၂၀၁၆ ခုနှစ် ရှမ်းမြောက်ဒေသ စစ်ဆင်ရေးများမှတဆင့် မြောက်ပိုင်းသုံးဖွဲ့ကို လူသိများလာခဲ့သည်။ မြောက်ပိုင်းသုံးဖွဲ့သည် ခေတ်ပြိုင်များဖြစ်ကြပြီး နိုင်ငံရေး၊ စစ်ရေး ဖိအားများကို အတူတကွ ရုန်းကန်လာခဲ့ကြသည့် အဖွဲ့အစည်းများ ဖြစ်ကြသည်။
ရက္ခိုင့်တပ်တော် (AA) သည် ၂၀၀၉ ခုနှစ်တွင် လူအင်အား ၂၆ ဦး သေနတ်တလက်ဖြင့် လိုင်ဇာတွင် စတင်ဖွဲ့စည်းခဲ့သည့် ရခိုင်လူငယ်များ၏ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတခု ဖြစ်သည်။
တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှာ ယခင် ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ (PSLO) အဖွဲ့က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) နှင့် အပစ်ရပ်သွားပြီးနောက် အညံ့မခံသော လူငယ်များက ဖွဲ့စည်းခဲ့သည့် တအာင်းလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ဖြစ်၏။ ၂၀၁၁ ခုနှစ် အကုန် ၂၀၁၂ နှစ်ဆန်းတွင် လူ ၄၂ ယောက် သေနတ် ၂၂ လက်နှင့် ပြန်လည် စတင်ခဲ့ရသည့် အဖွဲ့အစည်း ဖြစ်၏။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) မှာ ၁၉၅၉ ခုနှစ် စော်ဘွားများ အာဏာစွန့်ချိန်ကတည်းက စတင်ပုန်ကန်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) များနှင့် ပူးပေါင်းခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ဗကပအား ပုန်ကန်ခဲ့ပြီး MNDAA အဖြစ် ရပ်တည်ခဲ့၏။
သို့သော် ၂၀၀၉ ခုနှစ် နယ်ခြားစောင့်တပ် (BGF) ဖွဲ့စည်းရာမှ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အစိုးရနှင့် ပဋိပက္ခဖြစ်ပြီး ကိုးကန့်ဒေသမှ မြန်မာစစ်တပ်၏ တိုက်ထုတ်ခြင်းကို ခံခဲ့ရပြန်၏။ ထို့နောက် အချိန်အတန်ကြာ မြေလျှိုး၍ ပြန်လည် ဖွဲ့စည်းခဲ့ရသည့် တပ်ဖွဲ့ဖြစ်၏။ ၂၀၁၃၊ ၂၀၁၄ ခုနှစ်များတွင်မှ သံလွင်အနောက်ခြမ်းတွင် ပြန်လည် အခြေတည်လှုပ်ရှားပြီး စတင်ခဲ့ရသည့် တပ်ဖွဲ့ဖြစ်၏။
ဤသုံးဖွဲ့လုံးသည် ၂၀၁၀ ပတ်ဝန်းကျင်တွင် ၎င်းတို့၏ အမျိုးသားရေး ရည်မှန်းချက်အတွက် လူဆယ်ဂဏန်းဖြင့် အစပြုရုန်းကန်ခဲ့ကြသည့် အခြေခံခြင်း တူခဲ့ကြ၏။ ထိုသုံးဖွဲ့ထဲတွင် MNDAA မှာ ၁၉၈၉ မှ ၂၀၀၉ ခုနှစ်အထိ အနှစ် ၂၀ ခန့် ကိုးကန့်အထူးဒေသအဖြစ် ရပ်တည်နိုင်ခဲ့သည့်အတွက် ဘဏ္ဍာရေးနှင့် စစ်လက်နက် အခြေခံရှိသေးသည်။
ဤသုံးဖွဲ့လုံးသည် ၂၀၁၀ ပတ်ဝန်းကျင်တွင် ၎င်းတို့၏ အမျိုးသားရေး ရည်မှန်းချက်အတွက် လူဆယ်ဂဏန်းဖြင့် အစပြုရုန်းကန်ခဲ့ကြသည့် အခြေခံခြင်း တူခဲ့ကြ၏။ ထိုသုံးဖွဲ့ထဲတွင် MNDAA မှာ ၁၉၈၉ မှ ၂၀၀၉ ခုနှစ်အထိ အနှစ် ၂၀ ခန့် ကိုးကန့်အထူးဒေသအဖြစ် ရပ်တည်နိုင်ခဲ့သည့်အတွက် ဘဏ္ဍာရေးနှင့် စစ်လက်နက် အခြေခံရှိသေးသည်။
