ဒုက္ခသည်ဆိုလျှင် အကူအညီ လက်ဖြန့်တောင်းနေသော ဆင်းရဲသားဟု ထင်နေတတ်ကြပါသည်။ သို့ရာတွင် ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်မှ မြန်မာဒုက္ခသည်များကမူ အဆိုပါပုံစံမျိုး မဟုတ်ကြပေ။ အများစုသည် လူလတ်တန်းစားများဖြစ်ကြပြီး လုပ်ငန်းကျွမ်းကျင်မှုများနှင့် အစပျိုးထူထောင်နိုင်စွမ်းများ ရှိကြသည်။
မြန်မာစစ်တပ်ကို ဆန့်ကျင်ခဲ့ပြီးနောက် အခက်အခဲများစွာကို ရင်ဆိုင်ရအပြီး ၎င်းတို့အားလုံးသည် အရာရာကို ထားခဲ့ပြီး ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်သို့ သေပြေးရှင်ပြေး ပြေးလာခဲ့ကြပါသည်။ မဲဆောက်တွင်လည်း ရပ်တည်ရန် အခက်အခဲများကို ဆက်လက် ရင်ဆိုင်ရပါသည်။
အချို့သော ထိုင်းအာဏာပိုင်များ၏ ခြိမ်းခြောက်မှုများ၊ ခေါင်းပုံဖြတ်ခံရမှုများကြောင့် တရားဝင် အထောက်အထားမရှိဘဲ အမြဲတစေ အကြောက်တရားဖြင့် နေထိုင်နေရသော်လည်း သူတို့သည် နှစ်နှစ်အတွင်းတွင် အောင်မြင်မှုများစွာ ရနိုင်အောင်လည်း လုပ်ဆောင်နိုင်ခဲ့ကြပါသည်။ ခံနိုင်ရည်ရှိမှု၊ တစိုက်မတ်မတ်ရှိမှု၊ ကျွမ်းကျင်မှုနှင့် ဆန်းသစ်သော ချဉ်းကပ်မှုများမှတဆင့် ထိုသူတို့သည် တော်လှန်ရေးနှင့် လူမှုအသိုင်းအဝန်းအား ကူညီထောက်ပံ့ပေးဖို့ရာ ရည်ရွယ်ထားကြပါသည်။
အချို့ ဒုက္ခသည်များက လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ဘား၊ ဈေးဆိုင်၊ ဆံသဆိုင်၊ လယ်ယာနှင့် နယ်စပ်ကုန်သွယ်ရေးကဲ့သို့သော စီးပွားရေးလုပ်ငန်းများကို ထူထောင်ကြပါသည်။ အဆိုပါ လုပ်ငန်းများမှ အမြတ်ရရန် ရည်ရွယ်သလို ဘဝတူဒုက္ခသည်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးပြီး ထိခိုက်ခံရဆုံးသူများကို လှူဒါန်းပေးကြပါသည်။
“တကယ်တော့ ကျနော့်အတွက် ကံကောင်းမှပဲ အရင်းကြေမှာပါ။ ဒါပေမယ့်လည်း ဒီလက်ဘက်ရည်ဆိုင်လေးက ဒုက္ခသည်တွေအတွက် အလုပ်အကိုင်တွေ ပေးတယ်။ ဘာပဲဖြစ်ဖြစ် သူတို့မှာ အလုပ်ရှိသွားတယ်။ ပြီးတော့ မြန်မာတွေ လာပြီး အပန်းဖြေဖို့နေရာလေးတခု ဖြစ်သွားတာပေါ့” ဟု လက်ဘက်ရည်ဆိုင်ပိုင်ရှင်တဦးက ပြောသည်။
အဆိုပါ လုပ်ငန်းရှင်များက လိုအပ်သည့်ပစ္စည်းများကို ဝယ်ယူခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဖြင့်လည်း မြို့ကို အကျိုးပြုပါသည်။ စိတ်မကောင်းစရာကမူ ထိုင်းအာဏာပိုင်များက ယခုလို မမြင်ကြပါ။ ထို့ကြောင့်လည်း လွယ်ကူသည့်ဘဝတော့ ဟုတ်မနေပါ။ စွန့်ဦးထီထွင်ဒုက္ခသည်များက ထိုင်းများနှင့် လုပ်ဖော်ကိုင်ဖက်အဖြစ် လက်တွဲဆောင်ရွက်ဖို့လိုပြီး တရားဝင် အထောက်အထားမရှိသည့်အတွက်လည်း ထိုင်းအာဏာပိုင်များကို ဒဏ်ကြေးပေးဖို့ လိုပါသည်။
