ငွေတောင်ပြည်လို့ တင်စားခေါ်ဝေါ် ကြတဲ့ ကရင်နီ(ကယား)ပြည် ဒီးမောဆိုမြို့နယ် အနောက်ခြမ်းက လွတ်မြောက် နယ်မြေ ကို ကျနော်နဲ့အတူ ဧရာဝတီရုပ်သံသတင်းထောက် ကိုဘုန်းအောင်ဟာ အောက်တိုဘာ ၁၉ ရက် ညနေမှာ ရောက်ရှိခဲ့ပါတယ်။
အဲဒီဒေသဟာ ခရိုင်တခု သို့မဟုတ် မြို့နယ် စသဖြင့် တိကျတဲ့ နယ်မြေပိုင်းခြား သတ်မှတ်မှုတော့ မရှိသေးပါဘူး။ လွတ်မြောက်နယ်မြေဆိုတဲ့ အဓိပ္ပာယ်အတိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ခြေမချနိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။
အကြမ်းဖျင်းပြောရမယ်ဆိုရင် ကရင်နီမှာ စစ်ကောင်စီတပ်က မြို့တွေကို ထိန်းချုပ်ထားပြီး ကျေးလက်ဒေသကို ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်တွေက စိုးမိုးပါတယ်။ ကျနော်တို့ သတင်းထောက်တွေဟာ ကရင်နီတော်လှန်ရေး ပူးပေါင်း တပ်တွေ ထိန်းချုပ်စိုးမိုးထားတဲ့ ကျေးလက်ဒေသကို ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ အကူ အညီနဲ့ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
ကရင်နီလွတ်မြောက်ဒေသဟာ မြေပြင်ကို ထိန်းချုပ်ထားနိုင်ပေမယ့် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကိုတော့ စိုးရိမ်နေရဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ကလည်း လူသူအိပ်တဲ့ ညသန်းခေါင်ဆိုတာနဲ့ အဲဒီဒေသကို ဦးတည်ပြီး လက်နက်ကြီးနဲ့ ပစ်ပါတယ်။ အိမ်တိုင်းနီးပါး ဗုံးခိုကျင်းတွေ တူးထားကြတာ တွေ့ရတယ်။ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရန်ကြောင့် ကျနော်တို့ တောင် ညဘက်ဆို ဗုံးခိုကျင်းထဲ ဆင်းအိပ်ရတဲ့ ရက်တွေ ရှိပါတယ်။
အဲဒီဒေသရဲ့ ထူးခြားချက်က စစ်ကောင်စီတပ်ကို လက်နက်ကိုင် ဆန့်ကျင်တဲ့ တော်လှန်ရေး အင်အားစုနဲ့ အဖွဲ့ပေါင်းစုံ ရောထွေး အခြေစိုက်နေတာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (EAOs) တွေဖြစ်တဲ့ ကရင်နီ အမျိုးသားများတိုးတက်ရေးပါတီ (KNPP) ရဲ့ လက်နက်ကိုင်တပ်၊ ကရင်နီ တပ်မတော် (KA) လို တပ်ဖွဲ့ သာမက ကယန်း ပြည်သစ်ပါတီနဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (ကလလတ) လို အဖွဲ့တွေအပြင် KNDF နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရဲ့ အလယ်ပိုင်းတိုင်း လက်အောက်ခံ တပ်ဖွဲ့တွေလည်းရှိတဲ့ ဒေသ ဖြစ်ပါ တယ်။
