၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှု ပေါ်ပေါက်လာပြီးနောက် ယခင်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များသာမက နွေဦးတော်လှန်ရေးနှင့်အတူ မြန်မာပြည်အနှံ့တွင် လက်နက်ကိုင် အင်အားများစွာ ထပ်မံ ပေါ်ပေါက်လာသည်ကို တွေ့ရ၏။ အဆိုပါအင်အား စုများကို ပြန်လည် ပေါင်းချုပ်ကြည့်ပါက အောက်ပါအတိုင်းတွေ့ရ၏။
(၁) PDF နှင့် ပကဖ အဖွဲ့များ
(၂) PDF မဟုတ်သော ပြည်မမှ အခြားတပ်ဖွဲ့များ
(၃) နွေဦးတော်လှန်ရေးတွင် ပေါ်လာသည့် တိုင်းရင်းသားတပ်ဖွဲ့များ
(၄) ပြည်မ PDF အင်အားစုများနှင့် အတိအလင်း ပူးပေါင်းပြီး တိုက်ပွဲဝင်နေသည့် EAO တပ်ဖွဲ့များ
(၅) PDF နှင့် ပြည်မအင်အားစုများကို အပြည့်အဝ အကူအညီပေးလျက်ရှိပြီး ရေရှည်တွင် မြန်မာစစ်တပ်အားတိုက်ခိုက်မည့် EAO တပ်ဖွဲ့များ
(၆) စစ်ကောင်စီနှင့် PDF နှစ်ဖက်လုံးအား မှန်တန်းဆက်ဆံရေး ထူထောင်ထားသော်လည်း တိုင်းရင်းသား အင်အားစုနှင့် တော်လှန်ရေး အင်အားစုများအား စာနာသည့် EAO တပ်ဖွဲ့များ
(၇) စစ်ကောင်စီနှင့် NCA ရေးထိုးထားသော EAO အဖွဲ့များ
(၈) ယခင်အခါက တိုင်းရင်းသားအဖွဲ့များ ဖြစ်ခဲ့ပြီး ယခုအခါ ပြည်သူ့ စစ်နှင့် BGF ဖြစ်သွားပြီဖြစ်သော်လည်း နိုင်ငံရေးအရရော စစ်ရေးလှုပ်ရှားနိုင်စွမ်းအရပါဂရုပြုရမည့်အဖွဲ့များ
(၉) စစ်တပ်လက်အောက်ခံ ပသစ များနှင့် အခြားဟူ၍ တွေ့ရမည်ဖြစ်၏။
(၁) PDF နှင့် ပကဖ အဖွဲ့များ
PDF အင်အားမှာ တပ်ရင်း ၃၀၀ နီးပါးခန့်၊ အင်အား ၆၀,၀၀၀ ခန့်ရှိပြီး ပကဖ အင်အားမှာ ၇၅,၀၀၀ ခန့်ရှိ၏။ အင်အားအရဆိုလျှင် အများဆုံး အင်အားဟု ဆိုနိုင်သည်။ သို့သော် လိုအပ်ချက်များစွာ ရှိသေးသကဲ့သို့ အားသာချက်များလည်း ရှိသည်ကို တွေ့ရ၏။
လေ့ကျင့်မှုနှင့် ပတ်သက်လျှင် အခြေခံစစ်ပညာကို အများစု လေ့ကျင့်သင်တန်းတက်ပြီး ဖြစ်၏။ မွမ်းမံသင်တန်း၊ အကြပ်နှင့် စုမှူး၊ ခွဲမှူး သင်တန်းများ ပေးနေသော်လည်း လိုအပ်ချက် ရှိနေသေး၏။ ဤအချက်သည် PDF များတွက် အားနည်းချက် ဖြစ်သော်လည်း တဖက်တွင် PDF အများစုသည် တိုက်ပွဲအတွေ့အကြုံ များစွာရရှိထား၏။ ပြီးခဲ့သော နှစ်နှစ်ကျော်ကာလအတွင်း တိုက်ပွဲ ၁၅ ပွဲမှ ၂၀ အထိ တိုက်ပွဲအတွေ့အကြုံ ရှိထားကြသည်က အားသာချက်ဖြစ်၏။
ထောက်ပို့စနစ်တွင် အားသာချက်မှာ ပြည်သူလူထု၏ အလှူငွေ၊ NUG ဘဏ္ဍာရေးဝန်ကြီးဌာန၏ ရှာဖွေမှုနှင့် အခွန်အကောက်ရရှိမှု တို့က PDF တပ်ဖွဲ့များ ရိက္ခာ၊ ဆေးဝါးမှ အစ လက်နက်ခဲယမ်း ဝယ်ယူရန်အတွက် အထောက်အပံ့ ဖြစ်နေသည်ကို တွေ့ရ၏။
ထောက်ပို့စနစ်တွင် အားသာချက်မှာ ပြည်သူလူထု၏ အလှူငွေ၊ NUG ဘဏ္ဍာရေးဝန်ကြီးဌာန၏ ရှာဖွေမှုနှင့် အခွန်အကောက်ရရှိမှု တို့က PDF တပ်ဖွဲ့များ ရိက္ခာ၊ ဆေးဝါးမှ အစ လက်နက်ခဲယမ်း ဝယ်ယူရန်အတွက် အထောက်အပံ့ ဖြစ်နေသည်ကို တွေ့ရ၏။
အားနည်းချက်မှာ လုံလောက်မှု မရှိခြင်းဖြစ်၏။ အဓိကအားဖြင့် မိမိထိန်းချုပ်သည့်ဒေသရှိ စီးပွားရေးလုပ်ငန်းများမှ စနစ်တကျ အခွန်ကောက်ယူရရှိရန် လိုအပ်သကဲ့သို့ မိမိလက်လှမ်းမီသည့် မြို့ပြများမှလည်း အခွန်ကောက်ခံရန် လိုသည်။ အစိုးရဘဏ်တိုက်များ၊ စီးပွားရေးလုပ်ငန်းများကို သိမ်းဆည်း၍ ဘဏ္ဍာဖြည့်တင်းရန် လိုအပ်နေသေး၏။