မဲဆောက်ဒုက္ခသည်တချို့ကလည်း ရပ်ရွာအခြေပြုအဖွဲ့အစည်းများ (CBOs) ထူထောင်ကြသည်။ ထိုအထဲတွင် တပတ်လျှင် ပွဲပေါင်း ၄၀၀ ခန့် ရောင်းချပြီး အပို ၁၀၀ ကို အခမဲ့ ဖြန့်ဝေပေးသည့် “ထမင်းတနပ် ၁၅ ဘတ်” အစားအသောက် အစီအစဉ်တခုလည်း ပါဝင်သည်။ လှူဒါန်းသည့်ပစ္စည်းများကို တင်ပေးသော အခမဲ့ဆိုင်တဆိုင်လည်း ရှိပါသေးသည်။
“တကယ်တော့ ကျနော့်အတွက် ကံကောင်းမှပဲ အရင်းကြေမှာပါ။ ဒါပေမယ့်လည်း ဒီလက်ဘက်ရည်ဆိုင်လေးက ဒုက္ခသည်တွေအတွက် အလုပ်အကိုင်တွေ ပေးတယ်။ ဘာပဲဖြစ်ဖြစ် သူတို့မှာ အလုပ်ရှိသွားတယ်။ ပြီးတော့ မြန်မာတွေ လာပြီး အပန်းဖြေဖို့နေရာလေးတခု ဖြစ်သွားတာပေါ့”
ဒုက္ခသည်အများစုသည် မဲဆောက်သို့ လက်ဗလာဖြင့် ရောက်လာကြပါသည်။ ထို့ကြောင့် တချို့ အဖွဲ့အစည်းများက အခြေခံလိုအပ်ချက်ကို ပေးထားသည့် “safe house” ဟုခေါ်သော “လုံခြုံစွာ ခိုလှုံနိုင်သည့်အိမ်” များကို ပြင်ဆင်ပေးထားကြပါသည်။ အရပ်ဘက်လူမှုအဖွဲ့အစည်းများက အထိခိုက်ခံရဆုံးသူများအတွက် လစဉ် အစားအစာများကိုလည်း အခမဲ့ ပံ့ပိုးပေးပါသည်။
စာအုပ်ဆိုင်၊ စာကြည့်တိုက်များကိုလည်း တချို့က ထူထောင်ကြပါသည်။ ပုဂ္ဂလိကအလှူငွေများဖြင့် မ တည်ထားသော အလွတ်သဘော ဒုက္ခသည်စာသင်ကျောင်းလည်း အနည်းဆုံး တခု ပေါ်ပေါက်လာခဲ့ပါသေးသည်။ ထို့ပြင် တပတ်လျှင်နှစ်ကြိမ် ထုတ်လွှင့်သည့် ရေဒီယိုအသံလွှင့်ဌာနတခုကိုလည်း ဒုက္ခသည်များက တည်ထောင်ထားပါသည်။
စင်စစ် ဒုက္ခသည်ကလေး၊ လူကြီးများသည် စိတ်ဒဏ်ရာများ ထိခိုက်ခံစားခဲ့ကြရပြီးမှ ရောက်လာခဲ့သူများ ဖြစ်သည်။ သို့သော် အားကစား၊ ယောဂ၊ အနုပညာ၊ ဂီတနှင့် အက ကဲ့သို့သော လှုပ်ရှားမှုများမှတဆင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ရရှိပြီး စိတ်ဒဏ်ရာများကို ပြန်လည်ကုစားကြသည်။
မြန်မာတယောဆရာပညာရှင်တဦးက သံစုံတီးဝိုင်းကို စတင်ထူထောင်ခဲ့ပြီး အနီးနားရှိ ထိုင်းကျောင်းများတွင် ဂီတပညာကို သင်ကြားပေးလျက်ရှိသည်။ လူတဦး၏ ကိုယ်ပိုင်အမှတ်အသားသည် သူ၏လုပ်ဆောင်မှုများဖြင့် ချိတ်ဆက်နေပါသည်။ ဂီတဆရာက “အခုတော့ တယောဆရာ ပြန်ဖြစ်ခဲ့ပြီ” ဟု ဆိုပါသည်။
ဒုက္ခသည်နောက်တဦးကလည်း “စိန်ခေါ်မှုတွေနဲ့ ဒုက္ခတွေကြားကနေ ဘဝရဲ့ ရည်ရွယ်ချက်အသစ်တခုကို ရှာဖွေတွေ့ရှိခဲ့တယ်” ဟု မျှဝေခဲ့ပါသည်။
ထူးခြားချက်မှာ အချို့သော အဖွဲ့အစည်းများသည် နိုင်ငံတကာ ရန်ပုံငွေကို မှီခိုခြင်းမရှိဘဲ မြန်မာနိုင်ငံမှ ပြည်တွင်းနေရပ်စွန့်ခွာသူ (IDP) များကို ကူညီထောက်ပံ့လျက်ရှိခြင်း ဖြစ်သည်။
