မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင်များ မဟာမိတ်အဖွဲ့သည် “၁၀၂၇ စစ်ဆင်ရေး” ဟုခေါ်သည့် ထိုးစစ်ကို မကြာသေးမီက စတင်လိုက်ပြီး ကြီးမားသော အောင်ပွဲများရကာ စစ်ဆင်ရေးတိုးချဲ့မည့် အလားအလာရှိသည်။ စစ်ကောင်စီ၏ အာဏာချုပ်ကိုင်မှုသည် ခြိမ်းခြောက်ခံနေရသည်ဟု သုတေသီများက ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှ စစ်ကောင်စီစခန်းများကို တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့၏ မဟာမိတ်က ထိုးစစ်ဆင်လိုက်သောအခါ မြန်မာအာဏာသိမ်း စစ်ကောင်စီသည် အဓိကကျသည့် စိန်ခေါ်မှုတခုကို ရင်ဆိုင်နေရသည်။
ညီနောင်မဟာမိတ် သုံးဖွဲ့တွင် ဒေသအမျိုးမျိုး၌ အခြေစိုက်သည့် တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင်ပြီး အဓိကအားဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် အခြေစိုက်ကြသည်။ အောက်တိုဘာလ ၂၇ ရက်နေ့တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် ထိုးစစ် စတင်သည့်နေ့ကို အစွဲပြုအမည်ပေးထားသည့် ၁၀၂၇ စစ်ဆင်ရေးကို ပြုလုပ်ခဲ့သည်။
ထိုမဟာမိတ်များက နိုဝင်ဘာလ ၈ ရက်နေ့တွင် ကြေညာချက်တစောင် ထုတ်ပြန်ပြီး “ပိုမိုထိရောက်သည့် ပူးတွဲ စစ်ဆင်ရေးများကို အခြား တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းပြီး တနိုင်ငံလုံးတွင် ပြုလုပ်မည် ဖြစ်ကြောင်း” ဖော်ပြခဲ့သည်။
စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် မြန်မာမှ ဝေးကွာသောဒေသများတွင် အခြေစိုက်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်မှုများ အရှိန်မြှင့်တင်ကြသည်။
ယခုထိုးစစ်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီ၏ အာဏာချုပ်ကိုင်မှုအတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ကြောင်း သုတေသီများက ပြောသည်။
ထိုစစ်ဆင်ရေးသည် လျင်မြန်ပြီး အောင်မြင်ကာ နှစ်ပတ်အတွင်း မြို့ ခုနစ်မြို့နှင့် စစ်ကောင်စီစခန်း ၁၂၅ ခုကို သိမ်းပိုက်ခဲ့ကြောင်း MNDAA က ပြောသည်။
ထိုသို့သိမ်းပိုက်ထားသည့် နေရာများတွင် တရုတ်-မြန်မာနယ်စပ်မှ အဓိက ကုန်သွယ်ရေး စခန်းများ ပါဝင်သည်။ စစ်ကောင်စီစစ်သား ရာချီသေဆုံးသည်ဟု ယူဆရသည်။
အရေးကြီးသော အပြောင်းအလဲကာလ
ရှမ်းပြည်မြောက်ပိုင်းတခွင် ထိုးစစ်အောင်မြင်မှုသည် ပဋိပက္ခ၏ အရေးပါသော အပြောင်းအလဲကာလ ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် လုံခြုံရေး သုတေသီ အန်ထော်နီ ဒေးဗစ်က ပြောသည်။
