တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေး၌ အရေးပါသည့် ရှမ်းပြည်မြောက်ပိုင်း မူဆယ်ကုန်သွယ်ရေးဇုန်မှ ကျင်စန်းကျော့ နယ်စပ်ဂိတ်ကို မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ် (MNDAA) နိုဝင်ဘာ ၂၅ ရက် က သိမ်းပိုက်လိုက်ကြောင်း ထုတ် ပြန်လာသည်။
ပို့ကုန် သွင်းကုန်အပါအဝင် နယ်စပ်ကူးသန်းရောင်းဝယ်ရေး မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် မန်ဝိန်း၊ မန်သော်၊ ကျင်စန်းကျော့၊ ဝမ်တိန်၊ ဆင်ဖြူ၊ မန်ဟီးရိုး စသည့် ဂိတ်ပေါင်း ၆ ခုရှိကာ လက်ရှိတွင် ကျင်စန်းကျော့ဂိတ်ကို MNDAA က သိမ်းပိုက်ထားပြီဖြစ်ပြီး စစ်ကောင်စီတပ်က ကုန်သွယ်ရေးဇုန် အနောက်ဘက် တောင်ကြောပေါ်တွင် နေရာယူထားသည်။
နိုဝင်ဘာ ၂၃ ရက်က ယာဉ်အစီး ၂၀၀ခန့် ရပ်နားထားသည့် ကျင်စန်းကျော့ ဆဲဗင်းဟွာကျင့်စခန်းရှိ လက်နက်ကြီးကျရာ အစီးရေ ၁၂၀ ခန့် မီးလောင်ကျွမ်းခဲ့ပြီး ကျပ် ဘီလီယံ ၃၀(အမေရိကန်ဒေါ်လာ ၁၄.၃၃ မီလီယံ)တန်ဖိုးရှိ လူသုံးအိမ်သုံးကုန် ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ရ သည်။
အလားတူ အခြား တရုတ်-မြန်မာနယ်စပ်ဂိတ် ချင်းရွှေဟော်၊ မုံးကိုး၊ ကြူကုတ်၊ ပန်းဆိုင်းတို့ကို MNDAA ထိန်းချုပ်ထားပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တခုတည်းပေါ်တွင်သာမကဘဲ နေရာအနှံ့ ဖြစ်ပွားလျက်ရှိသလို အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရေးမှာလည်း ရပ်ဆိုင်းလုနီးပါ အခြေအနေဟု ဆိုနိုင်သည်။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး
မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် အောက်တိုဘာလ ၂၇ ရက်မှ စ၍ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး မူဆယ်၊ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ဖြတ်တောက်ခံထားရသည်။
မန္တလေးမြို့ရှိ ကုန်သည်ကြီး တဦးက “အခုကတော့ တရုတ်သွားတဲ့ လမ်းကြောင်းက ပိတ်သွားတော့ တခြားတင်ပို့ နိုင်တဲ့ လမ်းကြောင်းတွေ သူတို့ (စကစ) ရှာနေတယ်။ မိုင်းလားတို့၊ လွယ်ဂျယ်တို့ဘက်ကလည်း ဖရဲသီးတွေ တင်ပို့နေတယ်။ တရုတ်သွင်းကုန်တွေကိုတော့ မြဝတီဘက် တချို့ လှည့်သွင်းနေတာ ရှိတယ်။ ကုန်သွယ်ရေးက အစက ပြန်လုပ်ရသလို ဖြစ်နေတာပေါ့” ဟု လက်ရှိအခြေအနေကို ရှင်းပြသည်။
မြန်မာနိုင်ငံနှင့် အဓိကကုန်သွယ်ဖက်မှာ တရုတ်နိုင်ငံဖြစ်ပြီး မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ လွယ်ဂျယ်နှင့် ကျိုင်းတုံ နယ်စပ်ဂိတ်များမှ ကုန်သွယ်မှုသည် တနိုင်ငံလုံး နယ်စပ်ကုန်သွယ်ရေး၏ ၃ ပုံ ၁ ပုံ နီးပါး ရှိကြောင်း ISP က စစ်တမ်းတခု တွင် ဖော်ပြထားသည်။
