ကျနော်တို့သည် နေဝင်ခါနီးမှ ကွန်လုံသို့ ရောက်ကြခြင်း ဖြစ်၏။ တောင်ထိပ်များ၊ သစ်ပင် ခေါင်ဖျားများ ပေါ်တွင် နေရောင်ခြည် ပက်ဖျန်းဆဲ ဖြစ်၏။
ကွန်လုံ ဟူသည်မှာ ကျွန်းကြီးဟု အဓိပ္ပာယ် ရ၏။
နမ့်နင်းချောင်းက သံလွင်ထဲ စီးဝင်ပြီး အနောက်မှ အရှေ့သို့ ၄ မိုင်ကျော်ကျော် စီးဆင်းခဲ့ရာ မြောက်မှ တောင်သို့ မစီးမီ ကလေးတွင် နမ့်တင်း ဟူသော အခြား ချောင်းတချောင်းသည် သံလွင်မြစ်ထဲသို့ စီးဝင်ပြန်လေသည်။
ထိုသို့ စီးဝင်ရာ၌ ကျွန်းကြီး တကျွန်း ဖြစ်ပေါ်နေသည်မှာ နှစ်ပေါင်း မည်မျှကြာပြီ မသိပါ။ ထိုကျွန်းကြီးကို အကြောင်းပြု၍ ကွန်လုံ ဟု ခေါ်ခြင်း ဖြစ်၏။
ကျနော်တို့ ငယ်ငယ်တုန်းက သင်ကြရသော ပထဝီ စာအုပ်တွင် ကွန်လုံကို နယ်စပ်ရှိ ကူးတို့ဆိပ် ရွာကလေး တခု အဖြစ်ဖြင့် ဖော်ပြထား၏။ ကွန်လုံတွင် အခြား ဝိသေသ လက္ခဏာ မရှိခဲ့ပါ။
ယခုအခါ ကွန်လုံမြို့သည် အိမ်ခြေ တထောင် ရှိပြီး လူဦးရေ ၆ ထောင်ကျော် နေထိုင်ကြသည်။ အများစုမှာ ကိုးကန့် တရုတ်များ ဖြစ်၏။
ကွန်လုံ မြို့သည် သံလွင်မြစ်၏ မြောက်ဘက် ကမ်းမှာ တည်ရှိသည်ဟု ဆိုနိုင်သည်။ သို့သော် ယခုအခါ တောင်ဘက် ကမ်းသို့လည်း မြို့ ရောက်နေလေပြီ။ မကြာမီကမှ တည်ဆောက်ပြီးစီးခဲ့သော ကွန်လုံ တံတားကြီးကြောင့် တောင်ဘက် ကမ်းသို့ မြို့ချဲ့မည့် အလားအလာမှာ ပိုမို ကြီးမားနေပါသည်။

ကွန်လုံ အနိမ့်ပိုင်း ကမ်းနားလမ်းပိုင်းတွင် ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ မည်မျှရှိမည်မသိ။ အမြင့်ပိုင်းတွင် တည်ရှိသော အစိုးရ အထက်တန်းကျောင်း၊ ကျောင်းကုန်းကား အမြင့်ပေ ၁၆၀၀ ကျော် ရှိသည်။
ကွန်လုံမြို့တွင် နယ်ခြား ဒေသ အုပ်ချုပ်ရေး လက်ထက်တုန်းက ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ထားခဲ့ခြင်း၊ ရုံး၊ ဆေးရုံ၊ ဧည့်ရိပ်သာ၊ အရာရှိအိမ် အစရှိသော အဆောက်အအုံ သစ်များ ရှိခြင်း၊ ကြီးမားသော လွတ်လပ်ရေး ကျောက်တိုင် တည်ထားခြင်းနှင့် တံတားသစ်ကြီး ဆောက်လုပ်ထားခြင်း တို့ကြောင့် အသစ်စက်စက် မြို့ပုံသဏ္ဌာန် ပေါ်နေသည်။
