ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့ ပါဝင်သည့် မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့သည် အောက်တိုဘာ ၁၀ လပိုင်း ၂၇ ရက်နေ့ကို အစွဲပြုအမည်ပေးထားသည့် စစ်ကောင်စီဆန့်ကျင်ရေး ၁၀၂၇ စစ်ဆင်ရေးကို စတင်လိုက်သည်။
မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့သည် ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် မန္တလေးတိုင်းတို့တွင် စစ်ဆင်ရေးများ ပြုလုပ်နေပြီး စစ်ဆင်ရေး ပထမပိုင်း ငါးရက်အတွင်း စစ်ကောင်စီ ခန်း ၉၀ ခန့်နှင့် သေနင်္ဂဗျူဟာကျသည့် မြို့အချို့ကို အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်လိုက်သည်။
အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်မှ ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) များနှင့် အင်အားကြီးမားလှသော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အပါအဝင် အခြား ခုခံတော်လှန်ရေး အင်အားစုများသည်လည်း ထိုစစ်ဆင်ရေးတွင် ညှိနှိုင်းဆောင်ရွက်နေသည်။
ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။
(၁) အတိုင်းအတာကြီးမားပြီး စနစ်တကျရှိ
စစ်ဆင်ရေး ၁၀၂၇ သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို တိုက်ခိုက်သည့် အကြီးမားဆုံးနှင့် စနစ်အကျဆုံး ထိုးစစ်ဖြစ်သည်။
ခုခံတော်လှန်ရေး တိုက်ခိုက်ရေးသမား ၂၀,၀၀၀ ခန့် ထိုစစ်ဆင်ရေးတွင် ပါဝင်နေကြောင်း သုတေသီ အချို့က ခန့်မှန်းသည်။ ထိုစစ်ဆင်ရေးကို ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် မန္တလေးတိုင်းတို့ ပါဝင်သည့် ကျယ်ပြန့်လှသော ဒေသများတွင် လုပ်ဆောင်နေသည်။
(၂) ရှင်းလင်းပြတ်သားသော နိုင်ငံရေး ရည်မှန်းချက်များ
စစ်ဆင်ရေး၏ ရည်မှန်းချက်များမှာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး၊ ပြည်သူ့ဆန္ဒများကို ဖြည့်ဆည်းရေး၊ စစ်ကောင်စီ၏ နေ့စဉ် တရားမဲ့ သတ်ဖြတ်နေခြင်းမှ ပြည်သူများကို ကာကွယ်ရေး တို့ဖြစ်သည်ဟု ညီနောင်မဟာမိတ်အဖွဲ့က ကြေညာသည်။
ထိုစစ်ဆင်ရေးသည် တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို စစ်ကောင်စီက လက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက်မှုများ ရပ်ဆိုင်းစေရန်နှင့် စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများနှင့် ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု တည်ဆောက်ရန်လည်း ရည်ရွယ်သည်။
(၃) ကျယ်ပြန့်သော ထောက်ခံမှု
စစ်ကောင်စီစခန်း အများအပြားကို တိုက်ခိုက်သိမ်းပိုက်ရာတွင် ထိုစစ်ဆင်ရေး၏ အောင်မြင်မှုကို စစ်ကောင်စီကြောင့် ကြီးမားသော အခက်အခဲများ ရင်ဆိုင်နေရသည့် တနိုင်ငံလုံးမှ လူထုက ထောက်ခံကြသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် NUG အပါအဝင် စစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေး အင်အားစု အများအပြားက စစ်ဆင်ရေးကို ထောက်ခံကြောင်း ပြောကြားပြီး ထိုမျှ တိုတောင်းသည့် ကာလအတွင်း အောင်မြင်မှု အများအပြား ရသောကြောင့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ကြသည်။