PDF တပ်များ ဖွဲ့စည်းရာ ပုံမှန်တပ်များကဲ့သို့ လက်ရုံးတပ်များ ဖွဲ့စည်းရာတွင် အားနည်းချက်များစွာ ရှိသေးသော်လည်း လည်ပတ်နိုင်သည့် ဖွဲ့စည်းမှုတော့ ရှိနေပြီဖြစ်၏။
PDF တပ်များအတွက် အဓိက လိုအပ်သည်ဟု အများမြင်ကြသည့် ပြဿနာမှာ အမိန့်ပေးကွပ်ကဲသည့် စနစ်ဖြစ်၏။ PDF နှင့် ပကဖ တပ်ဖွဲ့တခုလုံးအား ကွပ်ကဲမှု တခုတည်းအောက်တွင် ထားရှိရေးဖြစ်၏။ လက်ရှိ NUG ၏ MOD သည် အားနည်းချက်များ ရှိနေသော်လည်း PDF နှင့် ပကဖ အများစုကို ကွပ်ကဲမှု ယူထားနိုင်သည်။ လက်ရှိ PDF နှင့် ပကဖ များကို တိုင်း၊ ပြည်နယ်၊ ခရိုင်အလိုက် ဖွဲ့စည်းထားရှိပြီး KIA, KNU, KNPP စသည့် EAO များနှင့် တွဲ၍ စစ်ဒေသ သုံးခု ခွဲ၍ထားသည်ကိုတွေ့ရ၏။
အထက်မှ အောက်သို့ အပြည့်အဝ ကွပ်ကဲမှု မယူနိုင်သေးဟု ပြော၍ရပါသည်။ သို့သော် နှစ်နှစ်ခွဲခန့်အတွင်း ကွပ်ကဲမှုဘောင်တခု ပုံစံပေါ်အောင် တည်ဆောက်ထားနိုင်သည်ကို တွေ့ရ၏။ ထပ်မံ၍ လိုအပ်ချက်များ ပြည့်မီရန် ဖြည့်ဆည်းသွားရန်သာ လိုအပ်သည်။
ဤနေရာတွင် PDF နှင့် ပကဖ တပ်များအတွက် လက်နက်တပ်ဆင်မှုနှင့် ပတ်သက်၍ ဖြစ်စေ၊ ကွပ်ကဲမှုနှင့် ပတ်သက်၍ဖြစ်စေ လက်တွေ့ကျကျ ကြည့်မြင်ရန် လိုအပ်သည်။ လက်ရှိ PDF နှင့် ပကဖ အင်အား တသိန်းခွဲခန့်အား တပ်ဆင်ရန် မောင်းပြန်ရိုင်ဖယ် တသိန်းခွဲကို အချိန်တိုအတွင်း တပ်ဆင်ရန် မလွယ်ကူပါ။ ပထမ အချက်မှာ လက်နက်တန်ဖိုးဖြစ်၏။
မောင်းပြန်ရိုင်ဖယ် တလက်၏ မှောင်ခိုဈေးကွက် ပေါက်ဈေးမှာ ယခင်က အမေရိကန်ဒေါ်လာ ၂,၀၀၀ မကျော်သော်လည်း ယခုအခါ မှောင်ခိုဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၅,၀၀၀ ခန့် ရှိ၏။ လက်နက် တသိန်းခွဲဆိုလျှင် အမေရိကန်ဒေါ်လာ သန်း ၇၅၀ ခန့် ကုန်ကျမည်။ ထိုငွေပမာဏာကို အချိန်တိုတွင်း ရရန်မလွယ်ကူပါ။
ဒုတိယအချက်မှာ ထိုငွေပမာဏာ ရှိပါကလည်း ထိုလက်နက် ပမာဏကို ချက်ချင်း ဝယ်ယူရရှိရန် မဖြစ်နိုင်ပေ။ NUG / PDF များအနေဖြင့် လက်နက်ခဲယမ်းကို တရားဝင် ဝယ်ယူ၍မရဘဲ မှောင်ခိုဈေးကွက်မှသာ ဝယ်ယူ ရရှိနိုင်သည်။ ထို့ပြင် ကျည်ဆံတတောင့်လျှင် အနည်းဆုံး နှစ်ဒေါ်လာခန့် ပေးနေရသည့်အချိန်တွင် လက်နက် တသိန်းခွဲအတွက် တလက် ကျည်ဆံ ၁၀၀ နှုန်းဖြင့် တွက်ပါက ကျည်ဆံ ၁၅ သန်း လိုအပ်ပြီး ငွေပမာဏာမမှာ သန်း ၃၀ ခန့် ကုန်ကျမည်ဖြစ်၏။
ခုခံစစ်ပွဲ အောင်မြင်နိုင်ရန် သေနတ်တလက်လျှင် ကျည်ဆံ ၁၀၀ ဖြင့် မလုံလောက်နိုင်ပါ။ သို့ဖြစ်ရာ PDF နှင့် ပကဖ များကို အချိန်တိုအတွင်း လက်နက်တပ်ဆင်ရန်နှင့် ခဲယမ်းဖြည့်တင်းရန် ခက်ခဲသည့် အခြေအနေကို အသိအမှတ်ပြုပြီး ပြဿနာကို တဆင့်ချင်း ဖြေရှင်းရေးကိုသာ စဉ်းစားရန်လိုအပ်၏။
ဒုတိယအချက်မှာ PDF နှင့် ပကဖ များအား အပြည့်အဝ ကွပ်ကဲမှုရယူရေးနှင့် ပတ်သက်၍ဖြစ်၏။ နွေဦးတော်လှန်ရေးတွင် ပေါ်ထွက်လာသော PDF, ပကဖ များနှင့် လက်နက်ကိုင် တပ်ဖွဲ့များသည် မိမိအသိ၊ မိမိအစီအစဉ်ဖြင့် ဒေသအလိုက် ရရာလက်နက်ကိုင်ဆောင်ပြီး တော်လှန်ပုန်ကန်ခဲ့ကြသူများ ဖြစ်သည်။ မိမိတပ်ဖွဲ့အလိုက် ရိက္ခာ၊ စစ်လက်နက်၊
