၂၀၂၁ ခုနှစ် အာဏာသိမ်းမှုတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ဖြုတ်ချခံရပြီးနောက် မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင်များ မဟာမိတ်အဖွဲ့တဖွဲ့သည် နိုင်ငံကို ထိန်းချုပ်ထားသည့် စစ်ကောင်စီကို ဖြုတ်ချရန် အကောင်းဆုံး အခွင့်အရေးဖြစ်နိုင်သည့် စစ်ဆင်ရေးကို စတင်ခဲ့ကြသည်။
အောင်မြင်ပါက ထိုစစ်ဆင်ရေးသည် စစ်အုပ်စုများနှင့် အာဏာရှင်များ သမိုင်းတလျှောက် လွှမ်းမိုးခဲ့သည့် နိုင်ငံတွင် ပိုမို ပုံမှန်ရှိသော ဒီမိုကရေစီအတွက် အခြေခံလုပ်ငန်းဖြစ်နိုင်သည်။ လူထုအခြေပြုအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှု မြင့်မားနေပြီး ထိုသို့ ထိတွေ့ဆက်ဆံမှုသည် စစ်ရေးအောင်ပွဲများကို ရေရှည် အောင်မြင်မှုအဖြစ် ပြောင်းလဲရာတွင် အရေးပါသည်။ သို့သော် မည်သည့်အရာကိုမှ အာမခံနိုင်ခြင်း မရှိသေးဘဲ တိုက်ပွဲသည် ခက်ခဲနိုင်ဖွယ်ရှိသည်။
အောက်တိုဘာလ ၂၇ ရက်နေ့က ညီနောင်မဟာမိတ် သုံးဖွဲ့သည် မြန်မာရှိ ပြည်နယ် ခုနစ်ခုတွင် အကျယ်ဆုံးဖြစ်သော ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် သေချာစွာ ညှိနှိုင်းဆောင်ရွက်သည့် ထိုးစစ်ဆင်နွှဲသည်။ ထိုအလစ်အငိုက် တိုက်ခိုက်မှုသည် တရုတ်နယ်စပ်အနီး စစ်ကောင်စီစခန်းများကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း ဖိနှိပ်သော စစ်ကောင်စီအား အောင်မြင်သော သီးခြားစစ်ဆင်ရေးများ ပြုလုပ်ရန် အားပေးခဲ့သည်။
ကိုလိုနီလက်အောက်မှ လွတ်လပ်သော နိုင်ငံဖြစ်လာသည့် သမိုင်းတလျှောက် ကာလအများစုတွင် မြန်မာသည် စစ်အုပ်ချုပ်ရေးအောက်တွင် ရောက်ရှိနေသည်။ အရှေ့တောင်အာရှမှ နိုင်ငံအများအပြားကဲ့သို့ပင် အင်အားကြီးမားပြီး အမြစ်တွယ်နေသည့် စစ်တပ်အကျိုးစီးပွားကို ဆန့်ကျင်ရာတွင် ဒီမိုကရေစီလှုပ်ရှားမှုသည် အရှိန်ရအောင် ရုန်းကန်နေရသည်။
စစ်အုပ်စုကို ဆန့်ကျင်သည့် လူထုအုံကြွမှု အများအပြားကြောင့် ဖြစ်လာသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆယ်စုနှစ်တခုသည် အတိတ်မှ လမ်းခွဲလိုက်ပုံရသည်။ ၂၀၁၅ နှင့် ၂၀၂၀ ခုနှစ်များတွင် မြန်မာ၌ လွတ်လပ်သော ရွေးကောက်ပွဲများ ကျင်းပခဲ့ပြီး NLD က လွယ်ကူစွာ နိုင်သည်။ သို့သော် စစ်အုပ်စုက ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းလိုက်ပြီး ပြင်းထန်သော ပြည်တွင်းစစ်ကို ဖြစ်ပွားစေကာ စစ်ကောင်စီက အရပ်သား ထောင်နှင့်ချီ သတ်ဖြတ်ခဲ့သည်။