“အတိုက်အခံတွေလက်မှာ ကျရောက်သွားတဲ့ များပြားလှတဲ့ လက်နက်တွေအပြင် ထိုးစစ်ကြောင့် စစ်ကောင်စီဟာ တရုတ်နယ်စပ်က ကုန်သွယ်ရေး အချက်အချာတွေကို အဆက်အသွယ် ပြတ်တောက်သွားစေပြီး အဲဒီက ရတဲ့ ဝင်ငွေတွေ ဆုံးရှုံးတယ်။ ဒါပေမယ့် ပိုမိုကျယ်ပြန့်တဲ့ စိတ်ဓာတ်ရေးရာ အခြေအနေအရ ပြောရရင် စစ်တပ်မပြိုကွဲနိုင်ဘူးဆိုတဲ့ အခြေအနေကို ပြောင်းလဲသွားစေတယ်” ဟု DW သို့ ၎င်းကပြောသည်။
“ဒီထိုးစစ်နဲ့ နိုင်ငံအလယ်ပိုင်းဒေသကို ပျံနှံ့သွားတဲ့ စစ်ပွဲဟာ မြန်မာပြည်တွင်းစစ်က ဘယ်သူမှ မနိုင်ဘဲ မကြာခင် စေ့စပ်ညှိနှိုင်းရမယ့် အခြေအနေမျိုး မဟုတ်ဘူးဆိုတာ ရှင်းလင်းစွာ ပြသလိုက်တာ ဖြစ်တယ်” ဟုလည်း အန်ထော်နီ ဒေးဗစ်က ပြောသည်။
“ဒီ ထိုးစစ်ဟာ နက်ရှိုင်းတဲ့ စီးပွားရေး၊ နိုင်ငံရေး အကျပ်အတည်း ရင်ဆိုင်နေရတဲ့ စစ်ကောင်စီကို ဖြတ်ချနိုင်တဲ့ အလားအလာရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုသည် စစ်အုပ်ချုပ်ရေးကို လက်နက်ကိုင် ခုခံတော်လှန်မှုနှင့်အတူ စနစ်ကျသော လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုကိုလည်း ဖြစ်စေခဲ့သည်။
အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခံရသည့် အရပ်သားအရေအတွက်နှင့် ပတ်သက်ပြီး အမျိုးမျိုး ပြောနေကြသော်လည်း ထိုခန့်မှန်းချက် အားလုံးတွင် ထောင်ချီနေသည့် အရေအတွက်များကိုသာ ဖော်ပြနေသည်။ ထိုင်းအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အဆိုအရ အာဏာသိမ်းပြီးနောက် မြန်မာတွင် အရပ်သားနှင့် တက်ကြွလှုပ်ရှားသူ ၄,၁၀၀ သတ်ဖြတ်ခံပြီး လူ ၂၅,၀၀ ဖမ်းဆီးခံထားရသည်။ လူ ၁ သန်းခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု ကုလသမဂ္ဂက ခန့်မှန်းသည်။
တိုင်းရင်းသားလက်နက်ကိုင်များနှင့်အတူ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) ဟု ခေါ်သည့် လက်နက်ကိုင်တပ် ရှိနေသည်။
အားသစ်လောင်းလိုက်သော တော်လှန်ရေး
စစ်တပ်နှင့် အတိုက်အခံများအကြား စစ်ပွဲသည် အဆုံးမမြင်နိုင်သည့် မတိုးသာ မဆုတ်သာ အခြေအနေ ဖြစ်သည်ဟု မြန်မာ့အရေးလေ့လာသူများက မကြာသေးမီကအထိ မြင်ခဲ့ကြသည်။
အောက်တိုဘာလ မတိုင်မီအထိ ယခုနှစ်အတွင်း စစ်မြေပြင်မှ အကြီးမားဆုံး တိုးတက်မှုမှာ လေကြောင်း တိုက်ခိုက်မှု တိုးလာခြင်းသာဖြစ်ပြီး လူအများဆုံး သေဆုံးစေသည့် ဧပြီလက စစ်ကိုင်းတိုင်းမှ လေကြောင်းတိုက်ခိုက်မှုအတွင်း လူ ၁၆၈ ဦးအထိ သေဆုံးသည်။