စစ်ဆင်ရေးစတင်ချိန် နောက်ပိုင်းတွင် ခုခံတော်လှန်ရေး အင်အားစုများသည် ညီနောင်မဟာမိတ်များနှင့် သွေးစည်းချစ်ကြည်မှု ပြသသည့် အနေဖြင့် နိုင်ငံ၏ အခြားအစိတ်အပိုင်းများတွင် ၎င်းတို့၏ သီးခြား စစ်ဆင်ရေးများ ပြုလုပ်ကြသည်။ တချိန်တည်းတွင် ရန်ကုန် အပါအဝင် နိုင်ငံတဝန်းမှ ပြည်သူအများအပြားသည် စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်ပြီး ထိုစစ်ဆင်ရေးကို ထောက်ခံကြောင်း ပြသကြသည်။
(၄) ငါးရက်အတွင်း စစ်ကောင်စီစခန်း ၉၀ နီးပါးကို သိမ်းပိုက်
စစ်ဆင်ရေး ပထမ ငါးရက်အတွင်း ညီနောင်မဟာမိတ်များနှင့် မဟာမိတ် ခုခံတော်လှန်ရေး အင်အားစုများသည် ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်မှ သေနင်္ဂဗျူဟာကျသည့် စခန်းများ အပါအဝင် စစ်ကောင်စီစခန်း ၉၀ နီးပါးကို သိမ်းပိုက်နိုင်ကြသည်။
စစ်ကောင်စီ စစ်သား ၁၀၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရကာ တင့်ကားနှင့် သံချပ်ကာယာဉ် ခြောက်စီး အပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းမိသည်။
စစ်သား ၄၁ ဦး ပါဝင်သော တပ်ရင်းတရင်း အပါအဝင် စစ်သား ၆၀ ခန့်သည် လက်နက်ချပြီး စစ်စခန်းများကို တိုင်းရင်းသား မဟာမိတ်များထံ အပ်နှံကြသည်။
စစ်ကောင်စီသည် ပစ်မှတ်ထား ဒေသများသို့ တပ်ကူများစေလွှတ်ခြင်း သို့မဟုတ် စခန်းများကို ပြန်လည် သိမ်းပိုက်ခြင်း မပြုနိုင်သေးပေ။
(၅) ရှမ်းပြည်မြောက်ပိုင်းတွင် ပိုင်နက်သိမ်းပိုက်ခြင်း
မူဆယ်မြို့နယ်မှ ဖောင်းဆိုင်၊ တရုတ်နှင့် ကုန်သွယ်ရေးအချက်အချာ ချင်းရွှေဟော်မြို့တို့ကို လုံးဝ သိမ်းပိုက်လိုက်ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ကြေညာသည်။
ထို့အပြင် MNDAA သည် သိန္နီမှ မြို့နယ်ရဲစခန်းနှင့် စစ်ကောင်စီ အထွေထွေအုပ်ချုပ်ရေးရုံးတို့ကို သိမ်းပိုက်ပြီး ယခုအခါ ထိုမြို့ကို အပြည့်အဝ သိမ်းပိုက်ရန် ကြိုးစားနေသည်။ ထိုမြို့သည် ရှမ်းပြည်နယ် မြောက်ပိုင်းမှ အဓိကကျသည့် မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိသောကြောင့် စစ်ကောင်စီအတွက် သေနင်္ဂဗျူဟာအရ အရေးပါသည်။
အဓိကကျသည့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းနှစ်ခုဖြစ်သော လားရှိုး-မူဆယ်လမ်းနှင့် လားရှိုး-ချင်းရွှေဟော်လမ်းတို့သည် သိန္နီတွင် စုဆုံသည်။ စစ်ဆင်ရေး စတင်ချိန်မှ စတင်ပြီး ညီနောင်မဟာမိတ်များသည် ထိုလမ်းများကို စစ်ကောင်စီ တပ်ကူ မပို့နိုင်ရန် ပိတ်ဆို့ထားသည်။
တချိန်တည်းတွင် ခုခံတော်လှန်ရေး အင်အားစုများသည် ရှမ်းပြည်နယ် မြောက်ပိုင်း မြို့တော်၊ စစ်ကောင်စီ၏ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ လားရှိုးအနီး စစ်ကောင်စီစခန်းများကို သိမ်းပိုက်ရန် ကြိုးစားနေသည်။
