“လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး” အမည်ရှိဆောင်းပါးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်နေ့က ဧရာဝတီတွင် ဖော်ပြခဲ့သည်။ အဆိုပါဆောင်းပါးကို သတိပြုမိသူရှိသကဲ့သို့ မပြုမိသူလည်းရှိ၏။ လက်ခံနိုင်သူ၊ ထည့်သွင်းတွက်ချက်ရန် လိုသည်ဟု ယူဆသူ ရှိသကဲ့သို့ မဖြစ်နိုင်ဟု ယူဆသူများ ရှိခဲ့ကြပါသည်။ သို့သော်လည်း တလပင် မကြာသည့်အချိန်ကာလတွင် လားရှိုးကို အများအာရုံစိုက်နေရပြီ ဖြစ်၏။
လက်ရှိ မြေပြင်အခြေအနေ
ဤတလအတွင်းတွင် အခြေအနေသည် များစွာပြောင်းလဲသွား၏။
-နမ့်ခမ်းအား သိမ်းပိုက်သကဲ့သို့ လုံခန်၊ ၁၀၅ မိုင်၊ နန့်ပေါ်၊ နန့်ခိုင်တို့အား သိမ်းပိုက်ပြီး မူဆယ်အား မြောက်ပိုင်းသုံးဖွဲ့က ဝိုင်းပတ်ထား၏။
-တာမိုးညဲအား မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က သိမ်းပြီး နန့်ဖတ်ကာအား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းကာ မြောက်ပိုင်းသုံးဖွဲ့က ကွတ်ခိုင်ကို ဝိုင်းပတ်တိုက်ခိုက်နေ၏။
-သိန္နီအား မြောက်ပိုင်းသုံးဖွဲ့က ထိန်းချုပ်ထားပြီး သိန္နီအနီး စကခ ၁၆ နှင့် အခြေစိုက်တပ်ရင်းများတွင် တပ်ရင်း ငါးရင်း ဖြည့်ထားသော စစ်တပ်သည် ရှေ့မတိုးနိုင်။ ထို့ပြင် လားရှိုးနှင့် သိန္နီ ရေပူကြားတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်များက လှုပ်ရှားနေ၏။
လောက်ကိုင်၊ တာရွှေထန်တွင် မူလကိုးကန့်ဒေသရှိ ဒကစ၊ စကခ ၁၂၊ စကခ ၁၆ တို့မှ တပ်ရင်း ၁၇ ရင်းအပြင် တပ်မ ၅၅၊ တပ်မ ၃၃ တို့မှ စုပေါင်းစပ်ပေါင်း တပ်များ ၁၂ ရင်းခန့် ထပ်ဖြည့်ထားသည့် တပ်ရင်း၂၇ ရင်းခန့်မှာ အားလုံး ပြုန်းတီးသွားပြီး လောက်ကိုင်ကျသွား၏။
-လောက်ကိုင်၊ တာရွှေထန်တွင် မူလကိုးကန့်ဒေသရှိ ဒကစ၊ စကခ ၁၂၊ စကခ ၁၆ တို့မှ တပ်ရင်း ၁၇ ရင်းအပြင် တပ်မ ၅၅၊ တပ်မ ၃၃ တို့မှ စုပေါင်းစပ်ပေါင်း တပ်များ ၁၂ ရင်းခန့် ထပ်ဖြည့်ထားသည့် တပ်ရင်း၂၇ ရင်းခန့်မှာလည်း အားလုံး ပြုန်းတီးသွားပြီး လောက်ကိုင်ကျသွား၏။
-ဟိုပန်၊ ပန်လုံရှိ မူလနှင့် ထပ်ဖြည့်အင်အား စုစုပေါင်းတပ်ရင်း ကိုးရင်းခန့်မှာလည်း ပိတ်မိနေသည်။
-မိုင်းလုံ၊ မန်တုံ၊ နမ့်ဆန်၊ နမ္မတူ၊ မိုင်းငေါ့ တို့အား TNLA က သိမ်းပိုက်ပြီး ရွှေလီချိုင့်ဝှမ်းခွင်တခုလုံးအား TNLA က ထိန်းချုပ်ထားပြီဖြစ်၍ လားရှိုးအနောက်ဘက် နမ္မတူဘက်ခြမ်း သာမက လားရှိုးတောင်ဘက် သီပေါ၊ ကျောက်မဲ၊ နောင်ချိုဘက်တို့ပါ ခြိမ်းခြောက်ခံနေရပြီဖြစ်၏။ သီပေါ စဉ့်အင်တံတား၊ ကျင်သီတံတားတို့ ချိုးဖျက်ခံထားရသဖြင့် လားရှိုးမှ တန့်ယန်း၊ မိုင်းရယ်ဘက်သို့သာ သွားလာ၍ရပြီး သီပေါဘက်သို့ သွားလာ၍ မရပေ။ ထို့ပြင် ပြင်ဦးလွင်၊ မိုးကုတ်၊ မိုးမိတ်ဒေသပါ ခြိမ်းခြောက်နေပြီဖြစ်၏။
-လားရှိုးအရှေ့ဘက် မိုင်းကျက်၊ မိုင်းယော်ခွင်အား မြောက်ပိုင်းသုံးဖွဲ့က ထိန်းချုပ်ထားပြီးဖြစ်သည့်အပြင် လားရှိုး၊ တန့်ယန်းကားလမ်းအား အချိန်မရွေး ဖြတ်တောက်နိုင်သည်။
လောက်ကိုင်ကျဆုံးခြင်း