လတ်တလော လုံခြုံရေးအခြေအနေများကြောင့် မူဆယ်၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်တို့မှ ပို့ကုန်/သွင်းကုန် များ တင်ပို့ရန် အခက်အခဲရှိပြီး ယင်းကုန်သွယ်ရေးဇုန်များမှ တင်ပို့ရန်လိုင်စင်ရထားပြီးသော ပစ္စည်းများအား မြန်မာ-တရုတ်နယ်စပ်နှင့် ထိုင်း-မြန်မာနယ်စပ် အခြားမည်သည့် နယ်စပ်ကုန်သွယ်ရေး စခန်းမှမဆို ပြောင်းလဲ တင်ပို့ခွင့်ပေးမည် ဖြစ်သလို ပင်လယ်ရေကြောင်းမှလည်း တင်ပို့ခွင့်ပေးမည် ဖြစ်ကြောင်း ယခုလ ၈ ရက်က စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကချင်ပြည်နယ် ကန်ပိုက်တီး၊ လွယ်ဂျယ်ကုန်သွယ်ရေးလမ်းကြောင်းများမှာ တိုက်ပွဲများကြောင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းအများစုမှာ ရပ်တန့်နေပြီး ဆန်၊ ပဲ၊ ပြောင်း အနည်းငယ်သာ ကုန်သွယ်မှု ရှိကြောင်း၊ သစ်သီးဝလံ တင်ပို့မှုများကို ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄ ၊ မိုင်းလားဘက်မှ တင်ပို့ရန် လုပ်ဆောင်နေ သလို တချို့ ဖရဲကားများမှာလည်း တရုတ်ဘက်သို့ စတင် ရောင်းချနေပြီ ဖြစ်သည်။
ထို့ကြောင့်လည်း မိုင်းလားအကောက်ခွန်ဌာနက တရုတ်နိုင်ငံ တာလော့စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းလာမည့် ပို့ကုန် သွင်းကုန်များအပေါ် အခွန်တဝက်ယာယီလျော့ပေါ့ပေးခြင်းကို ယခုလ ၁၃ ရက်မှ စတင်မည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။
ကချင်ပြည်နယ်ရှိ ကုန်သည်တဦးက “အခု နယ်မြေအခြေအနေတွေက သိပ်မကောင်းဘူး။ တချို့လည်း သွားလိုက်ရပ်လိုက် ဖြစ်နေတယ်။ ကျနော်တို့ ကားတွေကတော့ နားထားတယ် ဈေးမကိုက်တာရော လမ်းကြောင်းကြောင့်ရောပေါ့” ဟု လက်ရှိ အခြေအနေကို ပြောပြသည်။
ကန်ပိုက်တီး၊ လွယ်ဂျယ်ဘက်တွင် လက်ရှိနယ်မြေ တည်ငြိမ်မှုမရှိသောကြောင့် ကုန်စည်တင်ပို့မှု အခက်အခဲရှိ နေသဖြင့် မိုင်းလားဘက်မှသာ တင်ပို့ရန် ကုန်သည်များက ဆောင်ရွက်လာခြင်း ဖြစ်ကြောင်း သိရသည်။
မိုင်းလားသို့ ဖရဲသီးတင်ပို့နေသည့် ကုန်သည်တဦးက “ပို့နေကျ မဟုတ်တော့ အစ ပြန်လုပ်ရတဲ့အတွက် အခက်အခဲ ရှိ တယ်။ ပြီးတော့ သက်ဆိုင်ရာပွဲရုံတွေက ဆောင်ရွက်ပေးမယ့် အလုပ်သမားတို့ အေးဂျင့်တို့ မရှိဘူး။ စရိတ်တွေများလာ တယ်။ ရာသီဥတုဖောက်ပြန်တာရှိတော့ အသီးအရည်အသွေးပိုင်းထိခိုက်တာ ရှိနိုင်တယ်။ ဒါကြောင့် သွားစရိတ်ကြီးမြင့် တာရယ်၊ ရက်ကြာတာရယ် နှစ်ခုကြောင့် ရောင်းကွင်းရောက်ရင် ပယ်သီးများတယ်။ အရည်အသွေးကျတဲ့ အတွက် ရောင်းဈေးမှာလည်း ကျတယ်။ ဒီတော့ ကျနော်တို့ စရိတ်နဲ့မကာမိဘဲ ရှုံးနိုင်တယ်” ဟု လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲကို ရှင်းပြသည်။