ညီနောင်မဟာမိတ် သုံးဖွဲ့၊ ၎င်းနှင့်အလားတူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် တနိုင်ငံလုံးကို မသိမ်းပိုက်နိုင်သေးသည့်တိုင် စစ်ကောင်စီသည် မည်သည့်အဖွဲ့ထက်မဆို ပစ်အားအလွန် သာလွန်သော်လည်း အောက်တိုဘာ ၂၇ ထိုးစစ်နှင့် နောက်ဆက်တွဲ စစ်ရေးအောင်ပွဲများကြောင့် စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်သည်ဆိုသည့် သတိထားသော မျှော်လင့်ချက်ကို ဖြစ်ပေါ်စေသည်။
ညီနောင်မဟာမိတ် သုံးဖွဲ့၊ ၎င်းနှင့်အလားတူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် တနိုင်ငံလုံးကို မသိမ်းပိုက်နိုင်သေးသည့်တိုင် စစ်ကောင်စီသည် မည်သည့်အဖွဲ့ထက်မဆို ပစ်အားအလွန် သာလွန်သော်လည်း အောက်တိုဘာ ၂၇ ထိုးစစ်နှင့် နောက်ဆက်တွဲ စစ်ရေးအောင်ပွဲများကြောင့် စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်သည်ဆိုသည့် သတိထားသော မျှော်လင့်ချက်ကို ဖြစ်ပေါ်စေသည်။
လက်ရှိအချိန်အထိ တော်လှန်ရေးအင်အားစုများသည် စစ်ကောင်စီက တရုတ်သို့ ဆက်သွယ်နိုင်သည့် နေရာများ၏ ၄၀ ရာခိုင်နှုန်းကို အောင်မြင်စွာ ဖြတ်တောက်ခဲ့ပြီး စစ်စခန်းများ၊ အဓိကကျသည့် နယ်စပ်ဂိတ်များ၊ မြို့အများအပြားနှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများအား သိမ်းယူကာ စစ်ကောင်စီတပ်များကို အစုလိုက်အပြုံလိုက် ဘက်ပြောင်းစေသည်။
စစ်တပ်ကို အာဏာမှ ဖြုတ်ချရန် ရှည်လျားကြမ်းတမ်းသည့်စစ်ပွဲ တိုက်ခိုက်ရဖွယ်ရှိသော်လည်း လက်နက်ကိုင် အဖွဲ့အစည်းများနှင့် လူထုအခြေပြု ခုခံတော်လှန်ရေး အင်အားစုများပါဝင်သည့် တော်လှန်ရေးတပ်များသည် အနာဂတ်တွင် အကြမ်းဖက်စစ်အုပ်စုများကို တားဆီးရန် မျှော်လင့်ချက်ဖြင့် ဒီမိုကရက်တစ် အောက်ခြေအဆင့် အုပ်ချုပ်ရေး ပုံစံသစ်ဆီသို့ ကနဦး လုပ်ဆောင်နေသည်။
၁၀၂၇ စစ်ဆင်ရေး အလားတူ ထိုးစစ်များ ပေါ်လာ
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဆိုသည်မှာ မြန်မာတွင် အသစ်အဆန်း မဟုတ်ပေ။ မြန်မာသည် တိုင်းရင်းသား လွန်စွာကွဲပြားသော နိုင်ငံဖြစ်သော်လည်း လူများစု ဗမာများသည် စစ်တပ်နှင့် အစိုးရ အပါအဝင် လူ့အဖွဲ့အစည်းတွင် အခွင့်ထူးခံ အနေအထားတွင် ရှိသည်။ တချိန်တည်းတွင် ရှမ်း၊ ကရင်နှင့် ရခိုင်ကဲ့သို့သော ပိုမို သေးငယ်သည့် လူမျိုးစုအုပ်စုများသည် ဗြိတိသျှကိုလိုနီ အုပ်ချုပ်ရေး အောက်တွင်သာမက စစ်အာဏာရှင်စနစ်များ အောက်တွင်ပါ သမိုင်းတလျှောက် ဆိုးရွားသော ခွဲခြားဆက်ဆံမှုများ ခံရသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် စစ်တပ်ဆန့်ကျင်ရေးကို ဦးဆောင်နေသည်။ အများအားဖြင့် ၎င်းတို့သည် ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) နှင့် မဟာမိတ်ဖွဲ့ကြသည်။ PDF များသည် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွဲ့စည်း သို့မဟုတ် ထောက်ခံထားသည့် လက်နက်ကိုင်တပ်များ ဖြစ်သည်။