လောက်ကိုင်တွင် ခံစစ်ဆင်မည်ဟု တပ်များကို ဆက်တိုက်ပို့ထားခဲ့သည်။ လောက်ကိုင် ဒကစမှူးအပြင် စကခ ၁၂ ၊ စကခ ၁၆ မှူး၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဗိုလ်မှူးချုပ် လေးဦးအပြင် စကခ ၁ မှူးနှင့် တပ်မ ၅၅ မှူးပါ ဗိုလ်မှူးချုပ်နှစ်ဦးပါ ထပ်မံပို့ပေးသည်ဟုဆိုသည်။
တကယ်တော့ ထိုတပ်များသည် ချင်းရွှေဟော်၊ ကွန်လုံ၊ မုန်းစီး၊ ဖေါင်းဆိုင် ကျပြီးနောက် ဆုတ်လမ်းမရှိ ပိတ်မိနေသည်။ ပိတ်မိနေသည့် ဒေသတွင်းသို့ စစ်တပ်များ၊ စစ်လက်နက်ခဲယမ်းများဖြည့်တင်းပြီး ခုခံနိုင်မည်ဟု မြန်မာစစ်ခေါင်းဆောင်များ ထင်ယောင်မှားခဲ့ကြ၏။
သို့သော် လောက်ကိုင်အခြေစိုက်တပ်များ၏ အိမ်ထောင်သည်များ၊ မိသားစုဝင်များလည်း ကယ်မထုတ်နိုင်ခဲ့ပေ။ စစ်တပ်လက်အောက်ခံ ကိုးကန့်ပြည်သူ့စစ်များကလည်း MNDAA ထံသို့ လက်နက်ချသွားကြ၏။ နောက်ဆုံး လောက်ကိုင်တွင် ပိတ်မိနေသူများအားလုံးသည် ပြန်လှန်ထိုးစစ်လည်း မဆင်နိုင်၊ အသေခံဖို့သာရှိပြီး တိုက်ပွဲအောင်နိုင်ခြေ လုံးဝမရှိတော့သည့် ၂၀၂၄ ဇန်နဝါရီလ ၄ ရက်နေ့ ညတွင်မှ လောက်ကိုင်ရှိ မြန်မာစစ်တပ်တပ်ဖွဲ့ဝင်အားလုံး လက်နက်ချ၏။
MNDAA က ဝ နယ် နန့်တစ်မှတဆင့် ထွက်ခွါခွင့်ပေးခဲ့၏။ မြန်မာစစ်တပ်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာအချို့အပါ အင်အား ၄၀၀၀ ခန့် လောက်ကိုင်မှ ဖရိုဖရဲဆုတ်ရတော့သည်။ လက်နက်အားလုံး စွန့်လွှတ်ခဲ့ရ၏။ မြန်မာစစ်တပ်အတွက် အရှက်တကွဲ အကျိုးနည်းသည့် ဆုံးရှုံးမှုဖြစ်၏။
MNDAA က ဝ နယ် နန့်တစ်မှတဆင့် ထွက်ခွါခွင့်ပေးခဲ့၏။ မြန်မာစစ်တပ်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာအချို့အပါ အင်အား ၄၀၀၀ ခန့် လောက်ကိုင်မှ ဖရိုဖရဲဆုတ်ရတော့သည်။ လက်နက်အားလုံး စွန့်လွှတ်ခဲ့ရ၏။ မြန်မာစစ်တပ်အတွက် အရှက်တကွဲ အကျိုးနည်းသည့် ဆုံးရှုံးမှုဖြစ်၏။ ထို့ပြင် လောက်ကိုင်တွင် စစ်အင်အားအလုံးအရင်းလိုက် လက်နက်ချရသည်မှာ မြန်မာစစ်တပ် ထိပ်ပိုင်းစစ်ခေါင်းဆောင်များ၏ စစ်ဗျူဟာ အခင်းအကျင်း ညံ့ဖျင်းမှု၊ မှားယွင်းမှုကြောင့် ဖြစ်သည်ကိုလည်း ရှင်းလင်းစွာမြင်ရ၏။
ထိုတပ်များကို ပြန်လည်အသုံးချရန်မှာလည်း စိတ်ဓါတ်ပျက်ပြားနေပြီးသော တပ်များဖြစ်နေ၏။ လားရှိုးကာကွယ်ရေးအတွက် ပြန်အသုံးချလျင်ပင် ထိုတပ်များသည် မြောက်ပိုင်းသုံးဖွဲ့အား ဦးကျိုးနေသည့် တပ်များဖြစ်နေပြီ ဖြစ်၏။ ထို့ပြင် လောက်ကိုင်ဒေသတွင် ဆုံးရှုံးခဲ့သော လက်နက်ခဲယမ်းများသည် မြောက်ပိုင်းသုံးဖွဲ့အတွက် ကြီးမားသော အထောက်အပံ့ဖြစ်ခဲ့သည်။
ပို၍ ဆိုးဝါးမည်က စစ်ဆင်ရေး ၁၀၂၇ ၏ အကျိုးဆက်သည် သိန္နီ၊ ကွတ်ခိုင်၊ နန့်ဖတ်ကာ၊ မူစယ်၊ လားရှိုး တို့တွင်သာ အဆုံးသတ်မည် မဟုတ်၍ ဖြစ်သည်။
မြောက်ပိုင်း တော်လှန်ရေးတပ် အင်အား
မြောက်ဘက်သုံးဖွဲ့၏ စစ်အင်အားအခြေအနေမှာ AA ၁၀ ရင်းက အင်အား ၃,၀၀၀ ခန့်၊ TNLA တပ်မဟာ ခုနစ်ခုက အင်အား ၈,၀၀၀ ခန့်၊ ကိုးကန့် တပ်မဟာ လေးခုက အင်အား ၅,၀၀၀ ခန့်၊ တပ်မဟာ ၆၁၁ နှင့် တွဲဖက်နေသည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အင်အား ၁,၄၀၀ ခန့်၊ TNLA နှင့် တွဲဖက်နေသည့် မန္တလေး PDF ခုနစ်ရင်း အင်အား ၁,၂၀၀ ခန့်၊ မိုးကုတ် PDF နှစ်ရင်း၊ သုံးရင်း အင်အား ၄၀၀ ခန့် စုစုပေါင်း အင်အား ၂၀,၀၀၀ ခန့်ရှိ၏။ လက်ရှိ နှစ်လကျော် ကြာမြင့်သည့် စစ်ဆင်ရေးအတွင်း ကျဆုံး၊ ဒဏ်ရာရသူ အင်အား ၅၀၀ ခန့်ရှိ မည်ဟု ခန့်မှန်းရသည်။