ယခု မန္တလေးမှ မိုင်းလားသို့ ပထမဆုံးအကြိမ် တင်ပို့ရသည့်အတွက် ကုန်ကျစရိတ်မှာ မှန်းဆရခက်ပြီး ပျမ်းမျှ ၁၂ ဘီးယာဉ် တစီးလျှင် မူဆယ်လမ်းကြောင်းမှ တင်ပို့ခြင်းထက် ကျပ်သိန်း ၅၀ ခန့် ပို၍ ကုန်ကျနိုင်ကြောင်း ၎င်းက ပြောသည်။
ထိုအခြေအနေများကြောင့်လည်း ဖရဲစိုက်ပျိုးသည့် တောင်သူများအနေဖြင့် အသီးအရည်အသွေးဖြစ်သည့် ရောင်းတန်းဝင် မဝင်ကို သေချာသုံးသပ်ပြီးမှသာ တင်ပို့သင့်သလို ကုန်ကျမည့်စရိတ်များကို တွက်ချက်တင်ပို့သင့်ကြောင်း ၎င်းက အကြံပြု သည်။
မူဆယ်၊ ချင်းရွှေဟော် ကုန်သွယ်ရေးဇုန်များ ရပ်တန့်သွားကြောင့် ယင်းဇုန်ကို မှီခိုနေသည့်လုပ်သားများမှာလည်း အလုပ် အကိုင် ခက်ခဲများရှိကြောင်း မူဆယ်ဒေသခံတဦးက ပြောသည်။
၎င်းက “နယ်စပ်ဂိတ်က ကိုဗစ်ကြောင့်လဲ ပိတ်၊ စစ်ကြောင့်လဲ ပိတ်တာ ကြာတော့ ကြာနေပြီ၊ ဂိတ်ဖွင့်ပြီး အလုပ်တွေ ပြန် စတာ မကြာသေးဘူး။ အခု နယ်စပ်လမ်းကြောင်းပိတ်တော့ တော်တော်များများတော့ ရပ်နေတယ်။ ဒါပေမယ့် ဂိတ်တွေ ဝင်ထွက်လို့တော့ ရတယ်။ မူဆယ်မှာတော့ ပစ်ခတ်သံတွေမရှိပေမယ့် ၁၀၅ မိုင်မှာတော့ ကုန်း ၂ ကုန်းရှိတာ ၁ ကုန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သိမ်းလိုက်တာဆိုတော့ ဟိုဘက်ဒီဘက် အပြန်အလှန်ပစ်ခတ်တာမျိုးတွေတော့ ရှိတယ်” ဟု မြို့အခြေအနေကို ပြောပြသည်။
မူဆယ်ကုန်သွယ်ရေးဇုန်သို့သွားရာ သိန်းနီတံတားကျိုးခြင်း၊ လမ်းပိုင်းများ ပြတ်တောက်နေခြင်း၊ ကွတ်ခိုင်နှင့် မူဆယ်ကြား ရှိ တံတားများတွင်လည်း ယခင်က စစ်တပ်အစား ယခုတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက စောင့်နေကြကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက နယ်စပ်ကုန်သွယ်ရေးနှင် ပတ်သက်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၁၇ ရက်အထိ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်း ၅ ခုမှ ပို့ကုန် အမေရိကန် ဒေါ်လာ ၁၃၆၆ ဒသမ ၉၄၆ သန်း ရှိရာ ယမန်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ဒေါ်လာသန်းပေါင်း ၅၉ ဒသမ ၃၄၁ ခန့်တင်ပို့မှု လျော့ကျခဲ့ကြောင်း ဆိုထားသည်။
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင်ရှိသည့် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရိဒ်ခေါဒါရ်မြို့ စစ်တပ်စခန်း ကို ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့က နိုဝင်ဘာ ၁၂ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီး ကုန်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်ထားသည်။
မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ အရူနာချဲပရာဒေ့ရှ်၊ နာဂ၊ မဏိပူရ်နဲ့ မီဇိုရမ်ပြည်နယ်များနှင့် နယ်နိမိတ်ထိစပ်နေပြီး နှစ်နိုင်ငံ ကုန်သွယ်မှုကို တမူး၊ ရိဒ်နယ်စပ်ကုန်များတဆင့် တရားဝင်ပြုလုပ်ကာ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းသည် စစ်တပ် အာ ဏာသိမ်းပြီးချိန်မှစ၍ ကုန်သွယ်မှု မရှိတော့ကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။
လက်နက်ကိုင် ခုခံမှုအားကောင်းသော စစ်ကိုင်းနှင့် အိန္ဒိယဘက်ခြမ်း မဏိပူရပြည်နယ်ကြားရှိ တမူးနယ်စပ်စခန်းမှာ နှစ်နိုင်ငံ ကုန်သွယ်ရေးသာမက လူဝင်/လူထွက်အရေးပါသော ဂိတ်ဖြစ်ကာ စစ်တပ်အာဏာ မသိမ်းခင် နှစ်စဉ် အမေရိကန် ဒေါ်လာသန်း ၉၀ ကျော် ရရှိနေသည့်ဂိတ်ဖြစ်သော်လည်း ယခုအခါ ကုန်သွယ်မှု မရှိသလောက်ဖြစ်သွား ကြောင်း ဒေသခံ ကုန်သည်များထံက သိရသည်။
မြန်မာ- အိန္ဒိယ နယ်စပ် တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ရက်မှ နိုဝင်ဘာ ၁၇ ရက်အထိ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၈၇၉ သန်း ကုန်သွယ်မှုပြုလုပ်ထားပြီး၊ ယခု ၂၀၂၃-၂၀၂၄ တွင် ဒေါ်လာသန်း ၂ ဒသမ ၅၉၀ သာရှိသောကြောင့် ကာလတူနှိုင်းယှဉ်ပါက ဒေါ်လာ ၈ ဒသမ ၂၈၉ သန်း လျော့ကျခဲ့သည်။
ထို့ပြင် ချင်းပြည်နယ် ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းမှာမူ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှ စ၍ ကုန်သွယ်မှု မရှိသလို မြန်မာ-လာအို နယ်စပ်ကုန်သွယ်ရေးဖြစ်သည့် ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်းမှလည်း ကုန်သွယ်မှု မရှိကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖော်ပြထားသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးလမ်းကြောင်း
မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ စစ်ကိုင်း၊ ချင်း၊ ကယား(ကရင်နီ)၊ မကွေး အစရှိသည့် နေရာအနှံ့တိုက်ပွဲများ ဖြစ်ပွားနေသလို တချိန်ထဲမှာပင် ရခိုင်ပြည်နယ်တွင်လည်း စစ်မီး ပြန်တောက်လာခဲ့သည်။
ရက္ခိုင့်တပ်တော် (AA) ၏ စစ်ဆင်ရေးလှုပ်ရှားမှုများကို နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက စတင်ခဲ့ပြီး စစ်ကောင်စီ၏ ချိန်ခါလိန်နှင့် ဒုံးပိုက်နယ်ခြားစောင့်စခန်းများကို သိမ်းပိုက်လိုက်သည်။
ထိုတိုက်ပွဲများကြောင့် စစ်ကောင်စီက ရခိုင်ပြည်နယ်သို့ ဝင်/ထွက် သွားလာနိုင်သော ကုန်လမ်း၊ ရေလမ်းဝင်ပေါက်များ အပြင် ပြည်မနှင့် ဆက်သွယ်ထားသည့် လမ်းကြောင်းများပါ ပိတ်လိုက်သည့်အတွက် ဒေသတွင်းကုန်သွယ်ရေးသာမက အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နှင့်ပါ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းသွားတော့သည်။
