြစ်မည်နည်း

အစ္စရေးသည် ယခုအခါ စစ်ပြင်ဆင်နေပြီး မြေပြင်စစ်ဆင်ရေးလုပ်ရန် အရန်တပ်ဖွဲ့ဝင် ၃ သိန်းကို ဂါဇာနယ်စပ်တွင် စုရုံးထားသည်။ ဟားမတ်စ်၏ တိုက်ခိုက်မှုအတွက် တန်ဖိုးကြီးကြီးမားမား ပေးဆပ်ရစေရန် လက်စားချေမည်ဟု ပြောကြားထားပြီး ဂါဇာမှ အစ္စရေး ဓားစာခံများကို ပြန်လည် ရရှိရန် ကြံစည်နေသည်။

အစ္စရေးဘက်မှ ပစ်ခတ်သော လက်နက်ကြီးများ ဂါဇာတွင် ကျရောက်ပေါက်ကွဲနေစဉ်/AFP

အစ္စရေးသည် ယခင်ကလည်း ဓားစာခံ အကျပ်အတည်းနှင့် ရင်ဆိုင်ဖူးသော်လည်း ယခုလောက် ကြီးမားသည့် အတိုင်းအတာအထိ မရင်ဆိုင်ဖူးပေ။ ယခင်က စစ်သွေးကြွများသည် အများအားဖြင့် အစ္စရေး ထောင်များတွင် ဖမ်းဆီးထားသည့် အကျဉ်းသားများ လွတ်မြောက်စေရန် ဖမ်းမိထားသော အစ္စရေးများနှင့် လဲလှယ်ကြသည်။

၂၀၁၁ ခုနှစ်တွင် အစ္စရေးသည် ပါလက်စတိုင်း ၁,၀၂၇ ဦးနှင့် အစ္စရေးစစ်သား ဂျီလက်ရှလစ်ကို လဲလှယ်ပြီး ၂၀၀၄ ခုနှစ်ကလည်း အစ္စရေးသည် ထိပ်တန်း ဟစ်ဇဘိုလာ ခေါင်းဆောင် နှစ်ဦးအပါအဝင် လက်ဘနွန်နှင့် အာရပ် အကျဉ်းသား နှစ်ဒါဇင်ကျော်ကို အစ္စရေး စီးပွားရေးသမားနှင့် အရန်တပ် ဗိုလ်မှူးကြီး အယ်လ်ဟန်နန် တန်နန်ဘွမ် ကိုလွှတ်ပေးရန်၊ IDF စစ်သား သုံးဦး၏အလောင်းများ ပြန်လည်ရရှိစေရန် လဲလှယ်သည်။ ၂၀၀၈ ခုနှစ်တွင် အစ္စရေးသည် အစ္စရေး စစ်သား နှစ်ဦး၏ အလောင်းများ ပြန်လည်ရရှိရန် ပါလက်စတိုင်းအကျဉ်းသား ငါးဦးနှင့် လက်ဘနွန် အကျဉ်းသား ငါးဦးကို လွှတ်ပေးပြီး အာရပ်တိုက်ခိုက်ရေးသမား ၂၀၀ နီးပါး၏ အလောင်းများကို ပြန်ပေးသည်။

ဟားမတ်စ်က ဓားစာခံ အနည်းဆုံး ၁၅၀ ဖမ်းထားသည်။ ဂါဇာတွင် ထိုဓားစာခံများ ရှိနေသောကြောင့် ထိုဒေသမှ အစ္စရေး စစ်ဆင်ရေးများကို ရှုပ်ထွေးစေမည်ကို သံသယဖြစ်ရန် မလိုပေ။

အစ္စရေးက ဂါဇာကို ကြိုတင် သတိပေးခြင်းမရှိဘဲ ပစ်မှတ်ထားပါက အရပ်သား ဓားစာခံများကို စတင်သတ်ဖြတ်ပြီး ထိုသတ်ဖြတ်မှုကို ထုတ်လွှင့်မည်ဖြစ်ကြောင်း ဟားမတ်စ်က အောက်တိုဘာ ၉ ရက်နေ့တွင် ပြောသည်။ ထိုခြိမ်းခြောက်မှုများကို လုပ်ဆောင်ပြီးခြင်း ရှိ၊ မရှိ ရှင်းလင်းစွာ မသိရပေ။

