မိုးကုန်လေပြီ။
သစ်ပင်တို့သည် အရောင်တောက်ကြပြီ။ နေခြည်လည်း ဝင်းထိန်လာပြီ။ ကောင်းကင်လည်း ပြာလာပြီ။
တိမ်ဖြူလိပ်ကြီး တို့သည် ကောင်းကင်ပြာဝယ် တရွေ့ရွေ့ လှုပ်ရှားသွားလာလျက် ရှိသည်။ မြစ်ပြင်ကျယ်ကျယ်တွင် ဘောက်တူကြီးများ ရွက်ကုန်ဖွင့်၍ တရွေ့ရွေ့ သွားနေသည်နှင့် တူသည်။
သာယာလှပေသည် တကား။
သည်လို သာယာသော အချိန်မျိုးဝယ် ကျနော်တို့ ရပ်ကွက်တွင် ဆွမ်းကြီး လောင်းပွဲ ကျင်းပသည်။ ကျနော်တို့ ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း အသီးသီးမှ သံဃာတော်တို့သည် တနှစ် တကြိမ် ဆွမ်းဆန် ထွက်၍ အလှူခံကြသည်။
ယခုလည်း ဆွမ်းဆန် အလှူခံရန် ကြွချီလာကြဦးတော့မည်။
ရှေးအခါက တော၌ တရားအားထုတ်လျက် ရှိသော ရသေ့ ရဟန်းတို့သည် ချဉ်ဆား အလို့ငှာ ရွာနိဂုံးများသို့ တခါတရံ ကြွရောက် အလှူခံတတ်ကြသည် ဟူ၍ ဇာတ်နိပါတ် တို့တွင် ပါရှိသည်ကို ကျနော်သည် ပြန်လည် အမှတ်ရမိ၏။
ကျနော်တို့ ရပ်ကွက်သားများသည် ဆွမ်းကြီးလောင်းရန် ကိုယ်စီကိုယ်ငှ ပြင်ဆင်ကြသည်။ ဆွမ်းဆန်သာမက အခြား လှူဖွယ် ပစ္စည်းတို့ကိုပါ လှူဒါန်းရန်လည်း စီစဉ်ကြသည်။
အချို့ကိစ္စများ၌ ကျနော်တို့တွင် မညီမညွတ်သော ကိစ္စများ ရှိကောင်း ရှိမည် ဖြစ်သော်လည်း သည်ကိစ္စတွင်ကား တညီတညွတ်တည်း ရှိလှပေသည်။
ရပ်ကွက်ကိုသာမက ကျနော်တို့ အိမ်ကိုလည်း ကြည့်ပါဦး။ အမေက“သန်ဘက်ခါ ဆွမ်းတော်ကြီး လောင်းပွဲ ရှိတယ်ဟေ့” ဟု ဆိုလိုက်သောအခါ တအိမ်သားလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားကြတော့သည်။ လှူဖွယ်ပစ္စည်း ဝယ်ရန် မိမိတို့ ကိုယ်ပိုင် ငွေကလေးထဲမှ သဒ္ဓါ တတ်အား ရှိသရွေ့ အလှူငွေ ထည့်ဝင်ကြသည်။
“ရော့အမေ၊ ဒါကျနော့် အလှူ”
“ရော့အမေ၊ ဒါကျမ အလှူ”
သည်အတိုင်းပင် ကိုယ်စီကိုယ်ငှ ထည့်ဝင် လှူဒါန်းကြသည်။
အိမ်၌ စေးနဲသည်ဟု နာမည်ကြီးလှသော ဒေါ်လေး ကပင် သေတ္တာထဲတွင် ဝှက်ထားသော သူ့ငွေစုထဲမှ တစ်ဆယ်တန် စက္ကူ တချပ်ကို ရက်ရောစွာ ထုတ်၍ လှူလေသည်။
ဒေါ်လေးသာမက အသက် ၁၃ နှစ် အရွယ်ရှိ အိမ်ဖော်မလေး မခွေး ကလည်း ငွေ တကျပ်ကို ထုတ်၍ ပေးလှူနေလေပြီ။