ရခိုင်ပြည်နယ်ရှိ ဒေသခံတဦးက “ကုန်ဈေးနှုန်းကတော့ တက်တာပေါ့။ အခုက နယ်စပ်ကုန်သွယ်ရေးမပြောနဲ့ တမြို့နဲ့တမြို့ တနယ်နဲ့တနယ် သွားဖို့တောင် ပိတ်ထားတယ်။ အကုန်လုံး ပိတ်တာ” ဟု ပြောသည်။
နယ်စပ်ကုန်သွယ်ရေး ပြတ်တောက်နေသည့်အပြင် ဘဏ်လုပ်ငန်းပိုင်းတွင်လည်း ငွေထုတ်ယူရာ၌ အကန့်အသတ်ရှိခြင်း၊ စစ်ရေးပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် ထုတ်ယူလိုသော ငွေပမာဏကို တရက်ကြိုတင်စာရင်းတင်ရခြင်း အစရှိသည့် အခက်အခဲများလည်း ရှိနေသည်။
ထို့ကြောင့် ကုန်သည်များက လက်ရှိတွင် လက်ကျန်စာရင်းများသာရှိနေသဖြင့် ငွေပေးချေခြင်းကို မိုလ်ဘိုင်းဘဏ်စနစ်ဖြင့် သာ လုပ်ဆောင်နေပြီး လုပ်ငန်းအတွက် ငွေထုတ်ရန်လိုအပ်ပါက ကုမ္ပဏီလိုင်စင်၊ လုပ်ငန်းလုပ်ကိုင်ကြောင်း အထောက် အထားများပြကာ ဘဏ်တာဝန်ရှိသူများနှင့် ညှိနှိုင်းပြောဆိုမှသာရရှိသဖြင့် ကုန်သွယ်ရေး၌ အခက်အခဲများရှိကြောင်း၊ ယင်းပြင် စစ်ဖြစ်ပွားရာဒေသများတွင် ဘဏ်ခွဲများ ပိတ်ထားခြင်း၊ ဖွင့်သည့်ဘဏ်မှလည်း ငွေသားလက်ခံခြင်း မပြုခြင်းများ ပြုလုပ်ထားသည်။
ရခိုင်တိုက်ပွဲများ မစတင်ခင်အချိန်တွင် ဘင်္ဂလားဒေ့ရှ်- မြန်မာ ကုန်သွယ်မှုမြှင့်တင်ရန် စစ်ကောင်စီက ကြိုးပမ်းလျက်ရှိပြီး လက်ရှိတိုက်ပွဲများကြောင့် တက္ကနဖ်ဆိပ်ကမ်း၊ မောင်တောဆိပ်ကမ်းများမှတဆင့် ပို့ကုန် သွင်းကုန်တင်ပို့လျက်ရှိသည့် သင်္ဘောများလည်း မြန်မာဘက်ခြမ်း၌ ပိတ်မိနေသလို၊ ယင်းသင်္ဘောများတွင် တင်ဆောင်ထားသည့် အေးခဲငါး၊ စားသောက် ကုန်များ ပျက်စီးမည်ကို ဘင်္ဂလားဒေ့ရှ်လုပ်ငန်းရှင်များက စိုးရိမ်နေကြသည်။
တက္ကနဖ်ဆိပ်ကမ်းမှတဆင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ကုန်သွယ်မှုရပ်ဆိုင်းသွားသောကြောင့် နေ့စဉ် ဝင်ငွေ တာကာ (TK) ၃ ကုဋေခန့် ဆုံးရှုံးစေပြီး စုစုပေါင်း တာကာငွေကြေး (TK) ၁၅ ကုဋေကျော်အထိ ရှိကြောင်း တက္ကနဖ်အကောက်ခွန် ဌာနမှ အရာရှိ ASM Mosharaf Hossain က The Daily Star သတင်းစာသို့ ဖြေကြားထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုန်သည်များက မြန်မာဘက်မှ ငါးခြောက်၊ အေးခဲငါး၊ ငရုတ်သီး၊ ဂျင်း၊ ကြက်သွန်၊ ကျွန်းသစ်၊ အထပ် သား၊ ဇီးချဉ်၊ အုန်းသီးတို့ကို အဓိကထားတင်သွင်းပြီး ကုန်သွယ်မှုမရပ်တန့်မီ ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်အထိ တရက် လျှင် ပျမ်းမျှသင်္ဘော ၅ စင်းမှ ၆ စင်းအကြား မြန်မာနိုင်ငံမှ လာရောက်ဆိုက်ကပ်ကြောင်း ယင်းသတင်းစာတွင် ဖော်ပြထား သည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၁၇ ရက်အထိ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းတို့မှ အမေရိ ကန်ဒေါ်လာသန်းပေါင်း ၁၈ ဒသမ ၄၂၉ ခန့်ကုန်သွယ်ထားပြီး ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကာလတူတွင် ဒေါ်လာ ၁၂ ဒသမ ၉၇၆ သန်း ပြုလုပ်ထားသောကြောင့် ၅ ဒသမ ၄၅၃ သန်းဖိုး လျော့ကျခဲ့ကြောင်း တွေ့ရသည်။
