မင်းသမီးကြီး ခင်သန်းနုနှင့် ရုပ်ရှင်ဇာတ်ကား လေးငါးကားမျှသာ တွက်ဖက် ရိုက်ကူးဖူးသော်လည်း ကျနော်နှင့် မောင်နှမလိုမျိုး ခင်မင်ခဲ့ကြပါသည်။
ကျနော်ကား ပေါ့ပေါ့ပါးပါး ပေါပေါလောလော ဆက်ဆံတတ်သောကြောင့်လားတော့ မသိ။ ကျနော်နှင့် တွဲဖက်ဖူးသူ သရုပ်ဆောင်များ ကျနော့်ကို ခင်မင် သွားတတ်သည်ချည်းသာ။
စတွေ့စ ဇာတ်ကားများမှာတော့ ကျနော်၏ ပွင့်လင်းသော ဝသီကြောင့် ကျနော့်ကို ခပ်ချဉ်ချဉ် ဖြစ်တတ်ကြပါသည်။ နောက်တော့လည်း ထို “ချဉ်ဖတ်” သည်ပင် ငါးပိရည်ကောင်းနှင့် တွေ့သွားသလို ကျနော့်ကို အချစ် ပိုသွားတတ်ကြ ပါသည်။ (ရိုးရိုးပြောတာပါ)
အစ်မကြီး ခင်သန်းနုလည်း ၎င်းအတိုင်းပါပဲ။ ပထမဆုံး သူနှင့် တွဲဖက်ရသည့် ဇာတ်ကား “မမ” (ငြိမ်းကျော်၏ ဝတ္ထု) ရိုက်ကူးကြတော့ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့ရှိ တောင်ကတုံးလေး တခုပေါ်က ထုံးဖြူဖြူ စေတီလေး အနီးမှာ။ နေကလည်း ပူပါဘိသနဲ့။
ဇာတ်ဝင်ခန်းက ချစ်သူ နှစ်ဦး ဘုရားဖူးရင်း ရှေ့ရေးတွေ တိုင်ပင်ကြခန်း။
ဤတွင် ကျနော်က သူ့ကို “မမ”၊ “မမ”၊ “မမ” ဟု တမင်တကာ တွတ်ထိုးရသည့် ဒိုင်ယာလော့ (ခ်) ပါဝင်သည်။ (ပ၊ ဖ၊ ဗ၊ ဘ၊ မ ဟူသော ကြာသပတေးနဲ့ စကားလုံးများသည် ပါးစပ် ပိတ်ပြီးမှ လေလုံးကို ထုတ်ရသောကြောင့် အရှိန် ပြင်းပါသည်။)
ထိုအခါ ကျနော် သောက်ထားသော အရက်နံ့သည် မင်းသမီး ထံသို့ အလုံးလိုက် အလုံးလိုက် ထိမှန် သွားပုံ ရပါ၏။
ထိုအခါ သူက…
“ဟိုး…ဟိုး… ပြန်ရိုက်မယ်”
“ဘာပြုလို့တုန်း”
“မင်းသား ပါးစပ်က အရက်နံ့ ရလို့ ဖီလင်မလာဘူး”
ထိုစဉ်က ကျနော်သည် တက်သစ်စ မင်းသား ဖြစ်ပါသည်။ အသက်ကလည်း ၂၀ ကျော်မျှသာ ရှိသေးသည်။ ဟိုးတပတ် (မေဂျာနယ်) မှာ ရေးခဲ့ဖူးသလို အနံ့အသက်ကိုလည်း ဂရုထားချိန်ပါ။
ထို့ကြောင့် အနာပေါ် တုတ်ကျသလို ဆတ်ဆတ်ခါသွားမိ၏။ သူက ထိုစဉ် ခုနယ်ခါ မေးသန်းနုတို့ အနေလောက်၊ ပြီးတော့ သူက အိမ်ထောင်သည်။ အရွယ်ရင့်။