AA နှင့် TNLA ကမူ လက်ဗလာဖြင့် စတင်ခဲ့ကြရသည့် အဖွဲ့အစည်းနှစ်ခုဖြစ်၏။ ဤသို့ဖြင့် ခေတ်ပြိုင် အဖွဲ့အစည်းသုံးခုသည် အချိန်ကာလတခုတည်းတွင် အတူတကွ ရုန်းထခဲ့ကြ၏။ လက်ဗလာနှင့် သုညမှ စရသည့် အခြေအနေမှ ဖိအားမျိုးစုံကို ကျော်လွှာပြီး MNDAA, TNLA, AA တို့သည် ကျောချင်းကပ်ပြီး အတူတကွ ရုန်းထနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။
ဖိအားများအောက်က မြောက်ပိုင်းသုံးဖွဲ့

၂၀၁၀ ပြည့်နှစ်များအတွင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဖွဲ့စည်းသည့်အခါ MNDAA နှင့် TNLA တို့ ပါဝင်ခွင့်ရခဲ့သော်လည်း AA ပါဝင်ခွင့် မရခဲ့ပေ။ AA ပါဝင်ခွင့်ကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က ကန့်ကွက်ခဲ့သည်။ ယခုတော့ ကန့်ကွက်ခဲ့သည့် ALP မှာ သုံးပိုင်းကွဲပြီး နှစ်ပိုင်းမှာ စစ်ကောင်စီနှင့် ပလူးနေကာ လက်နက်ကိုင်တပ်ပင် မရှိတော့သည်ကို တွေ့ရ၏။ တိုင်းရင်းသား တပ်ပေါင်းစုတွင်းမှာပင် ပါဝင်ခွင့်မရသည့် ဖိအားကို အခြား မဟာမိတ်အဖွဲ့များ၏ လက်တွဲခေါ်ယူမှုဖြင့် AA တပ်ဖွဲ့ ရင်ဆိုင်ကျော်လွှားခဲ့ရ၏။
UNFC တပ်ပေါင်းစုတွင် ပါရသည်ဖြစ်စေ၊ မပါရသည်ဖြစ်စေ ၂၀၁၁ ခုနှစ်က စသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မြောက်ပိုင်းသုံးဖွဲ့၏ အနေအထား အတူတူဖြစ်၏။ စတင်ဖွဲ့စည်းစဉ်ကာလ ဖြစ်သဖြင့် တပ်အင်အားက ကောင်းစွာ မရှိသေးသည့်အပြင် ချုပ်ကိုင်လွှမ်းမိုးနိုင်သည့် နယ်မြေကလည်း မရှိသေးသဖြင့် မြန်မာစစ်က အထင်အမြင်သေးပြီး အပေါ်စီးက မာမာထန်ထန် ဆက်ဆံခဲ့သည်။
မြန်မာစစ်တပ် မျက်နှာရိပ်မျက်နှာကဲကြည့်နေသည့် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) မှာ ငြိမ်းချမ်းရေးပွဲစားများကပင် အထင်အမြင်သေးစွာဆက်ဆံသည်ကို ခံခဲ့ရ၏။ လူအင်အား၊ လက်နက်အင်အား ကောင်းစွာ မရှိသေးသဖြင့် တန်းတူရည်တူ ဆွေးနွေးခြင်း မရှိဘဲ လက်နက်ချရန်သာ ပြောဆိုခဲ့ကြ၏။ လက်နက်မချပါက ဖြတ်လေးဖြတ်ဖြင့် ချေမှုန်းခံရမည်ဟုပင် ပြောဆိုခြိမ်းခြောက် ဖိအားပေးခြင်းကို ခဲ့ရသည်။
နောက်ဆုံး ၂၀၁၅ ခုနှစ် NCA လက်မှတ်ရေးထိုးရန် အဆုံးအဖြတ်ချိန်တွင် မြန်မာစစ်တပ်က မြောက်ပိုင်းသုံးဖွဲ့အား NCA ထိုးခွင့် မပြုနိုင်၊ လက်နက်ချရမည်ဟု တောင်းဆိုခဲ့သည်။ မြောက်ပိုင်းသုံးဖွဲ့သာမက ရှမ်းပြည်မြောက်ပိုင်းရှိ ကချင် KIA တပ်မဟာ ၄ ပါ လက်နက်အပ်ရမည်ဟု ထုတ်ပြန်ခဲ့သည်