TNLA နှင့် မန္တလေး PDF တို့သည် မန္တလေး-လားရှိုး-မူဆယ် လမ်းပေါ်မှ နောင်ချိုမြို့ကို ဝိုင်းထားသည်။ ထိုသို့ ဝိုင်းထားခြင်းကြောင့် စစ်ကောင်စီတပ်များနှင့် ရှမ်းပြည်မြောက်ပိုင်းကို ထိထိရောက်ရောက် အဆက်ဖြတ်လိုက်ပြီး စစ်တပ်သည် တပ်ကူများကို လေကြောင်းမှသာ ပို့ဆောင်နိုင်တော့သည်။
(၆) တရုတ်ကုန်သွယ်ရေးမှ စစ်ကောင်စီဝင်ငွေ အများအပြားဆုံးရှုံး
အဓိက ကုန်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့လိုက်သောကြောင့် တရုတ်နှင့် မြန်မာအကြား ကုန်သွယ်ရေး စီးဆင်းမှု ရပ်ဆိုင်းသွားသည်။ MNDAA က ချင်းရွှေဟော်ကို သိမ်းပိုက်လိုက်သောကြောင့် စစ်ကောင်စီဝန်ထမ်း အများအပြားသည် အခြားနယ်စပ်ကုန်သွယ်ရေး ဇုန်ဖြစ်သည့် မူဆယ်သို့ မသွားရဲတော့ပေ။
နိုင်ငံ၏ ပို့ကုန် ၈၀ ရာခိုင်နှုန်းကို ရှမ်းပြည်မြောက်ပိုင်းရှိ ကုန်သွယ်ရေးလမ်းကြောင်းများမှ တရုတ်နိုင်ငံသို့ ပို့ဆောင်သည်။ စစ်ကောင်စီ၏ နေ့စဉ် အသုံးစရိတ် ၈၀ ရာခိုင်နှုန်းနှင့် ညီမျှသော မြန်မာ-တရုတ် ကုန်သွယ်ရေးမှ အခွန်ဝင်ငွေ ဆုံးရှုံးသွားသောကြောင့် စစ်ဆင်ရေး ၁၀၂၇ သည် စစ်ကောင်စီအတွက် နိုင်ငံခြားငွေ ဆုံးရှုံးစေကြောင်း လေ့လာသူများက ပြောသည်။
(၇) တရုတ်နိုင်ငံ ကျေနပ်စေမည့် ဆိုက်ဘာငွေကြေးလိမ်လည်မှု တိုက်ဖျက်ခြင်း
ထိုစစ်ဆင်ရေး၏ အခြားရည်မှန်းချက်တခုမှာ စစ်ကောင်စီနှင့် မဟာမိတ်လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ် အထူးဒေသ ၁ ဟုခေါ်သည့် ကိုးကန့်ဒေသမှ ဆိုက်ဘာငွေကြေးလိမ်လည်မှု ဂိုဏ်းများကို တိုက်ဖျက်ရန်ဖြစ်သည်ဟု ညီနောင်မဟာမိတ်အဖွဲ့က ကြေညာသည်။
ထိုအွန်လိုင်းငွေကြေး လိမ်လည်မှုများသည် တရုတ်အကျိုးစီးပွားကို အကြီးအကျယ် ထိခိုက်စေသောကြောင့် ထိုအွန်လိုင်းငွေကြေး လိမ်လည်မှုများကို အရေးယူရန် စိတ်အားထက်သန်ကြောင်း တရုတ်နိုင်ငံက မကြာခဏ ပြောကြားခဲ့သည်။
ထိုဆိုက်ဘာငွေကြေး လိမ်လည်မှုများကို တိုက်ဖျက်ရန် တရုတ်နိုင်ငံသည် စစ်ကောင်စီနှင့် နယ်စပ်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ယခုနှစ်အတွင်း ဖိအားပေးသည်။
ချင်းရွှေဟော်ကို သိမ်းပိုက်ပြီးနောက် ထိုမြို့မှ ဆိုက်ဘာငွေကြေး လိမ်လည်မှုလုပ်ငန်းများ လုပ်ဆောင်သည်ဟု သံသယရှိသော သူများကို သင့်လျော်ရာဌာနသို့ လွှဲပြောင်းပေးလိုက်ကြောင်း MNDAA က ဧရာဝတီသို့ မကြာသေးမီက ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Seven Key Points About Myanmar Ethnic Alliance”s “Operation 1027” ကို ဘာသာပြန်သည်။)
You may also like these stories:
ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ
စစ်ကောင်စီကို အထိနာစေတဲ့ မဟာမိတ်သုံးဖွဲ့ရဲ့ “Operation 1027”
မြန်မာမြောက်ပိုင်းပဋိပက္ခ နယ်စပ်နှင့် နီးလာသောကြောင့် တရုတ်အတွက် အန္တရာယ်ရှိ
မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ
စစ်ဆင်ရေး ၅ ရက်အတွင်း စစ်ရှောင် ၂ သောင်းကျော်ထိရှိလာ
မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်