လက်ရှိတွင် မြောက်ပိုင်းသုံးဖွဲ့သည် လူသစ်စုဆောင်းနေခြင်း တွေ့ရသော်လည်း ထိုအင်အားများကို အနည်းဆုံး နောက်သုံးလမှ ခြောက်လကြာမြင့်မှသာ အသုံးပြုနိုင်မည်ဖြစ်၏။ လက်ရှိ ကျဆုံးဒဏ်ရာရသည့်အင်အားမှာ မြောက်ပိုင်းသုံးဖွဲ့၏ စစ်အင်အားကို သိသိသာသာ ထိခိုက်ခြင်း မရှိပေ။ စစ်ဆင်ရေး နှစ်လကျော်အတွင်း ကွမ်းလုံတိုက်ပွဲ၊ ပန်လုံတိုက်ပွဲ၊ မုန်းကျက်တိုက်ပွဲ၊ နမ့်ခမ်းတိုက်ပွဲများတွင်သာ မြောက်ပိုင်းသုံးဖွဲ့ဘက်က အကျအဆုံးများပြီး ကျန်တိုက်ပွဲများတွင် သာမန်မျှသာ ဖြစ်၏။
လက်ရှိတွင် မြောက်ပိုင်းသုံးဖွဲ့သည် မူဆယ်၊ ကွတ်ခိုင်၊ လောက်ကိုင်၊ တာရွှေထန်တို့တွင်ရှိသည့် စစ်တပ်အား ဝိုင်းပတ်ထားပြီး တဖြည်းဖြည်း ရှေ့တိုး တိုက်ခိုက်နေသည်။ စစ်တပ်၏ မြေပြင်စစ်ကူလာမည်ကို စိုးရိမ်စရာ မလိုပေ။ မန်တုံ၊ နမ့်ဆန်၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့စသည့် ရွှေလီချိုင့်ဝှမ်းခွင်အား TNLA ထိန်းချုပ်နိုင်ခြင်းသည် လားရှိုးကိုသာမက သီပေါ၊ ကျောက်မဲ၊ နောင်ချိုကိုပါ ခြိမ်းခြောက်သည်။ ထို့ပြင် ပြင်ဦးလွင်၊ မိုးကုတ်၊ မိုးမိတ်ကိုပါ ကောင်းစွာ ခြိမ်းခြောက်နိုင်ခဲ့သည်။ ထို့ပြင် မြေပြင်အနေအထားနှင့် ထောက်ပို့လမ်းကြောင်းအရပါ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ ပြင်ဦးလွင်၊ မိုးကုတ်၊ မိုးမိတ်ဘက်မှလာသည့် မြေပြင်ထိုးစစ်ကို ပူပန်စရာ မလိုတော့ပေ။
ဟိုပန်၊ ပန်လုံရှိ စစ်တပ်များကိုလည်း မြောက်ပိုင်းသုံးဖွဲ့အနေဖြင့် ပူစရာမလိုပေ။ ထိုဒေသရှိတပ်များသည် မြောက်ပိုင်းသုံးဖွဲ့နှင့် ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကြား ပိတ်မိနေပြီး နန့်တစ်နှင့် သံလွင်မြစ်အားကူး၍ ကွမ်းလုံ၊ ချင်းရွှေဟော်ဘက်သို့ ကူးတိုက်မည်ကို ပူစရာမလိုပေ။ ဟိုပန်၊ ပန်လုံရှိ စစ်တပ် စိုးရိမ်ရသည်မှာ UWSA တပ်များ ထိုးဖောက် ဝင်ရောက်မည်ကိုသာ ဖြစ်၏။
၁၀၂၇ စစ်မျက်နှာ စတင်ခါစက တပ်အင်အားများ နေရာအနှံ့ ဖြန့်ခွဲစစ်ဆင်ခဲ့ရရာမှ ယခုအခါ မူဆယ်၊ ကွတ်ခိုင်၊ လောက်ကိုင် စစ်မျက်နှာသုံးခုသာ ကျန်တော့ပြီး အသာစီးအနေအထားဖြင့် ဝိုင်းပတ်ထား၏။ မြေပြင်စစ်ကူ စိတ်ပူစရာ မလိုပေ။
သို့ဖြစ်ရာ ၁၀၂၇ စစ်မျက်နှာ စတင်ခါစက တပ်အင်အားများ နေရာအနှံ့ ဖြန့်ခွဲစစ်ဆင်ခဲ့ရရာမှ ယခုအခါ မူဆယ်၊ ကွတ်ခိုင်၊ လောက်ကိုင် စစ်မျက်နှာသုံးခုသာ ကျန်တော့ပြီး အသာစီးအနေအထားဖြင့် ဝိုင်းပတ်ထား၏။ မြေပြင်စစ်ကူ စိတ်ပူစရာ မလိုပေ။ ထို့ပြင် မြောက်ပိုင်းသုံးဖွဲ့သည် ၎င်းတို့ လက်ရှိအသုံးပြုသော စစ်အင်အားမှာ ၎င်းတို့၌ရှိသော စစ်အင်အား တဝက်ခန့်ထက် မပိုသေးဟု သိရ၏။
လက်ရှိ မြောက်ပိုင်းသုံးဖွဲ့ စစ်အင်အားအရ လည်းကောင်း၊ သိမ်းပိုက်ရရှိသည့် လက်နက်ခဲယမ်းများအရ လည်းကောင်း (သိမ်းဆည်းမိသော လက်နက်ခဲယမ်းများအနက် လက်နက်ငယ်နှင့်ကျည်များ၊ လေယာဉ်ပစ် စက်အမြောက်နှင့်ကျည်များ၊ အာပီဂျီ ဘဇူကာနှင့်ကျည်များ၊ မော်တာ၊ နောက်ပွင့်နှင့် အမြောက်ဆံ မော်တာဆံများကို ကောင်းစွာ အသုံးပြုနိုင်သည့်အပြင် သံချပ်ကာကားများကို ပြန်လည် အသုံးပြုနေသည်ကို တွေ့ရ၏)၊ စစ်ရေးအခြေအနေအရ လည်းကောင်း လားရှိုးကို ကောင်းစွာတိုက်ခိုက်နိုင်သည်။
