ယခု တလောတွင် စစ်အေးတိုက်ပွဲ ပြီးဆုံးသွားခြင်း၊ လက်နက် ပြိုင်ပွဲအရှိန် လျော့ပါးသွားခြင်း၊ ပထဝီ နိုင်ငံရေး ကမ္ဘာကြီး အခြေခံမှစ၍ ပြောင်းလဲသွားခြင်း စသည်တို့ကို အများသူငါ ပြောနေကြသဖြင့် ကျနော်တို့သည် မိန်းမနှင့် ယောက်ျား တို့၏ အချစ် စစ်ပွဲ အကြောင်းကို ပြောဖို့ အချိန်မရသလောက် ဖြစ်ခဲ့ကြပါသည်။
အမှန် ပြောရလျှင် ယခုခေတ်သည် ချစ်သူများ အတွက် တော်တော် ဒုက္ခရောက်သည့် ခေတ် ဖြစ်ပါသည်။ ယခု ခေတ်သည် ခုခံအား ကျဆင်းမှု ရောဂါ ခေတ်၊ လင်ကွာ မယားကွာ အမှုတို့၏ ခေတ် ဖြစ်ပါသည်။
ယခုခေတ်တွင် အသည်းနှလုံး ပြဿနာသည် ဓာတုဗေဒ ဆိုင်ရာ ကိစ္စ မဟုတ်တော့ဘဲ ဆေးပညာ၊ တရား ဥပဒေနှင့် နိုင်ငံရေး ပြဿနာကြီး တခု ဖြစ်နေသည်ဟု ထင်ရပါသည်။
ယနေ့ မြင်နေရသော ဖိုမ ဆက်ဆံရေး ပုံသဏ္ဌာန်မှာ ကောင်လေးနှင့် ကောင်မလေး တွေ့မည်။ (တခါတရံတွင် ကောင်လေး နှင့် ကောင်မလေး တွေ့မည်)။ တယောက်၏ ဖိုမ ဆက်ဆံရေး နောက်ကြောင်း ရာဇဝင်ကို တယောက် မေးမည်။ ယနေ့ အချိန်အထိ မိမိတွင် ထိုထို အီအီသော လူမှု ဆန့်ကျင်ရေး ရောဂါများ မရှိခဲ့ကြောင်းကို ပြောမည်။
တနေ့ တရားတဘောင် ဖြစ်လာလျှင် ရှေ့နေထံသို့ သက်သေခံ အဖြစ် တင်ပြရန် အတွက် တဖက်သား၏ ပြောဆိုချက် များကို ရေးမှတ်ထားမည်။
မင်းကို နွေဦးနေ့ တနေ့နှင့် နှိုင်းရမလား မသိဘူး အချစ်ရယ် ဟု ပြောမည်။ ထိုအခါ ကောင်မလေးကလည်း နှိုင်းလေ ကောင်းတာပေါ့ဟု ပြောမည်။ ယနေ့ခေတ် အချစ် မှတ်တမ်းကို ရေးလျှင် ထိုသို့ပင် ရေးရလိမ့်မည်ဟု ထင်သည်။
သို့ရာတွင် ၁၉၈၉ ခုနှစ်တွင်မူ နွေရက်များသည် နှင်းမှုံတို့ ထူထပ်စွာ ကျကာ မည်းမှောင်နေပါသည်။ ဖန်လုံအိမ် အကျိုး သက်ရောက်မှု၏ ကျေးဇူးကြောင့် လွန်စွာ ပူလောင် မွန်းအိုက် နေတတ်ပါသည်။
သို့ဆိုလျှင် “နွေလယ် ညတည အိပ်မက်” ပြဇာတ်ကို ရေးခဲ့သည့် ရှိတ်စပီးယားသည် ကျနော်တို့ကို ဇာတ်ဆောင်ထား ရေးလျှင် မည်သို့များ ရေးလေမည်နည်း။
ကျနော်တို့ကလည်း ဇာတ်ဆောင်များ အဖြစ် ဘယ်လို ပါမည်နည်း။ ငြိမ်သက် တိတ်ဆိတ်သော နွေတညတွင် ထိုသို့ တွေးမိပေလိမ့်မည်။
