၁၉၇၅ ခုနှစ် မတ်လ၌ ကျင်းပခဲ့သော စာနယ်ဇင်းသမိုင်း ပြပွဲတွင် စကြဝဠာ ပုံနှိပ်တိုက်ပိုင်ရှင် ဒေါ်ဖွားရှင်၏ ခန့်ညား လှပသော ဓာတ်ပုံကြီး ပြထားသည်ကို ပရိသတ်များ မြင်ကြရသည်။
အထိန်းအသိမ်း ကောင်းပြီး စုဆောင်းတတ်သောကြောင့် အများမြင်ရခြင်းပင် ဖြစ်ပါသည်။
စကြဝဠာ ပုံနှိပ်တိုက် အကြောင်းကို ဆရာ ငွေဥဒေါင်း (ဦးကြီးမောင်) က ဤသို့ ဖော်ပြခဲ့ဖူးသည်။
“သုံးဆယ် မြို့သည် ထိုခေတ်က ပုံနှိပ်လောကတွင် ပြောင်မြောက်သော မြို့ဖြစ်၏။ ပဒေသာ မဂဇင်း ကိုလည်း ရိုက်နှိပ် ထုတ်ဝေခဲ့သည်။ ယခု ရန်ကုန် စကြဝဠာ ပုံနှိပ်တိုက်မှာ သုံးဆယ်မြို့မှ ပြောင်းရွှေ့လာခြင်း ဖြစ်သည်။ လက်ရှိ မြန်မာ ပုံနှိပ်တိုက်များ အနက် စကြဝဠာ ဟူသော အမည်မှာ အစောဆုံး အဟောင်းဆုံး အမည်ဟု သတ်မှတ်နိုင်သည်။
ထိုခေတ်က သုံးဆယ်မြို့ စကြဝဠာ ပုံနှိပ်တိုက်မှ မဂ္ဂဇင်းများ ထုတ်သည်။ ရန်ကုန်မြို့၌ပင် မထုတ်နိုင်သေး။ အဖိုးတန် စာအုပ်များ တအုပ်ပြီး တအုပ် ထုတ်သည်။ ဝတ္ထုများ တပုဒ်ပြီး တပုဒ် ထုတ်သည်။
ဆရာ ပီမိုးနင်းသည် ယင်း စကြဝဠာ ပုံနှိပ်တိုက်ကို အမှီသဟဲပြု၍ ပေါ်ပေါက် ထွန်းကားလာရခြင်း ဖြစ်သည်ဟု ဆိုသော် ဆိုနိုင်၏။ ရေးသူ မောင်ကျော် ဟူသော အမည်နှင့် ရေးခဲ့သော ပီမိုးနင်း၏ ပထမဆုံး ဝတ္ထုဟု သတ်မှတ်ကြသော ဘီအေ မောင်တင့်နှင့် ကချေသည် မယ်မြင့် ဝတ္ထုမှာ ယင်း စကြဝဠာ ပုံနှိပ်တိုက်က ထုတ်ဝေခဲ့ခြင်း ဖြစ်သည်” ဟူ၍ ၁၉၄၆ ခုနှစ် ဧပြီလ က ရေးသား ဖော်ပြခဲ့ဖူးသည်။
ဒေါ်ဖွားရှင်သည် သာယာဝတီ သတင်းစာကို တည်ထောင်ခဲ့သူ ဖြစ်၏။ ယူနီဗာဆယ် လျှပ်စစ် ပုံနှိပ်တိုက်၊ ဖုတ်ဝေသူ မောင်ဇံဟု တွေ့ရသည်။ (၂၈၊ ၇၊ ၂၃) ခုနှစ် နေ့ထုတ် ထိုသတင်းစာများ၏ ခေါင်းကြီးပိုင်းတွင် အစိုးရအား အသုံးစရိတ် လျှော့ရန် ရဲဝံ့ ပြတ်သားစွာ ဝေဖန် ရေးသားထားသည်ကို တွေ့ရသည်။
ထိုသတင်းစာကို စနေနေ့တိုင်း ထုတ်ဝေ၍ မျက်နှာဖုံး၌ စကြဝဠာ ကမ္ဘာလုံးပုံကို ဒေါင်းနှစ်ကောင် တဖက်စီရံပြီး ဒေါင်းမြီးတွင် လုံ့လ နှင့် သမာဓိ ဟု လည်းကောင်း၊ အလယ်၌ ဒေါင်းတကောင်ပေါ် တကောင်နားကာ ပညာဟု လည်းကောင်း ရေးသားထားသည်။