ထို့ပြင် နောက်ဆုံး ၂၀၁၅ ခုနှစ် NCA လက်မှတ်ရေးထိုးရန် အဆုံးအဖြတ်ချိန်တွင် မြန်မာစစ်တပ်က မြောက်ပိုင်းသုံးဖွဲ့အား NCA ထိုးခွင့် မပြုနိုင်၊ လက်နက်ချရမည်ဟု တောင်းဆိုခဲ့သည်။ မြောက်ပိုင်းသုံးဖွဲ့သာမက ရှမ်းပြည်မြောက်ပိုင်းရှိ ကချင် KIA တပ်မဟာ ၄ ပါ လက်နက်အပ်ရမည်ဟု ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။
တဖန် ၂၀၁၆ ခုနှစ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပထမအကြိမ် ကျင်းပရာ၌ NCA လက်မှတ်ရေးထိုးခြင်း မရှိသူများကို ဖိတ်ကြားရာတွင် မြောက်ပိုင်းသုံးအဖွဲ့အနေဖြင့် လက်နက်ကိုင်တော်လှန်ရေးအား စွန့်လွှတ်ကြောင်း ကြေညာချက် ထုတ်ပါမှ တက်ရောက်ခွင့် ပြုနိုင်မည်ဟု မြန်မာစစ်တပ်က ဖိအားပေးခြင်းကို ပြတ်ပြတ်သားသား ငြင်းပယ်သောကြောင့် ပင်လုံညီလာခံသို့ တက်ရောက်ခွင့် မရခဲ့ပေ။
တရုတ်တို့၏ ညှိနှိုင်းပေးမှုကြောင့် ဒုတိယအကြိမ် ပင်လုံညီလာခံကို ၂၀၁၇ ခုနှစ်၊ တတိယအကြိမ်ကို ၂၀၁၈ ခုနှစ်တွင် တက်ရောက်ခွင့် ရခဲ့သည်။ ထိုတက်ရောက်သည့် နှစ်ကြိမ်လုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရခေါင်းဆောင်က အခြားဖွဲ့များနည်းတူ မြောက်ပိုင်းသုံးဖွဲ့ ကိုယ်စားလှယ်များကို လက်ခံတွေ့ဆုံခဲ့သော်လည်း ၂၀၁၇ ဒုတိယအကြိမ် ညီလာခံတွင် မြန်မာစစ်တပ် ခေါင်းဆောင်များက တွေ့ဆုံခြင်း မပြုခဲ့ပေ။
၂၀၁၈ ခုနှစ် တတိယအကြိမ် ညီလာခံတွင် အခြားတိုင်းရင်းသားအဖွဲ့ ကိုယ်စားလှယ်များကို တပ်ချုပ် မင်းအောင်လှိုင် ကိုယ်တိုင် တွေ့ဆုံခဲ့သော်လည်း မြောက်ပိုင်းသုံးဖွဲ့ ကိုယ်စားလှယ်များအား ဒုချုပ် စိုးဝင်းကသာ တွေ့ဆုံခဲ့သည်ဟု တွေ့ရ၏။ မြောက်ပိုင်းသုံးဖွဲ့အား အခြားအဖွဲ့များနှင့် တန်းတူမထားဘဲ ခပ်နှိမ်နှိမ် ဆက်ဆံခဲ့သည်ကို တွေ့ရ၏။
ညီနောင်မဟာမိတ်

မြောက်ပိုင်းညီနောင်သုံးဖွဲ့ဟူသည့် အမည်အား စတင်သုံးစွဲသည်ကို ၂၀၁၅၊ ၂၀၁၆ တွင် စတင် တွေ့ရ၏။ မြန်မာစစ်တပ်၏ ဖိအားအောက်တွင် ပေါ်ပေါက်လာခြင်းဖြစ်၏။ လက်နက်မရှိလျှင် လူရာမဝင်သည့် မြန်မာ့နိုင်ငံရေး ပတ်ဝန်းကျင်က ဖန်တီးပေးလိုက်ခြင်း ဖြစ်၏။
လက်နက်ကိုင်တပ် မရှိလျှင်၊ စစ်အာဏာရှင်များကို ခုခံတော်လှန်ခြင်းမရှိလျှင် မိမိအဖွဲ့အစည်း နိုင်ငံရေးရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်ခြင်း မရှိသည့် မြန်မာပြည်နိုင်ငံရေး အခြေအနေအောက်တွင် ပေါ်ပေါက်လာခဲ့သည့် ညီနောင်မဟာမိတ်တပ်ဖွဲ့ ဖြစ်၏။