ဒါ့ပြင် ဒေသအခြေပြု လက်နက်ကိုင်တပ်ဖြစ်တဲ့ Local PDF တွေလည်း ရှိနေပါသေးတယ်။ အဲဒီလို အဖွဲ့ပေါင်းစုံ ရှိနေ တဲ့ ဒေသမှာ အခြေခံပညာ စာသင်ကျောင်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးတဲ့ ဆေးပေးခန်းတွေနဲ့ ရဲစခန်းအပြင် တရားရုံးလည်း လုပ်ငန်းလည်ပတ် တည်ရှိနေပါတယ်။
ရဲစခန်း ၉ ခုအထိ ဖွင့်ထားပြီး တရားရုံးကို ခရိုင်အဆင့်တရားရုံး ၁ ရုံးနှင့် အထူးတရားရုံး ၁ ရုံး မြို့နယ်အဆင့် တရားရုံး ၆ ရုံး ဖွင့်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီဒေသရဲ့ အုပ်ချုပ်ရေးကို လက်ရှိမှာအဓိက လုပ်ဆောင်နေတာက IEC လို့ ခေါ်တဲ့ ကြားကာလ ကရင်နီပြည်နယ် အစိုးရ ဖြစ်ပါတယ်။ အစိုးရက အုပ်ချုပ်ရေးကို လုပ်ပြီး လက်နက်ကိုင်တပ်တွေက စစ်ကောင်စီကို တိုက်ခိုက်ရေး အဓိက လုပ်နေတာ တွေ့ရပါတယ်။
အဲဒီဒေသမှာ စည်ကားပြီး စားသောက်ကုန်နဲ့ အိမ်သုံးပစ္စည်းတွေရတဲ့ ဈေးကြီး ၂ ခုထက်မနည်း ရှိနေပါတယ်။ အဲဒီဈေး မှာ အဝတ်အထည် အသုံးအဆောင်၊ အိမ်ဆောက်ပစ္စည်းနဲ့ လျှပ်စစ်ပစ္စည်းတွေလည်း ဝယ်ယူနိုင်တာ တွေ့ရတယ်။
သစ်အရောင်းဆိုင်၊ အုတ်ရိုက်လုပ်ငန်းနဲ့ ကျောက်ခွဲစက် ၁ ခုလည်း ရှိနေပါတယ်။ ဖူဆယ်ဘောလုံးကွင်းတချို့လည်း ရှိပြီး ၁ နာရီကို ကျပ် ၃ သောင်းနဲ့ ပိုက်ဆံပေးပြီး ဘောလုံးကန်နိုင်ပါတယ်။
လွတ်မြောက်ဒေသမှာ အစားအသောက်ရောင်းတဲ့ ဆိုင်တွေအများအပြားလည်းရှိပါတယ်။ မုန့်ဟင်းခါး၊ အုန်းနို့ခေါက် ဆွဲ ၊ ထမင်းကြော်၊ ချစ်တီးထမင်း၊ ခေါက်ဆွဲကြော်၊ ရှမ်းခေါက်ဆွဲ၊ ဝက်သားတုတ်ထိုး၊ မာလာရှမ်းကော၊ အကင်ဆိုင်နဲ့ ဘီ ယာဆိုင်တွေလည်း ရှိပါတယ်။ ကတ္တရာလမ်းတွေရှိသလို Kpay ၊ Wave Money နဲ့ NUG Pay ထုတ်လို့ရတဲ့ ဆိုင်တွေ လည်း ရှိပါတယ်။
တချို့နေရာတွေမှာ လျှပ်စစ်မီးတိုင်တွေရှိနေပေမယ့် အာဏာသိမ်းမှုဖြစ်ပြီးနောက် လျှပ်စစ်မီးတော့ မရရှိတော့ပါဘူး။ အများစုက လျှပ်စစ်ဓာတ်အားကို မီးစက်နဲ့ ဆိုလာကို သုံးပြီး ရယူနေကြပါတယ်။
ဆံသဆိုင်၊ KTV နဲ့ အနှိပ်ဆိုင်အချို့အပြင် ဆေးခြောက်ရောင်းတဲ့ ဆိုင် ၄ ဆိုင်အထိ ရှိပါတယ်။ တချို့နေရာတွေမှာ ဘိန်းစိုက်ပျိုးကြတာ ရှိပါတယ်။ အများအားဖြင့်ကတော့ စပါး၊ မြေပဲနဲ့ ပြောင်းကို စိုက်ပျိုးကြတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