ထိုသတင်းစာ၏ အာဘော်နှင့် ဆောင်းပါးများမှာ တောင်သူလယ်သမား ဆင်းရဲသားများ၏ အကျိုးစီးပွား အတွက် ဦးတည် ရေးသားထားသည်ကို တွေ့ရသည်။
မျက်နှာဖြူများနှင့် တိုင်းရင်းသားတို့ အခွင့်အရေး ရပုံခြင်း အဆများစွာ ကွာခြား နှိမ့်ကျပုံကိုလည်း ထောက်ပြသည်။ အစိုးရ စရိတ်တွေ များလွန်း၍ လျှော့ပေါ့ရန်လည်း တိုက်တွန်းထားသည်။
စာအုပ် ဝေဖန်ခန်း၊ လူမျိုးခြားများနှင့် အိမ်ထောင်ပြုခြင်းကို ရှောင်ရန် သတိပေး ဆောင်းပါးများနှင့် ဂျီစီဘီအေ အသင်း၏ လုပ်ငန်းစဉ်များကို တင်ပြထားခြင်း စသဖြင့် နိုင်ငံ အကျိုးပြုရေး ဦးစားပေးထားပုံများကို တွေ့ရသည်။
ဗြီတိသျှ အစိုးရတို့ ဘုန်းမီးနေလ တောက်ပနေချိန် ဖြစ်လင့်ကစား ၎င်းတို့၏ ပျော့ကွက် ညံ့ကွက်များကို ထောက်ပြကာ နိုင်ငံရေး အသိစိတ်ဓာတ် ခေါင်းပါးသူများကိုလည်း ဆောင်းပါးဖြင့် ပညာပေးခဲ့သည်။
ဒေါ်ဖွားရှင်သည် ရေခဲစက်၊ သစ်စက်များကိုလည်း ထောင်ခဲ့သည်။ တိုင်းပြည်ကို အသိပညာပေးရန် သတင်းစာတခု ဖြစ်မြောက်ရေး အတွက် ရှေးဦးစွာ စာပုံနှိပ်စက်ကို တည်ထောင်ပြီး သတင်းစာ ထုတ်လာခြင်း၊ ရန်ကုန်မှ စာအုပ် စာတမ်းများ ရိုက်နှိပ်ပေးခြင်းများ ပြုခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ရန်ကုန်သို့ ပုံနှိပ်တိုက် ပြောင်းရွှေ့လာခဲ့သည်ဟု သိရသည်။
၁၉၅၇ ခုနှစ်တွင် ဒေါ်ဖွားရှင် အသက် ၇၈ နှစ်အရွယ်၌ ကွယ်လွန်ခဲ့သော်လည်း သမီးဖြစ်သူ ဒေါ်သန်းတင် (ထိုစဉ်က အသက် ၂၆ နှစ်) သည် ဆက်လက်၍ ထုတ်ဝေခဲ့သည်။
ဒေါ်သန်းတင်မှာ သမီး နှစ်ယောက်ကို ပညာသင်ကြားပေးရင်း ပုံနှိပ်တိုက်ကို အုပ်ချုပ် ကွပ်ကဲလာခဲ့သည်။
ဒေါ်ဖွားရှင်၏ အကြောင်းကို စုံစမ်းရန် ခဲယဉ်းနေခိုက် ကံအားလျော်စွာ ဒေါ်ဖွားရှင်၏ သမီး ဒေါ်သန်းတင်နှင့် မြေးများ ဖြစ်ကြသော သစ်တောမင်းကြီး ဦးစန်းမောင် ကတော် ဒေါ်ခင်လှလှ နှင့် ရန်ကုန် ဆေးတက္ကသိုလ် (၂) မှ မီးယပ် သားဖွား ပါရဂူ ဒေါ်ခင်မြင့်မြင့်တို့ထံမှ ဒေါ်ဖွားရှင်၏အကြောင်း အချက်အလက်များ ရရှိသည့်အတွက် များစွာ ကျေးဇူးတင်ရပါသည်။