ဤ သံလွင်မြစ်၊ ဤ ကျွန်းကြီး၊ ဤ တောတောင်၊ ဤ ရေမြေတို့တွင် ဤ မြို့သစ်သည် သာယာ တင့်တယ် လှပါသည်။
ကွန်လုံမြို့သို့ ရောက်ပြီး လှပတင့်တယ်ပုံကို မြင်လိုက်ရသည် ဆိုလျှင်ပင် ပြည်ထောင်စုဘွား တိုင်းရင်းသားတို့ အသက်ပေး ကာကွယ်ထိုက်သော မြို့ကလေးပါတကားဟု သဘောပေါက်မိပါသည်။
ကျနော်တို့သည် ကွန်လုံ ပြည်သူ့ ဆေးရုံအုပ် ဒေါက်တာ လှမြင့်၏ နေအိမ်သို့ သွားကြ၏။ ဆေးရုံဝင်းထဲတွင် လူငယ်များ ဘော်လီဘော ကစားနေသည်ကို တွေ့ရ၏။
ကျနော်တို့ကတော့ ချမ်းနေကြပြီး သူတို့ကတော့ ချွေးတဒီးဒီး ကျနေကြ၏။
ဒေါက်တာ လှမြင့် အပြင်သို့ သွားနေသဖြင့် အတန်ကြာ စောင့်နေရသည်။ ဒေါက်တာ လှမြင့် ပြန်ရောက်သောအခါ ကျနော်တို့ လာမည်ကို ကြိုတင် မသိထားပုံ ပြောပြပြီး အဆင်မပြေမှုများ အတွက် တောင်းပန်ပါ၏။ ထို့နောက် တည်းခို ရိပ်သာသို့ ခေါ်သွားလေသည်။
နယ်ခြားဒေသ လက်ထက်က ဆောက်ထားသော တထပ်တိုက်ကလေး ဖြစ်၏။ သံလွင် မြစ်ကမ်းနဖူး ပေါ်တွင် အကွက်အကွင်း ကောင်းကောင်း ရှုမျှော်ခင်း လှလှနှင့် ဖြစ်၏။
ကွန်လုံသည် ခရိုင် မြို့တော် ဖြစ်သော အခါ ဤအဆောက်အအုံသည် ခရိုင် ရဲဝန် နေထိုင်ရာ ဖြစ်ခဲ့၏။ ယခုမူ ဧည့်ရိပ်သာ ပြန်ဖြစ်နေသည်။
ဧည့်ရိပ်သာသို့ ကျနော်တို့ သွားရောက်ချိန်တွင် နေလုံးလုံး ဝင်ခဲ့ပြီး လျှပ်စစ်မီးက မလာသဖြင့် မှောင်နေလေသည်။
ယနေ့ည ရှပ်ရှင်ပြမည် ဖြစ်သဖြင့် အချို့ လျှပ်စစ်လိုင်းများကို ပိတ်ထားသည်ဟု ဆို၏။
ဖယောင်းတိုင် မီးထွန်းပြီး အထဲဝင်ကြသော အခါ အမှိုက်သရိုက် ပြန့်ကျဲ ဖြစ်နေသော ကြမ်းပြင်နှင့် ဖုံအလိမ်းလိမ်း ကပ်နေသော ပရိဘောဂများကို တွေ့ရလေသည်။ ခုတင်များ တခြား ရောက်နေသဖြင့် ဒေါက်တာ လှမြင့်၏ တပည့်များက ပြန်ပြီး သယ်ယူကြရသည်။

ထွန်းဝေက အခန်းတွေ လျှောက်ဝင်၊ ပရိဘောဂတွေ စစ်ကြည့်ပြီးနောက် ကျနော့်ကို လာပြောသည်။
“ဆရာရေ့ အလွန်ကောင်းတဲ့ ပရိဘောဂတွေ နှမြောစရာကြီး၊ ပစ်စလက်ခတ် ပစ်ထားဟန် ရှိတယ်”
ဟုတ်ပါသည်။ ဖော်မေကာ ဖုံးထားသော စားပွဲကြီး၊ စားပွဲကလေးများ၊ ဆက်တီ ကုလားထိုင်များနှင့် စားပွဲတင် မီးတိုင်များမှာ ဖုံအလိမ်းလိမ်း၊ ပင့်ကူအိမ်နှင့်ပရိုက်မျှင်တွေ ဟိုတွယ် သည်တွယ်နှင့်။