ကားဝပ်ရှော့၊ ဆိုင်ကယ်ပြင်ဆိုင်နဲ့ စက်သုံးဆီအရောင်းဆိုင်တွေလည်း အဲဒီဒေသမှာ ရှိပါတယ်။ ကျနော်တို့ရှိတုန်းက စက်သုံးဆီဈေးကတော့ ၁ လီတာကို ၃၀၀၀ ကျပ် ဖြစ်ပေမယ့် လက်ရှိမှာတော့ စက်သုံးဆီဈေးတွေ မြင့်တက်လာသလို အရင်လို စက်သုံးဆီတွေ မပေါများတော့ဘူးလို့လည်း သိရပါတယ်။
လမ်းမတွေပေါ်မှာ ကားတွေနဲ့ ဆိုင်ကယ်တွေ ဥဒဟို သွားနေတတ်သလို ကားလမ်းဘေး ဝဲယာမှာ ဈေးရောင်းသူနဲ့ ဈေးဝယ်သူတွေ၊ ပြောက်ကျား ယူနီဖောင်းဝတ်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ တွေ့ရတတ်ပါတယ်။
စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာပစ်တဲ့အခါမျိုး သို့မဟုတ် လက်နက်ကြီးနဲ့ ပစ်တဲ့အခါမျိုးမှာတော့ လူသူကြဲပါးပြီး ဆိုင်တွေ ယာယီပိတ်ထားရတတ်ပေမယ့် နောက်ပိုင်းမှာတော့ ဆိုင်တွေပြန်ဖွင့်ကြတယ်လို့ ဒေသခံတွေဆီက သိရပါ တယ်။
ကျနော်တို့ရောက်တဲ့အချိန်မှာ တော်လှန်ရေးကို အားပေးထောက်ပံ့တဲ့ ဒေသအခြေပြုအဖွဲ့အချို့ဟာ Voice of Freedom ဆိုတဲ့ သီချင်းဆိုပြိုင်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေကြပါတယ်။ အဲဒီသီချင်းဆိုပြိုင်ပွဲမှာ ဒိုင်တွေရဲ့ အသိအမှတ် ပြု ရွေးချယ်ခံရတဲ့ ပြိုင်ပွဲဝင်သူဟာ Solo Album တခုနဲ့ ကျပ်သိန်း ၅၀ ကို ဆုကြေးအဖြစ်ရမယ်လို့လည်း ပြိုင်ပွဲစီစဉ် သူတွေဆီက သိရပါတယ်။
လွတ်မြောက်ဒေသမှာ လျှပ်စစ်မီးအတွက် ဆိုလာနဲ့ မီးစက်ကို အားပြုရပါတယ်။ အချို့နေရာတွေမှာ အင်တာနက် 4g အထိရပြီး အချို့နေရာတွေမှာ ဖုန်းလိုင်း 2g ရပါတယ်။ နေရာအများစုကတော့ ဖုန်းနဲ့ အင်တာနက်မရကြပါဘူး။ ဖုန်းနဲ့ အင်တာနက် သုံးချင်ရင် လိုင်းမိတဲ့နေရာကို သွားရပါတယ်။
အင်တာနက်သုံးမယ်ဆိုရင် ဖုန်းဆင်းကတ်ရဲ့ ဆက်တင်မှာ 4G ကို ပြောင်းရပြီး ဖုန်းပြောမယ်ဆိုရင် 2G ပြန်ပြောင်း ပြောရပါတယ်။ တချို့ တတ်နိုင်တဲ့အဖွဲ့တွေကတော့ Star Link အင်တာနက် တပ်ဆင် အသုံးပြုကြပြီး Star Link အင် တာနက် ၁၀ လုံးထက်မနည်း ကရင်နီပြည်ရဲ့ လွတ်မြောက်နယ်မြေမှာ သုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လွိုင်ကော်မြို့ကို ဦးတည်တိုက်နေတဲ့ ၁ လေးလုံး စစ်ဆင်ရေးစတင်ပြီးတဲ့နောက် နေရာအများစုမှာ အင်တာနက်ရော ၊ ဖုန်းလိုင်းတွေပါ ပြတ်နေတယ်လို့ သတင်းကြားရပါတယ်။ ရေဒီယို အသံလွှင့်တဲ့ ဒေသအခြေပြု သတင်းဌာန ၂ ခုလည်း အဲဒီဒေသမှာ အခြေစိုက်ထားပါတယ်။ တခုက ဖက်ဒရယ် FM ဖြစ်ပြီး နောက်တခုက ကန္တာရဝတီတိုင်းမ် ဖြစ်ပါတယ်။