သူ့ပြဇာတ်ကို ယနေ့ ကျနော်တို့ ပြန်ကြည့်သည့် အခါတွင် ကျနော်တို့ ပထမဆုံး သတိပြုမိသော အချက်တချက် ရှိသည်။ ယင်းမှာ အချစ်မှာ ရှိတ်စပီးယားတို့ ခေတ်နှင့် ကျနော်တို့ ခေတ်အထိ များစွာ ပြောင်းလဲခြင်း မရှိ ဆိုသည့် အချက် ဖြစ်သည်။
ထိုစဉ်က ကဲ့သို့ပင် ယခု ခေတ်တွင်လည်း အချစ်သည် ကြမ်းရှသော ဂဲသြမေထရီ တြိဂံများ၊ ချစ်တုံ့ပြန်မှုကို မရသော တဖက်သတ် အချစ်များဖြင့် ပြည့်နှက်နေသည်။
ရှိတ်စပီးယား၏ အမြဲစိမ်းစို လန်းဆန်းသော ဇာတ်ဆောင် စာရင်းကိုလည်း ကျနော်တို့ အလွယ်တကူ မှတ်မိနေသေးသည်။
သဉ္ဖာလီ ထက်တွင် အတူ မှေးစက်ပျော်ရန် မိန်းမပျိုကို ဖျားယောင်း သွေးဆောင်နေသော စိတ်မရှည်သည့် ချစ်သူ၊ တခဏလေး အတွင်းတွင် ချစ်တေးကျူသံကို ဗိန်းမောင်း တိုက်သံ အဖြစ်သို့ ချက်ခြင်း ပြောင်းနိုင်သော အိုင်တွေ့လျှင် ခြေဆေးသည့် မျက်နှာရူး လူကြမ်း၊ ပဒေသရာဇ် ဖခင်၏ အုပ်စိုးမှု အောက်မှ ထွက်ပြေးရန် ကြံစည်နေကြသော ချစ်သူ နှစ်ယောက်၊ (သို့ရာတွင် သူတို့ဘာသာ လွတ်မြောက်အောင် လုပ်ရန် မတတ်နိုင်ကြဘဲ နောက်ဆုံးတွင် လက်လျှော့ လိုက်ကြရပါသည်။) တို့ကို ကျနော်တို့ သတိရနေကြပါသေးသည်။
ပါ့သက်သည် (နွေလယ်ည အိပ်မက် ပြဇာတ်မှ လူရွှင်တော်) ယခု ခေတ်သစ် ပြဇာတ်များထဲတွင် ဧည့်သည် ဇာတ်ဆောင် ဖြစ်နိုင်ပါသေးသည်။
ထိုပြဇာတ်ကို ကလျှင် “ညစ်ညမ်းစွာ၊ ရဲတင်းစွာ” ဇာတ်တိုက်နေကြသော ရိုင်းပြသည့် စက်ရုပ် ဇာတ်ဆောင်များသည် အကျော်အမော်တွေ ဖြစ်သွားကြပေလိမ့်မည်။
စကား ကုလားဖန် ထိုးသော လူပြက်တို့က “အသစ်” ဆိုသည့် စကားလုံးကို “အချစ်” ဟု ပြောမိလျှင်လည်း ကျနော်တို့က ပြက်လုံးဟု သဘောထားမိကြမည် မဟုတ်ပါ။
တကယ်တော့ အချစ်ကို တွေးတော ဖန်တီးခြင်းသည် ကွဲအက်သော နှလုံးသားလို သက်တမ်း အိုမင်းလှပြီ ဖြစ်ပါသည်။
တခါတရံတွင် ဂီတ အိပ်ရာ ဇာတ်လမ်း၊ မူးယစ်ဆေးစွဲ ရုပ်ရှင်နှင့် အပေါစား ဇာတ်မြူးတို့သည် ဗီဒီယို အတွက် ဖန်တီးထား လေသလား ဟုပင် ထင်ရပါသည်။