အမေသည် ငွေများဖြင့် ဆွမ်းဆန်ကိုလည်း ဝယ်သည်။ ငရုတ် ကြက်သွန်များကိုလည်း ဝယ်သည်။ သည်ပစ္စည်းတို့ကို တအိမ်သားလုံးပင် ဝိုင်းဝန်း၍ သံဃာ တပါးစာစီ အတွက် အထုပ်ငယ်များ ထုပ်ကြသည်။ ပြင်ဆင်ကြသည်။ ပျော်စရာပင်။
သည်လိုနှင့်ပင် ဆွမ်းတော်ကြီး လောင်းမည့်နေ့သို့ ရောက်လာသည်။
အချိန်မှာ ညနေစောင်း ဖြစ်သည်။ နေမင်းသည် အနောက်သို့ ယွန်းစ ပြုနေပြီ။ အပူ လျော့စ ပြု၍ အအေးသို့ ကူးစ အချိန်တည်း။ ကျနော်တို့ အရပ်သားများလည်း လှူဖွယ် ပစ္စည်းများကို အသင့်ပြင်လျက် လမ်းသို့ ထွက်ကာ သံဃာတော်တို့ ကြွချီအလာကို ငံ့မျှော်နေကြသည်။
“ဟော သံဃာတွေ ကြွလာပြီ”
မရှေးမနှောင်းပင် ကြေးစည်သံ လွင်လွင်ကို ကြားရသည်။ ဝတ်ရွတ် အဖွဲ့မှ ပရိတ်သံ သာသာကိုလည်း ကြားရသည်။
သံဃာများလည်း စီတန်း ကြွချီလာလေပြီ။ စုစုပေါင်း သံဃာ အပါး ၂၀၀ ခန့် ရှိမည်။ ကိုရင်ငယ်မှအစ ဆရာတော် အထိ သက်တော်အမျိုးမျိုး ဝါတော် အမျိုမျိုး ပါဝင်သည်။
သူတို့သည် ငုံ့အပ်သော ဦးပြည်း၊ တည်ငြိမ်သော အိန္ဒြေ တို့ဖြင့် ကြွချီလာသည်။ ကြည်ညိုဖွယ် ကောင်းလေစွ။ ဝင်လုဆဲ နေခြည်တွင် သင်္ကန်း ဝါထိန်ထိန်မှာ တင့်တယ်ပေစွ။
ကျနော်တို့သည် ဝမ်းမြောက် ဝမ်းသာစွာပင် ကျနော်တို့၏ လှူဖွယ် ပစ္စည်းတို့ကို ပေးလှူကြသည်။ လှူဖွယ် ပစ္စည်းတို့ကား အမျိုးစုံလှသည်။ ဆန်လည်း ပါသည်။ ငရုတ် ကြက်သွန်လည်း ပါသည်။ မီးခြစ်၊ ဖယောင်းတိုင်လည်း ပါသည်။
ထန်းလျက် သကြားလည်း ပါသည်။ သစ်သီး သစ်နှံလည်း ပါသည်။ ကွမ်း ဆေး၊ လက်ဖက်လည်း ပါသည်။ ဆေးဝါးလည်း ပါသည်။ မိမိတို့ တတ်စွမ်းသမျှ ကောင်းနိုးရာရာ ပစ္စည်းတို့ကို လှူဒါန်းခြင်း ဖြစ်ပေသည်။
ပစ္စည်းတို့ စုံလင်သကဲ့သို့ အလှူရှင်လည်း စုံလင်လှသည်။ အလှူရှင်တို့တွင် သူဌေးလည်း ပါသည်။ သူဆင်းရဲလည်း ပါသည်။ လခစားလည်း ပါသည်။ ကုန်သည်လည်း ပါသည်။
သူတို့အား အခြားနေရာတို့တွင် သည်လို တစိတ်တည်း တဝမ်းတည်း တစေတနာတည်း ရှိနေသည်ကို မြင်နိုင်ရန် ခဲယဉ်းပါဘိ။
မနှစ်က သူဌေးကြီး ဦးချမ်းသာ၏ ဆွမ်းကျွေးပွဲတွင် ပဲပြုတ်သည် ဒေါ်စာဥကို မတွေ့ရ။ ဒေါ်စာဥ၏ သားရှင်ပြုပွဲတွင်လည်း ဦးချမ်းသာကို မတွေ့ရ။