တောင့်တင်းသော လက်နက်ကိုင်တပ် မရှိလျှင် မြန်မာစစ်တပ်က မောက်မာစွာ ဆက်ဆံသည်ကို နာနာကျည်းကျည်း ခံစားပြီးနောက် ပေါ်ပေါက်လာသည့် စစ်ရေးမဟာမိတ်အဖွဲ့ ဖြစ်၏။ လက်နက်ကိုင်တပ် မရှိလျှင်၊ စစ်အာဏာရှင်များကို ခုခံတော်လှန်ခြင်းမရှိလျှင် မိမိအဖွဲ့အစည်း နိုင်ငံရေးရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်ခြင်း မရှိသည့် မြန်မာပြည်နိုင်ငံရေး အခြေအနေအောက်တွင် ပေါ်ပေါက်လာခဲ့သည့် ညီနောင်မဟာမိတ်တပ်ဖွဲ့ ဖြစ်၏။ ချုပ်၍ဆိုရလျှင် မြောက်ပိုင်းညီနောင်သုံးဖွဲ့ စစ်ရေးမဟာမိတ်သည် မြန်မာစစ်တပ်၏ ဖိအားအောက်တွင် ပေါ်ပေါက်လာခြင်း ဖြစ်၏။
ဤသို့ စစ်ရေးမဟာမိတ် ဖွဲ့ပြီးသည့်နောက် ၂၀၁၆ ခုနှစ်မှစ၍ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ စစ်ရေးလှုပ်ရှားမှုများကို မူဆယ်၊ ကြူကုတ်၊ မုန်ကိုး၊ ဖောင်းဆိုင်စသည့် တရုတ်နယ်စပ်တလျှောက်၊ ကိုးကန့်ဒေသ၊ ရွှေလီချိုင့်ဝှမ်းဂွင်နှင့် ရခိုင်တို့တွင် စတင်တွေ့လာခဲ့ရပြီး တဖြည်းဖြည်း အားကောင်းမောင်းသန် ဖြစ်လာသည်ကို တွေ့ရ၏။
တရုတ်၏ဖိအား

တရုတ်သည် သူ၏ အကျိုးစီးပွားကို ရှေးရှုပြီး သူ၏အကျိုးစီးပွားကို ထိခိုက်မှု မဖြစ်စေခြင်းငှာ ရှည်လျားသော တရုတ်နယ်စပ်တလျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်များအား တိုက်ရိုက် ထိတွေ့ဆက်ဆံမှုကို ကျင့်သုံးသည့်နိုင်ငံ ဖြစ်၏။ ၂၀၁၁ ခုနှစ် မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စကတည်းက တရုတ်သည် အထူးသံတမန် စေလွှတ်စောင့်ကြည့်ခဲ့သော်လည်း ဝင်ရောက်ပြောဆို ပါဝင်မှု မပြုသလောက်ဖြစ်၏။
သို့သော် ၂၀၁၅ ခုနှစ် NCA ရေးထိုးရာတွင် မြန်မာစစ်တပ်က အားလုံးပါဝင်ရေးမူကို ငြင်းပယ်သောကြောင့် တရုတ်နယ်စပ်မှ အဖွဲ့များ တဖွဲ့မှ မပါသည့်အပြင် ၂၀၁၆ နှစ်ကုန်ပိုင်းတွင် တရုတ်နယ်စပ်တလျှောက် မြောက်ပိုင်းသုံးဖွဲ့၏ စစ်ရေးလှုပ်ရှားမှု ပေါ်ပေါက်လာခဲ့ပြီး မူဆယ်နယ်စပ်ကုန်သွယ်ရေးပင်လျှင် ရက်အချို့ ပိတ်ဆို့သွားခဲ့၏။
ဤသို့သော အခြေအနေအောက်တွင် တရုတ်သံတမန် ဆွန်ကော့ရှန်သည် မြောက်ပိုင်းအဖွဲ့များကို NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ရန် ၂၀၁၆ အကုန် ၂၀၁၇ နှစ်ဆန်းမှစ၍ တောက်လျှောက် ဖိအားပေးလာခဲ့၏။ မြန်မာအစိုးရ၊ မြန်မာစစ်တပ်နှင့် ညှိနှိုင်းပြီး ဒုတိယနှင့် တတိယအကြိမ် ညီလာခံတွင် မြောက်ပိုင်းအဖွဲ့များ တက်ရေး ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်လာခဲ့၏။