ထွန်းဝေနှင့် သတင်းထောက် ကိုအောင်မင်းတို့သည် တံမြက်စည်းလှဲကြ၊ ရှင်းလင်းကြ၊ စားပွဲ ကုလားထိုင်များ နေထားတကျ ခင်းကြနှင့် အလုပ်များနေကြလေသည်။
ကျနော်တို့သည် အိပ်ရာလိပ်များ မယူခဲ့ကြ။ လားရှိုးတုန်းက ဆရာဝန် ဦးဘဟန်နှင့် သတင်းထောက် ကိုအောင်မင်း တို့က အိပ်ရာလိပ် ယူခဲ့မည် လုပ်သည်ကိုပင် ကားလေးမည် ဆိုပြီး ချထားစေခဲ့၏။
ဒေါက်တာ လှမြင့်သည် မော်တော်ကားနှင့် ထွက်သွား၏။ ထမင်း ဟင်း စီစဉ်ရန်နှင့် အိပ်ရာလိပ်ရှာရန် ဖြစ်ဟန်တူသည်။
ကျနော်တို့သည် ခရီးပန်း နွမ်းနယ်သောကြောင့် ရေမချိုးရသည့် တိုင်အောင် မျက်နှာ သစ်လိုကြသည်။ (ချမ်းသဖြင့် ရေမချိုးရလည်း ကိစ္စမရှိပါ) ကွန်လုံ ရေစက် ပျက်နေသဖြင့် ဘုံပိုင် ရေမလာသည်မှာ ကြာပြီဟု သိရ၏။
ထို့ကြောင့် အောက်ဆင်း၍ သံလွင်မြစ် ရေကို ခပ်ကြရသည်ဟု ဆို၏။ မလွယ်လှပါတကား။ သံလွင်မြစ် ကမ်းပါးမှာ နက်ရှိုင်းပြီး မတ်စောက်လှသဖြင့် “အမြင် နီးလျက် ခရီးဝေး” သည့် ရေ ဖြစ်နေပါသည်။
ရေချိုးခန်းထဲမှာ ရေရှိသည် ဆိုသဖြင့် ဦးဘဟန်သည် မျက်နှာသစ်ရန် ရေချိုးခန်းထဲသို့ ဝင်လေသည်။ သူ မျက်နှာသစ်ပြီး ကျနော်တို့ တလှည့်စီ မျက်နှာသစ်ကြသည်။
မျက်နှာ သစ်နိုင်သောရေ ဖြစ်ပါသည်ဟု ဒေါက်တာ လှမြင့်၏ တပည့်များက အာမခံ၍သာ ထိုရေဖြင့် မျက်နှာသစ်ရသည်။ ရေကို ရေအင်တုံကြီးထဲမှာ ထည့်ထားသည်။
အနောက်တိုင်း ဆန်သော ရေချိုးခန်းများတွင် ထားလေ့ရှိသည့် တကိုယ်လုံး နှစ်ချိုးရသော ကြွေရည်သုတ် ရေအင်တုံကြီး ဖြစ်ပါ၏။
ထွန်းဝေနှင့် ကိုအောင်မင်းတို့သည် မော်တော်ကားနှင့် အပြင် ထွက်သွားကြလေသည်။ ကျနော်ကား ဝရံတာသို့ ထွက်ပြီး ထိုင်နေရစ်ခဲ့၏။
ကွန်လုံ အထက ကျောင်းအုပ်ကြီး ဦးစိုးမြင့်နှင့် စကားစမြီ ပြောရသည်။ ဦးစိုးမြင့်သည် အစပထမက ကုန်သွယ်ရေး မန်နေဂျာ ဖြစ်ခဲ့သည်။
သူ့မှာ ပညာရေးဘွဲ့ ရထားသဖြင့် လည်းကောင်း၊ ကွန်လုံ အထကမှာ ကျောင်းအုပ်ကြီး လိုနေသဖြင့် လည်းကောင်း၊ သူ့ ကိုယ်နှိုက်က စာတင် အဆိုပြုကာ ဝင်လုပ်နေသူ ဖြစ်သည်။