အစ္စရေး IDF ကလည်း ၎င်းတို့သည် ဂါဇာကမ်းမြှောင်ကို ထိန်းချုပ်ရန် ကြံစည်ကြောင်း ပြောသည်။ ရည်ရွယ်ချက်မှာ ဂါဇာဒေသကို အဆုံးသတ်ရန်နှင့် ဒေသတခုလုံးကို ထိန်းချုပ်ရန်ဖြစ်ကြောင်း IDF ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီး ရစ်ချတ်ဟက်ချ်က ပြောသည်။

အစ္စရေးက ဂါဇာကို ကြိုတင် သတိပေးခြင်းမရှိဘဲ ပစ်မှတ်ထားပါက အရပ်သား ဓားစာခံများကို စတင်သတ်ဖြတ်ပြီး ထိုသတ်ဖြတ်မှုကို ထုတ်လွှင့်မည်ဖြစ်ကြောင်း ဟားမတ်စ်က အောက်တိုဘာ ၉ ရက်နေ့တွင် ပြောသည်။

အဆောက်အအုံတခုကို ဗုံးမကြဲမီ အရပ်သားများကို သတိပေးသည့် “ခေါင်မိုးခေါက်ခြင်း” ရပ်ဆိုင်းလိုက်ပါသလားဟု မေးသောအခါ ဟားမတ်စ်အဖွဲ့က တိုက်ခိုက်စဉ်က ထိုသို့ မလုပ်ခဲ့ကြောင်း ပြောသည်။ (“ခေါင်မိုးခေါက်ခြင်း” ဆိုသည်မှာ တိုက်ခိုက်မှု မလုပ်ခင် မပေါက်ကွဲစေသော ပစ္စည်း၊ သတိထားမိစေမည့် ပစ္စည်းတမျိုးမျိုးဖြင့် အရပ်သားများ ထွက်ပြေးချိန်ရအောင် ခေါင်မိုးပေါ် ပစ်ချ အသိပေးခြင်းကို ဆိုလိုသည်။)

“သူတို့တွေဝင်လာပြီး ကျနော်တို့ လူနာတင်ကားတွေကို ဗုံးနဲ့ ပစ်တုန်းက သူတို့ ခေါင်မိုး မခေါက်ဘူး။ ဒါ စစ်ဖြစ်နေတာ။ အတိုင်းအတာတွေက မတူဘူး” ဟု သူပြန်ဖြေသည်။

ဟားမတ်စ်သည် စစ်ပွဲနှင့် တင်းမာမှုအဆင့် အားလုံး မြှင့်တင်ခြင်း အပါအဝင် ရွေးချယ်စရာ နည်းလမ်းအားလုံးအတွက် အသင့်ရှိကြောင်း ဟားမတ်စ်အဖွဲ့ အဆင့်မြင့်အရာရှိ ဆာလက် အယ်လ် အရောရီက Al Jazeera ရုပ်သံ အာရဗီဘာသာ အစီအစဉ်သို့ ပြောသည်။

“မြေပြင်စစ်ဆင်ရေး အပါအဝင် အဆိုးဆုံး အခြေအနေအတွက်ပါ အသင့်ရှိတယ်။ မြေပြင် စစ်ဆင်ရေးက ဒီစစ်ပွဲနိဂုံးကို ဆုံးဖြတ်ဖို့ ကျနော်တို့အတွက် အကောင်းဆုံးနည်းလမ်းပဲ” ဟု ၎င်းက ပြောသည်။

ပိုမိုကျယ်ပြန့်သော ဒေသတွင်း ပဋိပက္ခ ဖြစ်နိုင်ခြေ

ဟားမတ်စ်အဖွဲ့၏ စစ်ဆင်ရေးကို အဆင့်မြင့် ညှိနှိုင်းဆောင်ရွက်သည့် ပုံစံဖြင့် ပြုလုပ်ခဲ့ပြီး အကြီးအကျယ် ကြိုတင်ပြင်ဆင်ခဲ့ရမည် ဖြစ်သည်။ ထိုအဖွဲ့သည် ပြည်ပမှ အကူအညီ ရခဲ့သည်ဆိုသည့် ကြိုတင် ခန့်မှန်းမှုများလည်း ရှိနေသည်။ ထိုခန့်မှန်းချက်မှန်ကန်ကြောင်း သက်သေ ပြနိုင်ပါက ပိုမိုကျယ်ပြန့်သော ဒေသတွင်းစစ် ခြိမ်းခြောက်မှု ရှိနိုင်သည်။