၁၀၂၇ စစ်ဆင်ရေးသည် အတိုက်အခံ အင်အားစုကို အားသစ်လောင်းပေးရန် ရည်မှန်းသည်။ ထိုစစ်ဆင်ရေးကို အခြားအတိုက်အခံ အများအပြားနှင့် ညှိနှိုင်းဆောင်ရွက်ရုံသာမက အောင်မြင်မှုနှုန်းသည် မြန်မာတနိုင်ငံလုံးမှ အခြားအဖွဲ့များကိုလည်း မျှော်လင့်ချက် ဖြစ်စေသည်။
ခုခံတော်လှန်ရေး အင်အားစုသည် ယခုအခါ အိန္ဒိယနှင့် နယ်နိမိတ်ထိနေသည့် စစ်ကိုင်းတိုင်းကို အာရုံစိုက်နေကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြသည်။
နိုဝင်ဘာလ ၇ ရက်နေ့တွင် ကရင်နီ ခုခံတော်လှန်ရေး အင်အားစုများသည် ၁၁၀၇ စစ်ဆင်ရေးကို အရှေ့တောင်ပိုင်း ကယားပြည်နယ်တွင် စတင်လိုက်ပြီး စစ်တပ်စခန်း အနည်းဆုံး နှစ်ခုအား သိမ်းပိုက်လိုက်သည်။
“စစ်တပ်ရဲ့ ပြိုကွဲမှုက ရက်ပိုင်း၊ ရက်သတ္တပတ်ပိုင်းအတွင်း ဒိုမီနို ပြိုလဲသက်ရောက်မှုလို ဖြစ်မယ် ထင်ရင် မှားလိမ့်မယ်” ဟု သုတေသီ ဒေးဗစ်က ပြောသည်။ “လူအင်အား အကန့်အသတ် ဆိုးရွားနေတော့ ရှမ်းပြည်နယ်က ဆုံးရှုံးသွားတဲ့ နယ်မြေတွေ ပြန်သိမ်းဖို့ တန်ပြန်ထိုးစစ်လုပ်ဖို့ အလားအလာ မရှိသလောက်ပဲ” ဟု ၎င်းကပြောသည်။
“တချိန်တည်းမှာပဲ အင်အားကြီးမားတဲ့ ခုခံတော်လှန်ရေး အင်အားစုတွေ လှုပ်ရှားနေတဲ့ နိုင်ငံရဲ့ တခြား အဓိကကျတဲ့ ဒေသတွေက စစ်ရေးဖိအားဟာ ခြောက်သွေ့ရာသီမှာ ပိုမိုမြင့်မားလာမယ်။ ၂၀၁၇ စစ်ဆင်ရေးကြောင့် ဖြစ်လာမယ့် အကျိုးဆက်တွေကို ထင်ထင်ရှားရှား မြင်ရတော့မယ်” ဟုလည်း ဒေးဗစ်က ပြောသည်။
ရက္ခိုင့်တပ်တော်သည် ရခိုင်ပြည်နယ်တွင် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေးကို ဖျက်သိမ်းနိုင်ပြီး ထိုကိစ္စသည် စစ်တပ်အတွက် “အိပ်မက်ဆိုး” ဖြစ်ကြောင်း အမေရိကန်၊ ဝီလ်ဆင်စင်တာမှ နိုင်ငံတကာသုတေသီ ကိုရဲမျိုးဟိန်းက မကြာသေးမီက X လူမှုကွန်ရက်တွင် သတိပေးသည်။ (AA သည် ရခိုင်ပြည်နယ်မှာလည်း နိုဝင်ဘာ ၁၃ မနက် ၄ နာရီဝန်းကျင်က စပြီး တိုက်ပွဲဖော်လိုက်သည်။)
မြန်မာပြိုကွဲနိုင်ကြောင်း စစ်ကောင်စီ သတိပေး
အထက်ပါ ထိုးစစ်ကို တုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီသည် ပြင်းထန်သော လေကြောင်းနှင့် အမြောက်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်သည်။ တိုင်းရင်းသား လက်နက်ကိုင်များနှင့် နယ်မြေနှင့် ဘာသာရေးအရ ရန်လိုမှုများ ရှိနေသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သော်လည်း အမျိုးသား ညီညွတ်ရေးသည် အကောင်းဆုံး ရွေးချယ်မှုဖြစ်ကြောင်း စစ်တပ်က အမြဲပြောသည်။