မယားနှင့် သားသမီးတို့ကို ရန်ကုန် ကမ္ဘာအေး ရွာမှာ ထားခဲ့ရ၏။ နယ်စွန် နယ်ဖျားသို့ သားမယား ခေါ်ခဲ့ရန်မှာ မလွယ်ကူချေ။ တနေရာရာမှာ အခြေစိုက်ပြီးသူများအဖို့ ပိုလို့ပင် မလွယ်ချေ။

ဦးစိုးမြင့်သည် ဆန္ဒအလျောက် ကွန်လုံ အထက ကျောင်းအုပ်ကြီး ဖြစ်နေသည်မှာ နှစ် အတော်ကြာသွားလေပြီ။ ရန်ကုန်ရှိ အထက် လူကြီးများကလည်း နယ်စပ်နှင့် ရပ်ဝေး၌ သို့ကလို ဆန္ဒအလျောက် လုပ်နေကြသူများကို ကြာတော့ မေ့ထားတတ်ကြ ပြန်သည်။
ဒေါက်တာ လှမြင့်လည်း သားမယားနှင့် ခွဲကာ ကွန်လုံ ဆေးရုံအုပ်ကြီး လုပ်နေသည်။ သူသည် ယခင်က အောင်ဆန်းကွင်း အားကစားသမားများ၏ ဆရာဝန် ဖြစ်ခဲ့သည်။
လွန်ခဲ့သော တနှစ်ကျော်ကမှ ကွန်လုံသို့ ရောက်ခဲ့၏။
ဟိုက်ကမ်းပါး တိုက်ပွဲ အစပိုင်းမှာ ကွန်လုံသို့ ရောက်ခဲ့ပြီး ရှေ့တန်း စစ်မျက်နှာနှင့် နဖူးတွေ့ ဒူးတွေ့ တွေ့ရသူ ဖြစ်၏။
၄၂ ရက်ကြာသော ဟိုက်ကမ်းပါး တိုက်ပွဲ အကြောင်းကို ဦးစိုးမြင့်နှင့် ဒေါက်တာ လှမြင်တို့ ထံမှ အစပြုပြီး အသေးစိတ် သိခဲ့ရ၏။
ဗကပ နှင့် ဆရာ့ဆရာများသည် သံလွင် အရှေ့ပိုင်း တခုလုံးကို စိုးမိုးရန် အကြံနှင့် ကွန်လုံမြို့ကို သိမ်းရန် အကြီးအကျယ် အားထုတ်ခဲ့လေသည်။
ကွန်လုံမြို့၏ ခံတပ်ကြီးသဖွယ် ဖြစ်သော ဟိုက်ကမ်းပါး တောင်ကိုပင် သူတို့က နာရီ အနည်းငယ် ကြာအေင် သိမ်းပိုက်ထားနိုင်ခဲ့သေး၏။ တပ်မတော်က အကြိတ်အနယ် ပြန်ထိုးစစ် ဆင်ကာ ဟိုက်ကမ်းပါးကို ပြန်လည် သိမ်းပိုက်ရသည်။
ထိုနောက် ဟိုက်ကမ်းပါးကို ဝိုင်းထားသော တောင်တန်းများမှ ဗကပ တို့ကို မောင်းထုတ်ရသည်။ ၄၂ ရက်ကြာသော စစ်ပွဲ ဖြစ်၏။
ကျနော် ကြားဖူးသလောက် တပ်မတော်နှင့် ဗကပ တို့ တိုက်ခဲ့သမျှသော စစ်ပွဲများ အနက် အပြင်းထန်ဆုံး ဖြစ်၏။
ကျနော်နှင့် ဦးစိုးမြင့်တို့ စကားစမြီ ပြောနေကြစဉ် ထွန်းဝေတို့သည် လက်ဆွဲ ဓာတ်မီးကြီး တလုံးနှင့် ပြန်ရောက်လာကြ၏။ တရုတ် လက်ဖက်ရည်ဆိုင်တွင် စည်းရုံးရေး ဆင်းကာ ငှားလာခဲ့ကြခြင်း ဖြစ်၏။ ထိုဓာတ်မီးကြောင့် ဧည့်ရိပ်သာ တခုလုံး ဝင်းထိန်သွားပြီး ပျော်ရွှင်ဖွယ် ကောင်းသွားလေသည်။