လားရှိုးသည် ရှမ်းမြောက်အတွက် ဗျူဟာမြောက်နေရာဖြစ်၏။ လားရှိုးကို သိမ်းမိပါက ရှမ်းမြောက်တခုလုံးကို ထိန်းချုပ်နိုင်မည် ဖြစ်၏။ ရှမ်းမြောက်ရှိ တခုတည်းသော လေယာဉ်ကွင်းအား သိမ်းပိုက်ပြီး စစ်တပ်၏ လေကြောင်းထောက်ပို့ကို ဖြတ်တောက်နိုင်မည်။
မြန်မာစစ်တပ် စစ်အင်အား
၁၀၂၇ စစ်ဆင်ရေး စတင်စဉ်က ရှမ်းမြောက်တွင် ရမခ တိုင်းတပ် ၂၆ ရင်း၊ စကခ ၁၊ စကခ ၁၆၊ တပ်မ ၉၉ တို့မှ တပ်ရင်း ၃၀ အပြင် တပ်မ ၁၀၁၊ စကခ ၇၊ စကခ ၁၂၊ စကခ ၁၇ တို့မှ တပ်ရင်း ၂၀ ကျော်ဖြင့် တိုက်ခိုက်ရေးတပ်ရင်း ၇၀ ကျော် ရှိသည်။ မြောက်ပိုင်းသုံးဖွဲ့ စစ်ဆင်ရေး စတင်ပြီးနောက် တပ်မ ၁၀၁၊ စကခ ၁၄၊ စကခ ၁၈၊ တပ်မ ၃၃၊ တပ်မ ၅၅၊ ရလခ၊ တသခ တို့မှ တပ်ရင်း ၃၀ ခန့် ထပ်မံ ခံစစ်ဖြည့်တင်းပြီး ပြန်လှန်ထိုးစစ် စတင်ရန် ရည်ရွယ်ခဲ့သော်လည်း မြောက်ပိုင်းသုံးဖွဲ့၏ ထိုးစစ်ကို မထိန်းနိုင်ဘဲ ပြန်လှန်ထိုးစစ်ကို စတင်နိုင်ခြင်း မရှိပေ။
စစ်ဆင်ရေး စတင်ပြီး နှစ်လကျော်အတွင်း စခန်းပေါင်း ၃၀၀ ခန့်၊ မြို့ ၁၀ မြို့ခန့်နှင့် နယ်မြေများစွာ ပေးလိုက်ရ၏။ ပေးလိုက်ရသော စခန်းများ၊ မြို့များမှာ ရှမ်းပြည်မြောက်ပိုင်းရှိ ဗျူဟာမြောက်မြို့များ၊ ဗျူဟာမြောက်စခန်းများ ဖြစ်နေသည့်အပြင် နယ်စပ်ကုန်သွယ်ရေး စခန်းအားလုံး လက်လွှတ်လိုက်ရသည်။ ထို့ပြင် စစ်အင်အား အနည်းဆုံး တပ်ရင်း ၃၀ ခန့် ဆုံးရှုံးသွားသည်။ ထိုတပ်ရင်းများထဲတွင် ရှမ်းမြောက်အခြေစိုက်တပ်ရင်း အနည်းဆုံး ၁၃ ရင်းခန့်ပါပြီး နောက်တန်းတပ်ရင်းဌာနချုပ်ပါ ပျောက်သွား၏။ စစ်တပ်၏ ပြည်သူ့စစ်အင်အား ထောင်ဂဏန်းမှာလည်း အချည်းနှီးဖြစ်သွားသည်။ မိုးထဲရေထဲတွင် အသုံးမဝင်ခဲ့ပေ။
လက်ရှိတွင် လောက်ကိုင်၌ ၁၃ ရင်းခန့်၊ ဟိုပန်၊ ပန်လုံ၌ အများဆုံး ကိုးရင်းခန့်၊ မူဆယ်၌ အများဆုံး ခုနစ်ရင်းခန့်၊ နန့်ဖတ်ကာတွင် နှစ်ရင်း၊ သုံးရင်းခန့်၊ ကွတ်ခိုင်တွင် လေးရင်းခန့်၊ တန့်ယန်း၊ မိုင်းရယ်ဒေသတွင် ခြောက်ရင်းခန့်၊ သိန္နီတွင် တပ်ရင်း ငါးရင်းခန့်၊ လားရှိုးတွင် ခြေလျင်၊ ခြေမြန် တပ်ရင်း ၁၀ ရင်း၊ အမတ တရင်း၊ သံချပ်ကာ တရင်းနှင့် လက်ရုံးတပ်၊ ဝန်ထမ်းတပ်များ ရှိ၏။
သီပေါတွင် အခြေစိုက်တပ်ရင်း လေးရင်း၊ ကျောက်မဲတွင် စကခ ၁ နှင့် သုံးရင်းရှိသော်လည်း ဟိုပန်၊ ပန်လုံသို့ ပို့ထားသောတပ်အချို့ ရှိသဖြင့် အပြည့်မရှိနိုင်ပေ။ ထို့ပြင် နန့်လန်တွင် အခြေစိုက် သုံးရင်း၊ နောင်ချိုတွင် အခြေစိုက် သုံးရင်းရှိ၏။
သို့ဖြစ်ရာ ရှမ်းမြောက်တွင် တပ်ရင်း ၇၀ ခန့် ကျန်သေးသော်လည်း အင်အားများ ဖြန့်ခွဲထားနေရ၏။ တန့်ယန်း၊ မိုင်းရယ်၊ ဟိုပန်၊ ပန်လုံ၊ နန့်လန်ရှိ တပ်ရင်း ၂၀ ခန့်မှာ ယခုအထိ တိုက်ပွဲမရှိသော်လည်း ထုတ်နုတ်၍မရပေ။
တာမိုးညဲ အခြေအနေက အတည်ပြု၍ မရသေးပေ။ မည်သို့ဖြစ်စေ မူဆယ်၊ နန့်ဖတ်ကာ၊ ကွတ်ခိုင်၊ တာမိုးညဲရှိ မြန်မာစစ်တပ် တပ်ရင်းများ၏ နောက်ဆုံးချိန်ကား မဝေးတော့။
တာမိုးညဲ အခြေအနေက အတည်ပြု၍ မရသေးပေ။ မည်သို့ဖြစ်စေ မူဆယ်၊ နန့်ဖတ်ကာ၊ ကွတ်ခိုင်၊ တာမိုးညဲရှိ မြန်မာစစ်တပ် တပ်ရင်းများ၏ နောက်ဆုံးချိန်ကား မဝေးတော့။