အီရန်သည် ဟားမတ်စ်ကို တနှစ်လျှင် ဒေါ်လာ သန်း ၁၀၀ ခန့်အထိ ထောက်ပံ့သည်ဟု အစ္စရေးက ပြောသည်။ ဟားမတ်စ်အဖွဲ့သည် အီရန်ထံမှ ရန်ပုံငွေ၊ လက်နက်များနှင့် လေ့ကျင့်သင်တန်းပေးမှု ရရှိနေသလို ပင်လယ်ကွေ့ အာရပ်နိုင်ငံများမှ ရန်ပုံငွေများရရှိကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ၂၀၂၁ ခုနှစ်တွင် ပြောသည်။

ဟားမတ်စ်အဖွဲ့သည် အီရန်ထံမှ ရန်ပုံငွေ၊ လက်နက်များနှင့် လေ့ကျင့်သင်တန်းပေးမှု ရရှိနေသလို ပင်လယ်ကွေ့ အာရပ်နိုင်ငံများမှ ရန်ပုံငွေများရရှိကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ၂၀၂၁ ခုနှစ်တွင် ပြောသည်။

“အီရန်ကို ကွက်ကွက်ကွင်းကွင်း မြင်နေရတယ်” ဟု အမေရိကန် အရာရှိတဦးက CNN သတင်းဌာနသို့ ပြောကြားသည်။ “သူတို့က ဟားမတ်စ်နဲ့ ဟစ်ဇဘိုလာကို ထောက်ပံ့နေတာ နှစ်ပေါင်းများစွာ ကြာပြီ” ဟုလည်း ၎င်းက ပြောသည်။ သို့သော် ယခုတိုက်ခိုက်မှုတွင် အီရန် တိုက်ရိုက် ပါဝင်ပတ်သက်ခြင်း ရှိ၊ မရှိပြောရန် စောလွန်းသေးသော်လည်း ထိုကိစ္စကို ဝါရှင်တန်က အနီးကပ် စောင့်ကြည့်မည်ဖြစ်ကြောင်း ဘိုင်ဒင်အစိုးရ အထက်တန်း အရာရှိတဦးက ပြောသည်။

သို့သော် အမေရိကန်သမ္မတ မစ္စတာ ဂျိုးဘိုင်ဒင်က အီရန်အနေဖြင့် ဒေသတွင်း လုပ်ရပ်များကို ဂရုစိုက်ရန် ပြတ်ပြတ်သားသား သတိပေးခဲ့သည်။

အီရန်သမ္မတ အီဗရာဟင် ရိုင်စီသည် ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယယ်နှင့် လွန်ခဲ့သော အောက်တိုဘာ ၈ ရက်နေ့တွင် ဖုန်းဖြင့် ဆက်သွယ်ပြောကြားပြီး အစ္စရေးအပေါ် ပါလက်စတိုင်း ပြည်သူများ၏ အောင်ပွဲအတွက် ဂုဏ်ယူသည်ဟု ပြောခဲ့သည်။ သို့သော် အောက်တိုဘာ ၉ ရက်နေ့တွင်မူ ကုလသမဂ္ဂဆိုင်ရာ အီရန် ကိုယ်စားလှယ်အဖွဲ့က အီရန်သည် ပါလက်စတိုင်း တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ပြောသည်။ “ဒါက ပါလက်စတိုင်းတွေကပဲ လုပ်တာ” ဟု ပြောသည်။

