သူ၏ နှစ်သစ်ကူးသတင်းစကားသည်ပင် တိုတောင်းနေသည်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်ဖြစ်နေသော နိုင်ငံသို့ ရုပ်မြင်သံကြားမှ ၅ မိနစ်သာ မိန့်ခွန်းပြောသည်။
သူ့မိန့်ခွန်းသည် ကြိုတင်ပြင်ဆင်မှု ညံ့ဖျင်းပုံရသည်။
အောက်တိုဘာလနှောင်းပိုင်းမှ စတင်ပြီး တော်လှန်ရေးထိုးစစ်တွင် သူ၏စစ်တပ်က မြို့ပေါင်း တဒါဇင်ကျော် လက်လွှတ်ဆုံးရှုံးသည်ကို မဆွေးနွေးပေ။ သို့သော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အရပ်သားအစိုးရထံမှ အာဏာသိမ်းပြီးနောက် မြန်မာကို ဝါးမြိုနေသည့် ကပ်ဆိုးအတွက် တော်လှန်ရေးအင်အားစုများကို သူ၏ ထုံးစံအတိုင်း အပြစ်တင်သည်။
စီးပွားရေး ပြန်လည်ရှင်သန်စေမည်ဟု ၎င်းကပြောပြီး ၂၀၂၄ ခုနှစ်တွင် ကောက်မည်ဆိုသည့် သန်းခေါင်စာရင်းတွင် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုကာ တိုင်းရင်းသားပြည်နယ်များတွင် သူ့စစ်တပ်ကို ဆန့်ကျင်သည့် ထိုးစစ်ကို တိတိကျကျ မဖော်ပြဘဲ ဒေသစွဲကို ဆန့်ကျင်ရန် အကြံပေးသည်။
နိုင်ငံနှင့် ပြည်သူပိုင်ပစ္စည်းများကို တော်လှန်ရေးအင်အားစုများက မဖျက်ဆီးခဲ့လျှင် မြန်မာသည် သိသိသာသာ တိုးတက်နေမည်ဟု ၎င်းကပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အရပ်သားအစိုးရထံမှ အာဏာသိမ်းပြီးနောက် မြန်မာကို ဝါးမြိုနေသည့် ကပ်ဆိုးအတွက် တော်လှန်ရေးအင်အားစုများကို သူ၏ ထုံးစံအတိုင်း အပြစ်တင်သည်။
ယခုနှစ်တွင် အသေးစားအလတ်စား လုပ်ငန်းများကို အားပေးပြီး စီပွားရေးတိုးတက်မှုကို စစ်ကောင်စီက ထိပ်တန်း ဦးစားပေး သတ်မှတ်မည်ဟု ပြောသော်လည်း အသေးစိတ်ပြောကြားခြင်း မရှိပေ။
သူ အာဏာသိမ်းပြီးနောက် မြန်မာ့စီးပွားရေးသည် တစိုက်မတ်မတ် ကျဆင်းနေသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ပြန်ထွက်ကုန်သည်။ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် လောင်စာ မလုံလောက်မှုများ နေရာတိုင်းတွင် ဖြစ်နေသည်။ ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများကြောင့် တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းနေသည်။ ငွေကြေးဖောင်းပွမှုနှင့် အလုပ်လက်မဲ့ဖြစ်ခြင်းသာ မကြုံဖူးလောက်အောင် မြင့်မားလာသည်။
ပဋိပက္ခမြင့်မားခြင်း၊ ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ပြတ်တောက်ခြင်း၊ ကျပ်ငွေ မတည်ငြိမ်မှုနှင့် မြင့်မားသော ငွေကြေးဖောင်းပွမှုကြောင့် မတ်လတွင် ကုန်ဆုံးမည့် ဘဏ္ဍာရေးနှစ်အတွက် မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းကို ၁ ရာခိုင်နှုန်းခန့်အထိ ပြီးခဲ့သည့် ဒီဇင်ဘာလက ကမ္ဘာ့ဘဏ် အစီရင်ခံစာတွင် လျှော့ချထားသည်။
ယခုနှစ်ကုန်တွင် စီစဉ်ထားသည့် တနိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူခြင်းသည် စီစဉ်ထားသည့် အထွေထွေရွေးကောက်ပွဲအတွက် အရေးကြီးကြောင်း မင်းအောင်လှိုင်က ပြောသည်။ သို့သော် ရွေးကောက်ပွဲကျင်းပမည့် ရက်စွဲကို မကြေညာသေးပေ။ မြန်မာတွင် ပြည်သူများသည် ရွေးကောက်ပွဲအတွက် စိတ်အားထက်သန်မှု မပြသလို နိုင်ငံတကာအသိုက်အဝန်းကလည်း စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်မျှတမည် မဟုတ်ဟုဆိုကာ ပယ်ချထားသည်။
မည်သည့် တိုင်းရင်းသားဒေသကိုမှ သို့မဟုတ် သူ၏ စစ်တပ် အထိနာနေသော မည်သည့် ထိုးစစ်ကိုမှ တိတိကျကျ မပြောဘဲ ဒေသစွဲကို ဆန့်ကျင်ရန် အကြံပြုပြီး မင်းအောင်လှိုင်က သူ၏မိန့်ခွန်းကို အဆုံးသတ်သည်။
သို့သော် ၁၀၂၇ စစ်ဆင်ရေးကြောင့် ကျင်းပရသည့် နိုဝင်ဘာလ ၈ ရက်နေ့က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အရေးပေါ် အစည်းအဝေးတွင် စစ်ကောင်စီခေါင်းဆောင်က မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် လောက်ကိုင်တွင် အာဏာပြန်လည်ရရှိရန် ကြိုးစားနေပြီး တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပလောင်ပြည်နယ် ထူထောင်ရန် လုပ်ဆောင်နေကြောင်း စွပ်စွဲခဲ့သည်။