ညီနောင်မဟာမိတ် သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးဟုခေါ်သော အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်သည့် ထိုးစစ်သည် လပေါင်းများစွာ ကြိုတင်ပြင်ဆင်ရန် လိုအပ်နိုင်ပြီး ထိုမဟာမိတ်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် PDF များအကြား ကောင်းမွန်သော ညှိနှိုင်းမှုဆောင်ရွက်မှုကို ပြသသည်။
ညီနောင်မဟာမိတ် သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးဟုခေါ်သော အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်သည့် ထိုးစစ်သည် လပေါင်းများစွာ ကြိုတင်ပြင်ဆင်ရန် လိုအပ်နိုင်ပြီး ထိုမဟာမိတ်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် PDF များအကြား ကောင်းမွန်သော ညှိနှိုင်းမှုဆောင်ရွက်မှုကို ပြသသည်။ ထိုသို့ လုပ်ဆောင်နိုင်ခြင်းသည် စစ်အုပ်စုကို တိုက်ခိုက်ရာတွင် သွင်ပြင်သစ် တခုဖြစ်ကြောင်း ကျွမ်းကျင်သူများက Vox သို့ ပြောသည်။
“အဲဒီလောက်အဆင့် ပူးပေါင်းဆောင်ရွက်မှုကို အရင်က မတွေ့ဖူးဘူး။ ဒါပေမယ့် စစ်ဆင်ရေးရဲ့ အတိုင်းအတာနဲ့ လွန်ခဲ့တဲ့လအတွင်း သူတို့ရရှိခဲ့တဲ့ အောင်မြင်မှုမျိုးကို ကျနော်တခါမှ မတွေ့ဖူးဘူးလို့ ယူဆတယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် လွတ်လပ်သော သုတေသီ ဒေးဗစ် မက်သီဆန်က Vox သို့ ပြောသည်။
“ဒါဟာ အဓိကကျတဲ့ ဒီ သုံးဖွဲ့ကြားက ကာလရှည်ကြာတဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြသတာလို့ ကျနော်ထင်တယ်” ဟုလည်း ၎င်းက ဆက်ပြောသည်။ ညီနောင်မဟာမိတ်များသည် ၂၀၁၉ ခုနှစ်မှ စတင်ကာ ပုံစံအမျိုးမျိုးဖြင့် ပူးပေါင်းဆောင်ရွက်နေပြီး မကြာသေးမီကာလများတွင် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်မတော် (BPLA) ကဲ့သို့သော အခြား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လာကြောင်း မက်သီဆန်က ပြောသည်။