ထိုင်း- မြန်မာ ကုန်သွယ်ရေး
လက်ရှိကျန်နေသည့် တခုတည်းသော နယ်စပ်ကုန်သွယ်ရေးမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) လှုပ်ရှားသည့် ထိုင်း- မြန်မာနယ်စပ်ကုန်သွယ်ရေး တခုသာ ကျန်ရှိနေ ပြီး ထီးခီး၊ မောတောင်နယ်စပ်ကုန်သွယ်ရေးတို့မှာ နယ်မြေ အခြေအနေ များကြောင့် ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေသလို မြိတ်၊ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးမှာလည်း ရေထွက်ကုန်ကိုသာ အဓိကထားသည့် နယ်စပ်ဂိတ်များဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် မြဝတီနယ်စပ်မှာ အကြီးဆုံးနှင့်ကုန်သွယ်မှုအများဆုံး ပြုလုပ်သည့်နေရာဖြစ်သည်။
သို့သော် ယခုရက်ပိုင်းအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သောတပ်များက မြို့သိမ်း တိုက်ပွဲများ ဖော်ဆောင်မည်ဆိုသည့်သတင်းများကြောင့် နယ်စပ်ကုန်သွယ်ရေးရပ်တန့်သွားမည်ကို ကုန်သည်များက စိုးရိမ် နေကြသည်။
မြဝတီမြို့ကုန်သည်တဦးက “ပြီးခဲ့တဲ့ရက်က ဒူးပလာခရိုင်ကဆို KNU က စာထုတ်ထားတာ ရှိတယ်။ တပ်ရဲ့ ဝန်ထမ်းတွေ အားလုံး ၇ ရက်အတွင်း ထွက်ခွာပေးဖို့ပေါ့နော်။ အဲဒီပေါ် မူတည်ပြီးတော့ ဒေသကလူတွေက ဘယ်အချိန်တိုက်ပွဲဖြစ်မလဲ ဘာတွေ ဖြစ်လာမလဲ၊ ဖြစ်ရင်လဲ ပုံမှန်လိုပဲ ဟိုဝင်တိုက် ဒီဝင်တိုက် လုပ်မှာလား၊ ရှမ်းမြောက်ပိုင်းလိုပဲ မြို့သိမ်းတိုက်ပွဲလုပ် မှာလား ဒါမျိုးတွေးနေတာရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ အခြေအနေများကြောင့် လက်ရှိ မြဝတီကုန်သွယ်ရေးဇုန်တွင် ကုန်သည်၊ လုပ်ငန်းရှင်များက သတိထား၍ လုပ် ဆောင်နေရသည့် အခြေအနေဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“အခုလောလောဆယ် ကားသမားတွေ မလာရဲဘူး။ ဆင်းလာလည်း လိုင်းပေါ်က သတင်းစကားတွေ နားထောင်ပြီး ပြန်တက်မလာတော့ဘူး။ ရှိတဲ့ ကားခေါ်ထုတ် ပစ္စည်းတင်မယ်ဆို ရန်ကုန်ကကားကို ခေါ်တင်၊ ခါလီတက် လာတော့ စရိတ် တွေ ထပ်ထောင်း ကားခတွေတက် အဲဒီလိုမျိုးတွေ ဖြစ်နေတာ။ ဒီရက်ထဲမှာ ကျပ် ၄ သိန်းကျော်၊ ကျပ် ၅ သိန်း လောက် တက်လာတယ်။ ဆီဈေးပြန်ကျတဲ့အချိန် တွဲကားတစီး ကျပ်သိန်း ၃၀၊ ၃၀ ကျော် လောက်ပဲဖြစ်ရမှာ၊ အခု သိန်း ၄၀ နဲ့ ၄၀ ကျော် ဖြစ်လာတာ။ ကုန်များပြီး ကားနည်းသွားတာ။ ကားဈေးတက်တော့ ကုန်ဈေးနှုန်းမှာလည်း ထိပြီလေ” ဟု ပြောသည်။