နမ္မတူကျပြီးနောက် စစ်တပ်က နမ္မတူမှ သီပေါသို့လာသည့် လမ်းပေါ်ရှိ မိုးတေတံတားကို ဖောက်ခွဲပြီး သီပေါအား TNLA လာတိုက်မည်ကို စိုးရိမ်ကြောင့်ကြနေသော အခြေအနေရောက်နေသည်။ ထို့ပြင် လားရှိုး၊ နမ္မတူလမ်းပေါ်ရှိ အီနိုင်းတံတားအား ချိုးသည်။ လားရှိုးကို လာတိုက်မှာ စိုးရိမ်နေသည်။
ဤသို့သော အခြေအနေအောက်တွင် လားရှိုးကို ကာကွယ်ရန်အပြင် သီပေါ၊ ကျောက်မဲ၊ နောင်ချို ခံစစ်စည်း၊ ပြင်ဦးလွင်၊ မိုးကုတ်၊ မိုးမိတ်ဒေသ ခံစစ်စည်းတို့ကို မြန်မာစစ်တပ် အားဖြည့်ရမည်ဖြစ်၏။ သို့ဖြစ်ရာ စစ်တပ်သည် မည်သည့်ဒေသမှ တပ်ထုတ်နုတ်မည်နည်း။ လက်ရှိအချိန်တွင် တိုင်း ၁၄ တိုင်း၊ တပ်မ၊ စကခ ၃၀ မှ တပ်ရင်း ၅၀၀ ကျော်အား တပြည်လုံးရှိ စစ်မျက်နှာအသီးသီးတွင် ဖြန့်ခွဲထားရာ တပ်ထုတ်နုတ်ရန် ခက်ခဲ၏။ ထုတ်နုတ်သည့်နေရာတွင် အားနည်းချက် ပေါ်မည်ဖြစ်၏။
လက်ရှိတွင် ရှမ်းမြောက်ရှိနေရာအချို့မှ ဆုတ်ခွာ၍ ခွာစစ်ဆင်ရမည် ဖြစ်သော်လည်း စစ်တပ်သည် အခွင့်မသာလျှင် မဟာဗျူဟာအရ ဆုတ်ခွာသည့် စစ်ဗျူဟာကို မြန်မာစစ်ခေါင်းဆောင်တို့ နားလည် လက်ခံပုံမရပေ။
“မဆုတ်တမ်းခံစစ်”၊ “ငါမသေ ငါ့စခန်း မကျစေရ”၊ “အချုပ်အခြာအာဏာ တလက်မမှ အထိပါးမခံ” ဆိုသည့် ကြွေးကြော်သံများဖြင့် နစ်မွန်းနေသည့်အပြင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ တာတိုပစ် ဒုံးကျည်များ ပစ်ခတ်မှုဖြင့် စစ်ပွဲကို အသက်ဆက်နိုင်မည်ဟု ယူဆနေကြ၏။ အထီးတည်းဖြစ်နေသည့် ခံစစ်သေများဖြင့် ရင်ဆိုင်နေကြသည်။ ခွာစစ်နှင့် ပြန်လှန်ထိုးစစ်ဗျူဟာကို မကျင့်သုံးရဲကြ။ ခွာစစ်ဆင်ပါက စိတ်ဓာတ်ကျဆင်းနေသည့် ၎င်းတို့စစ်တပ် ပြိုဆင်းသွားမည်ကို စိုးရိမ်နေကြ၏။
ဤအချက်တွင် တွေ့ရသည့် မြန်မာစစ်တပ်၏ အားနည်းချက်မှာ စစ်တပ်သည် သူနှင့်ရင်ဆိုင်ထားသည့် မြောက်ပိုင်းသုံးဖွဲ့နှင့် သူ၏မဟာမိတ်အင်အားများ၏ စစ်အင်အား၊ စစ်လက်နက်အင်အား၊ တိုက်ခိုက်စွမ်းရည်၊ စစ်ရေးမဟာဗျူဟာများ၊ စစ်ပြင်ဆင်မှုများနှင့် လုပ်နိုင်စွမ်းများကို အလွန်အမင်း အထင်သေး လျှော့တွက်ထားသည်။ တဖက်ကလည်း မိမိနှင့်ရင်ဆိုင်ရမည့် မြောက်ပိုင်းသုံးဖွဲ့နှင့် သူ၏မဟာမိတ်များကို မှန်ကန်စွာထောက်လှမ်းခြင်း၊ သုံးသပ်ကောက်ချက်ချနိုင်ခြင်း မရှိပေ။ ပုံမှန် ဝါဒဖြန့်ပြောဆိုသည့် အချက်များအပေါ် အခြေပြု၍ စစ်ပွဲတပွဲကို ရင်ဆိုင်နေကြပုံရ၏။
လားရှိုးကာကွယ်ရေးအတွက် တပ်မတခု ထည့်သော်လည်း လားရှိုးတိုက်ပွဲကို တား၍ရမည် မဟုတ်သကဲ့သို့ မူဆယ်၊ ကွတ်ခိုင် ကျဆုံးမှုကို တား၍ ရမည် မဟုတ်ပေ။
လက်ရှိအချိန်တွင် ကရင်နီမှ စကခ ၂ အား ပြန်လည် ထုတ်နုတ်နေသည်ဟု သတင်းများ ကြားသိရသော်လည်း အတည်ပြု၍ မရသေးပါ။ လားရှိုးကာကွယ်ရေးအတွက် တပ်မတခု ထည့်သော်လည်း လားရှိုးတိုက်ပွဲကို တား၍ရမည် မဟုတ်သကဲ့သို့ မူဆယ်၊ ကွတ်ခိုင် ကျဆုံးမှုကို တား၍ ရမည် မဟုတ်ပေ။
နှစ်လကျော်အတွင်း စခန်း ၃၀၀ ခန့်အနက် တခုမှပြန်မရသည့်အပြင် ဝိုင်းပတ်ပိတ်ဆို့ခံရပြီး ထွက်ပေါက် မရှိသဖြင့် အချိန်ကြာမြင့်လေ စိတ်ဓာတ်ကျဆင်းလေဖြစ်နေသည့် စစ်တပ်၏ ပြိုဆင်းမှုကိုလည်း တားရမည် မဟုတ်ပေ။ ယခင်ဆောင်းပါးတွင် ဆိုထားသကဲ့သို့ အားလုံးကို ထိန်းသိမ်းလိုလျှင် အားလုံးကို လက်လွှတ်ရပေမည်။