နောက်ခဏကြာတော့ အိပ်ရာလိပ်များ ရောက်လာ၏။ ပလတ်စတစ် အိတ်များဖြင့် ထည့်ထားသော အိတ်ရာလိပ်များ ဖြစ်၏။ ဂွမ်းကပ် တခု၊ သက္ကလပ်စောင် တထည်၊ ခြင်ထောင် တလုံး၊ ကင်းဘတ် အိပ်ရာခင်း တခု စသည်ဖြင့် အတော် စုံပါသည်။ ခေါင်းအုံးသာ ပါမလာခဲ့။ ကာကီရောင် လွှမ်းနေသဖြင့် တပ်မတော်မှ ပို့လိုက်ခြင်း ဖြစ်ကြောင်း ထင်ရှားပါ၏။
အိပ်ရာထိုင်ခင်း အစစအရာရာ အဆင်သင့် ဖြစ်ပါပြီ။ ညစာ စားရန်သာ ကျန်တော့၏။ ထမင်းစားရန် ဒေါက်တာ လှမြင့်က တပ်ရင်း ၁၀၅ ယာယီ တပ်ရင်းရုံးသို့ ခေါ်သွား၏။
ကွန်လုံမြို့ အမြင့်ပိုင်းသို့ တက်ကြရ၏။ တပ်ရင်းရုံးသည် ဘုန်းတော်ကြီးကျောင်း တကျောင်း၏ ပရဝုဏ်ထဲရှိ ဇရပ် တဆောင်မှာ တည်ရှိ၏။ တပ်ရင်းမှူးနှင့် အတူ အရာရှိ အချို့သည် ဇရပ်ပေါ်မှာပင် အိပ်ကြသည်။
စားတော့လည်း ကြမ်းပြင်ပေါ်မှာပင် ဖြစ်၏။ ဘောင်းဘီ ဝတ်ထားပြီး တင်ပလ္လင်ခွေ ထိုင်ရာတွင် တပ်မတော်သားများကား ကျင့်သား ရနေလေပြီ။ ကျနော်တို့ကတော့ ကျင့်သား မရသေးချေ။
ဇရပ်မှာ ကြမ်းခင်းက ကြဲပြီး ထရံ အပေါ်ပိုင်းတွင် တတောင်မျှ ဟာလာဟင်းလင်း ဖြစ်နေ၍ တပ်မတော် အရာရှိများကို “ခင်ဗျားတို့ ဇရပ်က လုံလည်း မလုံဘူး၊ ညည တော်တော် ချမ်းမှာပဲ” ဟု ကျနော်က ပြောလေရာ၊ သူတို့က
“မတတ်နိုင်ဘူးလေ ဆရာရယ်၊ သည့်ထက် ကောင်းတဲ့နေရာ မရနိုင်ဘူး” ဟု ရောင့်ရဲစွာပင် ဖြေကြလေသည်။
ဆန်ညံ့သဖြင့် ထမင်း မကောင်းသော်လည်း ကြက်သားဟင်း အရည်ကြဲကြဲ၊ ငါးပိထောင်း စပ်စပ်ချဉ်ချဉ်နှင့် စားလိုက်ကြတော့ မြိန်ပါသည်။
ကျနော်တို့နှင့် အတူ တပ်မတော် အရာရှိများသာမက ဒေါက်တာ လှမြင့်၊ ကျောင်းအုပ်ကြီး ဦးစိုးမြင့် စသော အရပ်သား အရာရှိများလည်း ညစာ စားကြပါသည်။ တပ်ရင်း ၁၀၅ မှ တပ်မတော် အရာရှိများနှင့် အရပ်သား အရာရှိများသည် အခြား နေ့များမှာလည်း အတူတူပင် စားကြသည်ဟု သိရ၏။

သားမယား ပါမလာသူများ ဖြစ်၍ တကြောင်း၊ ရှေ့တန်း စစ်မျက်နှာမှာ အသက်စွန့်၍ တိုင်းပြည်တာဝန်ကို ထမ်းဆောင် နေကြသူများ ဖြစ်၍ တကြောင်း စုပေါင်းချက်၍ စုပေါင်း စားနေကြခြင်း ဖြစ်၏။