အပြာဇာတ်များသည် အီစတန် အဲလစ်၏ ဝတ္ထုထဲက မြီးကောင်ပေါက်များ အဖို့ အဆန်း မဟုတ်တော့ပါ။ ထုံထိုင်းသော ဘော်တွန်း (နွေလယ်ည အိပ်မက်) အား မြင်မြင်ချင်း ကြိုက်သွားသော တီတန်နီယာ၏ အချစ်သည် သူတို့ခေတ်တွင် သဘာဝကျသည်ဟု ဆိုနိုင်ပါသည်။
လိုင်ဆင်ဒါ (နွေလယ်ည အိပ်) က “အချစ်စစ် အချစ်မှန် တို့၏ သွားရာလမ်းသည် ဘယ်သောအခါမျှ ဖြောင့်ဖြူး ချောမွေ့ခြင်း မရှိ” ဟု ပြောခဲ့ပါသည်။
ကျနော်တို့ ခေတ်တွင်လည်း အချစ်စစ် အချစ်မှန်သည် ထိုအတိုင်းပင် ဖြစ်နေမည်ဟု ထင်ပါသည်။ သို့ရာတွင် ကျနော်တို့၏ ခေတ်ကြီးသည် ရှုပ်ထွေး ပွေလီသော ခေတ်ကြီး ဖြစ်သည့် အတွက် ထိုအချက်ကို ကျနော်တို့ မေ့နေတတ်ကြပါသည်။
သစ္စာ မဲ့ခြင်းသည် ကရက်ဆီဒါ (ထရွိုင်းလက်စ် နှင့် ကရက်ဆီဒါ) ပြဇာတ်၏ အမှတ်တံဆိပ် ဖြစ်ခဲ့ပါသည်။
ရှိတ်စပီးယားတို့ ခေတ်ကပင်လျှင် ဇာတ်ရုံများတွင် (ရမ်ဘို ၁၊ ရမ်ဘို ၂၊ တာမီနေတာ ၁၊ တာမီနေတာ ၂၊ စသည်ဖြင့် ဂဏန်းထိုး၍ ပြသရ သကဲ့သို့ ) ရောမ ဂဏန်းတွေ ထိုး၍ ပြရပါသည်။ နောက်ဆက်တွ ပြဇာတ် တခုပြီး နောက်ဆက်တွဲ တခု တင်ဆက်ရပါသည်။
ရိုမီယိုသည် အချစ်ကြီးသူ ဖြစ်ပါသည်။ ဆယ်ကျော်သက်ကလေး ဖြစ်ပါသည်။ ဂျူးလီယက်ကို မတွေ့မချင်း ရိုဆာလင် တယောက်မှ အပ အခြား မည်သူ့ကိုမျှ စိတ်ကူး မထည့်ခဲ့ပါ။
ဂျူးလီယက်သည် ဆယ့်သုံးနှစ် အရွယ် အပျိုဖြန်းကလေး ဖြစ်ပြီး ချစ်သူ ရိုမီယို နှင့် သူ၏ သစ္စာရှိသော အထိန်းတော်ကြီးကို သတ်ခဲ့မိသဖြင့် ယူကျုံးမရ ဖြစ်နေရသူ ဖြစ်ပါသည်။
ရှိတ်စပီးယား ကိုယ်တိုင်သည်လည်း သူ၏ အကောင်းဆုံး အချစ်ကဗျာများကို ချောမော လှပသည့် လူငယ် တဦးနှင့် အမျိုးအမည် မသိရသော “အသား ညိုညို အမျိုးသမီး” တဦးကို ရည်ညွှန်းခဲ့ပါသည်။
သို့ဖြင့် အသည်းနှလုံး၏ သဘာဝသည် ပြောင်းလဲခြင်း မရှိသည့်တိုင် အသည်းနှလုံးပေါ်တွင် ဖိအားပေးမှုများ ကန့်သတ်ချက်များသည် ပြောင်းလဲ သွားခဲ့လေသည်။