ကျနော်လည်း အရှိုက်ကို ထိုးသည့် စကားလုံးကို ပြန်၍ လွှတ်ပြောလိုက်ရာ “မရိုက်တော့ဘူး” ဟု စိတ်ဆိုးပြီး တောင်ခါးပန်း ဇရပ်ကလေးဆီ ဆင်းသွားပါတော့၏။
နေကလည်းပူ၊ အရိပ်ကလည်းမရှိ၊ စက်သမားလေးများလည်း ထမင်း ဆာလှပြီ။ ဒါရိုက်တာကလည်း စိတ်လျှော့ ခိုင်းသည်။ မင်းသားကြီး မြင့်နိုင် (သူက မမ နှင့် အိမ်က သဘောတူသူ သူဌေးသား) ခမျာမှာလည်း အနောက်တိုင်း ဝတ်စုံကြီးဖြင့် ချွေး တဒီးဒီး ကျနေရှာပြီ။
နောက်ဆုံး သူ (ခင်သန်းနု) ၏ မိတ်ကပ် သေတ္တာထဲမှ အကောင်းဆုံး အကောင်းစား ရေမွှေး ပုလင်းလေး ထုတ်၊ ပါးစပ်နှင့် မျက်နှာကို ဆွတ်ဖျန်း၊ (မရိုသေ့စကား တကိုယ်လုံး ခြေထောက်ပါမကျန် ရေမွှေးဆွတ်) ပြီး တောင်ခါးပန်းဆီ ဆင်းလာခဲ့တော့၏။
ဟိုဘက် လှည့်ထ်ိုနေသော မမနုအား ကျနော်က နောက်နား ကပ်ပြီး “မမ” “မမ” “မမ” ဟု ကျီစယ်သံ ပြုသောအခါ…
“ခွေးလေး ခုမှ” ဟု ဆိုလျက် သူနှင့် ကျနော် လက်တွဲပြီး ရိုက်ကွင်းဆီ ပြန်လာခဲ့ကြပါတော့သည်။ (အစ်မကြီးရေ ရေမွှေး ကိစ္စ ခုမှ ဖွင့်ပြောတာ ခွင့်လွှတ်ပါ)
ထိုမှ နောက်ပိုင်း ဒေါ်ခင်သန်းနုသည် ကျနော့်အပေါ် မောင်နှမလို ခင်မင် သွားပါတော့၏။ နောင်သော် “မောင်လေး” “ကောင်လေး” ဟုပင် မခေါ်တော့ဘဲ “ကိုဗလကြီး” ဟုပင် တရင်းတနှီး သုံးနှုန်းလာပါတော့သည်။
*****
“နောက်ဆုံးပိတ် အိတ်နှင့်လွယ်” ဆိုရမလား မသိ။ သူနှင့် ကျနော် နောက်ဆုံး တွဲဖက် သရုပ်ဆောင်ခြင်း အဖြစ် (၁၉၈၉) တွင် “ခုနစ်စဉ် အလွမ်း” ဇာတ်ကား ရိုက်ကူး ဖြစ်၏။
ဝတ္ထု မင်းလူ၊ ဒါရိုက်တာ မောင်ဝဏ္ဏ၊ မင်းသား သုမောင်၊ ဇာတ်ပို့ မောင်ရူပ၊ ဇာတ်လမ်း မှတ်တမ်း အာယု (မောင်) တို့လည်း ရှားပါးစွာ ထိုတကားတည်းမှာပဲ ညီအစ်ကို ငါးယောက် ဆုံဖြစ်ဖူးသလို မောင်ဝဏ္ဏ၊ ကျနော်နှင့် ခင်သန်းနုတို့ အကယ်ဒမီ ရကြသည်။ (၁၉၉၁)
ဤတွင်လည်း ကျနော်နှင့် ဒေါ်ခင်သန်းနုတို့ ပြဿနာတခု တက်ရပြန်ပါသည်။ သူသည် ရိုက်ကွင်းပေါ်သို့ နောက်ကျမှ ရောက်လာပြီး စောစောစီးစီး ရိုက်ကွင်းမှပြန်ရန် ဟန်ပြင်တတ်ခြင်း ဖြစ်သည်။