မြောက်ပိုင်းသုံးဖွဲ့၏ စစ်ရေးမဟာမိတ်ဖွဲ့မှုသည် မြန်မာစစ်တပ်၏ ဖိအားကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်သကဲ့သို့ မြောက်ပိုင်း ၇ ဖွဲ့၏ နိုင်ငံရေးမဟာမိတ် ဖွဲ့မှုမှာလည်း NCA လက်မှတ်ရေးထိုးရန် တွန်းအားပေးနေသည့် တရုတ်၏ဖိအားအောက်တွင် ပေါ် ပေါက်လာခြင်းဖြစ်၏။
သို့သော် NCA လမ်းကြောင်းသည် တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေးရည်မှန်းချက်ကို ဖြေရှင်းနိုင်ခြင်းမရှိဟု ရှုမြင်ကြသည့် မြောက်ပိုင်းအဖွဲ့ ၇ ဖွဲ့သည် မြန်မာပြည်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား NCA မဟုတ်သည့် လမ်းကြောင်းဖြင့် သွားမည်ဟု ဆိုခဲ့ပြီး ဖယ်ဒရယ်နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှုကော်မတီ (FNPCC) ခေါ် မြောက်ပိုင်း ၇ ဖွဲ့၏ နိုင်ငံရေးမဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့၏။ မြောက်ပိုင်းသုံးဖွဲ့၏ စစ်ရေးမဟာမိတ်ဖွဲ့မှုသည် မြန်မာစစ်တပ်၏ ဖိအားကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်သကဲ့သို့ မြောက်ပိုင်း ၇ ဖွဲ့၏ နိုင်ငံရေးမဟာမိတ် ဖွဲ့မှုမှာလည်း NCA လက်မှတ်ရေးထိုးရန် တွန်းအားပေးနေသည့် တရုတ်၏ဖိအားအောက်တွင် ပေါ် ပေါက်လာခြင်းဖြစ်၏။
တရုတ်ဖိအားအောက်တွင် ၂၀၁၇၊ ၂၀၁၈ ၌ ပင်လုံညီလာခံတက်ခြင်း၊ ၂၀၁၉ ခုနှစ်တွင် KIA နှင့် မြောက်ပိုင်းသုံးဖွဲ့ ပေါင်း၍ အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့၏။ သို့သော် ၂၀၂၀ ပြည့်နှစ် ကိုဗစ်နိုင်တင်း ကပ်ရောဂါကာလမှစ၍ ၂၀၂၂ ခုနှစ် နှစ်ကုန်ထိ သုံးနှစ်ခန့် တရုတ်ဖိအား လျော့ကျသွားခဲ့၏။
၂၀၂၂ ခုနှစ်အကုန်တွင် တရုတ်က အထူးသံတမန် တိန့်ရှီကျွန်းကို ပြောင်းလဲခန့်အပ်ပြီးနောက် မြောက်ပိုင်းအဖွဲ့များနှင့် သီးခြားစီတွေ့ဆုံသကဲ့သို့ မြန်မာစစ်ကောင်စီနှင့်လည်း တွေ့ဆုံခဲ့၏။ ဒုတိယအကြိမ် မြောက်ပိုင်းအဖွဲ့များနှင့် တွေ့ဆုံရာတွင် မြန်မာစစ်တပ်အား တိုက်ခိုက်ခြင်း မပြုရန်၊ မြန်မာစစ်ကောင်စီနှင့် ဆွေးနွေးမှုပြုရန် အတိအလင်း တိုက်တွန်းလာခဲ့၏။
ထို့အတူ ပြည်မတော်လှန်ရေး အင်အားစုများနှင့် ဆက်စပ် ပတ်သက်မှု မပြုရန် ဖိအားပေးလာခဲ့၏။ သို့သော် မြောက်ပိုင်းသုံးဖွဲ့က တရုတ်၏ ထိုသဘောထားကို အတိအလင်း ပယ်ချခဲ့ကြ၏။ လက်ရှိ အချိန်ကာလသည် စစ်ကောင်စီတပ်နှင့် ဆွေးနွေးရမည့်အချိန်၊ စစ်တပ်ကို အသက်ရှူခွင့်ပေးရမည့်အချိန်မဟုတ်၊ စစ်တပ်ကို တိုက်ခိုက်ရမည့်အချိန်၊ စစ်တပ်ကို ထိုးနှက်ရမည့်အချိန်ဟု ၎င်းတို့သဘောထားကို ပွင့်လင်းစွာ ဖော်ပြခဲ့ကြ၏။
