ကွန်လုံမှ ကျနော်တို့ အိမ်ရှင်မှာ ဗျူဟာမှူး ဗိုလ်မှူးကြီး လောရင့်စ် အောင်ဒင် ဖြစ်၏။ ဗိုလ်မှူးကြီးမှာ အသားညိုညို၊ အရပ် ထောင်ထောင်မောင်းမောင်း၊ မေးရိုး ကားကားနှင့် ဖြစ်ပြီး စစ်သားတယောက်၏ ဥပဓိရုပ် အပြည့်ရှိသူ ဖြစ်သည်။
ဗိုလ်မှူးကြီး အောင်ဒင်သည် သူ့ရုံးခန်းတွင် ကျနော်တို့ကို ဧည့်ခံရင်း ကျနော်တို့ သိလိုရာတို့ကို ဖြေကြားပြီးနောက် ကွန်လုံ မြို့ကို သူကိုယ်တိုင် လိုက်ပြသည်။
ကွန်လုံကို တချို့က “ကွမ်းလုံ” ဟုလည်း ရေးကြသည်။ ဘယ်သင်းက မှန်သည်ကို ကျနော် မသိပါ။
ကွန်လုံ ဆိုသည်မှာ “ကျွန်းကြီး” ဟု အဓိပ္ပာယ် ထွက်၏။
နမ့်တင်း ချောင်းသည် လွယ်ပိန်းရဲ တောင်ကြားမှနေ၍ မြောက်သို့ စီးဆင်းလာခဲ့ပြီးလျှင် ဟိုလီရွာ အနီးတွင် သံလွင် မြစ်ထဲသို့ စီးဝင်ကာ အနောက်မှ အရှေ့သို့ ၄ မိုင်ခန့် စီးဝင်လာခဲ့သည်။
သို့စီးဆင်းလာခဲ့စဉ် လွယ်မန်ခါး တောင်ခြေမှ စီးဆင်းလာခဲ့သော နမ့်နင်း ချောင်းနှင့် ပေါင်းဆုံခဲ့သည်။ ထိုနေရာတွင် မြစ် နှစ်မြစ်တို့ ဆုံကြသဖြင့် အလယ်ကောင်တွင် ကျွန်းကြီး တကျွန်း ဖြစ်ပေါ်လျက်ရှိ၏။
ထို ကျွန်းကြီးကို အစွဲပြု၍ ကွန်လုံ ဟု ခေါ်ခြင်း ဖြစ်လေသည်။
ကွန်လုံသည် သံလွင်မြစ်၏ မြောက်ဘက်ကမ်းတွင် တည်ရှိပြီး တောင်ဘက်တွင် တပ်စခန်းများ နှင့် နောက်တိုးလာသည့် လူနေ အိမ်ခြေသစ်များ ရှိကြသည်။ ကွန်လုံ တောင်ဘက်ကမ်းနှင့် မြောက်ဘက်ကမ်းကို နာမည်ကျော် ကွန်လုံ ကြိုးတံတားကြီးဖြင့် ဆက်ထား၏။
ကျနော်တို့ ငယ်ငယ်က သင်ခဲ့ရသည့် ပထဝီဝင်ထဲတွင် ကွန်လုံ ကူးတို့ဆိပ်ဟု မှတ်ခဲ့ရသဖြင့် ကွန်လုံသည် ကူးတို့ ဖောင်တွေ၊ ကူးတို့ လှေတွေဖြင့် ရှုပ်ယှက်ခတ်နေလိမ့်မည်ဟု မျက်စိထဲတွင် မြင်နေခဲ့သည်။
ထိုမျှမက ကွန်လုံကို မြို့ဟု မမြင်။ ကူးတို့ ကူးနေသည့် ရွာကလေး တရွာဟု မြင်ခဲ့သည်။ သို့ရာတွင် ကျနော့် မျက်စိထဲတွင် မြင်နေသည့် ကွန်လုံနှင့် တကယ် တွေ့မြင်လိုက်ရသည့် ကွန်လုံ၏ ရုပ်ပုံလွှာတို့သည် တခြားစီ ဖြစ်နေလေသည်။
ကျနော် တကယ် မြင်တွေ့လိုက်ရသည့် ကွန်လုံကား တောင်ဘက်ကမ်း အဆောက်အအုံ သစ်တွေနှင့် လှပနေသော ကွန်လုံ။ သံလွင်မြစ်ကို ဖြတ်ကူးထားသည့် ကြိုးတံတားကြီးဖြင့် လှပနေသည့် ကွန်လုံ။