သံလွင်အရှေ့ခြမ်းက ဝ ဒေသများ
လောလောဆယ် သံလွင်အရှေ့ခြမ်း ဟိုပန်၊ ပန်လုံတွင် မြန်မာစစ်တပ် အခြေစိုက်တပ်ရင်း ၂ ရင်းအပါ တပ်ရင်း ၉ ရင်းခန့်သည် မြောက်ပိုင်းသုံးဖွဲ့ နှင့် UWSA ကြားတွင် ပိတ်မိနေ၏။ ဟိုပန်၊ ပန်လုံ၏ အရှေ့ဖက်ခြမ်းသည့် UWSA ထိမ်းချုပ်ရာ နန့်တစ်အထူးမြို့နယ်၊ မိုင်းမောခရိုင်တို့နှင့်ဆက်စပ်နေ၏။ UWSA ၏ တပ်မဟာ ၃၁၈ နှင့် ရင်ဆိုင်ထား၏။
သံလွင်အရှေ့ခြမ်းရှိ ဟိုပန်၊ ပန်လုံဒေသသည် အစဉ်အလာ ဝ နယ်၊ ပန်လုံစော်ဘွားအုပ်ချုပ်ရာဒေသဖြစ်၏။ လက်ရှိ မြန်မာစစ်တပ်၏ အခြေခံဥပဒေအရလည်း ဝ ကိုယ်ပိုင်အုပ်ချုပ်ရေးတိုင်းထဲတွင်ပါသည့် ဟိုပန်ခရိုင်ဖြစ်၏။ တန့်ယန်း၏ အရှေ့ဖက်၊ သံလွင်အရှေ့ဖက်ကမ်းရှိ မန်မန်းဆိုင် ခေါ် မန်မန်းရှန်ဒေသသည်၎င်း၊ မိုင်းရှူးအရှေ့ဖက် သံလွင်အရှေ့ဖက်ခြမ်းဖြစ်သည့် မော်ဖါဒေသခေါ် မက်မန်းမြို့နယ်သည်လည်း ဝ ဒေသဖြစ်သကဲ့
သို့ မြန်မာစစ်တပ် သတ်မှတ်သည့် ဝ ကိုယ်ပိုင်အုပ်ချုပ်ရေးတိုင်းထဲမှ မက်မန်းခရိုင် ဖြစ်သည်။
ဝ တို့အနေနှင့် ၎င်းတို့ဒေသနယ်မြေအားလုံး ဝ ပြည်နယ်တွင်း ထည့်သွင်းရန် ယခုအချိန်သည် အချိန်အခါကောင်းဖြစ်သည်ကို ကောင်းစွာသိရှိကြ၏။ သံလွင်မြစ်အရှေ့ဖက်ခြမ်းရှိ ဝနယ်မြေအားလုံး ထိန်းချုပ်နိုင်ပါက သံလွင်မြစ်သည် ဝ နယ်မြေ ကာကွယ်ရေးအတွက် သဘာဝအတားအဆီးဖြစ်သည့်အပြင် ဝ တို့အနေနှင့် သံလွင်မြစ်အား စီးပွါးရေးအရ ခွဲဝေသုံးစွဲခွင့် ရရှိပေမည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့နံနက်တွင် မြောက်ပိုင်းသုံးဖွဲ့အမည်ဖြင့် ဟိုပန်ကို ဝင်တိုက် သည်ကို တွေ့ရ၏။ တကယ်ပင်မြောက်ပိုင်းသုံးဖွဲ့တိုက်သည်လော၊ UWSA က မြောက်ပိုင်းအဖွဲ့အမည်ခံ၍ တိုက်သည်လော မကွဲပြားပေ။
မြောက်ပိုင်းသုံးဖွဲ့၏ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ကြေညာချက်အရ ပန်လုံ၊ ဟိုပန်၊ တာကော်အတ် (သံလွင်မြစ်ကူးတံတား )၊ မန့်မန်းဆိုင်နှင့် မော်ဖါ ဒေသများအား မြောက်ပိုင်းသုံးဖွဲ့အမည်ဖြင့် ဝင်ရောက်တိုက်ခိုက်တော့မည်ဖြစ်၏။ လက်ရှိ မြောက်ပိုင်းသုံးဖွဲ့သည် UWSA နှင့် မဟာမိတ်ဖြစ်သည့်အပြင် ဝနယ်အခြေပြု၍ လှုပ်ရှားမှုများရှိခဲ့သည်ကို UWSA က ခွင့်ပြုထားသည်ကို အားလုံးအသိဖြစ်၏။
သို့သော် UWSA အနေနှင့် လက်ရှိအချိန်တွင် ၎င်းတို့ကိုယ်တိုင် ဗြောင်အတိအလင်းမထွက်သေးပေ။ ဟိုပန်၊ ပန်လုံ၊ တာကော်အတ်၊ မန်မန်းဆိုင်၊ မော်ဖါ စသည့် “ဝ” ဒေသများအား မြောက်ပိုင်းသုံးဖွဲ့အမည်ဖြင့် တိုက်နေသော်လည်း ကိုးကန့်အုပ်ချုပ်ရေးအောက် ရောက်မည်မဟုတ်ပေ။ UWSA ၏ အုပ်ချုပ်ရေးအောက်သို့သာ ရောက်ပေမည်။ ထို့ပြင် ပန်လုံဒေသသို့ ဟိုပန်မှ သွားလျင် ရသော်လည်း တာကော်အက်၊ မန်မန်းဆိုင်၊ မော်ဖါဒေသသို့မူ UWSA ဒေသမှ ဖြတ်လျင်ဖြတ် သို့မဟုတ်ပါက လားရှိူးကို သိမ်းပြီးမှ သွား၍ ရမည်။
လားရှိုးသည်၎င်း၊ ရှမ်းအရှေ့သည်၎င်း စိတ်ဝင်စားဖွယ်ဖြစ်သကဲ့သို့ UWSA ဗြောင်အတိအလင်း မည်သည့် အချိန်ထွက်မည်ဆိုသည်က စိတ်ဝင်စားဖွယ်ဖြစ်၏။