ထိုသို့ တရုတ်ဖိအား ရှိနေသော်လည်း တဖက်က မြောက်ပိုင်းသုံးဖွဲ့သည် သိုသိုသိပ်သိပ်ဖြင့် ပြည်မ ဒီမိုကရက်တစ် အင်အားစုများ၊ နွေဦးတော်လှန်ရေး အင်အားစုများကို ကူညီလေ့ကျင့်ပေးခဲ့ကြ၏။ လက်နက်တပ်ဆင်ပေးခဲ့ကြ၏။ လက်နက်တပ်ဆင်နိုင်ရန် ကူညီခဲ့ကြ၏။ လူသူ လက်နက်ခဲယမ်း စုဆောင်းမှုများကို အချိန်ယူ၍ လုပ်ဆောင်ခဲ့ကြ၏။
စစ်တပ်၏ လှည့်ဖျားမှုကို ရှောင်ရှားခြင်း

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းရန် ပြင်ဆင်ကတည်းက မြန်မာစစ်တပ်သည် မြောက်ပိုင်းသုံးဖွဲ့ကို အပျော့ဆွဲ ဆွဲရန် ကြံစည်ကြိုးစားခဲ့၏။ ၂၀၂၀ နှစ်ကုန်တွင် ရခိုင်၌ AA နှင့် အပစ်ရပ်ပေးခဲ့၏။ AA ကို အကြမ်းဖက်အဖွဲ့မှ ဖယ်ရှားပေးခဲ့သည်။ AA အနေနှင့် ရခိုင်တွင် အုပ်ချုပ်ရေး၊ စည်းရုံးရေးယန္တယား တည်ဆောက်ရန်၊ တပ်ဖွဲ့တည်ဆောက်ရေး ပြုလုပ်ရန်၊ လက်နက်ခဲယမ်း ဖြည့်တင်းရန် အချိန်လိုအပ်သည် ဖြစ်သဖြင့် အပစ်ရပ်ခဲ့၏။ သို့သော်လည်း AA သည် နိုင်ငံရေးဆွေးနွေးမှု ပြုလုပ်ခြင်းကို ရှောင်ရှားခဲ့၏။
စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်တွင် တကြိမ်၊ ၂၀၂၃ ခုနှစ်တွင် တကြိမ် တရုတ်တို့၏ ကြားဝင်မှုဖြင့် စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းသုံးဖွဲ့တို့ မိုင်းလားတွင် တွေ့ခဲ့ကြ၏။ မြန်မာစစ်တပ်က အခွင့်အရေး အချို့ပေး၍ မြောက်ပိုင်းသုံးဖွဲ့နှင့် အပစ်ရပ်ရန် ကြိုးစားခဲ့သော်လည်း မြောက်ပိုင်းသုံးဖွဲ့က ပါးနပ်စွာ ရှောင်ရှားခဲ့၏။
တိုင်းရင်းသားအဖွဲ့များအား အခွင့်အရေးတချို့ပေး၍ အပစ်ရပ်ပြီး ပြည်မကို နှိမ်နင်းမည်၊ ပြည်မငြိမ်သွားလျှင် တိုင်းရင်းသားအဖွဲ့များဘက်သို့ ပြန်လည် ဦးလှည့်လာမည့် မြန်မာစစ်တပ်၏ ရိုးနေပြီဖြစ်သော နည်းပရိယာယ်ကို ကောင်းစွာ သဘောပေါက်နေပြီ
တိုင်းရင်းသားအဖွဲ့များအား အခွင့်အရေးတချို့ပေး၍ အပစ်ရပ်ပြီး ပြည်မကို နှိမ်နင်းမည်၊ ပြည်မငြိမ်သွားလျှင် တိုင်းရင်းသားအဖွဲ့များဘက်သို့ ပြန်လည် ဦးလှည့်လာမည့် မြန်မာစစ်တပ်၏ ရိုးနေပြီဖြစ်သော နည်းပရိယာယ်ကို ကောင်းစွာ သဘောပေါက်နေပြီ ဖြစ်၏။ ယခင်အခါ NCA ထိုးခွင့် မပြုနိုင်ဟု မောက်မာစွာ ပြောခဲ့သော မြန်မာစစ်တပ်က ယခုမှ အပစ်ရပ်ရအောင်၊ NCA ထိုးပါဆိုသည်မှာ သဘောရိုး မဟုတ်ဆိုသည်ကို မြောက်ပိုင်းသုံးဖွဲ့ ကောင်းစွာ သဘောပေါက်ကြ၏။
