အနောက်တိုင်း ဇာတ်များနှင့် ပတ်သက်၍ ဇာတ်အမျိုးအစားကို ခွဲခြားရန် ဝေါဟာရများ ရှိကြတယ်။
ထရဂျဒီ (Tragedy) နဲ့ ကွန်မီဒီ (Comedy) တို့ ဖြစ်ပါတယ်။
ထရဂျဒီ ဆိုရင် အလွမ်း၊ နောက်ဆုံး ဇာတ်လိုက် သေမယ်။ ကွန်မီဒီ ဆိုရင် ဟာသ၊ နောက်ဆုံး ပျော်ပျော် ရွှင်ရွှင်နဲ့ ဇာတ်သိမ်းမယ်။ ဒီလို သာမန်အားဖြင့် နားလည် ထားကြတယ်။
အဲဒါ မပြည့်စုံပါဘူး။ မူရင်း အဓိပ္ပာယ်နဲ့လည်း ကွာဟ နေပါတယ်။ အရပ်သုံး အဓိပ္ပာယ်ကတော့ ထရဂျဒီ ဆိုရင် သနားစရာ၊ လွမ်းစရာ။ ကွန်မီဒီ ဆိုရင် ပျော်စရာ၊ ရယ်စရာ ရယ်လို့ သာမန်ပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ဇာတ်သဘင် ဝေါဟာရ အဖြစ် ဒီစကားလုံးများကို သုံးတဲ့အခါ အဓိပ္ပာယ်ဟာ ပိုမို ကျယ်ဝန်းတာ တွေ့ရပါတယ်။
အလွမ်း အဆွေး နဲ့ နောက်ဆုံး ဇာတ်လိုက် သေပြီး ဇာတ်သိမ်းတာနဲ့ ထရဂျဒီ မဟုတ်ပါဘူး။ ပရိသတ် မျက်ရည်ကို ညှစ်ထုတ်ဖို့ လွမ်းခန်းတွေ ရိုက်သွင်းထားရုံနဲ့ ထရဂျဒီ မဖြစ်ပါဘူး။
ရှေး ဂရိပြဇာတ် အစဉ်အလာမှာ လူ့ဘဝ အဖြစ်နဲ့ ကြောက်မက်ဖွယ်ရာတွေ၊ သနားစရာတွေ ပရိသတ်ကို တင်ပြလိုက်တဲ့ အခါ ပရိသတ်ဟာ ကိုယ်တိုင် ခံစားရသလို ခံစားရပြီး ပွဲကြည့် ပရိသတ်ရဲ့ အတွေးအခေါ်တွေကိုလည်း ကျယ်ပြန့် စေရမယ်လို့ ဂရိပြဇာတ်ဆရာတွေက ယူဆကြပါတယ်။
လူ့ဘဝရဲ့ ထိတ်လန့်ဖွယ်ရာတွေကို ဇာတ်ထဲမှာ မြင်တွေ့ရတဲ့ ပွဲကြည့် ပရိသတ်ဟာ လူဖြစ်လာရတာ ဒီလို လောကဓံ တွေနဲ့ တွေ့ရဖို့ မရှောင်နိုင်ပါလား၊ လူအဖြစ် မွေးလာရတာ ကြီးကျယ်တဲ့ စွန့်စား ခန်းကြီးပါလား၊ လူ့ဘဝဟာ စစ်မြေပြင်ကြီးနဲ့ တူပြီး သတ္တိနဲ့ ရင်ဆိုင်မှ ဖြစ်မယ်။
ဘယ်လောက်ပဲ လောကဓံက နှိပ်စက်ပေမယ့် ပရိုမီသိယပ်စ် လိုပဲ အရှုံးမပေး၊ ဒူး မထောက်ခြင်းဟာ လူရဲ့ ဂုဏ်သတ္တိ ဖြစ်တယ် ဆိုတဲ့ အတွေးအခေါ်တွေကို ရရှိစေပါတယ်။
ဒီလို အတွေးအခေါ်များ ဖော်ထုတ်နိုင်မှသာ ထရဂျဒီဇာတ် ပီပြင်တယ်လို့ ဆိုပါတယ်။
ကွန်မီဒီမှာလည်း အတူတူ ပါပဲ။ စိတ်ရွှင်မြူးဖွယ်လို့ အဓိပ္ပာယ် ရပေမယ့် အသောဇာတ်လို့ ခေါ်ရင် အဓိပ္ပာယ် မပြည့်စုံ သေးပါဘူး။
တကယ်တော့ ကွန်မီဒီတွေဟာ ပေါ့ပေါ့တန်တန် မဟုတ်ပါဘူး။ ရည်ရွယ်ချက်နဲ့ အနှစ်သာရတွေ ရှိကြပါတယ်။ ပညာ အရာမှာလည်း အလွန် သိမ်မွေ့ကြပါတယ်။ ။
(စာရေးဆရာမကြီး ခင်မျိုးချစ် ရေးသားခဲ့သည့် ဤဆောင်းပါးကို ရတနာပုံ စာအုပ်တိုက်က ၂၀၀၅ ခုနှစ် မတ်လတွင် ထုတ်ဝေသော “လောက ဇာတ်ခုံ၊ ဇာတ်ခုံ လောက” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာမကြီးသည် ၁၉၉၉ ခုနှစ် ဇန်နဝါရီ ၂ ရက် အသက် ၈၃ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)