(ဧရာဝတီသတင်းဌာနသည် တိုက်ပွဲများ ပြင်းထန်နေသော ကရင်နီ(ကယား) ပြည်နယ်ထဲသို့ သတင်းထောက်များအား သတင်းယူရန် စေလွှတ်ခဲ့ပါသည်။ ယခု ဆောင်းပါးမှာ ထိုခရီးစဉ်အတွင်း ဧရာဝတီ အကြီးတန်း သတင်းထောက်တဦး တွေ့ကြုံမြင်တွေ့ခဲ့ရသည်များအား ပြန်လည်ရေးသားဖော်ပြမည့် သတင်းဆောင်းပါးတွဲများထဲမှ ပထမဆုံး ဖြစ်သည်။)
ကရင်နီ (ကယား) ပြည်ရဲ့ မြို့တော်ဖြစ်တဲ့ လွိုင်ကော်နဲ့နီးလာလေလေ ဝုန်းခနဲမြည်သံနဲ့အတူ လက်နက်ကြီး ကျရောက်ပေါက်ကွဲ သံတွေဟာ ပိုကြားရလေပဲ ဖြစ်ပါတယ်။
နံနက်ခင်းမို့ အအေးဓာတ်ရှိနေပေမယ့် လွိုင်ကော်မြို့ကတော့ လက်နက်ကြီးပစ်ခတ်သံ ၊ လက်နက်ကြီးကျရောက် ပေါက်ကွဲသံတွေကြောင့် အေးချမ်းမနေပါဘူး။
ကျနော်တို့ လွိုင်ကော်မြို့ကို သွားတဲ့ရက်ဟာ နိုဝင်ဘာလ ၁၄ ရက်နေ့ဖြစ်ပြီး ကရင်နီပူးပေါင်းတပ်တွေရဲ့ ၁ လေးလုံးစစ်ဆင်ရေး စတင်ပြီး ၄ ရက်အကြာမှာ ရောက်သွားတာပဲဖြစ်ပါတယ်။
ကျနော်တို့နေတဲ့နေရာကနေ လှမ်းကြည့်ရင် ကျယ်လောင်ဆူညံလှတဲ့အသံနဲ့အတူ စစ်ကောင်စီရဲ့ အပြာရောင်တိုက်လေယာဉ် ၁ စီးဟာ လွိုင်ကော်မြို့ပေါ် လှည့်ပတ်ပြန်ဝဲပြီး ဗုံးကြဲလိုက် ၊ စက်သေနတ်နဲ့ ပစ်ခတ်လိုက် လုပ်နေတာမြင်ရပါတယ်။
စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစီး ဗုံးကြဲ ၊ ပစ်ခတ်ပြီးလို့ ပြန်သွားရင် နောက်ထပ် တိုက်လေယာဉ်တစီးက လာရောက်ပြီး ကရင်နီပူးပေါင်းတပ်တွေ ရှိမယ်လို့ ထင်တဲ့နေရာတွေကို ဗုံးကြဲသွားတတ်ပါတယ်။
ကရင်နီပူးပေါင်းတပ်တွေကလည်း စစ်ကောင်စီရဲ့ လေယာဉ် မြေပြင်ကို ထိုးစိုက်ဆင်းလာပြီဆိုရင် ပွိုင့်ဖိုက် စက်သေနတ်တွေနဲ့ လိုက်ပစ်ကြပါတယ်။
လွိုင်ကော်တိုက်ပွဲဟာ ရက်ပေါင်း ၂၀ လောက်ကြာလာပြီဖြစ်ပေမယ့် ကျနော်တို့ကြုံခဲ့ရတဲ့ အခြေအနေလိုပဲ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲ ဖြစ်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) နှင့် ကရင်နီတပ်မတော် (KA) ဆီက သိရပါတယ်။
KA စစ်ရေးချုပ်ဖြစ်တဲ့ ဗိုလ်မှူးကြီးဘုန်းနိုင်က “မနေ့က နိုဝင်ဘာလ၂၉ ရက်တရက်တည်း လွိုင်ကော် တိုက် ၆ လုံး နောင်ယားရပ်ကွက် ဝန်းကျင် ဂျက်ဖိုင်တာကနေ ဗုံး (၆၀) ကြိမ်ကြဲချခဲ့တာရှိတယ်။ တိုက်ပွဲ မပြီးသေးဘူး ဆက်တိုက်နေပါတယ်” လို့ ဧရာဝတီကို ပြောပြပါတယ်။