“မိမိတို့ ညီနောင်မဟာမိတ် သုံးဖွဲ့သည် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်နိုင်ရေး၊ မိမိကိုယ်မိမိ ခုခံကာကွယ်ရေး၊ မိမိတို့ ဒေသကို မိမိတို့ ယခုထက် ပိုမိုထိန်းချုပ်နိုင်ရေး၊ မိမိတို့အဖွဲ့အစည်းများအပေါ် စစ်ကောင်စီမှ လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့၊ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်နေမှုများအပေါ် ဟန့်တားမှုရှိနိုင်ရေး” ဟု ၁၀၂၇ စစ်ဆင်ရေး စတင်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် “ပြည်သူတရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကိုလည်း လုပ်ဆောင်မည်” ဟုလည်း ဖော်ပြသည်။
စစ်တပ်ကို အာဏာဖယ်ရှားမည့် ရည်မှန်းချက်သည် လချီကြာသည့် ပုန်ကန်မှုတွင် တွန်းအားဖြစ်စေပြီး ဘုံရည်မှန်းချက်တခုတွင် ဦးစားပေးများ အပြိုင်ဖြစ်နေသည့် သီးခြားအုပ်စုများကို ညီညွတ်စေသည်။ စစ်တပ်သည် ဝီလ်ဆင်စင်တာမှ အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ လူးကပ်စ်မိုင်ယာ ပြောသည့် “သွေးခွဲအုပ်ချုပ်ရေး” ကို နှစ်ပေါင်းများစွာကြာအောင် ကျင့်သုံးနေပြီး အချို့အဖွဲ့အစည်းများကို အထူးအခွင့်အရေးများပေးကာ အမျိုးမျိုးသော လက်နက်ကိုင်အုပ်စုများအကြား အားပြိုင်မှုဖြစ်စေရန် လုပ်ဆောင်ခဲ့သည်။
သို့သော် ၂၀၂၁ ခုနှစ်မှ စတင်ပြီး စစ်ကောင်စီက တိုင်းရင်းသားလူနည်းစုများကိုသာမက ဗမာအရပ်သားများကိုပါ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်မှုကြောင့် အမျိုးမျိုးသော လက်နက်ကိုင် အင်အားစုများအကြားတွင်သာမက ထိုအုပ်စုများနှင့် NUG တွင်ပါ ပဏာမ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားပေးရာ ရောက်စေသည်။
စိတ်ဓာတ်ကျဆင်းနေပြီး ဘက်ပြောင်းမှု မြင့်မားနေသော စစ်တပ်သည် အမြောက်နှင့် လေကြောင်း လွှမ်းမိုးမှု ရှိသော်လည်း ခုခံတော်လှန်ရေး အင်အားစုက သိမ်းပိုက်ထားသည့် မည်သည့်ဒေသတွင်မှ ထိရောက်သော ခံစစ်ဆင်ရန် လူအင်အား မရှိတော့သလို ထိုးစစ်ဆင်ရန် သေနင်္ဂဗျူဟာလည်း မရှိပေ။
ခုခံတော်လှန်ရေးအောင်မြင်မှု၏ အခြားအဓိက သွင်ပြင်တခုမှာ စစ်တပ်၏ အားနည်းချက်ဖြစ်သည်။ စိတ်ဓာတ်ကျဆင်းနေပြီး ဘက်ပြောင်းမှု မြင့်မားနေသော စစ်တပ်သည် အမြောက်နှင့် လေကြောင်း လွှမ်းမိုးမှု ရှိသော်လည်း ခုခံတော်လှန်ရေး အင်အားစုက သိမ်းပိုက်ထားသည့် မည်သည့်ဒေသတွင်မှ ထိရောက်သော ခံစစ်ဆင်ရန် လူအင်အား မရှိတော့သလို ထိုးစစ်ဆင်ရန် သေနင်္ဂဗျူဟာလည်း မရှိပေ။