အရပ်ဘက်လူမှုအဖွဲ့အစည်းများ (CSOs) နှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများ (CBOs) တို့သည် လိင်ကွဲပြားမှု အခြေပြု အကြမ်းဖက်မှုကြောင့် စိတ်ဒဏ်ရာခံစားနေရသည့် အမျိုးသမီးများကိုလည်း စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု ပေးပါသည်။
ငရဲသဖွယ် အခက်အခဲများကို ကြုံနေရသော်လည်း ဤဒုက္ခသည်အများစုသည် ထူးထူးခြားခြား ခံနိုင်ရည်ရှိကြသည်ကို တွေ့ရသည်။ သူတို့ ဖြတ်သန်းရသည့် ခရီးများမှာလည်း ဆင်တူကြသည်။
“ကျနော် ဂီတလုပ်ငန်းမှာ အလုပ်လုပ်ခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က စပြီး ပြည်သူတွေကို မသတ်ဖြတ်ခင်အထိ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တယ်” ဟု မဲဆောက်ရောက်လာသူတဦးက ရှင်းပြသည်။
“ပြီးတော့ တောထဲ ရောက်သွားတယ်။ ရှေ့တန်းမှာ တိုက်ပွဲဝင်ခဲ့တယ်။ ကျနော်ဘေးကတိုက်နေတဲ့ သူငယ်ချင်း မကျဆုံးခင်အထိပေါ့လေ။ ဒီနောက်တော့ မဲဆောက်ကို ကျနော်ထွက်လာခဲ့တယ်။”
အမျိုးသမီးရဲဘော်တဦးကလည်း လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့သည့် ရဲဘော်များသည် ယခင်က စစ်တိုက်ရန် ဆန္ဒမရှိခဲ့ကြကြောင်း ပြောသည်။
“ပြီးတော့ တောထဲ ရောက်သွားတယ်။ ရှေ့တန်းမှာ တိုက်ပွဲဝင်ခဲ့တယ်။ ကျနော်ဘေးကတိုက်နေတဲ့ သူငယ်ချင်း မကျဆုံးခင်အထိပေါ့လေ။ ဒီနောက်တော့ မဲဆောက်ကို ကျနော်ထွက်လာခဲ့တယ်။”
“ဒါပေမယ့်လည်း စစ်ကောင်စီရဲ့ ဖြိုခွင်းမှု ပြင်းထန်လာပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ရက်စက်စွာ ဖိနှိပ်ခဲ့တယ်။ ဒါကြောင့် ကျမအနေနဲ့ မြို့ပြပြောက်ကျားလှုပ်ရှားမှုမှာ ပါဝင်ဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါတယ်” ဟု သူမက ရှင်းပြသည်။
နောက်တဦးသည် မန္တလေးမြို့တွင် ကွန်ပျူတာပညာ သင်ကြားခဲ့ဖူးသူဖြစ်ပြီး အာဏာသိမ်းပြီးနောက် လမ်းပေါ်ထွက် ဆန္ဒပြခဲ့သည်။ ထို့နောက် မြို့ပြ မြေအောက် (UG) ရဲမေတဦး ဖြစ်လာခဲ့သည်။ စစ်သင်တန်းအပြီးတွင် သူမသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့သို့ ဝင်ရောက်ခဲ့သည်။
ရဲဘော်ရဲဘက်များစွာ အသတ်ခံရပြီးနောက်တွင် သူမသည် စိတ်ဒဏ်ရာလွန် ဖိစီးမှုရောဂါ (Post-traumatic stress disorder-PTSD) ကို ခံစားခဲ့ရပြီး မဲဆောက်သို့ ထွက်ပြေးလာခဲ့သည်။ စိတ်ဒဏ်ရာအတွက် ဆေးဝါးများ လိုအပ်နေသေးသော်လည်း သူမသည် တခြားသောဒုက္ခသည်များအား ကူညီထောက်ပံ့ရန်အတွက် လုပ်ငန်းများစွာကို စတင်လုပ်ဆောင်ခဲ့သည်။