သို့ဖြစ်ရာ လားရှိုးသည်၎င်း၊ ရှမ်းအရှေ့သည်၎င်း စိတ်ဝင်စားဖွယ်ဖြစ်သကဲ့သို့ UWSA ဗြောင်အတိအလင်း မည်သည့် အချိန်ထွက်မည်ဆိုသည်က စိတ်ဝင်စားဖွယ်ဖြစ်၏။
ရှမ်းအရှေ့ လှုပ် မလှုပ်
ထိုင်းနယ်စပ် မိုင်းဆတ်၊ မိုင်းတုံမြို့နယ်များထဲတွင် UWSA ၁၇၁ စစ်ဒေသမှ အင်အား ၉,၀၀၀ ခန့်နှင့် ပြောင်းရွှေ့အခြေချသည့် ဝ လူမျိုး တသိန်းခန့်ရှိ၏။ UWSA တပ်များသည် တာချီလိတ်အောက်ဘက်မှ ထိုင်းနယ်စပ်တလျှောက် တည်ရှိပြီး မိုင်းဆတ်၊ မိုင်းတုံ၊ မုန်းထမှသည် သံလွင်မြစ်အနီး ခိုင်လုံအထိ ဖြန့်ခွဲထားရှိသည်။
မြန်မာစစ်တပ်နှင့် စစ်ရေးအရ ရင်ဆိုင်ရပါက UWSA တပ်များသည် သံလွင်အရှေ့ခြမ်း၊ မြောက်ဘက်ခြမ်းတွင် သာမကဘဲ မိုင်းပျဉ်း၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ်ကားလမ်းအားဖြတ်၍ ထိုင်းနယ်စပ်ရှိ UWSA ထိန်းချုပ်နယ်မြေများနှင့် ဆက်စပ်နိုင်သည်။ ဆိုရလျှင် ရှမ်းပြည်နယ် သံလွင်မြစ်အရှေ့ဘက်ခြမ်းတခုလုံး UWSA နှင့် သူ၏မဟာမိတ်များ ထိန်းချုပ်သွားပေလိမ့်မည်။
လက်ရှိ မြောက်ပိုင်းသုံးဖွဲ့သည် UWSA နှင့် မဟာမိတ်ဖြစ်သည့်အပြင် ဝနယ် အခြေပြု၍ လှုပ်ရှားမှုများရှိခဲ့သည်ကို UWSA က ခွင့်ပြုထားကြောင်း အားလုံးအသိဖြစ်၏။ ထို့ပြင် NDAA မိုင်းလားသည် MNDAA ၏ နောက်တန်းဌာနချုပ်ဖြစ်ပြီး လူသူလက်နက် စုဆောင်းရာ ဖြစ်သည်။ NDAA မိုင်းလားသည် မြန်မာစစ်တပ်နှင့် ဆက်ဆံရေးကောင်းမွန်အောင် ထားရှိသော်လည်း MNDAA ကို ကူညီနေကြောင်း စစ်တပ်က မသိ၍ မဟုတ်ပေ။
NDAA ကို တိုက်ပါက UWSA ပါ တိုက်ရမည်ဖြစ်၍ စစ်မျက်နှာ အကျယ်ကြီး မဖွင့်နိုင်သောကြောင့် ဖြစ်သည်။ မိုင်းလားဒေသတွင် UWSA တပ်များ ချထားပြီး ဝ နယ် လုံခြုံရေးအတွက် မိုင်းလားကို UWSA က အထိမခံပေ။ ထို့ပြင် UWSA တပ်များ ရှမ်းအရှေ့တွင် လှုပ်ရှားလာပါက NDAA မိုင်းလားလည်း မလွှဲမရှောင်သာ ပါဝင်လာမည် ဖြစ်၏။ သံလွင်အရှေ့ခြမ်း ရှမ်းအရှေ့တွင် UWSA တပ်အင်အား ၃၀,၀၀၀ ခန့်နှင့် NDAA အင်အား ၆,၀၀၀ ခန့်ရှိပြီး မြောက်ပိုင်းသုံးဖွဲ့ထက် စစ်လက်နက် ခဲယမ်းအင်အား ပို၍တောင့်သော တပ်ဖွဲ့ဖြစ်၏။
ရှမ်းအရှေ့ ကျိုင်းတုံကို အခြေပြုသည့် တြိဂံတိုင်းစစ်ဌာနချုပ်ခေါ် တသခ တွင် တိုင်းလက်အောက်ခံ တပ်ရင်း ၂၁ ရင်းနှင့် မိုင်းဖြတ်အခြေပြု စကခ ၁၈၊ မိုင်းဆတ်အခြေပြု စကခ ၁၄ မှ တပ်ရင်း ၂၀၊ ပေါင်း ၄၁ ရင်း ရှိ၏။ ယခုအခါ ရမခ၊ ကရင်နီနှင့် အခြားဒေသများသို့ ၁၅ ရင်းခန့် ထုတ်နုတ် စစ်ကူပို့ထားရရာ တသခ နယ်မြေတွင် ၂၆ ရင်းခန့်သာ ရှိ၏။ တသခ တွင် ခြေလျင်တပ်ရင်းများအပြင် သံချပ်ကာ တရင်း၊ အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်တခုနှင့် အမတ ၁၁ ရင်း ရှိ၏။ ကျန်သည်က လက်ရုံးနှင့် စစ်ဝန်ထမ်းတပ်များ ဖြစ်၏။
တိုက်ခိုက်ရေးတပ်ရင်း ၂၆ ရင်းမှာ အများဆုံး တရင်း ၁၅၀ ရှိပါက ၄,၀၀၀ ခန့်ရှိပြီး အမတ၊ သံချပ်ကာ၊ စစ်ဝန်ထမ်းနှင့် လက်ရုံးတပ်က ၃,၀၀၀ ခန့်သာရှိနိုင်သည်။ သို့ဖြစ်ရာ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ၊ တာတိုပစ်ဒုံးအကူအညီများ သုံးသော်ငြားလည်း မြေပြင်တပ်ချင်း မယှဉ်နိုင်ပေ။
ရှမ်းအရှေ့တွင် လှုပ်လာပါက မြေပြင်စစ်ကူ ပို့ပေးရန် မြန်မာစစ်တပ်အဖို့ တပ်ထုတ်နုတ်ရန် ပို၍ ခက်ခဲသွားမည် ဖြစ်၏။