သူနှင့် ကျနော်က ရင်းနှီးပြီးသားမို့ မထောင်းသာလှသော်လည်း မောင်ဝဏ္ဏ ခမျာမှာ ခင်သန်းနုနှင့် ပထမဆုံး အကြိမ် နဖူးတွေ့ ဒူးတွေ့ တွေ့ရခြင်း ဖြစ်သည်။
မင်းသမီးများ၏ အထာကို မောင်ဝဏ္ဏ သိသော်လည်း ခင်သန်းနု ၏ အထာကိုတော့ ကျနော့်လောက် သိမည် မဟုတ်ပါ။ ပြီးတော့ ရိုးရိုး ပြောကြကြေး။ ထိုကာလတွင် ကျနော်သည် ဟိုယခင် “မမ” ရိုက်ကူးစဉ်က သူ့အရွယ် သူ့အနေအထားမှာ ရောက်နေပြီး သူက အရွယ်လွန်စ ပြုနေပါပြီ။
ထို့ကြောင့် ရိုက်ကွင်းမှာ သူ့ကို စောင့်ရသည့် အလုပ်၊ သူစောစော ပြန်သွားမည့် အဖြစ်တို့ကို ကျနော် မခံမရပ်နိုင်ပါ။ ကျနော်ကလည်း ကလေးဆန်စွာ မာန တက်နေကြောင်း ဝန်ခံပါ၏။
ထို့ကြောင့် ရိုက်ကွင်းပေါ်မှ ညနေ လေးနာရီလောက် (ရိုက်ကူး ကောင်းနေစဉ်) သူ ပြန်သွားလေတိုင်း “ဒီမိန်းမ သိပ် အလိုမလိုက်နဲ့ဗျာ” ဟု ကျနော်က မောင်ဝဏ္ဏကို ရင့်ရင့်သီးသီးပင် ပြောမိပါသည်။
မောင်ဝဏ္ဏကတော့ ထုံးစံအတိုင်း သွားကလေးဖြီးပြီး “နေပါ့စေကွာ” ဟုသာ ဆိုပါ၏။ ထို အကျိတ်အခဲသည် ကျနော့် ရင်ထဲ တနုံ့နုံ့ ဖြစ်နေပါသည်။ ပြီးတော့ ထိုဇာတ်ကား ရိုက်ကူးစဉ်က ကျနော်က အရက် မသောက်သဖြင့် နှုတ်ဆွံ့နေတာလည်း ဖြစ်နိုင်ပါသည်။
တနေ့သော် တွဲဖက် မင်းသားကြီး ဇော်လင်းနှင့် ထိုးကြိတ်၊ ကျနော် ထွက်ပြေး၊ ဇော်လင်းက သေနတ်နှင့် ပစ်၊ ပေ သုံးဆယ်လောက် မြင့်သော တောင်ကမူလေးပေါ်မှ သေနတ်မှန် ပြုတ်ကျ ထိုအခန်း ရိုက်ကူးတော့ မောင်ဝဏ္ဏ ခွင့်ပြုချက် ယူပြီး ကျနော် အရက် နည်းနည်း ရဲဆေးတင် သောက်ရပါသည်။ (အရက်မသောက်သော ဦးဇော်လင်း ကိုယ်တိုင် ဝယ်တိုက်ခဲ့တာ မှတ်မိနေ၏)
သည်လိုနှင့် ညပိုင်း ကျနော်နှင့် ခင်သန်းနုတို့ ဇာတ်ဝင်ခန်း ဆက်သော် ကျနော် အရှိန် မသေသေးပါ။ သူက ညခန်းများ ကျတော့လည်း ညဉ့်နက် သန်းခေါင်တိုင် စိတ်ရှည် လက်ရှည် ရိုက်ပေးပြန်ပါသည်။