“သူတို့က အဓိကအားဖြင့် လက်စားချေရေး သေနင်္ဂဗျူဟာကို ကျင့်သုံးနေတယ်။ သူတို့က အရပ်သား ပစ်မှတ်တွေကို ဗုံးကြဲပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို လေကြောင်းက အကြီးအကျယ် တိုက်ခိုက်တယ်။ ဒါဟာ အဓိကအားဖြင့်ပြောရရင် ဒဏ်ခတ်တဲ့ သေနင်္ဂဗျူဟာပဲ” ဟု မိုင်ယာက ပြောသည်။
ခုခံတော်လှန်ရေး အင်အားစုများတွင် ထိရောက်သော လေယာဉ်ပစ် စွမ်းရည် မရှိသေးသောကြောင့် စစ်ကောင်စီသည် လေကြောင်းအသာစီးရနေပြီး ဂျက်တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်နေသည်ဟု မိုင်ယာက ပြောသည်။
“ဒါပေမယ့် တချိန်တည်းမှာပဲ စစ်တပ်ဟာ စွမ်းရည်အကန့်အသတ် ဖြစ်လောက်အောင် ပြန့်ကျဲနေပြီး နေရာအားလုံးကို တပြိုင်နက် လေကြောင်း တိုက်ခိုက်မှု မပေးနိုင်တော့ဘူး။ သူတို့ လေယာဉ်မှူးတွေလည်း ခြေကုန်လက်ပမ်းကျနေတယ်လို့ ဆိုတယ်။ ဒါဟာ ဖြစ်ရပ်တွေ အရှိန်မြင့်လာတာပဲ” ဟုလည်း ၎င်းကရှင်းပြသည်။
ဒေါ်အောင်ဆန်းစုကြည်ခေတ်သို့ မြန်မာ ပြန်မသွားနိုင်တော့
စစ်ရေးအမြင်ပြောင်းလဲမှု သက်သက်သာမကဘဲ ၁၀၂၇ စစ်ဆင်ရေးနှင့် နောက်ဆက်တွဲ ထိုးစစ်များသည် အလားအလာရှိသော နိုင်ငံရေးတော်လှန်ရေး၏ အစိတ်အပိုင်းဖြစ်ပြီး စစ်အုပ်စုခေတ်မှသာမက တိုတောင်းသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအတွင်းက ဟောင်းနွမ်းသော အဆင့်ဆင့် သီးသန့် အုပ်ချုပ်ရေးစနစ်မှ လမ်းခွဲလိုသည့် ဆန္ဒကိုလည်း ပြသနေသည်။
“ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလအတွင်းမှာတောင် စစ်တပ်က များပြားတဲ့သြဇာကို ဆက်လက် ချုပ်ကိုင်ထားတယ်။ လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်းကို စစ်တပ်အတွက် သီးခြားထားတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တဲ့ကိစ္စ ဘာမဆို သူတို့က ပယ်ချနိုင်တယ်။ အဓိကကျတဲ့ ဝန်ကြီးဌာနတွေကိုလည်း သူတို့က ထိန်းချုပ်ထားတယ်။ ဒါကတော့ ဒီမိုရေစီစနစ်နဲ့ တော်တော်မတူဘူး” ဟု မိုင်ယာက ပြောသည်။
မိုင်ယာပြောသည့်အတိုင်း အစိုးရတွင် တိုင်းရင်းသားလူနည်းစုများ၏ အာဘော်ကို ထည့်သွင်းရေးအတွက် ဗမာလူများစု၏ ထင်မြင်ချက် ပြောင်းလဲမှု ရှိသည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရ၏ မအောင်မြင်မှုများနှင့် ၂၀၁၇ ခုနှစ်တွင် လူနည်းစု မွတ်ဆလင် ရိုဟင်ဂျာများကို စက်ဆုပ်ဖွယ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ နေရပ်စွန့်ခွာစေမှုတို့ကို ကာကွယ်ပေးခြင်း နောက်ပိုင်းတွင် ထိုအမြင်ပြောင်းလဲမှု ရှိသည်။
