စစ်တပ်သည် ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်သူဖြစ်သည်
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ စစ်ကောင်စီကို ထိုးစစ်ရပ်ရန် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဖျောင်းဖျရာတွင် စစ်တပ်သည် မြန်မာတွင် ပါတီစုံဒီမိုကရေစီကို တည်ထောင်သည့် ဖခင်ဟု ပြောသည်။
မြန်မာတွင် ပါတီစုံဒီမိုကရေစီစနစ် ဆက်လက် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီဇင်ဘာလ ၇ ရက်နေ့တွင်ပြောပြီး မြန်မာစစ်တပ်သည် တိုင်းရင်းသားအုပ်စုများအပါအဝင် ပြည်သူများအတွက် ဒီမိုကရေစီဖော်ဆောင်ရာတွင် ဦးဆောင်အခန်းမှ ပါဝင်သည်ဟု ဆိုသည်။
မြန်မာခေတ်သစ် သမိုင်းကိုကြည့်ပါက ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောဆိုချက်များသည် အမှန်တရားကို ဗြောင်ကျကျ သရုပ်ဖျက်ထားကြောင်း ပြသနေသည်။ ပကတိအခြေအနေမှာ အမှန်တရားကို ပြောင်းပြန်လှန်ဖြင်း ဖြစ်သည်။ လွတ်လပ်ရေး ရပြီးကတည်းက ကျင့်သုံးနေသည့် ပါတီစုံ ဒီမိုကရေစီသည် ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ် နေဝင်း ဦးဆောင်သည့် စစ်တပ်က အာဏာသိမ်းသောအခါ အဆုံးသတ်သွားသည်။
၁၉၈၈ ခုနှစ်တွင် ၈ လေးလုံး အရေးတော်ပုံဟု ခေါ်သည့် ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများကြောင့် နောင် နှစ်နှစ်ကြာသောအခါ အထွေထွေ ရွေးကောက်ပွဲကျင်းပသည်။ သို့သော် စစ်တပ်သည် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို အာဏာလွှဲပေးရန် ငြင်းဆန်သည်။
ထို့နောက် စစ်တပ်၏ အာဏာချုပ်ကိုင်မှု သက်ဆိုးရှည်အောင် ပြုလုပ်ထားသည့် စစ်အုပ်စု ရေးဆွဲသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀၊ ၂၀၁၅ နှင့် ၂၀၂၀ တွင် အထွေထွေရွေးကောက်ပွဲများ ကျင်းပသည်။ လက်ရှိ အချိန်အထိ မြန်မာတွင်လူ ထုထောက်ခံမှု အများဆုံးပါတီဖြစ်သည့် NLD သည် စစ်ကောင်စီက မဲလိမ်သည်ဟု ကျယ်ကျယ်ပြန်ပြန့် ယူဆသည့် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ပြီးနောက် ၂၀၁၅ နှင့် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပသည့် ရွေးကောက်ပွဲ နှစ်ခုလုံးတွင် အများစု အနိုင်ရသည်။
ကာချုပ် မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်တွင် စစ်ခေါင်းဆောင်အဖြစ် အာဏာသိမ်းပြီး NLD အစိုးရကို ဖြုတ်ချလိုက်သည်။
အာဏာသိမ်းမှုကြောင့် စစ်တပ်၏ မြန်မာမှ ဒီမိုကရေစီဖျက်ဆီးရေး သမိုင်းဝင် အခန်းကဏ္ဍသည် ပိုမိုခိုင်မာလာသော်လည်း ထိုအချက်ကို ဗိုလ်ချုပ် ဇော်မင်းထွန်းအနေဖြင့် ဇာတ်လမ်း လှီးလွှဲ ပြောဆိုဆဲဖြစ်သည်။
ပဲခူးတိုင်း စစ်ရှုံးနိမ့်မှု သတင်းတု
ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သည့် တော်လှန်ရေး အင်အားစုများသည် ပဲခူးတိုင်း၊ ကျောက်ကြီး မြို့နယ်မှ မုန်းမြို့ကို ဒီဇင်ဘာလ ၂ ရက်နေ့တွင် သိမ်းပိုက်သည်။ ထိုမြို့သည် စစ်ကောင်စီဌာနချုပ် နေပြည်တော်နှင့် ထိုင်း-မြန်မာနယ်စပ်မှ KNU ဌာနချုပ်ကို ဆက်သွယ်ထားသည့် လမ်းကြောင်းပေါ်တွင် သေနင်္ဂဗျူဟာကျကျ တည်ရှိသော မြို့ဖြစ်သည်။
ထိုတိုက်ပွဲတွင် အမှတ် ၅၉၀ ခြေလျင်တပ်ရင်း တပ်ရင်းမှူးသည် လက်နက်ချသည့် စစ်သားများတွင် ပါဝင်သည်။ နာရီပိုင်းအတွင်း ထပ်မံလက်နက်ချသူများတွင် ထိုမြို့သို့ လေကြောင်းမှပို့ပေးသည့် အမှတ် ၈၄ ခြေလျင်တပ်ရင်း ဒုတပ်ရင်းမှူး ဗိုလ်မှူး ကျော်လတ်ခိုင်အပါအဝင် စစ်ကူ ၂၂ ဦးလည်း ပါဝင်သည်။