ယခုကား သူတို့အားလုံး တခုတည်းသော စေတနာကို ထား၍ ဝမ်းမြောက်ဝမ်းသာ ပေးလှူနေသည်ကို တွေ့ရလေပြီ။
ကျနော်သည် အလှူရှင်တို့ထဲတွင် ကိုဖိုးဘကို မြင်လိုက်ရသောအခါ အံ့သြမဆုံး ဖြစ်သွားသည်။ ကိုဖိုးဘမှာ ယစ်ထုပ်ကြီး ဖြစ်သည်။ ညနေတိုင်း ပုလင်းထောင်ကာ လူမှန်းမသိအောင် မူးတတ်သူ ဖြစ်သည်။
ယခုမူ သူ့ကို ကောင်းကောင်းမွန်မွန် တွေ့နေရပြီ။ ဝတ်ကောင်း စားလှကို ဝတ်လျက် သူ့ဇနီးနှင့် အတူ ဆွမ်းဆန်များကို ဝမ်းမြောက် ဝမ်းသာ လှူဒါန်းလျက် ရှိနေသည်။
သူတို့နှင့် မလှမ်းမကမ်းတွင် မခင်မြကိုလည်း တွေ့ရသည်။ မခင်မြမှာ အလွန် ဆင်းရဲရှာသည်။ ဆေးလိပ်ကလေး လိပ်ကာ အဘွားအိုကို စောင့်ရှောက်လျက် ဝမ်းရေးကို အနိုင်နိုင် ထိန်းကျောင်းနေရသူ ဖြစ်သည်။ သူသည် ဆေးလိပ်များကို လှူဒါန်း နေသည်။
ကျနော်သည် လမ်းတဖက်သို့ ကြည့်လိုက်သော အခါ မလှသွယ်ကို တွေ့ရပြန်သည်။ မလှသွယ်မှာ မုဆိုးမကလေး ဖြစ်သည်။ မနှစ်ကပင် သူ့ခင်ပွန်း ကွယ်လွန်ခဲ့ရှာသည်။
သူသည် သံဃာတော်တို့အား ဆေးဝါးများ လှူဒါန်းနေသည်။ သူ့ခင်ပွန်းသည်အား ရည်စူး၍ လှူဒါန်းဟန် တူလေသည်။
တခဏ အတွင်းပင် သံဃာတော်တို့၏ သပိတ်များမှာ လှူဖွယ်ပစ္စည်းများဖြင့် ပြည့်မောက်သွားသည်။ သံဃာတော်တို့သည် ကျနော်တို့ ထံပါးမှ တလှမ်းချင်း ထွက်ခွာသွားလေပြီ။
ကြေးစည်သံ ပရိတ်သံတို့လည်း ဝေးသထက် ဝေးသွားလေပြီ။
ကျနော်တို့သည် သံဃာတော်တို့အား မျက်စိတဆုံး ရှုမျှော်ကြည့်ပြီး ကျန်ရစ်ခဲ့ကြသည်။ ကျနော်တို့ မျက်နှာမှာ ကြည်နူးခြင်း၊ ချမ်းမြေ့ခြင်းတို့ ဖုံးလွှမ်းနေ၏။
တနှစ်တခါပင် ကျနော်တို့ ရပ်ကွက်သားတို့သည် သည်လို ကြည်နူးခြင်း၊ ချမ်းမြေ့ခြင်းကို အဆင့်အတန်း မရွေး တပြိုင်တည်း ခံစားကြရပေသည် တကား…။ ။
(ကဗျာဆရာ၊ စာရေးဆရာကြီး မင်းယုဝေ ရေးသားခဲ့သည့် ဤရသစာမ်းကို စာပေလောက စာအုပ်တိုက်က ၁၉၉၇ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေသော “ကံ့ကော်မြိုင်စာတန်း တတိယအကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၉ ရက် အသက် ၉၂ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)