“ငြိမ်းချမ်းရေးညီလာခံ တက်ချင်တိုင်း တက်ရအောင်၊ တောင်ပြုန်းပွဲ မဟုတ်ဘူး” ဟု ဆိုခဲ့သော၊ “NCA ထိုးခွင့် မပြုနိုင်ဘူး၊ လက်နက်စွန့်ရမယ်” ဟု မာနထောင်လွှားခဲ့သော၊ အပေါ်စီးက ရိုင်းပြခဲ့သော မြန်မာစစ်တပ်အား ခါးစည်းခံခဲ့သူများဖြစ်သည့် မြောက်ပိုင်းသုံးဖွဲ့က မည်သို့မှ မမေ့သည်ကတော့ သဘာဝကျပေသည်။
၁၀၂၇ စစ်ဆင်ရေး

ဤသို့သော အခြေအနေအောက်တွင် နွေဦးတော်လှန်ရေး အင်အားစုများကိုပါ စုစည်း၍ မြန်မာစစ်တပ် ဖိအားနှင့် လှည့်ဖျားမှုကို ကျော်လွှားပြီး ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွှဲခဲ့၏။ တရုတ်ဖိအားကိုလည်း မြန်မာပြည်တွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများကို အကာကွယ်ပေးမည်ဟု ကြေညာချက် ထုတ်ပြန်၍လည်းကောင်း၊ “မြန်မာပြည်သူ တရပ်လုံး လိုလားသည့် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး” ရည်မှန်းချက်အပြင် “တရုတ်မြန်မာနယ်စပ်တွင် ကျယ်ပြန့်လာနေသော အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ရေး၊ ကျားဖြန် (Online game) ကုမ္ပဏီများနှင့် အဆိုပါလုပ်ငန်းကို လုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များ နှိမ်နင်းရေး” ဆိုသည့်အချက်ကိုပါ ထည့်သွင်းဖော်ပြ ပျော့ပြောင်းစွာ၊ ပါးနပ်စွာ တုန့်ပြန်ခဲ့သည်ကို တွေ့ရ၏။
မြန်မာစစ်တပ်နှင့် တရုတ်တို့၏ ဖိအားများအောက်မှ ရုန်းထွက်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး မြောက်ပိုင်းသုံးဖွဲ့သည် စစ်ရေးအောင်ပွဲများကို အချိန်တိုတွင်း ရရှိခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်တွင်သာမက စစ်ကိုင်းတိုင်းအတွင်းပါ တွေ့မြင်လာရ၏။ ရခိုင်တွင်လည်း စစ်ရေးလက်ဦးမှုသည် AA လက်ထဲတွင် ရောက်နေ၏။ ကချင်၊ ရှမ်းမြောက်၊ စစ်ကိုင်းတို့တွင် ဗြောင်အတိအလင်း မြန်မာစစ်တပ်ကို တိုက်ခိုက်နေသော AA အား ရခိုင်တွင် မြန်မာစစ်တပ်က စတင် စစ်ဆင်တိုက်ခိုက်ပြီး စစ်မျက်နှာသစ်ဖွင့်ရဲခြင်း မရှိပေ။ AA စတိုက်မည့်အချိန်ကို ထိုင်စောင့်နေသည့်အခြေ ဆိုက်နေသည်။ ရခိုင်တွင် စစ်ရေးလက်ဦးမှုသည် AA ၏ လက်ထဲတွင် ရောက်နေ ၏။
ထို့ပြင် မြောက်ပိုင်းသုံးဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ စစ်ရေးသတ္တိဗျတ္တိကို ကောင်းစွာပြခဲ့၏။ စစ်ဆင်ရေး စတင်ပြီး ၁၁ ရက်အတွင်း မြန်မာစစ်တပ်စခန်းပေါင်း ၁၀၀ ကျော် သိမ်းပိုက်နိုင်ခဲ့ပြီး တင့်ကား၊ သံချပ်ကာကားများ အပါအဝင် လက်နက်ခဲယမ်း အမြောက်အများ သိမ်းမိခြင်း၊ စစ်ကောင်စီတပ်မှ အသေအပျောက် အကျအဆုံး များပြားခြင်းတို့ကို တွေ့ရ၏။
ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ၊ ကြူကုတ် ပန်ဆိုင်းတို့ကို ထိန်းချုပ်ထားသည့်အပြင် ကွန်လုံ၊ နမ့်ခမ်း၊ မန်တုံ၊ မုန်းကိုး၊ မုန်းကျက်တို့ကို ဆက်လက် တိုက်ခိုက်နေ၏။ ရှမ်းမြောက်ရှိ ဆက်သွယ်ရေးလမ်းကြောင်း အားလုံးအား ဖြတ်တောက်ထားနိုင်ပြီး စစ်ကောင်စီတပ်၏ ထိုးစစ်ကို ဟန့်တားထားနိုင်၏။ ရှမ်းပြည်မြောက်ပိုင်း မြို့အများစုရှိ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယား ရပ်ဆိုင်းသွားပြီဖြစ်၏။
မြောက်ပိုင်းသုံးဖွဲ့၏ စစ်ရေးအောင်ပွဲသည် စစ်ကောင်စီကို ကောင်းစွာ ထိုးနှက်ပြီး ကိုင်လှုပ်နိုင်ခဲ့သည်သာမက စစ်ကောင်စီတပ်အား စိတ်ဓာတ်ရေးရာအရ ဖြိုချနိုင်ခဲ့၏။ ကျန်ဒေသများရှိ လက်နက်ကိုင် တော်လှန်ရေး အင်အားစုများကို စိတ်ဓာတ်ခွန်အားပေးနိုင်ခဲ့၏။
မြောက်ပိုင်းသုံးဖွဲ့၏ စစ်ရေးအောင်ပွဲသည် စစ်ကောင်စီကို ကောင်းစွာ ထိုးနှက်ပြီး ကိုင်လှုပ်နိုင်ခဲ့သည်သာမက စစ်ကောင်စီတပ်အား စိတ်ဓာတ်ရေးရာအရ ဖြိုချနိုင်ခဲ့၏။ ကျန်ဒေသများရှိ လက်နက်ကိုင် တော်လှန်ရေး အင်အားစုများကို စိတ်ဓာတ်ခွန်အားပေးနိုင်ခဲ့၏။
နိုင်ငံရေးအရလည်း တပြည်လုံးရှိ ဒီမိုကရက်တစ် အင်အားစုများ၊ တိုင်းရင်းသား အင်အားစုများနှင့် မြန်မာပြည်လူထု၏ နိုင်ငံရေးအရ ထောက်ခံမှု ရရှိခဲ့သည်ကို တွေ့ရ၏။ ၂၀၁၅ ခုနှစ် ကိုးကန့်စစ်ပွဲ၊ ၂၀၁၆ ခုနှစ် တရုတ်နယ်စပ်စစ်ပွဲ၊ ၂၀၁၉၊ ၂၀၂၀ ရခိုင်စစ်ပွဲကာလများဆီက မြောက်ပိုင်းသုံးဖွဲ့သည် ပြည်မမှ ထောက်ခံမှု မရခဲ့သည့်အပြင် ပြစ်တင်ထိုးနှက်ခံခဲ့ရ၏။ လက်ရှိ နိုင်ငံရေးထောက်ခံမှု အခြေအနေနှင့်ဆိုလျှင် ဆီနှင့်ရေ ကွာခြားသွားပြီး ပြောင်းပြန် လှန်နိုင်လိုက်ပြီ ဖြစ်၏။
၁၀၂၇ စစ်ဆင်ရေးသည် ပြီးခဲ့သော ၁၀ နှစ်ကျော်ကာလအတွင်း မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့၏ လက်နက်ကိုင်တပ်ဖွဲ့များကို တောင့်တင်းခိုင်မာအောင် တည်ဆောက်ရင်း၊ ဖိအားများ၊ အခက်အခဲများ၊ ချော့မြှူမှုများကြားမှ ကြံ့ကြံ့ခံ၍ ရုန်းထလာခဲ့သည့် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့၏ နိုင်ငံရေး၊ စစ်ရေး အောင်ပွဲရလဒ်များ ဖြစ်ပေတော့သည်။
(ကိုဦးသည် တိုင်းရင်းသားအရေး လေ့လာသူ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်
ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ
စစ်ကောင်စီကို အထိနာစေတဲ့ မဟာမိတ်သုံးဖွဲ့ရဲ့ “Operation 1027”
ကလေး- တမူးလမ်းပေါ်ရှိ ခါမ်းပါတ်မြို့ကို PDF သိမ်း
တရုတ်ရပ်ခိုင်းလို့ ရှမ်းမြောက်စစ်ပွဲ ရပ်သွားမလား