“ဒါက ကျမရဲ့ ရောဂါအတွက် အထောက်အကူပေးတယ်” ဟု သူမက ဆိုသည်။
သူမ ထူထောင်ခဲ့သော လုပ်ငန်းများထဲမှ တခုမှာ လိုအပ်ချက်နှင့်အညီ လျှင်မြန်စွာ ကြီးထွားလာသည့် ကျောင်းတကျောင်း ဖြစ်ပါသည်။
“Our school” ကို “Nine Famili” ဟုသိကြသော မိသားစု ကိုးစုမှ ကျောင်းသား ၁၃ ဦးဖြင့် စတင်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ကျောင်း၏ဌာနခွဲနှစ်ခုတွင် ကျောင်းသားဦးရေ ၁၀၀ ဝန်းကျင်အထိ တိုးလာသည်။
“အစတုန်းကတော့ ဆရာဆိုလို့ ကျမတယောက်ပဲ ရှိတယ်။ ဒါပေမယ့် အခုဆို အသိပညာနဲ့ ကျွမ်းကျင်ဘာသာရပ်တွေကို မျှဝေပေးနေတဲ့ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ခြောက်ယောက်အထိ ရှိသွားပြီ။ နောက်ပြီး ဆရာဝန် သုံးယောက်ကလည်း ကျန်းမာရေး အသိပညာနဲ့ စောင့်ရှောက်မှုတွေ အလှည့်ကျ ပေးနေပါတယ်” ဟု သူမက ပြောသည်။
သူမသည် PTSD ရောဂါကို ကြုံတွေ့ခံစားနေစဉ်မှာပင် ဤအရာအားလုံးကို အောင်မြင်အောင် လုပ်နိုင်ခဲ့သည်။
အနုပညာရှင်တဦးကမူ ရန်ကုန် အင်းစိန်ထောင်တွင် အကျဉ်းကျနေစဉ်က သူ၏ခံစားနာကျင်ရမှုများကို မှတ်တမ်းရေးထားသော ဒိုင်ယာရီနှင့် ပန်းချီများ ပါဝင်သည့် စာအုပ်တအုပ်ကို ထုတ်ဝေထားသည် (အဆိုပါစာအုပ်ကို ဘန်ကောက်မြို့ SEA Junction တွင် ဝယ်ယူရရှိနိုင်သည်)။ ထောင်အတွင်း စာရွက်အပိုင်းအစ သေးသေးလေးများအပေါ် ပန်းချီရေးဆွဲခဲ့ပြီးနောက် အထဲမှအပြင်သို့ ခိုးထုတ်ခဲ့ရသည်။
သို့သော် ခိုလှုံခွင့်တောင်းခံသူများအား တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအဖြစ် ထိုင်းအာဏာပိုင်များက ဆက်ဆံခြင်း၊ နှောင့်ယှက်ခြင်းနှင့် ခေါင်းပုံဖြတ်ခံခြင်းတို့ကြောင့်လည်း ဒုက္ခသည်များသည် စိတ်ဒဏ်ရာများကို ထပ်မံ ခံစားနေကြရသည်။
၎င်းအစား ပိုကောင်းသည့် နည်းလမ်းအနေဖြင့် ဒုက္ခသည်များအား တနှစ်စာ ယာယီ အလုပ်လုပ်ရန် ခွင့်ပြုချက် ပါမစ် ထုတ်ပေးသင့်ပါသည်။ ထိုနည်းဖြင့် ထိုင်းအာဏာပိုင်များသည် ပိုမိုထိန်းချုပ်နိုင်ရုံသာမက အခွန်ဝင်ငွေများကိုလည်း ရရှိနိုင်မည်ဖြစ်သည်။ ယခုကဲ့သို့ နှစ်ဦးနှစ်ဖက် အဆင်ပြေစေသော အခြေအနေ (win-win situation) တွင် တခုတည်းသော အရှုံးသမားမှာ ဒုက္ခသည်များအပေါ် အမြတ်ထုတ်သူများသာ ဖြစ်ပါလိမ့်မည်။
ဒုက္ခသည်တို့၏လုပ်ငန်းများသည် ပြင်ပရန်ပုံငွေမပါဘဲ အောင်မြင်မှုများစွာ ရရှိခဲ့လေသည်။ သို့ရာတွင် ငွေကြေးအနည်းငယ်ရရှိပါမူ ပိုမို အောင်မြင်နိုင်ပါသည်။ နိုင်ငံတကာအသိုက်အဝန်းသည် ဤရပ်ရွာအခြေပြုလုပ်ငန်းများကို ပံ့ပိုးကူညီရန်အတွက် ကုလသမဂ္ဂအေဂျင်စီများမှ ရန်ပုံငွေအချို့ကို ချပေးမည်ဆိုပါက ကောင်းကျိုးပိုမိုရမည့်အဖြေကို ရရှိနိုင်ပါသည်။