လွိုင်ကော်ကို KNDF အပါအဝင် ကရင်နီတပ်မတော် (KA) ၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ် (ကလလတ) ၊ ဒီးမော့ဆို PDF ၊ ဖယ်ခုံ PDF ၊ မိုးဗြဲ PDF ၊ လွိုင်ကော် PDF နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလယ်ပိုင်းတိုင်း လက်အောက်ခံ တပ်ရင်းတွေအပြင် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့စုံက ဝင်တိုက်နေတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ လွိုင်ကော်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် အပါအဝင် ခလရ ၂၆၁၊ ခလရ ၂၅၀၊ ခလရ ၅၄၊ အမြောက်တပ်ရင်း (အမတ-၃၆၂)၊ တပ်မတော်ဆေးရုံ (တဆရ – အမှတ် ၇)၊ ထောက်ပို့နှင့်ပို့ဆောင်ရေးတပ်ခွဲ (ထပခ ၇၂၂) စတဲ့တပ်တွေနဲ့ လွိုင်ကော်မှာ ခံစစ်ဆင်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လွိုင်ကော်မြို့ကိုလာတိုက်တဲ့ KNPP (ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ) (KA၏နိုင်ငံရေးဦးဆောင်ပါတီ) နဲ့ KNDF အဖွဲ့တချို့ကို ချေမှုန်းလိုက်နိုင်ပြီလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်အနေနဲ့ လွိုင်ကော်မြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့လည်း နိုဝင်ဘာ ၂၉ ရက်က နေပြည်တော်မှာ လုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောပါတယ်။
ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး KNDF ဒုစစ်ဦးစီးချုပ်ဖြစ်တဲ့ မာဝီက လွိုင်ကော်မြို့ထဲက နောင်ယားကန်မှာ သူ့ရဲဘော်တွေနဲ့အတူ ရှိနေကြောင်း နိုဝင်ဘာ ၃၀ မှာ ရုပ်သံဖိုင်တခု Facebook မှာတင်ပြီး တုံ့ပြန်ပါတယ်။ အဲဒီရုပ်သံဖိုင်ထဲမှာလည်း လက်နက်ကြီးပစ်ခတ်သံ တဒုန်းဒုန်းကြားရပါတယ်။
KNDF ဥက္ကဌဖြစ်တဲ့ ခွန်းဘီထူးကတော့ “မြေပြင်မှာက မနေ့ည (နိုဝင်ဘာ ၂၉ ရက်) အထိ တိုက်ပွဲတွေ ပြင်းထန်နေတုန်းပဲ ဖြစ်တယ်။ စစ်ကောင်စီက ဒကစကို ကာကွယ်ဖို့အတွက် ကတ်သလစ်ဘုန်း ကြီးကျောင်းတွေရော ရှိသမျှ အထပ်မြင့်အိမ်ရာတွေရော ဝိုင်းပြီး ဒကစကို ကာကွယ်ဖို့အတွက် အသည်းအသန်လုပ်နေတဲ့အချိန်မှာ မင်းအောင်လှိုင်က လွိုင်ကော်ကို သိမ်းနိုင်ပြီလို့ ပြောတာက ယုတ္တိ မရှိဘူး” လို့ ဧရာဝတီကို ပြောပါတယ်။