မုန်းမြို့နှင့်ပတ်သက်ပြီး တော်လှန်ရေးအင်အားစုသည် သတင်းတုများ ဖြန့်ခြင်းသာဖြစ်သည်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီဇင်ဘာလ ၅ ရက်နေ့တွင် တုံ့ပြန်သည်။ သို့သော် စစ်ကောင်စီပြောခွင့်ရသူသည် စစ်ကောင်စီ ဝါဒဖြန့်သတင်းစာများနှင့် ညှိနှိုင်းမှု မရှိသောကြောင့် သူ၏ လိမ်လည်သော စကားများကို ဖွင့်ချနိုင်ခဲ့သည်။ ထိုသတင်းစာများက မုန်းမြို့မှ ဒေသခံတပ်ရင်းသည် နည်းပရိယာယ်အရ ယာယီဆုတ်ခွာခဲ့ပြီး စစ်သားများကို ဘေးလွတ်ရာသို့ လေကြောင်းမှ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။
တော်လှန်ရေး အင်အားစုများက အောက်တိုဘာလ နှောင်းပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်များနှင့် စစ်ကိုင်းတိုင်းတွင် မြို့ပေါင်း ၂၀ ခန့်ကို ထိန်းချုပ်မှု ဆုံးရှုံးသည်။
လက်နက်ချခြင်း မရှိ
တော်လှန်ရေးအင်အားစုများက ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာလ နှောင်းပိုင်းက စတင်ပြီးနောက် စစ်ကောင်စီစစ်သား ရာချီလက်နက်ချပြီး ချင်း၊ မွန်၊ ကရင်နီ (ကယား)နှင့် ရခိုင်ပြည်နယ်များတွင် ကျယ်ပြန့်သော ထိုးစစ်တခုဖြစ်စေသည်။
သို့သော် ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုသို့ အစုလိုက်အပြုံလိုက် လက်နက်ချသည့် သတင်းများကို ဒီဇင်ဘာလ ၉ ရက်နေ့တွင် ငြင်းဆန်ပြီး တော်လှန်ရေးတပ်များသည် အောက်တိုဘာလ ၂၇ ရက်နေ့မတိုင်မီက ခွင့်ယူထားစဉ် အဖမ်းခံရသည့် စစ်သားများနှင့် ရဲများ၏ ဓာတ်ပုံများကို ထုတ်ပြန်နေခြင်းဖြစ်ကြောင်း ပြောသည်။
မည်သည့် စစ်ကောင်စီ စစ်သားမှ လက်နက်ချရလောက်အောင် သူရဲဘောမကြောင်ဟု ၎င်းကကြေညာသည်။ (နောက်ပိုင်း သတင်းစာရှင်းလင်းပွဲတွင်မူ တပ်ပြေးများကို ပြန်လက်ခံမည်ဟု သူပြောပြန်သည်။)
သို့သော် ဗီဒီယို အထောက်အထားများက ဖော်ပြသည့် ဇာတ်လမ်းမှာ တမျိုးတဖုံဖြစ်သည်။ ကရင်နီပြည်နယ် မြို့တော် လွိုင်ကော်တက္ကသိုလ်ရှိ ၎င်းတို့အခြေစိုက်စခန်းမှ လက်နက်ချသည့် စစ်သားများ၏ ဗီဒီယိုတခုကို လူမှုကွန်ရက်တွင် ကျယ်ကျယ်ပြန့်ပြန့် မျှဝေကြသည်။
သို့သော် စစ်ကောင်စီတပ်များ အကြီးအကျယ် လက်နက်ချသည်မှာ ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်တွင်ဖြစ်သည်။ ကိုးကန့်တွင် အမှတ် ၁၂၅ ခြေလျင်တပ်ရင်း၊ အမှတ် ၁၄၃ ခြေလျင်တပ်ရင်းနှင့် အမှတ် ၁၂၉ ခြေမြန်တပ်ရင်း စုစုပေါင်း တပ်ရင်း သုံးရင်းသည် တော်လှန်ရေး အင်အားစုများထံ လက်နက်ချသည်။
စစ်ကောင်စီက တပ်ကူများ မပို့ပေးနိုင်သောကြောင့် လက်နက်ချခြင်းဖြစ်ကြောင်း ထိုစစ်သားများအနက် အချို့ ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Fact Check: Exposing Myanmar Junta’s Propaganda War Against Operation 1027 ကို ဘာသာပြန်သည်။)
You may also like these stories:
၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း
မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း
လွိုင်ကော်တွင် တပ်မ ၆၆ လက်အောက်ခံ တပ်ဖွဲ့ဝင် ၃၂ ဦး လက်နက်ချ
၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