တောင်ကမ်းပါးယံတွင် အစီအရီ ဆောက်ထားသည့် အိမ်သစ်၊ ရုံးသစ်တွေနှင့် စည်ကားနေသည့် ကွန်လုံ။ လွယ်ပိန်းရဲ၊ လွယ်မန်ခါး၊ ဟိုက်ကမ်းပါး စသည့် တောင်စဉ် တောင်တန်းတို့၏ ရင်ခွင်တွင် မှေးစက်နေသည့် ကွန်လုံ။
ကွန်လုံက ညချမ်းတွင် ဆောင်းနှင်းတွေ မှုန်နေလေသည်။ နှင်းမြူနှင့် တောင်ခိုးတို့ကြားတွင် ရေးရေးမှုန် ပေါ်နေသည့် ကွန်လုံ၏ ရုပ်ပုံလွှာသည် ပန်းချီကား တချပ်နှင့် တူနေသည်။
ဗိုလ်မှူးကြီး အောင်ဒင်သည် ကားကို ကိုယ်တိုင်မောင်းကာ ကျနော်တို့ကို ကွန်လုံမြို့ထဲသို့ ခေါ်သွား၏။ ကွန်လုံ ကြိုးတံတားကို ဖြတ်ပြီးနောက် ကျနော်တို့သည် လွတ်လပ်ရေး ကျောက်တိုင် ရှိရာ ကုန်းမြင့်သို့ တက်လာခဲ့ကြသည်။
ကွန်လုံတွင် မြေပြန့်ဟူ၍ သိပ်မရှိပါ။ ဈေးနားတဝိုက်တွင်သာ မြေပြန့် ဖြစ်ပြီး ကျန်ရပ်ကွက်များမှာ ကုန်းမြင့်များပေါ်တွင် တည်ထားခြင်း ဖြစ်လေသည်။
ကွန်လုံ လွတ်လပ်ရေး ကျောက်တိုင်ကုန်းမှ မျှော်ကြည့်လိုက်လျှင် နောက်ဘက်တွင် မိုးနေသည့် ဟိုက်ကမ်းပါး တောင်နှင့် ကုန်းမြင့် ခြေရင်းတွင် ဝပ်စင်းနေသော ကွန်လုံ မြို့ကလေးကို ကောင်းကောင်း မြင်ရသည်။
ကွန်လုံတွင် အိမ်ခြေ တထောင်ကျော် ရှိပြီး လူ ခြောက်ထောင်ကျော် နေထိုင်သည်ဟု သိရလေသည်။ အများအားဖြင့် ကိုးကန့် တရုတ် အမျိုးသားများ ဖြစ်လေသည်။
ကွန်လုံ လွတ်လပ်ရေး ကျောက်တိုင်ကုန်းမှ ဆင်းခဲ့ပြီးနောက် ကျနော်တို့သည် မြို့လယ် ဈေးပိုင်းသို့ လာခဲ့ကြ၏။ ဗိုလ်မှူးကြီး အောင်ဒင်သည် ဈေးနားက ဆိုင်တဆိုင်သို့ ကျနော်တို့ကို ခေါ်သွားလေသည်။
ဆိုင်ရှင်မှာ ကိုးကန့် တရုတ် အမျိုးသားကြီး တဦး ဖြစ်၏။ သို့ရာတွင် ဆိုင်ကို တကယ် ဦးစီးနေသူမှာ သွက်လက် ချက်ချာ၍ ရုပ်ရည် ချောမောသည့် သူ့သမီးပျို ဖြစ်လေသည်။
ထိုသူငယ်မ၏ သွက်လက် ဖော်ရွေမှု၊ ရုပ်ရည် လှပမှုတို့ကြောင့် သူ့ဆိုင်သည် အမြဲလိုလို လူစည်ကားနေတတ်သည်။ ထိုသူငယ်မကား ကိုးကန့်တရုတ် စကားသာမက ရှမ်း၊ မြန်မာ၊ ဝ စသည့် စကားများကိုလည်း ကောင်းကောင်း ပြောနိုင်သည်။ မြန်မာစာကိုလည်း ရေလည်အောင် ဖတ်နိုင်လေသည်။
ကွန်လုံမြို့၏ လူဦးရေ ၇၅ ရာခိုင်နှုန်းမှာ ကိုးကန့် အမျိုးသားများ ဖြစ်ပြီး အခြား လူမျိုးစုများမှာ အနည်းငယ်သာ ရှိလေသည်။ မြန်မာမှာ ပြည်မမှ လာရောက် အမှုထမ်းသည့် အစိုးရ အမှုထမ်းများသာ ရှိကြသည်။
“ဟေ့ ရင်ရင်၊ ဟောဒါက စာရေးဆရာတွေ” ဆိုကာ ဗိုလ်မှူးကြီး အောင်ဒင်က ကျနော်တို့ကို ဆိုင်ရှင်၏ သမီး ကိုးကန့် အမျိုးသမီးကလေးနှင့် မိတ်ဆက်ပေးလေသည်။