စစ်ကောင်စီဥက္ကဌကို မြေပြင်ကသူ့လူတွေက သတင်းအမှားတွေ ပေးနေပုံရတယ်လို့ ခွန်းဘီထူးက သုံးသပ်ပါတယ်။ ၎င်းက လွိုင်ကော်မြို့ထဲမှာ အရပ်သားအချို့ရှိနေဆဲဖြစ်သော်လည်း အရပ်သားအများစုကတော့ တိုက်ပွဲကြောင့် မြို့ကို စွန့်ခွာသွားပြီလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ကတော့ လွိုင်ကော်မှာ အပြင်ထွက်တဲ့ အရပ်သားတွေကိုပါ ပစ်ခတ်သတ်ဖြတ်နေပြီး နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း စစ်ကောင်စီတပ် လက်ချက်နဲ့ သေဆုံးတဲ့အရပ်သား ၁၀ ဦးထက်မနည်း ရှိနေတယ်လို့ ခွန်းဘီထူးက ရှင်းပြပါတယ်။
၎င်းက “တချို့စစ်ကောင်စီတပ်စွဲထားတဲ့ ရဲကင်းတို့ ၊ ပြည်နယ်ရုံးတို့နဲ့ နီးတဲ့နေရာတွေမှာ ဆိုရင်တော့ အလောင်းတွေတောင် သွားပြန်ယူလို့မရတဲ့ အခြေအနေမျိုးကြုံရပါတယ်။ အရပ်သားတွေ ပိတ်မိနေတာကတော့ အတွင်းပိုင်းမှာ သိပ်မရှိတော့ဘူး။ ကယ်ထုတ်တာတွေကလည်း အထူးတလည်မလုပ်တော့ဘူးပေါ့။ တချို့ လူတွေကတော့ မြို့တွင်းပိုင်းမှာ မထွက်ဘဲနေဖို့ ဆုံးဖြတ်တဲ့သူတွေရှိသလို တချို့ကလည်း Non CDM တွေဖြစ်နိုင်တယ်။ အဲဒါကြောင့် သူတို့မထွက်သေးတာဖြစ်မယ်။ အများစုကတော့ နည်းလမ်းပေါင်းစုံနဲ့ မြို့ပြင်ကို ထွက်လို့ရပါပြီ” လို့ ပြောပါတယ်။
ခွန်းဘီထူးက ကရင်နီပူးပေါင်းတပ်တွေအနေနဲ့ မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရှိတဲ့ လွိုင်ကော်မြို့ကို ဦးတည်သိမ်းပိုက်တဲ့ ၁ လေးလုံးစစ်ဆင်ရေးဟာ လက်ရှိအချိန်မှာတော့ မြို့ရဲ့တဝိုက်လောက်ကို သိမ်းပိုက်ထားနိုင်ပြီလို့ ကရင်နီပူးပေါင်းတပ်တွေ ဆီက သိရပါတယ်။
ကရင်နီပူးပေါင်းတပ်တွေဟာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရှိတဲ့ လွိုင်ကော်ကို ရသွားရင် ကျန်တဲ့မြို့တွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေကိုပါ ချေမှုန်းသွားနိုင်တော့မှာလို့ ယုံကြည်တာကြောင့် စစ်ပွဲကို ဆင်နွှဲနေတာလည်းဖြစ်ပါတယ်။
ကရင်နီပြည်ထဲက ဒီးမော့ဆို ၊ ဖရူဆို ၊ ရွာသစ် ၊ ဘော်လခဲ ၊ ဖားဆောင်းနဲ့ မော်ချီးမြို့တွေမှာ စစ်ကောင်စီရဲ့ တပ်တွေကျန်နေပါသေးတယ်။ အဲဒီစစ်ကောင်စီတပ်တွေဟာ ၎င်းတို့အခြေစိုက်ရာ နေရာမှာသာ တပ်စွဲနေပြီး ကျေးလက်ဒေသအများစုကို စိုးမိုးနိုင်စွမ်း မရှိတော့ပါဘူး။
လွိုင်ကော်မြို့ဟာ ကရင်နီပြည်ထဲက စစ်ကောင်စီတပ်တွေအတွက် စစ်ကောင်စီရဲ့ စစ်ရေးညွှန်ကြားချက်တွေ နဲ့ ရိက္ခာ ၊ လက်နက်ခဲယမ်း ထောက်ပို့ အဓိက လာတဲ့ ရေသောက်မြစ်ဖြစ်တဲ့အတွက် အဲဒီရေသောက်မြစ်ကို ဖြတ်တောက်နိုင်ဖို့ ကရင်နီပူးပေါင်းတပ်တွေ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။