လွတ်မြောက်နယ်မြေဟာ အကောင်းတွေနဲ့ချည်းပဲတော့ မဟုတ်ပါဘူး။ စစ်ပွဲရဲ့ ပြင်းထန်မှုကြောင့် ကျိုးကြေသွားတဲ့ ဘဝတချို့လည်း ရှိပါတယ်။ စစ်ပွဲအတွင်းမှာ ဒဏ်ရာရလို့သော်လည်းကောင်း မိုင်းထိသွားလို့သော်လည်းကောင်း ခြေလက်အင်္ဂါ အကောင်းပကတိ မရှိတော့တဲ့ လူငယ်အချို့ကိုလည်း အမှတ် (၁) ပြန်လည်ထူထောင်ရေး စင်တာမှာ တွေ့ရပါတယ်။ သူတို့ကိုတော့ ပြန်လည်ထူထောင်ရေးစင်တာမှာ ပြည်နယ်အစိုးရက စောင့်ရှောက်ထားဖြစ်ပါတယ်။
တော်လှန်ရေးမှာ ကျဆုံးသွားသူတွေအတွက် ရည်စူးတဲ့ သင်္ချိုင်းဗိမာန်တခုလည်း အဲဒီဒေသမှာ ရှိပါတယ်။
ဒါ့ပြင် လမ်းဘေးဝဲယာမှာ တာလပတ်မိုးကာ အုပ်မိုးထားတဲ့ တဲကလေးတွေနဲ့ စစ်ရှောင်စခန်းတွေလည်း တနေရာနဲ့ တနေရာသွားရင် မကြာခဏဆိုသလို မြင်ရပါတယ်။
သုံးရေ၊ သောက်ရေ ရှားတဲ့နေရာတွေလည်း လွတ်မြောက်နယ်မြေမှာ ရှိနေဆဲပါ။ တချို့စစ်ရှောင်စခန်းတွေမှာ သုံးဖို့ ရေ ကို ဒေသအာဏာပိုင်တွေက ကားနဲ့လိုက်ပို့ရတယ်ဆိုတဲ့ သတင်းတွေလည်း ကြားရပါတယ်။ ရေသန့်ဘူးကြီး တဘူးကို ကျပ် ၂၀၀၀ ပေးပြီး ဝယ်သောက်ရပါတယ်။ သုံးရေအတွက် ကျောက်စည်ပိုင်း ၄ လုံးစာ ရေပမာဏသယ်တဲ့ ကားတစီး ကို ၃ သောင်းကျော်ပေးပြီး ဝယ်ယူနိုင်ပါတယ်။ တချို့အိမ်တွေမှာဆိုရင် တနှစ်ပတ်လုံးသုံးဖို့ မိုးရေကို သိုလှောင်တဲ့ ကန်ကြီးတွေ ထားထားတာ တွေ့ရပါတယ်။
အဲဒီဒေသဟာ လျှပ်စစ်မီး၊ ရေနဲ့ အင်တာနက်လို လူထုအတွက် အခြေခံလိုအပ်ချက်တွေ လိုအပ်နေဆဲဖြစ်ပြီး စစ်ရိပ် စစ်ငွေ့သန်းနေပေမယ့် စစ်ကောင်စီရဲ့ အာဏာစက်ကနေ အပြည့်အဝနီးပါး လွတ်မြောက်နေတာ သေချာပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပိတ်ပင်ကန့်သတ်မှုတွေကြောင့် အခြေခံ စားသောက်ကုန်နဲ့ ဆေးဝါးဈေးနှုန်းတွေ မြင့်တက်နေပေ မယ့် လိုချင်တာကိုတော့ ဝယ်လို့ရနေပါသေးတယ်။ စစ်ကောင်စီရဲ့ အန္တရာယ်သာ မရှိရင် လွတ်မြောက်ဒေသဟာ ပိုမိုဖွံဖြိုးတိုးတက်လာမယ့် အလားအလာတွေ မြင်တွေ့ခဲ့ရပါတယ်။ ။
You may also like these stories:
တပြည်ထောင်စနစ် ပြိုကွဲခြင်းကို တားဆီးမရ
ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ
မယ်စဲ့တွင် စစ်ကောင်စီတပ် ကင်းစင်သွားပြီ ဟု KNPP ဆို
လွိုင်ကော်ဒေသခံ ၈၀ ရာခိုင်နှုန်း မြို့ကို စွန့်ခွာ