ရှိတ်စပီးယား၏ ပြဇာတ်များက ဆိုလိုသည့် အနှစ်ချုပ်မှာ “ချစ်သူများနှင့် သူရူးများတွင် ဆူပွက်သော ဦးနှောက်များ ရှိသည်” ဆိုသည့် သဘော ဖြစ်ပါသည်။
ချစ်သူတို့တွင် မိုက်မဲမှုတွေ အပြည့် ရှိသည်။ ရမက်မီးလျှံတွေ အပြည့် ရှိသည်။ စိတ်ကူး ဉာဏ်တွေ အပြည့် ရှိသည်ဟု ဆိုလိုရင်း ဖြစ်ပါသည်။
ယနေ့ ကျနော်တို့ တွေ့နေရသော ပြဿနာမှာ ထိုအရာနှင့် ပြောင်းပြန် ဖြစ်ပါသည်။
ကျနော်တို့သည် အချစ် အကြောင်းကို စဉ်းစားရာတွင် သတိထားလွန်း တွက်ချက်လွန်း အားကြီးသဖြင့် ကျနော်တို့၏ နှလုံးသားကို ကော်ဖီ ဇွန်းကလေးဖြင့် တဇွန်းချင်း ခတ်၍ ချိန်တွယ် ပေးနေကြပါသည်။
ကြောက်တတ်လျှင် ဝန်ကင်း ဆိုသကဲ့သို့ နှလုံးသားကို ရည်းစားမပေးလျှင် ဗေလီယမ် အိပ်ဆေး မဆောင်ရဟု ယူဆနေကြပါသည်။
အချစ်သည် အစဉ်သဖြင့် ပွေလီ ဆန်းပြားသော အရာ ဖြစ်ပါသည်။ ထို့ကြောင့်ပင်လျှင် အချစ်ကို တရား ဥပဒေဖြင့် ဘောင်ခတ် ပြဌာန်း၍ မရခြင်း ဖြစ်ပါသည်။
ယနေ့ ခေတ်တွင် ဘဝ အလွမ်း အမော ကိစ္စသည် (ချစ်သူတို့ အတွက် မဟုတ်တော့ဘဲ) ရှေ့နေ ရှေ့ရပ်များ အတွက် ဖြစ်ပါသည်။
အကြင်နာ ကင်းမဲ့မှုနှင့် အရှက်ရခြင်း တို့သည် ရာဇဝတ်မှုနှင့် ပြစ်ဒဏ် အဖြစ် ပြောင်းသွားကြပါသည်။
ယနေ့ ခေတ်တွင် မိန်းမပျိုလေးများသည် သူတို့ကို လက်ထပ်ယူရန် ပဋိညာဉ် ပျက်ကွက်ခဲ့သဖြင့် သူတို့ ရည်းစားများကို တရားစွဲနေကြပါသည်။
စွန့်ပစ်ခံရသော ချစ်သူ ဟောင်များသည် (ယင်းတို့ အနက် သုံးဦးကို ဖော်ပြရလျှင် ဝီလျှံဟာ့တ်၊ မိုက်တိုင်ဆန်နှင့် ရော့ဟတ်ဆန် တို့၏ ချစ်သူ ဟောင်းများ ဖြစ်ပါသည်။) သူတို့၏ ချစ်မေတ္တာ တန်ဖိုးကို ဒေါ်လာ သန်းချီ၍ တောင်းနေကြ ပါသည်။
ရုံးတော်တွင် တရား စွဲဆိုခြင်း ဆိုသည်မှာ “ဝမ်းနည်းပါတယ်” ဆိုသည့် စကားကလေးပင် မပြောဖြစ်အောင် အပြတ် စာရင်း ရှင်းကြသော ကိစ္စ ဖြစ်ပါသည်။
စက်မှု နည်းပညာသည်လည်း ကျနော်တို့ခေတ် ချစ်သူတို့၏ ဆက်ဆံမှုများကို ပိုပြီး အန္တရာယ် ကြီးအောင် ထောက်ကူ နေသကဲ့သို့ ရှိပါသည်။
ရော့ဘ်လောသည် (အချစ်စခန်း ဖွင့်နေစဉ်) ဗီဒီယိုဖြင့် ချောင်းအရိုက်ခံခဲ့ရပါသည်။