“ဆရာတို့ စာတွေကို ကျမ ဖတ်ဖူးပါတယ်။ ဓားတောင် ဝတ္ထုထဲက သံချောင်းကို သတ်ပစ်တာ ကျမတို့ နည်းနည်းမှ မကျေနပ်ဘူး” ဟု ပြောသဖြင့် ကျနော်တို့မှာ ကိုးကန့် အမျိုးသမီးကလေးကို ကြည့်၍ အံ့အား သင့်နေကြသည်။
“မင်းက ဝတ္ထုတွေ ဘာတွေလည်း ဖတ်သကိုး”
“ဖတ်တာပေါ့၊ ကျမ လားရှိုးမှာ ကျောင်းနေလာတာပဲ”
ဗိုလ်မှူးကြီး အောင်ဒင်သည် ရင်ရင်တို့ ဆိုင်တွင် ထိုင်ရင်း စာဆိုတော် ဟောပြောပွဲ အတွက် စီမံစရာ ရှိသည်တို့ကို စီမံနေလေသည်။
ကွန်လုံကို လာခဲ့သည့် မူလ အစီအစဉ်ထဲတွင် စာပေ ဟောပြောပွဲ အစီအစဉ် မပါချေ။ လေ့လာရေး အစီအစဉ်မျှသာ ဖြစ်၏။
သို့ရာတွင် ဗိုလ်မှူးကြီး အောင်ဒင်နှင့် တကွ၊ အရာရှိများ၊ အကြပ်များ၊ တပ်သားများနှင့် မြို့ခံ လူထုသည် ကျနော်တို့ကို မြင်သည့် အခါတွင် မနေနိုင်တော့။
တညအိပ်မည့် အတူတူ စာပေဟောပြောပွဲ တပွဲလောက် လုပ်သွားစေချင်ကြသည်။ ဗိုလ်မှူးကြီး အောင်ဒင်သည် သတင်းထောက် ကိုကျော်သန်းထွန်းကို ခေါ်၍ မြို့ကို လှည့်လည် ကြေညာခိုင်း၏။ လျှပ်တပြက် စီစဉ်ရသည့် ဟောပြောပွဲ ပေတည်း။
မြို့ထဲတွင် ထမင်း စားသောက်ပြီးနောက် ကျနော်တို့သည် ကွန်လုံ တံတား တောင်ဘက်ရှိ စခန်းသို့ ပြန်ခဲ့ကြသည်။ ဟောပြောပွဲကို တပ်ထဲတွင် လုပ်ရန် စီစဉ်ထားသောကြောင့် ဖြစ်သည်။ ဗိုလ်မှူးကြီး အောင်ဒင်သည် တပ်ထဲရှိ အရာရှိ၊ အကြပ်၊ တပ်သားများနှင့် အိမ်ထောင်သည်များ ဟောပြောပွဲကို နားထောင်နိုင်ရန် တပ်ထဲတွင် စီစဉ်ခြင်း ဖြစ်လေသည်။
“ကျနော်တို့ အဖို့ ကြုံခဲပါတယ်ဆရာ၊ ဒီတော့ ဒီလို စာပေဟောပြောပွဲ မျိုးကို ကျနော့် အရာရှိတွေ တပ်သားတွေတင် မကဘူး၊ အိမ်ထောင်သည် လိုင်းက မိသားစုတွေပါ နားထောင်စေချင်တယ်။ ကျနော်တို့ဆီကို စာရေးဆရာ မပြောနဲ့ စာအုပ်တို့ မဂ္ဂဇင်း တို့တောင် မှန်မှန် ရောက်တာ မဟုတ်ဘူး။ ဒီတော့ သူတို့တတွေ နားထောင်စေချင်တယ်။ မြို့ထဲ လာပြီး နားထောင်ချင်တဲ့ ပရိသတ် အတွက်တော့ ကျနော် ကားတွေ လွှတ်ပေးမယ်။ ပြီးတော့ ဟောပြောပွဲ ပြီးရင်လည်း ကားတွေနဲ့ ပြန်ပို့မယ်”
ကွန်လုံ မြို့ထဲမှ ကျနော်တို့ ပြန်လာသည့် အခါတွင် ညနေ ၆ နာရီ သာသာလောက်မျှသာ ရှိသေးသည့်တိုင် နေအတော် မှောင်နေလေပြီ။ တောင်တန်းတွေ ပတ်ပတ်လည် ဝိုင်းနေသည့် ကွန်လုံက ဆောင်းရက်များသည် တခြား ဒေသက ဆောင်ရက်များထက် ပို၍ နေ့တာ တိုနေသည်။