လက်ဘနွန်နယ်စပ်တွင် တွေ့ရသော အစ္စရေးတင့်ကားတပ်စုတစု/AFP

အောက်တိုဘာ ၁၃ ရက်နေ့တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိန် အမီရက်ဒိုလာဟီရန်က “လက်ဘနွန်ရဲ့ လုံခြုံရေးဟာ အီရန်ရဲ့ လုံခြုံရေးပဲ” ဟု ဘေရွတ်တွင် ပြောကြားလိုက်သောကြောင့် လက်ဘနွန်နှင့် လက်ဘနွန်မှ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာကို မတိုက်ရန် အစ္စရေးကို သတိပေးခြင်းဖြစ်ကြောင်း ထင်ရှားသည်။

အစ္စရေးကို တိုက်ခိုက်ရန် စစ်မျက်နှာသစ် ဖွင့်နိုင်သလားဟု အနောက်တိုင်းအရာရှိများက သူ့ကို မေးကြောင်း ပြောပြီး အစ္စရေးဘက်က စစ်ရာဇဝတ်မှုများ ဆက်လက် ကျူးလွန်နေပါက အစ္စရေး ဆန့်ကျင်ခုခံရေး အင်အားစုများ စစ်အတွင်း ဝင်ရောက်လာနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အစ္စရေးက ဒမတ်စကတ်နှင့် အလက်ပို လေဆိပ်များကို တိုက်ခိုက်သောကြောင့် လေဆိပ်လုပ်ငန်းများ မလည်ပတ်နိုင်ကြောင်း အီရန်၏ မဟာမိတ် ဆီးရီးယား အစိုးရက ပြောပြီး နောက်တနေ့တွင် အထက်ပါအတိုင်း သတိပေးခြင်းဖြစ်သည်။

တချိန်တည်းတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အန်ထော်နီ ဘလင်ကန်သည် အစ္စရေး၊ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းခြေနှင့် ဂျော်ဒန်တို့သို့ သွားရောက်ပြီး ဒေသတွင်းတွင် လှည့်လည်နေသည်။ ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်သည် အစ္စရေးသို့ အောက်တိုဘာ ၁၃ ရက်နေ့တွင် ရောက်လာသည်။

အမေရိကန် ပြည်ထောင်စုသည် လေယာဉ်တင်သင်္ဘော အုပ်စု နှစ်ခုကို မြေထဲပင်လယ် အရှေ့ပိုင်းသို့ စေလွှတ်ထားကြောင်း ဝန်ကြီး အော်စတင်က အောက်တိုဘာ ၁၄ ရက်နေ့တွင် ပြောသည်။ အီရန်၏ အလားအလာရှိသော တိုက်ခိုက်မှု သို့မဟုတ် အစ္စရေးနယ်စပ်ကို ကျော်လွန်သည့် တိုက်ခိုက်မှု ချဲ့ထွင်ခြင်းကို ဟန့်တားရန် အမေရိကန် ပြည်ထောင်စုသည် အရှေ့အလယ်ပိုင်းသို့ တိုက်လေယာဉ်များ ထပ်မံ စေလွှတ်ထားသည်ဟု အမေရိကန် အရာရှိတဦးက CNN သို့ ပြောသည်။

စစ်ပွဲအတွင်း အစ္စရေးသည် စစ်မျက်နှာသစ်များ ဖွင့်လာမည့် ခြိမ်းခြောက်မှုကိုလည်း ရင်ဆိုင်ရနိုင်သည်။ အစ္စရေး၏ ကပ်လျက် အိမ်နီးချင်းများတွင် ဂျော်ဒန်၊ အီဂျစ်တို့နှင့်သာ ငြိမ်းချမ်းရေး ရနေပြီး လက်ဘနွန်၊ ဆီးရီးယားတို့နှင့် တရားဝင် စစ်အနေအထားတွင် ရှိသည်။ ထို နှစ်နိုင်ငံမှ တိုက်ခိုက်လာပါက အသင့်ရှိကြောင်း အစ္စရေးက ပြောကြားထားသည်။

လက်ဘနွန် စစ်သွေးကြွအုပ်စု အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာက ဟားမတ်စ် တိုက်ခိုက်မှုကို ချီးကျူးပြီး ၎င်းတို့သည် ပြည်တွင်းပြည်ပမှ ဟားမတ်စ်အဖွဲ့များနှင့် ဆက်သွယ်ထားကြောင်း အယ်လ်မန်နာ သတင်းက ပြောသည်။ ရှီဘာလယ်တောဟု ခေါ်သည့် ဒေသမှ အစ္စရေးနေရာ သုံးခုကို ဒုံးကျည်များ၊ အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုလည်း ဟစ်ဇဘိုလာက ပြောသည်။