ယခုအပတ် အစောပိုင်းတွင် စစ်ကောင်စီခန့် ယာယီသမ္မတ ဦးမြင့်ဆွေက နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသည့် ဖြစ်ရပ်များကို စစ်ကောင်စီအနေဖြင့် ကောင်းစွာ စီမံနိုင်ခြင်း မရှိပါက မြန်မာနိုင်ငံ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားနိုင်ကြောင်း သတိပေးခဲ့သည်။
“အဲဒီနယ်စပ်ဖြစ်ရပ်တွေကို ထိထိရောက်ရောက် မစီမံနိုင်ရင် နိုင်ငံအစိတ်စိတ်အမွှာမွှာ ကွဲသွားမယ်” ဟု ဦးမြင့်ဆွေက ပြောသည်။
ပြည်သူအားလုံးက စစ်တပ်ကို ထောက်ခံဖို့လိုကြောင်းလည်း ၎င်းကပြောသည်။
နိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် သုံးပုံ တပုံကျော်သည် ၎င်းတို့ ထိန်းချုပ်မှုအောက်တွင် မရှိကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီလတွင် ကြေညာခဲ့သည်။
ထိုညှိနှိုင်းထိုးစစ်သည် လွန်စွာထူးခြားသော ဖြစ်ပေါ်တိုးတက်မှုဖြစ်ကြောင်း ဝါရှင်တန် အမျိုးသား စစ်ကောလိပ်မှ ပါမောက္ခ ဇာချာရီ အဘူဇာက DW သို့ ပြောသည်။
“ညီနောင်မဟာမိတ် သုံးဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်းထိုးစစ်ဆင်တာ ဒါ ပထမဆုံး အကြိမ်ဖြစ်တယ်။ အရင်တုန်းက သူတို့က သူတို့ကိုသူတို့ ကာကွယ်ဖို့သာ တိုက်ကြတာ” ဟု ၎င်းကပြောသည်။
“မေးစရာ မေးခွန်းက စစ်ကောင်စီက တန်ပြန် ထိုးစစ်ဆင်နိုင်မလား ဆိုတာပဲ။ ပူးတွဲစစ်ဆင်ရေး ဖြစ်တဲ့အတွက် စစ်ကောင်စီက တုံ့ပြန်ဖို့လိုတယ်။ ဒါပေမယ့် ထူးခြားမှုကို ဆက်လက် စောင့်ကြည့်ရမှာပဲ” ဟုလည်း ပါမောက္ခ ဇာချာရီ အဘူဇာက ပြောသည်။
“ကျနော့်အမြင်မှာ ပိုမိုကြီးမားတဲ့ ပြဿနာက စစ်ကောင်စီဟာ သူတို့အတွင်းမှာ ဘယ်လိုလုပ်မလဲ ဆိုတာပဲ။ မင်းအောင်လှိုင်က ဓားစာခံ ရှာမှာလား။ စစ်အရာရှိတွေက ဘယ်လို တုံ့ပြန်မလဲ” ဟုလည်း ၎င်းကပြောသည်။
(DW ပါ Tommy Walker ၏ Myanmar: Could rebel offensive topple ruling junta? ကို ဘာသာပြန်သည်။)
You may also like these stories:
ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ
မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ
စစ်ဆင်ရေး ၅ ရက်အတွင်း စစ်ရှောင် ၂ သောင်းကျော်ထိရှိလာ
၁၂ ရက်အကြာတွင် ကွမ်းလုံကို အပြီးသိမ်းနိုင်ဟု MNDAA ထုတ်ပြန်
တရုတ်နယ်စပ်ကို စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးလိုက်ရပြီ