နေထွက်လျှင်လည်း တော်တော်နှင့် နေလုံးကို မမြင်ရ။ နေလုံးသည် တောင်တန်းတွေကို အကြာကြီး ကျော်ဖြတ် နေရသည်။ တောင်တန်းတွေ အပေါ်သို့ ရောက်လာသည့် အခါတွင်လည်း လွတ်လွတ် ကျွတ်ကျွတ် မလင်းနိုင်။
နှင်းမြူတွေနှင့် တောင်ခိုးတွေကို ထိုးဖောက်နေရသေးသည်။ ဆီးနှင်းတွေကို ဖောက်ထွက်ပြီးသည့် နောက်တွင်လည်း စူးစူး ရဲရဲ လင်းနိုင်ခြင်း မရှိ။ ဖျော့ဖျော့သာ လင်းနိုင်သည်။
ထုံးစံအတိုင်း ဆိုလျှင် ညနေ ၆ နာရီ ထိုးသည်နှင့် ကွန်လုံ တံတားကို ပိတ်လိုက်လေသည်။ သို့ရာတွင် ထို့နေ့ ညဉ့်မှ ဗိုလ်မှူးကြီး အောင်ဒင်သည် ဟောပြောပွဲ ပြီးသည်အထိ ကွန်လုံ တံတားကို တာဝန်ယူ၍ ဖွင့်ပေးလိုက်သည်။ မြို့ထဲမှ လာသည့် ပရိသတ်များ ပြန်နိုင်ရန် ဖြစ်လေသည်။ ဟောပြောပွဲကို ကျင်းပပေးသော ဗိုလ်မှူးကြီး အောင်ဒင်ကို ကျနော်တို့ ကျေးဇူး တင်ရပါသည်။
ဗိုလ်မှူးကြီး အောင်ဒင်သည် တံတားဂိတ်တွင် တာဝန်ကျသည့် ကင်းများအား မှာစရာရှိသည်တို့ကို မှာပြီးနောက် ကားကို မောင်းထွက်မည် ပြုစဉ် ကင်းတဲထဲမှ ကင်းတာဝန် မကျသေးသော ရဲဘော် တယောက်က ကားနားသို့ တဖုတ်ဖုတ်နှင့် ပြေးလာလေသည်။
ပြေးလာရင်း ကျနော့် နာမည်ကို အော်ခေါ်လေသည်။ ဗိုလ်မှူးကြီး အောင်ဒင်က ကားကို ရပ်ပေးလိုက်စဉ်
“ဆရာ မြသန်းတင့် ပါသလား၊ ဆရာ မြသန်းတင့်” ဟု မေးသည်။
“ပါတယ် ကျနော်ပဲ”
ရဲဘော်သည် လက်နှစ်ဘက်နှင့် ကျနော့် လက်ကို ဆွဲယမ်းကာ
“နောင်မှာ ဓားတောင်လို ဝတ္ထုမျိုးတွေ ရေးနိုင်ပါစေ၊ သံချောင်းလို ဇာတ်လိုက်မျိုးကို ဖန်တီးနိုင်ပါစေ” ဟု ပြောပြီးနောက် ကျနော့်ကို အလေးပြုသဖြင့် ကျနော်ကလည်း သူတို့ကို ပြန်၍ အလေးပြုလိုက်ရသည်။
ဗိုလ်မှူးကြီး အောင်ဒင်က ရဲဘော်လေးကို ကျေနပ်စွာ ကြည့်လိုက်ရင်းက
“ရဲဘော်လေးတွေက စာသိပ်ဖတ်တာ ဆရာ၊ သူတို့ ခမျာမှာ ဒါပဲ အပျင်းဖြေစရာ ရှိတာ” ဟု ကရုဏာ သက်စွာ ပြောပါသည်။
ထိုညက ဟောပြောပွဲကို တပ်စခန်းထဲရှိ ခန်းမဆောင်ထဲတွင် ကျင်းပရာ ခန်းလုံးပြည့်မျှ တက်ရောက်ကြသည်။ တပ်ထဲက အရာရှိ၊ အကြပ်၊ တပ်သားများ အပြင် အိမ်ထောင်သည် မိသားစုများလည်း တက်ကြသည်။ ဗိုလ်မှူးကြီး အောင်ဒင်၏ စီစဉ် ချက်အရ မြို့ထဲမှ ပရိသတ်ကိုလည်း ကားကြီးများဖြင့် အသွားအပြန် ပို့ပေးလေသည်။