ထို့ပြင် တရုတ်ကုန်ပစ္စည်းများကိုလည်း ထိုင်းနိုင်ငံဆိပ်ကမ်းတဆင့်ခံ၍ မြဝတီလမ်းကြောင်းမှ ပြည်တွင်းသို့ တင်သွင်မှုများ ရှိနေသောကြောင့် မြဝတီကုန်သွယ်ရေးလမ်းကြောင်း ပိတ်ပါက နယ်စပ်ကုန်သွယ်ရေးတွင် အခက်အခဲများရှိလာနိုင် ကြောင်း ကုန်သည်များက သုံးသပ်ပြောဆိုသည်။
နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများ ရပ်တန့်သွားပါက ကုန်ပစ္စည်းမတင်ပို့နိုင်၍ ပြည်တွင်းထွက် လယ်ယာထွက်ကုန် ပစ္စည်းများ ဈေးကျနိုင်သော်လည်း၊ သွင်းကုန်ဈေးများ ကြီးမြင့်လာနိုင်သောကြောင့် ကုန်ဈေးနှုန်းများ ကြီးမြင့်လာနိုင် ကြောင်း ကုန်သည်များက ဆိုသည်။
ထိုသို့ လမ်းကြောင်းများ ပြတ်တောက်ခြင်းနှင့် သွင်းကုန်ကားများ လမ်းကြောင်းပြောင်း သယ်ဆောင်ရခြင်းတို့ကြောင့် သယ်ယူစရိတ် များစွာကုန်ကျမည်ဖြစ်သဖြင့် စရိတ်ကာမိစေရန် ကုန်ပစ္စည်းအပေါ် ဈေးတင်ရောင်းချရမည်ဖြစ်ကာ နောက်ဆုံးတွင် စားသုံးသူက ဈေးကြီးပေး ဝယ်ယူရမည့် အခြေအနေဖြစ်သည်။
လက်ရှိတွင်လည်း ပြည်တွင်း၌ အခြေခံစားသောက်ကုန်မှအစ လူသုံးကုန်ပစ္စည်းဈေးများ တရိပ်ရိပ်တက်လျက်ရှိသလို ပြည်သူများအတွက် စားဝတ်နေရေးမှာ ပိုမို၍ ခက်ခဲကျပ်တည်းလာလျက်ရှိသည်။
ထိုင်း- မြန်မာနယ်စပ်ကုန်သွယ်ရေး စခန်း ၆ ခုမှ ယခင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၁၇ ရက်အထိ အမေရိကန်ဒေါ်လာ ၃၃၆၁ ဒသမ ၄၃၅ သန်း ကုန်သွယ်မှု ပြုလုပ်ထားပြီး ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကာလတူတွင် ကန်ဒေါ်လာ သန်းပေါင်း ၃၁၈၁ ဒသမ ၇၀၆ သန်း ပြုလုပ်ထားသောကြောင့် နှိုင်းယှဉ်ချက်အရ ယခုနှစ်တွင် ဒေါ်လာ ၁၇၉ ဒသမ ၇၂၉ သန်း လျော့ကျနေကြောင်း သိရသည်။
နယ်စပ် ကုန်သွယ်ရေး တခုလုံးအနေဖြင့် ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၁၀ ရက်အထိ စုစုပေါင်း အမေရိကန် ဒေါ်လာ ၅၄၄၈ ဒသမ ၉၇၉ သန်း ကုန်သွယ်မှု ပြုလုပ်ထားကြောင်း စစ်ကောင်စီ၏ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။
နိုဝင်ဘာလအတွင်း နေရာအနှံ့ ပဋိပက္ခများဖြစ်ပွားနေရာ နယ်စပ်ကုန်သွယ်ရေးအပေါ်ပါ ရိုက်ခတ်မှုကြီးမားခဲ့ပြီး ကုန်သွယ် ရေးပမာဏ မည်မျှထိ ကျဆင်းခဲ့သည်ဆိုသည်ကိုမူ ဆက်လက် စောင့်ကြည့်ရဦးမည် ဖြစ်သည်။ ။
You may also like these stories:
ကျင်စန်းကျော့ဂိတ် တိုက်ခိုက်ခံရမှု ကျပ် ၃၀ ဘီလီယံကျော် ဆုံးရှုံး
ပုဂ္ဂလိကဘဏ်များ အကန့်အသတ်နှင့်သာ ငွေထုတ်ပေး
သစ်သီးဝလံများ မိုင်းလားမှတဆင့် တရုတ်ဈေးကွက်သို့ တင်ပို့
တရုတ်နယ်စပ်ကုန်သွယ်ရေး ရပ်သဖြင့် စိုက်ပျိုးရေးပို့ကုန် အခက်ကြုံ