ဘဏ္ဍာရေးပြဿနာ စသည့် လိုအပ်သည့် ကိစ္စအဝဝကို မိမိဖာသာ ဖြေရှင်းရပ်တည်ကြသည့် အဖွဲ့များဖြစ်သည်။ လက်ရှိ အများစုက PDF နှင့်ပကဖများအဖြစ် NUG အောက်တွင် စုစည်းကြသည် ဆိုသော်လည်း NUG အနေနှင့် အပြည့်အဝ ထောက်ပံ့မှု မပြုနိုင်သေးပေ။ PDF နှင့် ပကဖ များသည် ကိုယ့်ဖာသာ ရပ်တည်နိုင်အောင် ကြိုးစားနေရ၏။
ထို့ပြင် PDF နှင့် ပကဖ များသည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် နိုင်ငံရေးအင်အားစု အသီးသီးမှ လာကြသည်ဖြစ်ရာ မတူသည့် နိုင်ငံရေးအမြင် ကွဲလွဲမှုရှိနေသည်။ သို့ဖြစ်ရာ ထိုအင်အားစုများကို အချိန်တိုအတွင်း တသွေးတသံတမိန့် စုစည်းရန် ခက်ခဲမည်ဖြစ်၏။
PDF နှင့် ပကဖ အင်အားစုများကို တခုတည်းသော အမိန့်ပေးစနစ်အောက်တွင် စုစည်းရန် လိုအပ်သည်ဖြစ်ရာ အပြန်အလှန် ပူးပေါင်းသည့် အခြေခံပေါ်မှာ အဆိုပါ အင်အားများကို စုစည်းရန်အတွက် ဝိုင်းဝန်းအဖြေရှာရန်သာ လိုအပ်၏။ ဒီမိုကရေစီအခြေခံပေါ်မှ ဗဟိုချုပ်ကိုင်မှုကို တည်ဆောက်သွားရမည်ဖြစ်၏။ သို့သော်လည်း တဗိုလ်တမင်း အနေအထားများကို မလွှဲမရှောင်သာ ကြုံနေရ၊ ဖြေရှင်းနေရဦးမည်သာ ဖြစ်၏။ နွေဦးတော်လှန်ရေး ကာလတလျှောက်လုံး ဖြေရှင်းနေရမည့်ပြဿနာ ဖြစ်နေပေလိမ့်မည်။
PDF နှင့် ပကဖ အင်အားစုများကို တခုတည်းသော အမိန့်ပေးစနစ်အောက်တွင် စုစည်းရန် လိုအပ်သည်ဖြစ်ရာ အပြန်အလှန် ပူးပေါင်းသည့် အခြေခံပေါ်မှာ အဆိုပါ အင်အားများကို စုစည်းရန်အတွက် ဝိုင်းဝန်းအဖြေရှာရန်သာ လိုအပ်၏။
စစ်ရေးအရ အထူးသတိပြုရမည့် အချက်မှာ လက်နက်ခဲယမ်း တပ်ဆင်မှု လိုအပ်ချက်ရှိသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် အခြားဒေသများထက် PDF တပ်ဖွဲ့ဝင် ကျဆုံးမှု အရေအတွက် ပိုများခြင်းဖြစ်၏။
(၂) PDF မဟုတ်သော ပြည်မမှ တပ်ဖွဲ့များ
အထူးသဖြင့် NLD နှင့် နိုင်ငံရေး အယူအဆ မတူသည့်၊ NLD အား နိုင်ငံရေးအမြင် မကြည်သည့် အင်အားစုများ ဖွဲ့စည်းထားသည့် တပ်ဖွဲ့များဟုဆိုရမည်။ PLA, BPLA, PRA မကွေး၊ SAF, PIO/ PIA, BNRA စသည့် အဖွဲ့များ အင်အားသည် တပြည်လုံး အတိုင်းအတာအရ သောင်းဂဏန်းရှိသည်ဖြစ်ရာ ထိုအင်အားစုများအားလည်း စုစည်းရန် လိုအပ်၏။
NUG သည် NLD အစိုးရ မဟုတ်ဘဲ ညွန့်ပေါင်းအစိုးရအဖြစ် ဖွဲ့စည်းထား၏။ NUG တွင် ပါဝင်သည့် NLD များအနေဖြင့် တိုင်းရင်းသားများနှင့် မဟာမိတ်ဖွဲ့ရန်၊ ပူးပေါင်းရန်၊ တပ်ပေါင်းစုဖွဲ့ရန် လိုလိုလားလား အားစိုက်ကြသော်လည်း ပြည်မရှိ မတူသည့် နိုင်ငံရေးအင်အားစုများနှင့် မဟာမိတ်ဖွဲ့ရန် အားနည်းချက် ရှိ၏။ ဂျပန်တော်လှန်ရေး ကာလက ဖွဲ့စည်းသည့် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖတပလ) သည် အဓိက ပြည်မနိုင်ငံရေး အင်အားစုများ၏ မဟာမိတ်ဖွဲ့မှုဖြစ်ပြီး လက်ရှိ NUG သည် ပြည်မရှိ NLD နိုင်ငံရေးအင်အားစုနှင့် တိုင်းရင်းသားများ၏ မဟာမိတ်ဖွဲ့မှု ဖြစ်၏။ သို့ဖြစ်ရာ ယခုအခါ တိုင်းရင်းသားအင်အား စုများနှင့်သာမက ပြည်မ နိုင်ငံရေးအင်အားစုများနှင့်ပါ မဟာမိတ်ဖွဲ့မှုပုံစံ လိုအပ်သည်။
လက်ရှိတွင် NUG သည် ပြည်မရှိ PDF မဟုတ်သည့် အခြား အင်အားစုများနှင့် မဟာမိတ်ဖွဲ့မှု၊ ဆက်ဆံမှုရှိသည် ဆိုသော်လည်း မူဝါဒအရရော၊ လက်တွေ့အရပါ လိုအပ်ချက် ရှိနေသေးသည်။ ပိုမို အားထုတ်ရန်လို၏။ ထို့ပြင် ထိုအင်အားစုများသည် NUG နှင့်သာ အဖုအထစ်ရှိကြသော်လည်း ဆက်စပ်နေသော EAO များနှင့် ဆက်ဆံရေး ကောင်းကြသည်ကို တွေ့ရ၏။
(၃) နွေဦးတော်လှန်ရေးတွင်ပေါ်လာသည့် တိုင်းရင်းသားတပ်ဖွဲ့များ
နွေဦးတော်လှန်ရေးတွင် ပေါ်လာသည့် EAO များအဖြစ် ကရင်နီပြည်နယ်တွင် KNDF, ချင်းပြည်နယ်တွင် CDF, ရှမ်းပြည်နယ်တွင် ဓနုတပ်ဖွဲ့နှင့် ပအိုဝ်းတပ်ဖွဲ့၊ မွန်ပြည်နယ်တွင် မွန်တပ်ဖွဲ့များ တွေ့ရ၏။ ကချင်ပြည်နယ်တွင် မရူ၊ လီဆူးနှင့် ရှမ်းနီအချို့သည်လည်း KPDF များအဖြစ် KIA နှင့် ပူးပေါင်းသွားကြသည်။ ထိုအဖွဲ့များအနက် KNDF သည် အင်အား ၈,၀၀၀ ခန့်၊ CDF များသည် အင်အား ၈,၀၀၀ ခန့်မှ တသောင်းခန့်အထိ ရှိပြီး ၎င်းတို့ပြည်နယ်များကို အများစု ထိန်းချုပ်နိုင်ကြောင်း တွေ့ရ၏။
ကျန် EAO အဖွဲ့များကမူ အင်အား ရာဂဏန်းမျှစီရှိပြီး မူလ EAO များ၊ PDF များနှင့် ပူးတွဲလှုပ်ရှားကြသည်ကို တွေ့ရ၏။
အဆိုပါ တိုင်းရင်းသားအဖွဲ့ စုစုပေါင်း အင်အားမှာ ၂၀,၀၀၀ ခန့်ရှိပြီး လက်နက်တပ်ဆင်နိုင်မှုမှာ PDF များနှင့် မတိမ်းမယိမ်း ရှိ၏။ တိုက်စိတ်ခိုက်စိတ် မြင့်မားကြပြီး ဤကာလအတွင်း တိုက်ပွဲအတွေ့အကြုံ ၁၅ ပွဲ၊ ပွဲ ၂၀ ခန့်ထိရှိကြ၏။ တိုက်ရည်ခိုက်ရည်ကောင်းကြသည်ကို တွေ့ရ၏။ အမိန့်ပေးစနစ် တည်ဆောက်မှုတွင် KNDF က အားအကောင်းဆုံးဖြစ်ပြီး ကျန်အဖွဲ့များမှာ အနည်းနှင့်အများ လိုအပ်ချက်ရှိနေသေး၏။
သို့သော် ထိုအဖွဲ့အားလုံးသည် NUG နှင့် EAO များ၏ စုပေါင်း ကွပ်ကဲမှုတွင် ချိတ်ဆက် ပါဝင်လျက်ရှိ၏။ နိုင်ငံရေးအရ ထိုတပ်ဖွဲ့များ၏ ဖက်ဒရယ်တောင်းဆိုချက်များကို အလေးထားရန်လိုသည်။
(၄) ပြည်မ PDF အင်အားစုများနှင့် အတိအလင်း ပူးပေါင်းပြီး တိုက်ပွဲဝင်နေသည့် EAO တပ်ဖွဲ့များ
KIA, KNU, KNPP, CNF နှင့် ABSDF အဖွဲ့ ငါးဖွဲ့ပါဝင်သည်။ နွေဦးတော်လှန်ရေး အင်အားစုများအား လှိုက်လှဲစွာကြိုဆို၊ အားပေးကူညီ လေ့ကျင့်ပေးသည့်အပြင် စစ်ရေးအရလည်း ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့များဖြစ်၏။
KIA သည် အင်အား ၁၇,၀၀၀ ခန့်၊ KNU အင်အား ၈,၀၀၀ မှ ၁၀,၀၀၀ ကြားခန့်၊ KNPP ၂,၅၀၀ ခန့်၊ ကလလတ ၁,၅၀၀ ခန့်၊ CNF ၂,၅၀၀ ခန့်၊ ABSDF ၁,၅၀၀ ခန့်၊ စုစုပေါင်း အင်အား ၃ သောင်းကျော်ခန့် ရှိ၏။ တိုက်ရည်ခိုက်ရည်ရှိပြီး စစ်ရေးအတွေ့အကြုံရှိသည်။ စနစ်တကျ လေ့ကျင့် ဖွဲ့စည်းထားသော တပ်ဖွဲ့များ ဖြစ်သည်။
လက်ရှိ PDF များနှင့် ပူးပေါင်းပြုလုပ်သည့် စစ်ဆင်ရေးများတွင်လည်း ဦးဆောင်မှု ပေးနိုင်ကြသည်။ EAO တပ်ဖွဲ့များသည် လက်နက်တပ်ဆင်မှုကို အခြေခံအားဖြင့် အားကောင်းသော်လည်း ခဲယမ်းဖြည့်တင်းနိုင်မှု အကန့်အသတ် ရှိကြ၏။ ပြောက်ကျားစစ်ပွဲ အတွေ့အကြုံရှိပြီး ရေရှည်တော်လှန်ရေး အမြင်ရှိ၏။ နိုင်ငံရေးဖြတ်သန်းမှုနှင့် အတွေ့အကြုံကြီးများ ရှိကြ၏။
NUG နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသော်လည်း NUCC တွင် ဖက်ဒရယ်အရေး ဆွေးနွေးရာတွင် သဘောတူညီမှုမရကြဘဲ ကြေလည်မှု မရှိသည်ကို တွေ့ရ၏။ ဤအင်အားသည် လက်ရှိ နွေဦးတော်လှန်ရေးတွင် အဓိကအားထားရမည့် EAO အင်အားဖြစ်၏။ EAO များနှင့် ပတ်သက်သည့် အရေးပါသည့်ပြဿနာမှာ ဖက်ဒရယ်ပြဿနာ၊ ကိုယ်ပိုင်ပြဌာန်းခွင့် ပြဿနာဖြစ်သည်။
(၅) PDF နှင့် ပြည်မ အင်အားစုများကို အပြည့်အဝ အကူအညီပေးလျက်ရှိပြီး ရေရှည် ပူးပေါင်းတိုက်ခိုက်နိုင်သည့် EAO တပ်ဖွဲ့များ
AA, TNLA, MNDAA အဖွဲ့ သုံးဖွဲ့ဖြစ်ပြီး NUG, PDF နှင့် အခြား နွေဦးတော်လှန်ရေး အင်အားစုများအား ကူညီခြင်း၊ လေ့ကျင့်ပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်း၊ လက်နက်ခဲယမ်း ရရှိရေးအတွက် ကူညီပေးခြင်းတို့ကို တက်တက်ကြွကြွ ကူညီဆောင်ရွက်လျက်ရှိသကဲ့သို့ နောက်ပိုင်းတွင် NUG / MOD နှင့် အပြန်အလှန် အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိ၏။
လက်ရှိတွင် AA ၏ အင်အား မှာ ၃၀,၀၀၀ ခန့်၊ TNLA ၏ အင်အားမှာ ၈,၀၀၀ ခန့်နှင့် MNDAA ၏ အင်အားမှာ ၅,၀၀၀ နှင့်အထက်ရှိမည်ဟု ခန့်မှန်းရသည်။ စုစုပေါင်း အင်အား ၄ သောင်းကျော်ခန့် ရှိ၏။ ထိုသုံးဖွဲ့သည် မြန်မာစစ်တပ်နှင့် တိုက်ပွဲပြန်ဖြစ်နေသည်။ စစ်ကောင်စီတပ်နှင့် ထိုသုံးဖွဲ့၏ နိုင်ငံရေးရည်မှန်းချက်တို့အား ညှိနှိုင်းရမည့်အခြေအနေ မရှိပေ။
AA, TNLA, MNDAA အဖွဲ့ သုံးဖွဲ့ဖြစ်ပြီး NUG, PDF နှင့် အခြား နွေဦးတော်လှန်ရေး အင်အားစုများအား ကူညီခြင်း၊ လေ့ကျင့်ပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်း၊ လက်နက်ခဲယမ်း ရရှိရေးအတွက် ကူညီပေးခြင်းတို့ကို တက်တက်ကြွကြွ ကူညီဆောင်ရွက်လျက်ရှိသကဲ့သို့ နောက်ပိုင်းတွင် NUG / MOD နှင့် အပြန်အလှန် အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိ၏။
ရခိုင် AA ၏ နိုင်ငံရေးရည်မှန်းချက်နှင့် စစ်ရေးပြင်ဆင်မှုအရ စစ်ကောင်စီတပ်နှင့် AA ကြား ၂၀၂၄၊ ၂၀၂၅ ခန့်တွင် ပြန်လည် တိုက်ပွဲဖြစ်ပွားမည့် အခြေအနေရှိ၏။ ထိုသုံးဖွဲ့ စစ်ပွဲတွင်း ပါဝင်လာသောကြောင့် နွေဦးတော်လှန်ရေး ပိုမိုအားကောင်းလာ၏။
(၆) စစ်ကောင်စီနှင့် PDF နှစ်ဖက်လုံးအား မှန်တန်း ဆက်ဆံရေး ထူထောင်ထားသော်လည်း တိုင်းရင်းသားအင်အားစုနှင့် တော်လှန်ရေးအင်အားစုများအား စာနာသည့် EAO တပ်ဖွဲ့များ
၎င်းအဖွဲ့များမှာ UWSA, NDAA နှင့် SSPP တို့ဖြစ်၏။ UWSA က အင်အား ၃၀,၀၀၀ ခန့်၊ NDAA က အင်အား ၆,၀၀၀ ခန့်၊ SSPP က အင်အား ၁၂,၀၀၀ ခန့်ရှိ၏။ လက်နက်ခဲယမ်း ပြည့်စုံပြီး စနစ်တကျ ဖွဲ့စည်းထားသည့် တပ်ဖွဲ့များဖြစ်ပြီး ဘဏ္ဍာရေးလည်း အတိုင်းအတာတခုအထိ တောင့်တင်းသည်။ UWSA နှင့် NDAA တို့တွင် ကိုယ်ပိုင် လက်နက်စက်ရုံများ ရှိ၏။ UWSA နှင့် NDAA တပ်ဖွဲ့နှစ်ခုမှာ ၎င်းတို့ထိန်းချုပ်နယ်မြေကို ထိပါးခြင်း မရှိပါက မြန်မာစစ်တပ်အား တိုက်ခိုက်မည့်အခြေအနေ မရှိပါ။ လက်ရှိအချိန်တွင် မြန်မာစစ်တပ်ကလည်း ထိုတပ်ဖွဲ့ ထိန်းချုပ်နယ်မြေများကို ထိပါးရဲသည့် အနေအထားမရှိပေ။
SSPP နှင့်လည်း မြန်မာစစ်တပ် အပစ်ရပ်ထားသော်လည်း ၂၀၂၁ မှ စ၍ ရှမ်းပြည်တောင်ပိုင်းရှိ မိုင်းကိုင်၊ ပင်လုံ၊ လဲချားဒေသများသို့ တိုးချဲ့ ထိန်းချုပ်လာသည့် SSPP နှင့် စစ်တပ်ကြား တင်းမာမှုရှိ၏။ ၂၀၂၂ ခုနှစ်ဆန်း ကတည်းက SSPP တပ်များအား ဆုတ်ခိုင်းသည်မှာ ၂၀၂၃ ခုနှစ်အထိ ဖြစ်၏။ SSPP တပ်က မဆုတ်ဘဲ ခပ်မာမာ ပြန်လည် တိုက်ခိုက်သည့်အတွက် စစ်ကောင်စီတပ် အသံတိတ်သွား၏။
မြန်မာစစ်တပ် အနေနှင့် မကြေလည်သော်လည်း စစ်မျက်နှာသစ် ဖွင့်နိုင်သည့်အခြေအနေ မရှိသဖြင့် အသံမထွက်တော့။ ထို့ပြင် ရှမ်းပြည်တောင်ပိုင်းရှိ SSPP တပ်များအား UWSA တပ်များ အင်အားထောင်ချီ အသုံးပြုပြီး ဝင်ရောက် အားဖြည့်ပေးနေသည်မှာ နှစ်နှစ်ကျော်ပြီးဖြစ်သော်လည်း စစ်ကောင်စီတပ် ဖော်ထုတ်ကန့်ကွက်ခြင်း မရှိပေ။
သို့ဖြစ်ရာ စုစုပေါင်း အင်အား ၅၀,၀၀၀ ခန့်ရှိသည့် ဤသုံးဖွဲ့သည် မြန်မာစစ်တပ်နှင့် အပစ်ရပ်ထားသော်လည်း NCA ရေးထိုးထားခြင်း မရှိသဖြင့် မြန်မာစစ်တပ်နှင့် နိုင်ငံရေးအရ ပြေလည်ရန် ခက်ခဲ၏။ မြန်မာစစ်တပ်ကိုလည်း အယုံအကြည် မရှိကြသည့်အပြင် တော်လှန်ရေးအင်အားစုများကို စာနာမှုရှိ၏။ ထို့ပြင် SSPP နှင့် မြန်မာစစ်တပ်ကြားတွင် ထိလွယ်ရှလွယ် အခြေအနေရှိပြီး စစ်ရေးပဋိပက္ခများ တမုဟုတ်ချင်း ပြောင်းလဲ ဖြစ်ပွားနိုင်ပါသည်။
(၇) စစ်ကောင်စီနှင့် NCA ရေးထိုးထားသော EAO တပ်ဖွဲ့များ
စစ်ကောင်စီနှင့် NCA လက်မှတ်ရေးထိုးတားသော အဖွဲ့များအနက် RCSS တဖွဲ့သာ အင်အား တသောင်းခန့်ဖြင့် တောင့်တောင့်တင်းတင်း ရှိ၏။
SSPP နှင့် ပဋိပက္ခကြောင့် မြန်မာစစ်တပ်နှင့် အဆင်ပြေအောင် ပြောဆိုဆက်ဆံနေသော်လည်း သူ၏ နိုင်ငံရေးထွက်ပေါက်ကို ရှာနေသည့်အဖွဲ့ဖြစ်၏။ မွန်ပြည်သစ်မှာ အင်အား ၁,၅၀၀ ခန့်ရှိသော်လည်း စစ်ရေး အားမသန်ပါ။ နိုင်ငံရေးအစဉ်အလာ ရှိခဲ့သော်လည်း အစဉ်အလာမှ လျှောကျနေသည့်အဖွဲ့ ဖြစ်၏။
ကျန် KNU – PC, DKBA, PNLO, ALP, LDU အဖွဲ့များအနက် ကရင် နှစ်ဖွဲ့မှာ အင်အားရာဂဏန်းရှိ ဒေသလက္ခဏာဆောင်သည့် အဖွဲ့အဆင့်သာရှိပြီး PNLO မှာလည်း အလားတူဖြစ်၏။ ALP မှာ အဖွဲ့ သုံးဖွဲ့၊ LDU သည် အဖွဲ့ နှစ်ဖွဲ့စသည်ဖြင့် အဖွဲ့များ ကွဲနေကြပြီး လက်နက်ကိုင်အင်အား မယ်မယ်ရရ ပြစရာ မရှိပေ။ သူတို့လူမျိုးများကြားတွင်လည်း ဩဇာရှိသည့်အဖွဲ့များ မဟုတ်ကြပေ။
မြန်မာစစ်တပ်သည် ထို့အဖွဲ့များကို သူအတွက် နိုင်ငံရေးအရ အသုံးချရမည့်အဖွဲ့များအဖြစ် သဘောထား ဆက်ဆံခံရသည့်အဖွဲ့များ ဖြစ်သည်။ စစ်ရေးအရမူ မြန်မာစစ်တပ်အတွက် အားကိုးလောက်သည့် အနေအထားတွင် မရှိပေ။
(၈) ယခင်အခါက တိုင်းရင်းသားအဖွဲ့များဖြစ်ခဲ့ပြီး ယခုအခါ ပြည်သူ့စစ်နှင့် BGF ဖြစ်သွားသော်လည်း နိုင်ငံရေးအရရော စစ်ရေးလှုပ်ရှားနိုင်စွမ်းပါဂရုပြုရမည့်အဖွဲ့များ
ပန်ဝါ၊ ဖီမော်ဒေသမှ ဦးဇခုံတိန့်ယင်း ခေါင်းဆောင်သည့် BGF နှင့် ပသစ၊ ကောင်းခါး ပသစ၊ စဝ်လွယ်မောင်း ဦးစီးသည့် စိန်ကျော့ ပသစ၊ စဝ်ကိုင်ဖ ဦးစီးသည့် ကာလိ ပသစ၊ ဦးအောင်ခမ်းထီ ခေါင်းဆောင်သည့် ပအိုဝ်းပသစ၊ စောချစ်သူ ခေါင်းဆောင်သည့် BGF များ၊ စစ်ကိုင်းတိုင်းမှ SNA၊ ဦးသန်းစိုးနိုင် ဦးစီးသည့် ကယန်းပြည်သစ် စသည့်အဖွဲ့များသည် တစုံတရာ အင်အားရှိသည်။ အမျိုးသားရေးလက္ခဏာ ရှိသည့်အပြင် ဒေသအလိုက် ဩဇာရှိကြသည်။
ထိုအဖွဲ့များသည် လက်ရှိတွင် မြန်မာစစ်တပ်နှင့် ပူးပေါင်းနေကြသော်လည်း ရေရှည်တွင် ၎င်းတို့ အဖွဲ့အစည်း၊ ၎င်းတို့လူမျိုး ရပ်တည်ရေးအတွက် အပြောင်းအလဲ လုပ်နိုင်ကြသူများ ဖြစ်၏။ လက်ရှိတွင် SNA ကမူ စစ်ကောင်စီတပ်နှင့် ပေါင်း၍ KIA နှင့် KPDF များကို တိုက်ခိုက်လျက်ရှိ၏။ ကျန်အဖွဲ့များက စစ်ကောင်စီတပ်နှင့် ပေါင်းနေသော်လည်း နွေဦးတော်လှန်ရေးအင်အားစုများကို တက်တက်ကြွကြွ ဝင်ရောက် တိုက်ခိုက်နေသည်ကို မတွေ့ရပါ။
ထို့အဖွဲ့များနှင့် ပတ်သက်ပြီး အခြေအနေအချိန်အခါပေါ် မူတည်၍ ပျော့ပြောင်းသည့် ပေါ်လစီကျင့်သုံးရန် လိုအပ်၏။ တသမတ်တည်းသော မာကျောသည့် မူဝါဒသဘောထား ချမှတ်မထားရန်လို၏။
(၉) စစ်တပ်လက်အောက်ခံ ပသစ များ
စစ်တပ်လက်အောက်ခံ ပသစ ဟောင်းများရော၊ ပျူစောထီးဟုခေါ်ကြသည့် အသစ်ဖွဲ့သော ပသစ များကို စစ်တပ်က စစ်ဆင်ရေးများတွင် အသုံးပြုသည်ကို တွေ့ရ၏။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့ရှိ စစ်ကောင်စီတပ်၏ စခန်းများ၊ စစ်ကြောင်းများတွင် ပသစ အင်အားများဖြည့်တင်းပြီး အင်အားလျော့ကျနေသော စစ်ကောင်စီတပ်ကို အင်အားဖြည့်ရန် အသုံးပြုသည်ကို တွေ့ရ၏။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း ရှမ်းမြောက်တွင် TNLA နှင့် တိုက်ပွဲဖြစ်ပွားရာတွင်လည်း ရှမ်းမြောက် ပသစ တဖွဲ့ အင်အား ၅၀ ဆင့်ခေါ်ပြီး စစ်အင်အားဖြည့်တင်း အသုံးပြုသည်ကို တွေ့ရသည်။ စစ်မြေပြင်တွင် စစ်ကောင်စီတပ်နှင့် တွဲလျက်ရှိသော ပသစများအား သက်ညှာစရာ မလိုပေ။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း ရှမ်းမြောက်တွင် TNLA နှင့် တိုက်ပွဲဖြစ်ပွားရာတွင်လည်း ရှမ်းမြောက် ပသစ တဖွဲ့ အင်အား ၅၀ ဆင့်ခေါ်ပြီး စစ်အင်အားဖြည့်တင်း အသုံးပြုသည်ကို တွေ့ရသည်။ စစ်မြေပြင်တွင် စစ်ကောင်စီတပ်နှင့် တွဲလျက်ရှိသော ပသစများအား သက်ညှာစရာ မလိုပေ။
တပ်ရင်းအလိုက် အင်အားလျော့ကျနေသော စစ်ကောင်စီတပ်သည် ပသစ အင်အားများ ဖြည့်တင်း၍ စစ်ကြောင်းအင်အားကို ၁၀၀ ကျော်ရှိစေရန် စီစဉ်နေသည်ဟု သုံးသပ်ရ၏။ မြန်မာပြည် တပြည်လုံးတွင် စစ်ကောင်စီတပ် လက်အောက်ခံ ပသစ အင်အား ၅၀,၀၀၀ အထက်တွင် ရှိနိုင်၏။
အများစုမှာ လက်နက်တပ်ဆင်မှု မကောင်းသည့်အပြင် တိုက်ရည်ခိုက်ရည် နိမ့်သည်။ သို့သော် ဒေသအလိုက် လမ်းပြ၊ သတင်းပေး ပြုလုပ်နိုင်ပြီး စစ်ကောင်စီတပ်၏ လျော့ကျနေသောအင်အားကို ဖာထေးဖြည့်တင်းနိုင်ပါသည်။
အခြားအဖွဲ့များအနေနှင့် ZRO/ZRA အဖွဲ့က CDF တပ်ဖွဲ့များကိုဆက်၍ တိုက်ခိုက်နေဖွယ်ရှိ၏။ NSCNK ကမူ မြန်မာပြည်စစ်ပွဲတွင် ဝင်ပါဖွယ်ရာ မရှိပါ။
နိဂုံး
ချုပ်၍ ကြည့်ပါက လက်ရှိအချိန်တွင် PDF အင်အား ၆၀,၀၀၀ ခန့်၊ ပကဖ အင်အား ၇၅,၀၀၀ ခန့်၊ PDF မဟုတ်သည့် ပြည်မအင်အားစုများ ၁၀,၀၀၀ ခန့်၊ နွေဦးတွင် ပေါ်ပေါက်လာသည့် တိုင်းရင်းသားအင်အားစုများ အင်အား ၂၀,၀၀၀ ခန့်၊ PDF များနှင့်အတူ တိုက်ပွဲဝင်နေသည့် EAO ငါးဖွဲ့ အင်အား ၃၀,၀၀၀ ကျော်ခန့်၊ စုစုပေါင်း အင်အား ၁၉၀,၀၀၀ ခန့်သည် လက်ရှိ စစ်ကောင်စီတပ်အား တော်လှန်တိုက်ခိုက်နေ၏။
မြောက်ပိုင်းသုံးဖွဲ့ အင်အား ၅၀,၀၀၀ ခန့်သည် နွေဦးအင်အားစုများကို တက်တက်ကြွကြွ ကူညီနေပြီး စစ်ကောင်စီတပ်နှင့် အနှေးနှင့်အမြန် ပဋိပက္ခဖြစ်မည့် အနေအထားတွင်ရှိ၏။
UWSA, SSPP, NDAA အင်အား ၅၀,၀၀၀ ခန့်သည် စစ်တပ်နှင့် အပစ်ရပ်ထားသော်လည်း နွေဦးတော်လှန်ရေး အင်အားစုများကို စာနာနားလည် ထောက်ခံမှုပေးပြီး အင်အား ၁၂,၀၀၀ ခန့်ရှိ SSPP သည် စစ်ကောင်စီတပ်နှင့် အချိန်မရွေး ပဋိပက္ခ ဖြစ်ပွားနိုင်သည်။