ရာသီဥတု အလွန် အေးသည့်တိုင် ပရိသတ်မှာ ဟောပြောပွဲ ပြီးသည်အထိ နားထောင်ကြလေသည်။ ကျနော်တို့ ဟောပြောပွဲသည် သန်းခေါင်ကျော်မှ ပြီးတော့သည်။
မနက်ပိုင်းတွင် ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ဒင်နှင့် တပ်ရင်းမှူးတို့က မနက်စာ အဖြစ် ရန်ကုန် မုန့်ဟင်းခါး ချက်၍ ကျွေးလေသည်။ ရန်ကုန် မုန့်ဟင်းခါး ဆိုသည်မှာ ငါးခူ၊ ငါးကျည်း စသည်တို့နှင့် ဟင်းရည် ချက်ထားသော မုန့်ဟင်းခါး ဖြစ်ပါသည်။
ရှမ်းပြည်နယ် မပြောနှင့်၊ အညာ ရောက်လျှင်ပင် ရန်ကုန် မုန့်ဟင်းခါးကို မစားရတော့။ အညာမှာ ငါးခူ၊ ငါးကျည်း ရှားသည့် အတွက် မုန့်ဟင်းခါး လက်သုပ်ကိုသာ စားကြရသည်။
ဝက်သားလုံး၊ ဝက်အူချောင်း စသည်တို့ကို ခြေထည့်ပြီး ပဲမှုန့်၊ ဆီချက်၊ နံနံပင် စသည်တို့ဖြင့် သုပ်၍ စားကြရခြင်း ဖြစ်၏။ ရှမ်းပြည်နယ်ကား တောင်ပေါ်ဒေသ ဖြစ်သည့်အတွက် ငါးမည်မျှ ရှားသည်ကို အထူး ပြောစရာ မလိုတော့ပါ။
သို့ရာတွင် ဗိုလ်မှူးကြီး အောင်ဒင်နှင့် တပ်ရင်းမှူးတို့သည် သံလွင် မြစ်ထဲက ရှားရှားပါးပါး ရလာသော ငါးခူနှင့် ငါးကျည်း တို့ကိုသာ အဝယ်ခိုင်းကာ ကျနော်တို့ အတွက် ရန်ကုန် မုန့်ဟင်းခါး ချက်ကျွေးလိုက်လေသည်။
ရှမ်းပြည်နယ် ခရီးတွင် ရှားရှားပါးပါး စားခဲ့ရသည့် မုန့်ဟင်းခါး ဖြစ်ပါ၏။
ရန်ကုန်မုန့်ဟင်းခါးနှင့် တပ်ထဲမှ တိုက်သည့် လက်ဖက်ရည် ကျကျကို သောက်ပြီးနောက် ကျနော်တို့သည် ဟိုပန်သို့ ခရီး ဆက်ခဲ့ကြလေသည်။ ။
(စာရေးဆရာကြီး မြသန်းတင့် ရေးသားသည့် ဤဆောင်းပါးကို သီဟရတနာ စာအုပ်တိုက်က ၂၀၀၇ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသော “လွမ်းမောဖွယ်ကမ္ဘောဇ သို့မဟုတ် သံလွင်၊ ဒုဋ္ဌဝတီ၊ ရွှေလီရုပ်ပုံလွှာ” ဒုတိယအကြိမ် စာအုပ်မှ ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် အသက် ၆၉ နှစ် အရွယ်တွင် ကွယ်လွန် သွားခဲ့ပါသည်။)
မှတ်ချက်။ ။ “ကွန်လုံ” ကို ယခုအခါ “ကွမ်းလုံ” ဟု ခေါ်ဝေါ်သုံးစွဲနေပါသည်။ စာရေးဆရာကြီး မြသန်းတင့်သည် ကွမ်းလုံမြို့ အပါအဝင် ရှမ်းပြည် အရှေ့မြောက်ပိုင်း ဒေသသို့ ၁၉၇၃ ခုနှစ်ကုန်ပိုင်းက သွားရောက်ခဲ့သည့် ခရီးစဉ် မှတ်တမ်းအား “လွမ်းမောဖွယ်ကမ္ဘောဇ သို့မဟုတ် သံလွင်၊ ဒုဋ္ဌဝတီ၊ ရွှေလီရုပ်ပုံလွှာ” အမည်ဖြင့် စာအုပ် ပြန်လည် ရေးသားထားခြင်း ဖြစ်ပါသည်။