NUG သည် လူမျိုးဘာသာ အလွှာစုံသည့် တော်လှန်ရေး အယူအဆ ကျင့်သုံးပြီး အနာဂတ် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုတွင် လူနည်းစုများ ထည့်သွင်းရန် လိုအပ်ချက်ကို လက်ခံသည်။ သို့သော် ထိုသို့ဖြစ်စေရန် NUG အနေဖြင့် အနာဂတ် မည်သည့်အစိုးရတွင်မဆို တိုင်းရင်းသား လူနည်းစုမှ ပုဂ္ဂိုလ်များကို ထည့်သွင်းရမည်ဖြစ်သည်။
NUG သည် လူမျိုးဘာသာ အလွှာစုံသည့် တော်လှန်ရေး အယူအဆ ကျင့်သုံးပြီး အနာဂတ် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုတွင် လူနည်းစုများ ထည့်သွင်းရန် လိုအပ်ချက်ကို လက်ခံသည်။ သို့သော် ထိုသို့ဖြစ်စေရန် NUG အနေဖြင့် အနာဂတ် မည်သည့်အစိုးရတွင်မဆို တိုင်းရင်းသား လူနည်းစုမှ ပုဂ္ဂိုလ်များကို ထည့်သွင်းရမည်ဖြစ်သည်။
လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများ၊ ၎င်းတို့၏ သက်ဆိုင်ရာ နိုင်ငံရေးနှင့် လူမှုအခြေပြု အဖွဲ့အစည်းများကလည်း ဒေသဆိုင်ရာကိစ္စများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုတောင်းဆိုသည်။ ထိုကိစ္စသည် နိုင်ငံရေး အနာဂတ်အတွက် အရေးကြီးကြောင်း မက်သီဆန်နှင့် မိုင်ယာတို့ နှစ်ဦးလုံးက ပြောသည်။ မြန်မာ၏ ကိုလိုနီခေတ်လွန်သမိုင်းနှင့် အထူးသဖြင့် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် အစိုးရသည် ဗမာအများစု ဒေသများနှင့် ဗမာတိုင်းရင်းသား အုပ်စုအကြား ဗဟိုချုပ်ကိုင်သည့် အာဏာရယူပြီး ပဒေသရာဇ်အုပ်ချုပ်ရေးကို ဦးတည်စေခဲ့သည်။
“ဒီအဖွဲ့အစည်း အများအပြားဟာ ‘ကျနော်တို့က NUG ဆီကို ဦးထုတ်လေး ချွတ်သွားပြီး ကျနော်တို့ လိုချင်တာက ကိုယ်ပိုင်အုပ်ချုပ်ရေး’ လို့ ရိုရိုကျိုးကျိုးနဲ့ ပြောမှာ မဟုတ်ဘူး” ဟု မက်သီဆန်က ပြောသည်။ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ဖက်ဒရယ်ပုံစံ အုပ်ချုပ်ရေးစနစ်သည် ထိုအုပ်စုအများစုအတွက် အခြေခံ လိုအပ်ချက်ဖြစ်သည်။
“ဒီအုပ်စု အများအပြားက ‘ကျနော်တို့က ဖက်ဒရယ်စနစ်ကို အောက်ခြေကနေ တည်ဆောက်နေပြီး ဒေသခံတွေရဲ့ သဘောထားကို တွေ့ရမယ်။ အခု NUG နဲ့ အများအားဖြင့် အနောက်တိုင်း ထောက်ခံသူတွေ တည်ဆောက်ဖို့ ကြိုးစားနေတာက အထက်ကနေ အောက်ကိုလာတဲ့ ဖက်ဒရယ်စနစ်ဖြစ်တယ်’ လို့ပြောလိမ့်မယ်” ဟုလည်း မက်သီဆန်က ပြောသည်။