လားရှိုး ရောက်ကတည်းက ကျနော်သည် စစ်ဘက်၊ နယ်ဘက် အချင်းချင်း နားလည်မှု အပြည့်ရှိပြီး ရဲဘော်ရဲဘက်စိတ် ပွားများ နေကြသည်ကို တွေ့ရသဖြင့် အထူး ဝမ်းမြောက်မိပါသည်။
ကျနော်တို့သည် ညစာ စားပြီးနောက် တိတ်ရီကော်ဒါမှ ထွက်ပေါ်လာသော တေးသံများကို နားထောင်ကြသေးသည်။ ခဏကြာတော့ ဧည့်ရိပ်သာသို့ ပြန်ခဲ့ကြ၏။
သတင်းထောက် ကိုအောင်မင်းကား ကျနော်တို့ အရင် ဧည့်ရိပ်သာသို့ ရောက်နေနှင့်၏။ သူသည် တိကျသော အစ္စလမ် ဘာသာဝင် တယောက် ဖြစ်သဖြင့် ရှောင်သင့်သော အစားအစာများကို ရှောင်နေလေရာ ကျနော်တို့နှင့် အတူ စားလေ့မရှိ။ ရောက်လေရာမှာ သူ့အစီအစဉ် သူလုပ်၍ စားလေသည်။
ယခု ကွန်လုံမှ ဆိုင်တဆိုင်တွင် စားသောက်ပြီးနောက် ဧည့်ရိပ်သာတွင် ပြန်ရောက်နေခြင်း ဖြစ်၏။
ဧည့်ရိပ်သာတွင် လျှပ်စစ်မီးလည်း လင်းနေပြီ ဖြစ်၏။ လျှပ်စစ် ဓာတ်အားပေး စက်ရုံက ဧည့်သည်တော်တို့ အတွက် အထူး အစီအစဉ်ဖြင့် ထွန်းပေးလိုက်ခြင်း ဖြစ်ပါ၏။ သို့သော် မီးသီး တလုံးလျှင် ဖယောင်းတိုင် ၁၀ တိုင် အားထက် များသည်ဟု မထင်ပါ။
ဤကား ကွန်လုံမြို့ပေတည်း။ ။
(သတင်းစာဆရာ၊ စာရေးဆရာကြီး သိန်းဖေမြင့် ရေးသားခဲ့သည့် ဤဆောင်းပါးကို အလိမ္မာ စာပေက ၁၉၇၃ ခုနှစ် မတ်လတွင် ထုတ်ဝေသော “အရှေ့မြောက်တိုင်းတခွင်” စာအုပ်မှ ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၇၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက် အသက် ၆၃ နှစ် အရွယ်တွင် ကွယ်လွန် သွားခဲ့ပါသည်။)
မှတ်ချက်။ ။ “ကွန်လုံ” ကို ယခုအခါ “ကွမ်းလုံ” ဟု ခေါ်ဝေါ်သုံးစွဲနေပါသည်။ စာရေးဆရာကြီး သိန်းဖေမြင့်သည် ကွမ်းလုံမြို့ အပါအဝင် ရှမ်းပြည် အရှေ့မြောက်ပိုင်း ဒေသသို့ ၁၉၇၂ ခုနှစ်ကုန်ပိုင်းက ရုပ်ရှင် မင်းသားကြီး ထွန်းဝေ၊ ဆရာဝန် စာရေးဆရာ ကမ္ဘောဇ ခင်လှိုင်၊ မြန်မာစာ ကထိကနှင့် စာရေးဆရာ ဖိုးကျော်မြင့်တို့နှင့် အတူသွားရောက်ခဲ့သည့် ခရီးစဉ် မှတ်တမ်းအား “အရှေ့မြောက်တိုင်းတခွင်” အမည်ဖြင့် စာအုပ် ပြန်လည် ရေးသားထားခြင်း ဖြစ်ပါသည်။