ကျနော်လည်း ညနေက အရှိန်ကလေးနှင့် နှုတ်ရဲ လျှာရဲ ဖြစ်နေရာ…သူ ရိုက်ကွင်းမှ စောစော ပြန်သွားတတ်သည့် ကိစ္စကို ပွင့်လင်းစွာပင် ပြောဆိုမိပါတော့သည်။ အားမနာပါ။
ထိုအခါကျမှ ဒေါ်ခင်သန်းနုက ကိုသုမောင်၏ ခေါင်းကို အသာအယာ ပုတ်လျက် စကားဆိုပါသည်။
“သြော်…ကိုဗလကြီးက ယောက်ျားသား ဆိုတော့ မိန်းမသူတွေရဲ့ သဘာဝကို ဘယ်နားလည်ပါ့မလဲ။ ကိုယ့်မောင်နှမ လုပ်ဖော်ကိုင်ဖက်ချင်း ပြောပြထားမယ်။ မှတ်ထားကွယ့်။
မိန်းမ ဆိုတာ အသက် လေးဆယ်ကျော်ရင် ညနေပိုင်း နေစောင်းတာနဲ့ ကိုယ်ရော စိတ်ပါ ကျဆင်းတတ်တယ်။ တကိုယ်လုံး အကြောအခြင်တွေ လျော့ပါးကုန်ကြတယ်။ အဲဒီ အချိန်မှာ ရုပ်ရှင်ရိုက်ရင် ကြည့်မကောင်းဘူး။ တင်းတင်းရင်းရင်း မရှိဘူး။ အိုက်တင်လည်း ကျတယ်။ ဒါကြောင့် မနု စောစော ပြန်တာပါ။ အဲ…ခုလို ညပိုင်းမျိုးကျတော့ ပြန်ပြီး လန်းဆန်း လာပြန်ရော။ ကိုဗလကြီးတို့ ဘယ်လောက်ရိုက်မလဲ။ မိုးအလင်းရိုက် မနု ရိုက်ပေးပါ့မယ်”
သူ့စကား ဆုံးသောအခါ ကျနော် စိတ်မကောင်း ဖြစ်သွားရပေါ့။ သူ့ကွယ်ရာမှာ အပြစ် ဆိုမိသည်များကိုလည်း နောင်တ ရသွား၏။ အားနာသွား၏။
အမျိုးသမီး သရုပ်ဆောင်တို့၏ ဘဝကိုလည်း နားလည်သွား၏။
ခုနယ်ခါ ဤစာစုကို ရေးနေချိန်တွင်မူကား လေးဆယ်ကျော် အရွယ်လွန် အမျိုးသမီးများ အားလုံးကို စာနာမိနေလေသည်။
အထူးသဖြင့် ရုပ်ရည် အလှအပ ကိုယ်ကာယဖြင့် လုပ်ကိုင် စားသောက်ရသော အနုပညာရှင်များသည် မိမိ၏ အလုပ်ကို မိမိ သတိကြီးစွာထား၍ လေးစားကြရမည်ဟု အလေးအနက် ထားမိပါသည်။ ။
(မေ သတင်းဂျာနယ်၊ အတွဲ ၂၊ အမှတ် ၁၀၊ နိုဝင်ဘာ ၃ ရက်၊ ၁၉၉၉ ခုနှစ်)
(ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီး သုမောင် ရေးသားခဲ့သည့် ဤဆောင်းပါးကို ရန်အောင် စာပေတိုက်က ၂၀၁၁ ခုနှစ် ဇန်နဝါရီ လထုတ် “ခလုတ်တိုက်မိသော စရိုက်များ” ဒုတိယအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မင်းသားကြီး သုမောင်သည် ၂၀၁၀ ပြည့်နှစ် ဇွန်လ ၁၆ ရက် အသက် ၅၉ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)