ထက်မင်းလွင်နှင့် သီဟဝင့်အောင်တို့က Diplomat စာစောင်တွင် နိုဝင်ဘာလ ၂၄ ရက်နေ့က ရေးသားသည့်အတိုင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင် အင်အားစုအချို့တွင် ပိုမိုကျယ်ပြန့်သည့် လူမှုရင်းနှီးမြှုပ်နှံမှု ရှိသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် KIA နှင့် KNU တို့သည် လူငယ်ဆန္ဒပြသမားများကို စစ်ရေးလေ့ကျင့်ပေးခြင်းနှင့် အမျိုးမျိုးသော အတိုင်ပင်ခံကောင်စီများတွင် ပါဝင်နေသည့် ထွက်ပြေးတိမ်းရှောင်လာသော လွှတ်တော်ကိုယ်စားလှယ်များကို ခိုလှုံခွင့်ပေးခြင်း စသည့် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်နေသည်။
လူထုအခြေပြု အဖွဲ့အစည်းများနှင့် လူထုထောက်ခံမှုသည်လည်း အောင်မြင်သော စစ်ဆင်ရေးအတွက် အရေးပါသော အစိတ်အပိုင်းဖြစ်သည်။ ထက်မင်းလွင်နှင့် သီဟဝင့်အောင် ထောက်ပြသည့်အတိုင်း လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်သော ဆေးဘက်ဆိုင်ရာ ပညာရှင်များသည် ဒဏ်ရာရသူများကို ကုသပေးနေပြီး အခြား သယ်ယူထောက်ပံ့ရေး လုပ်ငန်းများကိုလည်း ညှိနှိုင်းပေးနေသည်။
နိုင်ငံကို ထိန်းချုပ်နိုင်သောအခါတွင်ပင် လက်ရှိ ဆယ်စုနှစ်ပေါင်းများစွာ သွေးစုတ်ဖိနှိပ်ခံ နိုင်ငံဘဝမှ အားလုံးအကျုံးဝင်သည့် ဒီမိုကရက်တစ်နိုင်ငံတော် တည်ဆောက်ရေး နိုင်ငံရေးလုပ်ငန်းသည်ပင် သီးခြား ရုန်းကန်ရမည့်တိုက်ပွဲ ဖြစ်သည်။
ကျယ်ပြန့်သော လူထုအခြေပြုအဖွဲ့အစည်းများ ထိတွေ့ဆက်ဆံမှုသည် တော်လှန်ရေးကို မြန်မာပြည်သူများအကြားတွင် တရားဝင်မှုရှိကြောင်း၊ ၎င်းတို့သည်လည်း စစ်အုပ်ချုပ်ရေး အဆုံးသတ်ပြီး အလားအလာရှိသော ဒီမိုကရက်တစ်အနာဂတ်ကို ပိုင်ဆိုင်ရန် ဆုံးဖြတ်ထားကြောင်း ပြသသည့် လက္ခဏာ ဖြစ်သည်။
စစ်တပ်၏ အားသာချက်များသည် လျော့နည်းလာသော်လည်း အနာဂတ်သည် ဝေးကွာနေသေးပြီး တော်လှန်ရေးအင်အားစုများ နိုင်ငံကို ထိန်းချုပ်နိုင်ခြင်း မရှိမီ ကာလကြာရှည် သွေးချောင်းစီး တိုက်ခိုက်မှု ဖြစ်နိုင်သည်။ နိုင်ငံကို ထိန်းချုပ်နိုင်သောအခါတွင်ပင် လက်ရှိ ဆယ်စုနှစ်ပေါင်းများစွာ သွေးစုတ်ဖိနှိပ်ခံ နိုင်ငံဘဝမှ အားလုံးအကျုံးဝင်သည့် ဒီမိုကရက်တစ်နိုင်ငံတော် တည်ဆောက်ရေး နိုင်ငံရေးလုပ်ငန်းသည်ပင် သီးခြား ရုန်းကန်ရမည့်တိုက်ပွဲ ဖြစ်သည်။
(Vox ပါ Ellen Ioanes ၏ How Myanmar’s resistance could topple its military government — for good ကို ဘာသာပြန်သည်။ Ellen Ioanes သည် Vox ၏ သတင်းထောက်ဖြစ်ပြီး စစ်ရေးနှင့် ကမ္ဘာ့ပဋိပက္ခများကို အထူးပြုရေးသားသည်။)
You may also like these stories:
တော်လှန်ရေးအင်အားစုက စစ်ကောင်စီကို ဖြုတ်ချနိုင်မလား
စစ်ကောင်စီကို အထိနာစေတဲ့ မဟာမိတ်သုံးဖွဲ့ရဲ့ “Operation 1027”
စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့