စစ်ပွဲအတွင်း အစ္စရေးသည် စစ်မျက်နှာသစ်များ ဖွင့်လာမည့် ခြိမ်းခြောက်မှုကိုလည်း ရင်ဆိုင်ရနိုင်သည်။ အစ္စရေး၏ ကပ်လျက် အိမ်နီးချင်းများတွင် ဂျော်ဒန်၊ အီဂျစ်တို့နှင့်သာ ငြိမ်းချမ်းရေး ရနေပြီး လက်ဘနွန်၊ ဆီးရီးယားတို့နှင့် တရားဝင် စစ်အနေအထားတွင် ရှိသည်။

ထိုဒေသကို လက်ဘနွန်က အစ္စရေး သိမ်းပိုက်ထားသည့် ၎င်းတို့ဒေသအဖြစ် သတ်မှတ်သည်။ အစ္စရေးကလည်း လက်ဘနွန်ဘက်ကို အမြောက်များဖြင့် ပြန်လည်ပစ်ခတ်သည်။

လက်ဘနွန်မှ အစ္စရေးအတွင်း စိမ့်ဝင်လာသည့် လက်နက်ကိုင် သံသယရှိသူများကို သတ်ဖြတ်ခဲ့ကြောင်းနှင့် စစ်သားများသည် ထိုဒေသတွင် ရှာဖွေနေကြောင်း အစ္စရေး IDF က အောက်တိုဘာ ၉ ရက်နေ့တွင် ပြောသည်။ လက်ဘနွန် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရမည့်သူ မစ္စတာ နာဂျစ် မီကာတီက သူ၏နိုင်ငံသည် ပဋိပက္ခအတွင်းသို့ ဆွဲသွင်းမခံလိုကြောင်း ပြောသည်။

လက်ဘနွန်မှ အစ္စရေး လေပိုင်နက်အတွင်းသို့ သံသယရှိသော စိမ့်ဝင်မှုနှင့် ပတ်သက်သည့် အစီရင်ခံစာတစောင် ရရှိထားကြောင်း IDF က အောက်တိုဘာ ၁၁ ရက်နေ့တွင်ပြောသည်။

အသေးစိတ်များကို ဆက်လက်ပြောကြားခြင်း မရှိဘဲ ထိုသို့ ကျူးကျော်မှုတွင် လေယာဉ်၊ ဒရုန်း၊ စက်မဲ့လေယာဉ်၊ မီးပုံးပျံ သို့မဟုတ် လူ စသည်တို့အနက် မည်သည့် ကျူးကျော်ခြင်း ဖြစ်သည်ကိုလည်း ပြောကြားခြင်း မရှိပေ။

(CNN ပါ Israel is at war with Hamas. Here’s what to know ကို ဘာသာပြန်သည်။)

You may also like these stories:

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေးအကျပ်အတည်းတွင် ဝင်မပတ်သက်ရန် အီရန်ကို အမေရိကန် သတိပေး

ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း

အစ္စရေးဝန်ကြီးဌာနများနှင့် လက်နက်လုပ်ငန်း မြန်မာစစ်ကောင်စီကို စစ်ပစ္စည်းများ ရောင်းချနေ

Your Thoughts …
Tags: ICRCIDFSliderWHOကုလသမဂ္ဂဂါဇာပါလက်စတိုင်းလက်ဘနွန်လူသားဒိုင်းလေကြောင်းတိုက်ခိုက်မှုဟစ်ဇဘိုလာဟားမတ်စ်အစ္စရေးအမေရိကန်အီဂျစ်အီရန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.7k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

Next Post
ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ရေစကြို ရေလယ်ကျွန်းသို့ ဝင်သည့် စစ်တပ် ဆေးခန်းနှင့် PDF စခန်းများအား ဖျက်ဆီး

ရေစကြို ရေလယ်ကျွန်းသို့ ဝင်သည့် စစ်တပ် ဆေးခန်းနှင့် PDF စခန်းများအား ဖျက်ဆီး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
7k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate