တကယ်လို့ သင်ဟာ စစ်ကောင်စီထုတ် သတင်းစာတွေကို နေ့စဉ်ဖတ်ရှု့နေတဲ့သူဆိုရင် အောက်တိုဘာ ၂၃ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာရဲ့ အတွင်းဖက် စာမျက်နှာတနေရာက ရှမ်းပြည်နယ် သမဝါယမပိုင် အဆောက်အဦ တလုံး အိတ်ပိတ်တင်ဒါစနစ်နဲ့ လေလံပစ်မယ့် မထင်မရှားကြော်ငြာလေးကို တွေ့မိမှာ အသေအချာပါပဲ။
သတင်းစာရဲ့ အတွင်းပိုင်းက ဒီလေလံကြော်ငြာဟာ အမှတ်တမဲ့ကြည့်ရင်တော့ သမဝါယမပိုင်နေရာတခုကို လေလံပစ်တာလို့ ထင်ရပေမယ့် ဒီအဆောက်အအုံရဲ့ သမိုင်းကြောင်းကိုသာ သင်သိခဲ့ရင် သမဝါယမဟာ ရှမ်းလူမျိုးတွေရဲ့ အမွေအနှစ်ကို မလိမ့်တပတ် ရောင်းစားနေတာပါလားဆိုတဲ့ အတွေးရောက်လာမှာ မလွဲပါဘူး။
လေလံလျှောက်လွှာထဲမှာတော့ အောင်ပန်းမြို့ လက်မပင်ရပ်ကွက် ဆရာစံလမ်းနဲ့ ဆရာခေါင်လမ်းထောင့် မြေကွက် အမှတ် ၆၊ မြေပေါ်မှာ သွပ်မိုး၊ သစ်ကာ၊ သစ်ခင်း ပျဉ်ထောင် ၂ထပ် အိမ်ဟော်လို့သာ ဖော်ပြထားတဲ့ အဆောက်အဦကို နိုဝင်ဘာ ၈ ရက် ၂၀၂၃ ခုနှစ်မှာ လေလံတင် ရောင်းချမယ်ဆိုတာ ပါရှိပါတယ်။
အိမ်ဟော်ဆိုတဲ့ ထူးခြားတဲ့ အသုံးအနှုန်းကြောင့် သမိုင်းဝင် နေရာတနေရာဆိုတာ သင် ရိပ်စားမိမှာ အမှန်ပါ၊ တကယ်လည်း ဒီနေရာက အောင်ပန်းမြို့ရဲ့ အထင်ကရ သာမိုင်းခမ်းစော်ဘွားရဲ့ ဟော်နန်းတည်ရှိရာနေရာ ဖြစ်ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ အဲဒီနေ့ထုတ် သတင်းစာခေါင်းကြီးပိုင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပက်ပင်း မီးရထား လမ်းဖွင့်ပွဲအတွက် တောင်ကြီးမြို့ကို သွားတဲ့သတင်းက နေရာယူထားတာကြောင့် ရှမ်းစော်ဘွားတို့ရဲ့ ဟော်နန်းတွေကို ပြုပြင်ပေးမယ်လို့ နှစ်သိမ့်တတ်တဲ့ စစ်ခေါင်းဆောင်ကို သတင်းစာအတွင်းပိုင်းက သာမိုင်းခမ်းဟော် လေလံပစ်တဲ့ ကြော်ငြာလေးက ပျက်ရယ်ပြုနေသလိုပါပဲ။
ဒီလေလံပစ်မယ့်သတင်းကြောင့် လူမှုကွန်ရက်ပေါ်မှာ အောင်ပန်းသားတော်တော်များက မချိတင်ကဲ ဖြစ်နေကြပေမယ့် သမဝါယမရဲ့ လေလံထုခွဲ ရောင်းချရေးအဖွဲ့ကတော့ ဟော်နန်းကို လေလံပစ်တယ်ဆိုတဲ့ စကားအစမခံပါဘူး။ သာမိုင်းခမ်း စော်ဘွားရဲ့ ဟော်နန်းမဟုတ်တော့ဘူး သမဝါယမက ပြန်ဝယ်ထားတဲ့ အိမ်ဟော်သာဖြစ်တယ်၊ သူတို့မှာ နှစ် ၃၀ ဂရန်ရှိတယ်၊ ၂၀၄၈ခုနှစ် အထိ သက်တမ်းရှိတယ်ဆိုကာ အကြောက်အကန် ငြင်းဆန်ပါတယ်။

တကယ်တော့ သာမိုင်းခမ်းသမိုင်းကို သိမှီသူတွေ ပြောတာက ၁၉၆၂ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တော်လှန်ရေး ကောင်စီ အာဏာသိမ်းပြီး ဟော်နန်းကို ပြည်သူပိုင်သိမ်းမယ်ဆိုတဲ့ သတင်းတွေကြောင့် တင်းနစ်ကွင်းအပါအဝင် ကျယ်ဝန်းလှတဲ့ ဟော်ခြံမြေကို အောင်ပန်းလယ်ယာနဲ့ လုပ်ငန်းပေါင်းစုံ သမဝါယမအသင်း (လလသသ)ဆီ ဈေးနှုန်း သက်သက်သာသာနဲ့ စော်ဘွားနဲ့ မျိုးနွယ်တွေက လွှဲပြောင်းရောင်းချပေးခဲ့တာ ဖြစ်တယ်ဆိုတာ သိရပါတယ်။
တရားဥပဒေ ရှု့ထောင့်ကကြည့်ရင်တော့ ဒီဟော်နန်းနဲ့ နေရာဟာ သမဝါယမ အပိုင်ဆိုပေမယ့် သမိုင်းရှု့ထောင့်၊ ယဉ်ကျေးမှု အမွေအနှစ်နဲ့ လူမှုရေး ရှု့ထောင့်အပါအဝင် အဘက်ဘက်က ကြည့်ရင်တော့ ဒီလိုသမိုင်းဝင် သာမိုင်းခမ်း စော်ဘွားရဲ့ ဟော်နန်းကို လေလံပစ်တယ်ဆိုတာက မလုပ်သင့်တဲ့ လုပ်ရပ်တခုလို့ ဆိုရမှာပါ။
တချိန်က မှားယွင်းတဲ့ နိုင်ငံရေးစနစ်ကြောင့် သာမိုင်းခမ်းဟော်နန်းဟာ သက်ဆိုင်သူတွေလက်ကနေ သူတပါးလက် ရောက်ရသလို အခုလည်း သာမိုင်းခမ်းဟာ အရှုံးပေါ်နေတဲ့ သမဝါယမစနစ်ရဲ့ သားကောင် ဖြစ်ခဲ့ရပြန်ပါပြီ။
တကယ်တော့ သာမိုင်းခမ်းဆိုတာ သမိုင်းဝင်တဲ့ တနေရာဖြစ်သလို သာမိုင်းခမ်းရဲ့ နောက်ဆုံးစော်ဘွား စဝ်ထွန်းဧဟာ ဖဆပလ အစိုးရခေတ်မှာ ပြည်ထောင်စု မြန်မာနိုင်ငံတော် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဌာန ဝန်ကြီး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး စတဲ့ ဝန်ကြီးဌာန ၂ခုကို တာဝန်ယူခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်သလို ပြည်ထောင်စုအကျိုးကို စွမ်းစွမ်းတမန် ကြိုးစားဆောင်ရွက်ခဲ့သူလို့ သမိုင်းမှတ်တမ်းအတင်ခံရသူ ဖြစ်ပါ တယ်။
မြန်မာမင်းလက်ထက်ကတော့ သာမိုင်းခမ်းအပါအဝင် ပင်းဒယ၊ ပွေးလှ၊ ကျူံး၊ ရွာငံ၊ စကား၊ ပင်လောင်း စတဲ့နယ် တွေ ကို မြေလတ်လို့ ခေါ်ပြီး ကိုလိုနီခေတ် ဘုရင်ခံရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာ တိုင်းမင်းကြီးတဦး စီမံကွပ်ကဲတဲ့ ရှမ်းစော်ဘွားတို့ပိုင် ၃၂နယ်မှာ သာမိုင်းခမ်းလည်း ပါဝင်ခဲ့ပါတယ်။
၁၉၀၁ ခုနှစ် ဘာမားဂေဇက် မှတ်တမ်းအရတော့ သာမိုင်းခမ်းနယ်လို့ သတ်မှတ်ခဲ့တဲ့ စော်ဘွားပိုင်နက်ဟာ ၂၉၆. ၆ စတုရန်းမိုင်ရှိကာ တောင်ရိုး၊ ဓနု၊ တောင်သူ၊ ထနော့၊ ထရဲ၊ ရှမ်း၊ အင်းသား၊ ပလောင်၊ ဗမာတွေ နေထိုင်ကြသလို မြောက်ဘက်မှာ ကျူံးနဲ့ ပွေးလှနယ်၊ အရှေ့ဘက်နဲ့ တောင်ဘက်က ညောင်ရွှေစော်ဘွားနယ်၊ အနောက်ဖက်မှာ ရမည်းသင်း မိတ္ထီလာခရိုင်တို့နဲ့ နယ်နိမိတ်ထိစပ်နေတယ်လို့ ဆိုထားပါတယ်။
စော်ဘွား မဟာသရေစည်သူ စဝ်ထွန်းဧဟာ ဗိုလ်ချုပ်နေဝင်း အိမ်စောင့်အစိုးရလက်ထက် ၁၉၅၉ ခုနှစ် ဧပြီ ၂၇ရက် ရှမ်းပြည်နယ်ရှင် စဝ်ဖလုံတွေနဲ့အတူ အာဏာစွန့်ခဲ့သူပါ။
သူဟာ သာမိုင်းခမ်းမြို့စား စဝ်ခွန်ဖိုးရဲ့ သမီးအကြီး စဝ်ခင်ထားနဲ့ တော်နင်းမြို့စား စဝ်ခွန်ထီးနဲ့ တို့ရဲ့ တတိယသားဖြစ်ပြီး တောင်ကြီးမြို့ ရှမ်းစော်ဘွားသားမြေးများကျောင်းမှာ ၁၀တန်းအထိ တက်ရောက်ခဲ့ပြီး ၁၉၃၆ ခု ခရိုင်ဝန်ရှင်တော် မင်းကြီးရုံးမှာ အုပ်ချုပ်ပညာသင်ပြီးနောက် ၁၉၃၇ မှာ ပွေးလှမြို့စား စဝ်စံမြထံမှ သာမိုင်းခမ်းနယ်ကို လက်ခံယူပြီး ကိုယ်တိုင်အုပ်ချုပ်ခဲ့ပါတယ်။

၁၉၃၈ခု မေလ ၁ရက်မှာတော့ ရှမ်းပြည်နယ်ကောင်စီ သဘာပတိ စကားစော်ဘွား မဟာသရေစည်သူ စဝ်ခွန်ကြည်ရဲ့ ဒုတိယသမီး စဝ်ကြည်ထူးနဲ့ လက်ထပ်ထိမ်းမြားကာ သမီးတော် စဝ်မြစ်ဦး တပါးသာထွန်းကားခဲ့ပါတယ်။
၁၉၄၅ခုနှစ် ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာ အထက်မြန်မာပြည်နဲ့ ရှမ်းပြည်တိုင်းမှူး ဗိုလ်မှူးကြီး ဗထူးရဲ့တပ်ကို အစစ ကူညီခဲ့သလို ၁၉၄၆ ပင်လုံညီလာခံဖြစ်မြောက်ရေးအတွက် ကြိုးပမ်းရင်း အနောက်ပိုင်း စော်ဘွားများ ခေါင်း ဆောင် ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ၁၉၄၉ သြဂုတ်လ တောင်ကြီးမြို့ကို ရောင်စုံသူပုန်သိမ်းပိုက်တော့ အနောက်ပိုင်း စော်ဘွားတွေနဲ့ လူထုကို စည်းရုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့သလို စေတနာဝန်ထမ်း ရှမ်းပြည်တောင်ပိုင်း အရေးပိုင်အဖြစ်လည်း ဆောင်ရွက်ခဲ့သူ ပါ။ ဒါကြောင့် မဟာသရေစည်သူဘွဲ့ ချီးမြှင့်ခံခဲ့ရပါတယ်။
ရှမ်းပြည်နယ်ရဲ့ ပြည်သူ့ကျန်းမာရေးနဲ့ တိုးတက်ရေးဝန်ကြီး၊ ပြည်ထဲရေး၊ သာသနာရေး၊ စည်ပင်သာယာရေး၊ လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်ကြားရေးဝန်ကြီး တာဝန်တွေသာမက ရှမ်းပြည်တောင်တန်းသားများ စည်းလုံးညီညွတ် ရေး အဖွဲ့ ဒု ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ပါတယ်။
ရှမ်းစော်ဘွားတွေ အာဏာစွန့်ခဲ့တာ ၁၉၅၉ ခုနှစ်ကတည်းကဆိုတော့ အခုဆို ၆၄နှစ် ရှိပြီဖြစ်ပါတယ်၊ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက် တော်လှန်ရေးကောင်စီ အာဏာသိမ်းတဲ့အခါ မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတ၊ မြန်မာနိုင်ငံ လူမျိုးစု လွှတ်တော် နာယက ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်အပါအဝင် စော်ဘွားတော်တော်များများ ထိန်းသိမ်းခံခဲ့ရ သလို သီပေါစော်ဘွား စဝ်ကြာဆိုင်ဆိုရင် စစ်တပ်က ဖမ်းဆီးသွားပြီးတဲ့နောက် ပျောက်ဆုံးသွားခဲ့ပါတယ်။
အဲဒီလို ဆိုးရွားလှတဲ့ နိုင်ငံရေး အခြေအနေ အောက်မှာ စော်ဘွားတွေသာမက ဟော်နန်းတွေဟာလည်း ဆိတ်သုဉ်း ပျက်စီးခဲ့ရပြီး စခန်းသာဟော်ဟာ စွန့်ပစ်ခံခဲ့ရသလို ညောင်ရွှေနဲ့ သီပေါဟော်နန်းလည်း ၂၀၁၀ ခုနှစ်နောက်ပိုင်း မှသာ ထိန်းချုပ်မှုအောက်က လွတ်ကင်းခဲ့ပါတယ်၊ အလားတူ သိန်နီဟော်လည်း ပြုပြင်သူမဲ့ ပျောက်ကွယ်ခဲ့ရသလို ကျိုင်းတုံဟော်ဆိုရင် လုံး၀ဖြိုချဖျက်ဆီးခံခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေကတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျိုင်းတုံဟော်နန်းကို အသစ်ဆောက်ပေးဖို့ လုပ်ဆောင်နေသလို သိန်းနီနဲ့ မိုင်းပွန်ဟော်နန်းကိုလည်း ပြန်လည်ဆောက်လုပ် ထိန်းသိမ်းပေးမယ်လို့ ကတိပေးနေတာ တွေ့ရပါတယ်။
ဒီကနေ့ခေတ်ဟာ ဟိုတုန်းကလို မဟုတ်ပါဘူး၊ Facebook ဆိုတဲ့ လူမှုကွန်ရက်ကြီးကြောင့် အရာရာ အသိအမြင်ကြွယ်ဝသူ ပညာရှင်တွေရဲ့ သစ်တော၊ ဒီရေတော၊ ကမ်းဦးရေတိမ်၊ သားရိုင်းတိရစ္ဆာန် စတဲ့သဘာ၀ ဝန်းကျင်ထိန်းသိမ်းရေး တွေအပြင် ရှေးဟောင်းအမွေအနှစ်၊ ဘုရားစေတီနဲ့ သမိုင်းဝင် အဆောက်အအုံစတဲ့ ထိန်းသိမ်းရေး အသိပညာပေးမှု အများအပြား မြင်တွေ့နိုင်တဲ့ အခြေအနေပါ။
ဒီလိုအခြေအနေမှာ သာမိုင်းခမ်းစော်ဘွားရဲ့ ဟော်နန်းကို အောင်ပန်းသမဝါယမက လေလံပစ်ဖို့ လုပ်ဆောင်တာဟာ မိုက်မဲတဲ့ လုပ်ရပ်လို့သာ ဆိုလိုက်ချင်ပါတယ်။