NCA ထိုးထားသည့် ခုနစ်ဖွဲ့တွင် RCSS နှင့် မွန်ပြည်သစ်သည် အင်အား ၁၃,၀၀၀ ခန့်ရှိ၏။ သို့သော် ထိုအဖွဲ့များကို နိုင်ငံရေးအရသာ စစ်ကောင်စီ အသုံးချ၍ရပြီး စစ်အင်အားများကို အသုံးချ၍ မရပါ။ ထိုအဖွဲ့များသည် စစ်တပ်ကိုရော နွေဦးအင်အားစုများကိုရော စစ်ရေးအရ တိုက်ခိုက်မည့် အလားအလာ မရှိပါ။
အဓိက စစ်ကောင်စီတပ် အသုံးပြု၍ရသည်မှာ ပသစ အင်အားများဖြစ်ပြီး တပြည်လုံး အတိုင်းအတာအရ ပသစ အင်အား ၅၀,၀၀၀ အထက် ရှိနိုင်၏။ ထို ပသစ အင်အားများအတွင်းတွင်လည်း အမျိုးသားရေးလက္ခဏာ တစုံတရာရှိသည့် အချို့ ပသစ အဖွဲ့များအား ခွဲခြားဆက်ဆံရန်လို၏။ လက်ရှိ စစ်ကောင်စီတပ်နှင့် ပေါင်း၍ နွေဦးတော်လှန်ရေး အင်အားစုများကို တိုက်ခိုက်နေသည့်အဖွဲ့များမှာ ချင်းပြည်နယ်တွင် ZRO/ZRA နှင့် စစ်ကိုင်းတိုင်းတွင် SNA ဖြစ်သည်ကို တွေ့ရ၏။
စစ်ကောင်စီတပ်သည် ပုံမှန် လေ့ကျင့်ဖွဲ့စည်းထားမှုကြောင့် အသားကျသည့် အမိန့်ပေးစနစ် ရှိသည်။ ထောက်ပို့စနစ် ရှိ၏။ စစ်စရိတ်အတွက် တိုင်းပြည်ဘဏ္ဍာကို စိတ်ကြိုက်သုံးနိုင်သည်။ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူကို အသုံးချနိုင်သည်။
သို့သော် မြန်မာစစ်တပ်သည် တိုက်စိတ်ခိုက်စိတ်နှင့် တိုက်ရည်ခိုက်ရည် ကျဆင်းနေသည်။ တပြည်လုံး အတိုင်းအတာအရ တပ်အင်အား မလုံလောက်ပေ။ လေကြောင်းအကူ အသုံးပြုနိုင်သော်လည်း စိတ်ကြိုက် မသုံးစွဲနိုင်ပါ။ အကန့်အသတ်ရှိ၏။ လက်ရှိတွင် EAO များကို ကြားထားပြီး NUG / PDF များကို ခွဲထုတ်ရင်ဆိုင်ရန် ကြိုးစားနေသည်။
လက်ရှိ စစ်ကောင်စီတပ်နှင့် ရင်ဆိုင်ထားကြသည့် တပြည်လုံးရှိ တော်လှန်ရေး အင်အားစုများ၏ အခြေအနေကို တွက်ဆကြည့်ပါက တော်လှန်ရေး အင်အားစုများက ပို၍ အင်အားကောင်းသည်။ တိုက်စိတ်ခိုက်စိတ် မြင့်မားသည်။ စွန့်လွှတ်စွန့်စားရဲသည်။ တီထွင်ကြံဆနိုင်သည်။ ဤအချက်များသည် တော်လှန်ရေး အင်အားစုများအတွက် အားသာချက် ဖြစ်၏။
သို့သော် ထိုအင်အားစုများကို တစုတစည်းတည်း မစုစည်းနိုင်သေးခြင်းက အားနည်းချက်ဖြစ်၏။ ထို့ပြင် ထိုအင်အားစုများကို လက်နက်ခဲယမ်း ဖြည့်တင်းတပ်ဆင်ရာတွင်လည်း အားနည်းချက် ရှိနေသေးသည်။ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ကိုယ်အားသာချက်၊ အားနည်းချက်ကို မှန်မှန်ကန်ကန် မြင်ပြီး ပြင်ဆင်ရန် လိုအပ်၏။
ရန်သူ့အကြောင်း၊ ကိုယ့်အကြောင်း ကောင်းကောင်းသိမှ တိုက်ပွဲတိုင်းတွင် အောင်နိုင်ရာ၏ဟု ဆိုသကဲ့သို့ ကိုယ့်အကြောင်း အဆိုးအကောင်း၊ အားသာချက်၊ အားနည်းချက်ကို မှန်ကန်စွာ ကြည့်မြင်သုံးသပ်ရန်၊ ပြင်ဆင်ရန် လိုအပ်၏။ သို့မှသာ မြန်မာပြည်အတွက် အသင့်လျော်ဆုံးအဖြေကို ရှာဖွေနိုင်မည်၊ ရည်မှန်းချက်သို့ အရောက်လှမ်းနိုင်မည် ဖြစ်၏။
(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၁)
မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၂)
မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၃)
မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၄)
မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၅)
မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)