သို့သော် ခိုလှုံခွင့်တောင်းခံသူများအား တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအဖြစ် ထိုင်းအာဏာပိုင်များက ဆက်ဆံခြင်း၊ နှောင့်ယှက်ခြင်းနှင့် ခေါင်းပုံဖြတ်ခံခြင်းတို့ကြောင့်လည်း ဒုက္ခသည်များသည် စိတ်ဒဏ်ရာများကို ထပ်မံ ခံစားနေကြရသည်။
ဒုက္ခသည်တဦးကမူ ၎င်းတို့၏ ရပ်တည်ချက်ကို ယခုလို အနှစ်ချုပ်ပြောဆိုခဲ့သည်။ “ကျနော်တို့အားလုံး အခက်အခဲတွေကို အတူတကွ ရင်ဆိုင်ကြရတယ်။ ဒါကြောင့် ဝန်ထုပ်ဝန်ပိုးတွေကို ခွဲယူပြီး စည်းစည်းလုံးလုံး ရပ်တည်တယ်။ အာဏာသိမ်းခြင်းရဲ့ဒဏ်ကို ခံခဲ့ရတဲ့ ကျနော်တို့တွေဟာ ပိုကောင်းတဲ့ ပြောင်းလဲမှုတွေကိုရကို ရ ရမယ်ဆိုတဲ့ တူညီတဲ့ဆုံးဖြတ်ချက်တွေနဲ့ အတွေ့အကြုံတွေကြောင့် ကျနော်တို့အားလုံး အတူတကွ ရှိနေကြတာပဲ ဖြစ်ပါတယ်” ဟု ပြောသည်။
ထိုကဲ့သို့သော လေးစားစရာ ခိုင်မာတည်ကြည်သော စိတ်အားထက်သန်မှုများနှင့် ဆန်းသစ်တီထွင်မှုများရှိသော လူငယ်များကြောင့်လည်း မြန်မာနိုင်ငံ၏ အနာဂတ်အတွက် မျှော်လင့်ချက်များရှိနေပါတော့သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Paul Greening ၏ Myanmar Refugees Build Schools, Cafes and Hope in Mae Sot ကို ဘာသာပြန်သည်။ Paul Greening သည် ကုလသမဂ္ဂ၏ အကြီးတန်း အငြိမ်းစားဝန်ထမ်းတဦးဖြစ်ပြီး အာရှနိုင်ငံခြောက်နိုင်ငံ၌ ကုလသမဂ္ဂအေဂျင်စီခြောက်ခုနှင့် နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်း (INGO) လေးခုအတွက် အလုပ်လုပ်ခဲ့သည်။ အာရှနိုင်ငံခြောက်နိုင်ငံတွင် အနှစ် ၂၀ ကျော် အတွေ့အကြုံ ရှိသူလည်း ဖြစ်သည်။ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) လက်အောက်တွင် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ၌တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင်မူ မဲဆောက်တွင် နှစ်နှစ်ကြာ နေထိုင်လျက်ရှိပါသည်။)
You may also like these stories:
မဲဆောက်တွင် လုံခြုံရေး တင်းကျပ်၊ ဖမ်းဆီးမှု ဆက်တိုက်လုပ်နေ
စစ်ရှောင်နှင့် ရွှေ့ပြောင်း မြန်မာကလေးတွေ ပညာရေး ထိုင်းအစိုးရ ကူညီလာ
မောင်စစ်ဘေးရှောင် https://burma.irrawaddy.com/article/2022/01/23/249198.html
မဲဆောက်တွင် ၁၀နှစ်ခံကတ် လုပ်ပေးဆိုကာ ငွေလိမ်သည့်အဖွဲ့ ဖမ်းဆီးခံရ
မဲဆောက်တွင် အထောက်အထားမဲ့ မြန်မာအများအပြား ဖမ်းဆီးခံရ