သမန် ချစ်သူများပင်လျှင် ချောင်း၍ ဓာတ်ပုံ အရိုက်ခံခဲ့ကြရပါသည်။ ဓာတ်ပုံ အရိုက်ခံရမည်ကို ကြောက်သူတို့ကလည်း တယ်လီဖုန်းမှ နေ၍ ချစ်စကား ပြောကြပါသည်။
တယ်လီဖုန်းတွင် ချိန်းတွေ့ကြပါသည်။
အကယ်၍သာ ခေတ်သစ် ဂျူးလီယက် တယောက်သည် အဆိပ်သေက်၍ သူ့ကိုယ်သူ အဆုံးမစီရင်မီ ချစ်သူထံ တယ်လီဖုန်း ဆက်လျှင် “ကိုယ်လည်း ရိုမီယိုလို လိုက်လုပ်မှာပေါ့ကွယ်” ဟူသော စကားမျိုးကို ကြားရဖို့ ကောင်းပါသည်။
သို့ရာတွင် ယနေ့ ခေတ်၌ ဘယ်သူကမျှ ထိုစကားမျိုးကို မပြောကြတော့ပါ။
ယခုခေတ်တွင် ဤသို့ ဖြစ်နေကြသဖြင့် သည်ခေတ်တွင် အစစအရာရာ သတိထားလွန်းသည်၊ ဂဏန်း တွက်လွန်းသည် ဟုကား အပြစ်တင် မစောသင့်ပါ။
ထိုသို့ သတိမထား၊ ဂဏန်း မတွက်ခဲ့မိကြသဖြင့်ပင် ရိုမီယိုနှင့် ဂျူးလီယက် တို့သည် အသေစောခဲ့ကြရခြင်း ဖြစ်ပါသည်။
ဘယ် အချစ်ဇာတ်လမ်းတွင် မဆို စဉ်းစား တွက်ချက်မှုကတော့ အနည်းအများ ပါတတ်ကြသည်သာ ဖြစ်ပါသည်။
အချစ်စစ် အချစ်မှန် ဆိုသည့် အရာသည်ပင်လျှင် ပေါ်လာသည်မှာ ဘာမျှ မကြာသေး။ နောက်မှ ပေါ်လာသည့် တီထွင်မှု တရပ် ဖြစ်သည်ဟု ပညာရှင်တို့က ယူဆနေကြပါသည်။
နေရာများစွာ ခေတ်များစွာတွင် လက်ထပ် ထိမ်းမြားခြင်း ကိစ္စသည် လက်တွေ့ စီစဉ်ရသည့် ကိစ္စတခု ဖြစ်ပါသည်။
အိန္ဒိယ သတင်းစာများထဲတွင် ပါတတ်သည့် ထိမ်းမြား မင်္ဂလာ ကြော်ငြာတွေကို ကြည့်၍ လှောင်ပြောင်သူများသည် သူတို့ ကိုယ်တိုင်ကြတော့ “မိဘမဲ့ ကလေး” ကြော်ငြာကို သတင်းစာများတွင် သွားထည့်ကြရမည်ကိုတော့ မရှက်တတ်ကြပါ။
လူမသိ သူမသိ ချိန်းတွေ့ခြင်းသည်လည်း (သဘောအားဖြင့်) စီစဉ်ထားသော လက်ထပ် ထိမ်းမြားမှု တခု ဖြစ်ပါသည်။ ရောဂါ ကူးစက်မှုနှင့် ထိပ်တိုက် တိုးမှုများကြောင့် ဘုံ အိမ်ထောင်ရေး စနစ်ကို မထူထောင်ကြသဖြင့် တော်သေးသည်ဟု ဆိုရတော့မည် ဖြစ်ပါသည်။
သို့ ဖြစ်လျှင် အချစ်ကို လွတ်လပ်စွာ မရနိုင်သောကြောင့် ဈေးကြီးရတော့မှာလားဟု မေးဖွယ် ရှိပါသည်။