ဒီးဒုတ် ဒေါ်လှမေ၏ ဖွင့်ဆိုချက်များ၌လည်း သုံးဆယ်မှ ဒေါ်ဖွားရှင်သည် အမျိုးသမီး အသင်းကို စိတ်ပါဝင်စားစွာ တည်ထောင်ခဲ့ကြောင်း ဖော်ပြထားပါသည်။
အိမ်တွင် ရက်ကန်းစင် ထောင်ထားပြီး သမီးများပါ ပင်နီကိုသာ ဝတ်ကြသည်ဟု မိတ်ဆွေ တဦးက ဒေါ်ဒေါ်ထား၏ အသုဘတွင် ကျမအား ပြောပြပါသည်။
ဒေါ်ဖွားရှင်သည် ၁၉၇၉ ခုနှစ်တွင် မွေးဖွား၍ အသက် ၇၈ နှစ် အရွယ်ဖြစ်သော ၁၉၅၇ ခုနှစ်တွင် ကွယ်လွန်ခဲ့ရာ ယခု အသက်ရှိမည် ဆိုလျှင် ၉၆ နှစ်အရွယ် ဖြစ်ပေလိမ့်မည်။
ခင်ပွန်းသည်မှာ ကျောင်းအုပ်ကြီး ဦးဇံ၊ မော်လမြိုင် ဇာတိ ဖြစ်သည်ဟု သိရသည်။
စကြဝဠာ ပုံနှိပ်တိုက်မှ မြန်မာ့ အကျိုးစီးပွား စာအုပ်ကိုလည်း ၄ တွဲ ထုတ်ဝေခဲ့သည်ဟု ဒေါ်သန်းတင်က ပြောပြပါသည်။
ခင်ပွန်းသည် ကျောင်းအုပ်ကြီး ဦးဇံမှာ အေးအေးဆေးဆေး နေတတ်၍ လက်တွေ့ ဆေးကျမ်းများကို ပြုစုခဲ့သည်ဟု ဆိုပါသည်။ လျှပ်စစ်ပညာ စာအုပ်များကိုလည်း ထုတ်ဝေခဲ့သည်ဟု သိရသည်။
ဒေါ်ဖွားရှင်သည် ဂျီစီဘီအေ နှင့် ၂၁ ဦး ပါတီများကို ထောက်ခံခဲ့သူ ဖြစ်သည်။
ရိက္ခာတော်ရ အရေးပိုင် ဦးဘိုးသောင်း၏ ဇနီး ဒေါ်ဒေါ်စု တို့၏ မြန်မာ့ အမျိုးသမီး အသင်း၌လည်း ပါဝင်၍ မန္တလေး၌ ကျင်းပသော နဝမ အကြိမ်မြောက် ကွန်ဖရင့်ကိုလည်း တက်ရောက်ခဲ့သည်ဟု သမီးဖြစ်သူက ပြောသည်။
ဝံသာနု မျိုးချစ်စိတ် ရှိသော အမျိုးသမီးကြီး တည်ထောင်ခဲ့၍လည်း စကြဝဠာ ပုံနှိပ်တိုက်မှ ထုတ်ဝေသော သာယာဝတီ သတင်းစာမှာ နိုးကြားသော အမြင် ရှိခဲ့ခြင်း ဖြစ်ပါသည်။
စနေနေ့တိုင်း ထုတ်ဝေသည်။ (မောင်ဇံ) ဟု ပါခြင်းမှာ ဒေါ်ဖွားရှင် ၏ ခင်ပွန်း အမည်ပင် ဖြစ်ပါသည်။
ဒေါ်ဖွားရှင်သည် သတင်းစာတိုက်ကို တည်ထောင်ရုံသာမက မြန်မာ အမျိုးသမီး အဖွဲ့ ခေါင်းဆောင်လည်း ဖြစ်ကြောင်း လေ့လာ မှတ်သားရပါသည်။ ။
(စာရေး ဆရာမကြီး စောမုံညင်း ရေးသားခဲ့သည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာပေတိုက်က ၂၀၀၈ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေသော “မြန်မာအမျိုးသမီး” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာမကြီးသည် ၂၀၁၁ နှစ် ဒီဇင်ဘာလ ၁၁ ရက် အသက် ၉၁ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)