ယခုနှစ်ကုန်တွင် စီစဉ်ထားသည့် တနိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူခြင်းသည် စီစဉ်ထားသည့် အထွေထွေရွေးကောက်ပွဲအတွက် အရေးကြီးကြောင်း မင်းအောင်လှိုင်က ပြောသည်။ သို့သော် ရွေးကောက်ပွဲကျင်းပမည့် ရက်စွဲကို မကြေညာသေးပေ။
ထိုတိုင်းရင်းတပ်မတော် နှစ်ခုသည် ရက္ခိုင့်တပ်တော် (AA) နှင့်အတူ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည်။ အဆိုပါထိုးစစ်သည် အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီ ရင်ဆိုင်ရသည့် အကြီးမားဆုံး စစ်ဆင်ရေးဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆကြသည်။
AA သည် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် စစ်ကောင်စီကို တိုက်ခိုက်နေသည်။ AA သည် ပြည်တွင်းပြည်ပမှ ရခိုင်လူမှုအသိုက်အဝန်းများ အကြားတွင် “ရခိုင့်အချုပ်အခြာအာဏာကို ရခိုင်ပြည်သူများထံ ပြန်လည်ပေးအပ်ရေး” အတွေးအခေါ်ဖြစ်သည့် “ရက္ခိတလမ်းစဉ်” ကို လှုံ့ဆော်အားပေးနေသည်မှာ ကာလကြာမြင့်ပြီ ဖြစ်သည်။ ဆယ်စုနှစ်တခုပင် မပြည့်မီ AA သည် နိုင်ငံတွင် အင်အားအကြီးမားဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနက် တခုဖြစ်လာသည်။
ညီနောင်မဟာမိတ်အဖွဲ့က မြို့ပေါင်း တဒါဇင်နှင့် စစ်ကောင်စီစခန်း ၄၀၀ ကျော်ကို နှစ်လအတွင်း သိမ်းပိုက်သည်။ သို့သော် မင်းအောင်လှိုင်က သူ၏ စစ်ကောင်စီသည် တိုင်းရင်းသားများနှင့် ပူးပေါင်းပြီး နိုင်ငံရင်ဆိုင်နေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဟု သူ၏ ရုပ်သံမိန့်ခွန်းတွင် ပြောသည်။
မင်းအောင်လှိုင်က သူ၏တိုတောင်းလှသော နှစ်သစ်ကူးမိန့်ခွန်း မပြောမီ ရက်အနည်းငယ် အလိုတွင် ရှမ်းပြည်အရှေ့ပိုင်း မိုင်းလားအုပ်စုဟု ခေါ်သည့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) က ၎င်းတို့ဒေသတွင် အပြည့်အဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထူထောင်မည်ဟု ကြေညာသည်။ MNDAA ကလည်း စစ်ကောင်စီထံမှ ၎င်းတို့ မကြာသေးမီက သိမ်းပိုက်ထားသည့် ဒေသကို ရှမ်းပြည်နယ် အထူးဒေသ ၁ အဖြစ် ထူထောင်မည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂ ရက်နေ့တွင် ကြေညာသည်။
ညီနောင်မဟာမိတ်အဖွဲ့က မြို့ပေါင်း တဒါဇင်နှင့် စစ်ကောင်စီစခန်း ၄၀၀ ကျော်ကို နှစ်လအတွင်း သိမ်းပိုက်သည်။ သို့သော် မင်းအောင်လှိုင်က သူ၏ စစ်ကောင်စီသည် တိုင်းရင်းသားများနှင့် ပူးပေါင်းပြီး နိုင်ငံရင်ဆိုင်နေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဟု သူ၏ ရုပ်သံမိန့်ခွန်းတွင် ပြောသည်။
ပကတိအမှန်တရားမှာ မင်းအောင်လှိုင်သည် နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ စစ်ရေးအရနှင့် အုပ်ချုပ်ရေးတွင် ကျဆုံးနေသည်။ ပူးပေါင်းဆောင်ရွက်မှုရရန် ဝေးကွာနေပြီး လူထုထောက်ခံမှုပင် မရပေ။
ထို့ကြောင့် မင်းအောင်လှိုင်သည် ပေမမီ ဒေါက်မမီ ဖြစ်နေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ New Year Message From Myanmar: Dictator Shows he is Forever Falling Short ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃
၂၀၂၃ ခုနှစ် မြန်မာပြည်၏ အမှန်နှင့် အမှောင် အင်အားစုများ
ခုခံမှုအားကောင်းသည့် မုံရွာ၌ စမ်းသပ်သန်းခေါင်စာရင်းကောက်ရန် စစ်ကောင်စီ ပြင်
၂၀၂၄ သည် စစ်ကောင်စီပြိုလဲမည့်နှစ်ဟု တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်များပြော