အဆုံးတွင် ကျနော်တို့နှင့် ရှိတ်စပီးယားတို့ မတူသည့် အချက်မှာ သူက နတ်သိကြားများကို ယုံကြည်ခြင်း ဖြစ်ပါသည်။
သူ့ ပြဇာတ်များထဲတွင် အခက်အခဲ အရှုပ်အထွေး ပေါ်လာတိုင်း နတ်သမီးများ ပေါ်လာကာ ပြဿနာများကို ဖြေရှင်း ပေးသွားတတ်ပါသည်။
အပျော်အရွှင် ဇာတ်၏ သဘောမှာ အလယ်တွင် ဘာတွေ ဖြစ်ခဲ့ ဖြစ်ခဲ့၊ ဇာတ်သိမ်းတွင် အားလုံး ပြေပြစ်ညီညွတ်စွာ
ဇာတ်ပေါင်းသွားကြသည့် အချက် ဖြစ်ပါသည်။
ယခု အချိန်တွင် ရှိတ်စပီးယား၏ ကြယ်ရောင်လင်းသော ညများတွင် ဖြစ်ပျက်ခဲ့သည့် ရူးသွပ်မှုများ၊ အဖုအထစ်များသည် လွန်မြောက် သွားခဲ့ကြပါပြီ။
အမှားတို့ကို အမှန်သို့ ရောက်အောင် ပြင်ပေးရန် အတွက် ကောင်းကင်မှ နတ်သမီးများလည်း ဆင်းလာကြပါပြီ။
ချစ်သူတို့သည် မနက်ခင်း မိုးဆွေငှက်ကလေးများနှင့် အတူ နိုးလာကြကာ သူတို့ အဖြစ်ကို အိပ်မက်လေလားဟု ဇဝေဇဝါ ဖြစ်နေကြပါသည်။
အချစ်သည် မျက်စိ မမြင်ပါ။ အချစ်၏ သားကောင်များသည် ရူးသွပ်ကြပါသည်။ ကဗျာဆရာ ရှိတ်စပီးယားသည် ကျနော်တို့ကို အိပ်မက် ကမ္ဘာသို့ ခေါ်သွားပါသည်။
သို့ရာတွင် တညမျှသာ ဖြစ်ပါသည်။ ခဏမျှသာ ဖြစ်ပါသည်။
ထိုအတွေးများသည် ရှိတ်စပီးယား အသက်ရှင်စဉ် ၁၆၀၀ ပြည့်နှစ်များ ကတည်းကပင်လျှင် ထွက်ပြေး မူဝါဒ အတွေး ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။
သို့ရာတွင် ယနေ့ ၁၉၈၉ ခုနှစ်တွင်ကား ပျော်ရွှင်စွာ ဇာတ်သိမ်းရန် အတွက် နွေလယ် ညတည၏ အိပ်မက်သည် ကျနော်တို့အဖို့ အကောင်းဆုံးသော မျှော်လင့်ချက်ပင် ဖြစ်ပါလိမ့်မည်။ ။
ရည်ညွှန်း။ ။ A Midsummer Night’s Dream: The Sequel by Picolier. Time, August 7,1989
(စာရေးဆရာကြီး မြသန်းတင့် မြန်မာပြန် ရေးသားသည့် ဤ ရသစာတမ်း (Literary Essay) ကို လင်းဦးတာရာ စာအုပ်တိုက်က ၁၉၉၇ ခုနှစ် ဇွန်လတွင် ထုတ်ဝေသော “သမိုင်းစကား၊ ပန်းစကား နှင့် အခြား ရသစာတမ်းများ ပထမ အကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် အသက် ၆၉ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)