၁ လေးလုံးစစ်ဆင်ရေးအတွင်း ကရင်နီပူးပေါင်းတပ်ဘက်က တပ်ဖွဲ့ဝင်အနည်းဆုံး ၄၅ ဦးသေဆုံးထားသလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ လောက်သေဆုံးထားပြီလို့ KNDF ဆီက သိရပါတယ်။ အရပ်သားထိခိုက် သေဆုံး ဒဏ်ရာရသူ အနည်းဆုံး ၅၀ ဦးလောက် ရှိနေပါပြီ။
လွိုင်ကော်မြို့ထဲက ပိတ်မိနေသူတွေကို ကယ်ဆယ်နေသူတဦးကလည်း “အခြေအနေကတော့ တချက်စောင့်ကြည့်ရမှာပဲ။ တိုက်ပွဲကတော့ဖြစ်နေတုန်းပဲ။ မြို့ထဲမှာတော့ လူတွေရှိသေးတယ်ပြောတယ်။ နေ့တိုင်းလည်း ပစ်သတ်ခံနေရတယ်လို့ ကြားတယ်။ DB ဆွဲလို့မရဘူးလို့လည်း ကြားတယ်။ အခုက သူတို့ကင်းပုန်းရှေ့ဖြတ်တာနဲ့ကို ပစ်နေတာ” လို့ ဆိုပါတယ်။
KNDF ဒုစစ်ဦးစီးချုပ်ဖြစ်တဲ့ မာဝီကတော့ ကရင်နီပူးပေါင်းတပ်တွေအနေနဲ့ လွိုင်ကော်မြို့ရဲ့ တဝက်လောက်ကို သိမ်းမိထားပြီလို့ ဧရာဝတီနဲ့ သီးသန့်အင်တာဗျူးမှာ ပြောထားပါတယ်။
၎င်းက “ကျနော်တို့က မြို့ရဲ့တဝက်လောက်ကို အုပ်စိုး ထိုးဖောက်ဝင်ရောက်ပြီးတော့မှ အေးဆေး ဆိုင်ကယ်စီး ၊ စက်ဘီးစီးသွားလာနိုင်တဲ့ အနေအထားဖြစ်နေတာပါ။ လွိုင်ကော်မြို့ထဲမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား လုံးဝ ပြိုကျပျက်ဆီးသွားပြီးတော့မှ သူ့ရဲ့တပ်တခုပဲ ကျန်တဲ့အနေအထားတခုကို ရောက်သွားပါပြီ” လို့ ဆိုပါတယ်။
မာဝီက ကရင်နီပူးပေါင်းတပ်တွေအနေနဲ့ မြို့တဝက်မှသည် တမြို့လုံးသိမ်းပိုက်နိုင်ရေး စစ်ကောင်စီတပ်ကို အပြင်းအထန်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ အခိုင်အမာပြောပါတယ်။
ဒါကြောင့် လွိုင်ကော်မြို့တိုက်ပွဲဟာ မုန်တိုင်းထန်နေဦးမယ့် အခြေအနေရှိပြီး ပူးပေါင်းတပ်တွေ မြို့ကို သိမ်းပိုက်သွားနိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။
You may also like these stories:
လွိုင်ကော်ဘုရားကျောင်း၌ တပ်စွဲသဖြင့် ဘုန်းတော်ကြီးနှင့် စစ်ရှောင်များ ထွက်ပြေးရ
လွိုင်ကော်ဒေသခံ ၈၀ ရာခိုင်နှုန်း မြို့ကို စွန့်ခွာ
လွိုင်ကော်စစ်ရှောင်များ လေကြောင်းမှ အပစ်ခံရ
လွိုင်ကော်တွင် တပ်မ ၆၆ လက်အောက်ခံ တပ်ဖွဲ့ဝင် ၃၂ ဦး လက်နက်ချ
၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ
မယ်စဲ့တွင် စစ်ကောင်စီတပ် ကင်းစင်သွားပြီ ဟု KNPP ဆို