ရှမ်းအရှေ့တွင် လှုပ်လာပါက မြေပြင်စစ်ကူ ပို့ပေးရန် မြန်မာစစ်တပ်အဖို့ တပ်ထုတ်နုတ်ရန် ပို၍ ခက်ခဲသွားမည် ဖြစ်၏။ ထို့ပြင် ရှမ်းပြည်တောင်ပိုင်းတွင် ရှမ်း SSPP/ SSA နှင့် တွဲထားသော UWSA အင်အား ၃,၀၀၀ ခန့်သည် ပြန်လည် ဆုတ်ခွာခြင်း မရှိသေးရာ ရှမ်းအရှေ့ လှုပ်လာပါက ရှမ်းတောင်ရှိ SSPP/ SSA နှင့် UWSA သည်လည်း လှုပ်လာနိုင်ရာ ၂၀၂၄ ခုနှစ်အတွက် မြန်မာစစ်တပ် ကြုံရမည့် အိပ်မက်ဆိုးများ ဖြစ်သည်။
မြန်မာစစ်တပ်အတွက် အိပ်မက်ဆိုးများ
စစ်ကောင်စီ လော်ဘီများ၊ နိုင်ငံရေးဇာတ်ပျက်များ၊ မြန်မာစစ်တပ် အထိုင်ပျက်မည်ကို စိုးရွံ့နေသူများသည် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး နှစ်လကျော်သည်အထိ စစ်တပ်က အင်အားစုစည်းနေပြီး ပြန်လည် ထိုးစစ်ဆင်နိုင်လိမ့်မည်ဟု ပြောဆိုနေကြဆဲဖြစ်၏။
သို့သော် ထိုသူတို့သည် စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေးတပ်ရင်း ၅၀၀ ကျော်ကို စစ်မျက်နှာ မြေပြင်ဖြန့်ခွဲထားမှု အခြေအနေအား အသေးစိတ်လေ့လာခြင်း မပြုဘဲ ယေဘုယျအသိဖြင့် ပြောဆိုနေကြခြင်း ဖြစ်၏။ လက်တွေ့တွင် တပ်ရင်းအလိုက် စစ်အင်အားလျော့ကျနေပြီး ရှမ်းမြောက်တွင် တပ်ရင်းလိုက်ပြုတ်သည့်အပြင် တပ်ရင်းနံပါတ်များပါ ပျောက်သွားနေပြီဖြစ်၏။
တနိုင်ငံလုံး၌လည်း တပ်ဖြန့်ခွဲထား၍ တပ်အင်အား မလုံလောက်တော့ခြင်းနှင့် စစ်ပမ်းမှုကြောင့် စိတ်ဓာတ်ကျဆင်းနေမှုကို လက်တွေ့မြေပြင်တွင် မြင်တွေ့နေရ၏။ မိုင်းငေါ့၊ မန်တုံ၊ နမ့်ဆန်၊ နမ္မတူ၊ နမ့်ခမ်းတိုက်ပွဲများကဲ့သို့ ကိုယ့်ဒေသတွင်း ပြေးပေါက်ရှိသူများ၊ အိန္ဒိယနယ်စပ်တွင် AA၊ ချင်း CDF တို့နှင့် တိုက်ခိုက်သည့်တပ်များကဲ့သို့ အိန္ဒိယသို့ ပြေးပေါက်ရှိသူများ ပြေးနိုင်သေးသော်လည်း ပြေးပေါက်မရှိဘဲ ဝိုင်းပိတ်ခံထားရသူများက အချိန်ကြာမြင့်လေ စိတ်ဓာတ်ကျဆင်းလေဖြစ်၏။
၂၀၁၅ ခုနှစ် ကိုးကန့်စစ်ပွဲတွင် အင်အား ၂,၀၀၀ ခန့်သာရှိသော MNDAA တပ်မဟာ နှစ်ခုကို စစ်တပ်က ကိုးကန့်ဒေသတွင်းတွင်ပင် အင်အား ၇,၀၀၀ ခန့်နှင့် ရင်ဆိုင်နိုင်ခဲ့သော်လည်း ယခု အင်အား ၁၀ ဆတိုးလာသည့် မြောက်ပိုင်းသုံးဖွဲ့ကို ရှမ်းမြောက်တခုလုံးတွင် စစ်တပ်က အင်အား ၇,၀၀၀ ခန့်နှင့်သာ ရင်ဆိုင်ရသည့် အခြေအနေသည် များစွာ ကွာခြားသွားပြီဖြစ်၏။
မြန်မာစစ်တပ်က အင်အားစုပြီး ပြန်ထိုးမည်ဆိုပါက မည်သည့်နေရာက တပ်ကိုထုတ်နုတ်ပြီး မည်သည့်လမ်းကြောင်းက မည်သို့ထိုးမည်နည်းဟုသာ မေးခွန်းထုတ်ရုံသာ ကျန်၏။
ထို့ပြင် စစ်မြေပြင် အနေအထားအရ စစ်တပ် ထိုးစစ်ဆင်ရန် မလွယ်ကူတော့ပေ။ ဖြစ်နိုင်ခြေ မရှိတော့ပေ။ မြန်မာစစ်တပ်က အင်အားစုပြီး ပြန်ထိုးမည်ဆိုပါက မည်သည့်နေရာက တပ်ကိုထုတ်နုတ်ပြီး မည်သည့်လမ်းကြောင်းက မည်သို့ထိုးမည်နည်းဟုသာ မေးခွန်းထုတ်ရုံသာ ကျန်၏။ လေလုံးထွားနိုင်သော်လည်း လက်တွေ့မြေပြင်တွင် သက်သေပြရန် ခက်ခဲ၏။
ယခု ရှမ်းအရှေ့နှင့် ပတ်သက်၍လည်း ၁၀၂၇ စစ်ဆင်ရေး၏ ရှမ်းမြောက်ဒေသ စစ်ရေးရလဒ်၊ မြောက်ပိုင်းသုံးဖွဲ့နှင့် UWSA, NDAA, SSPP တို့၏ မဟာမိတ်ဖွဲ့မှု၊ UWSA ၏ စစ်အင်အားနှင့် နိုင်ငံရေးရည်မှန်းချက်၊ မြန်မာစစ်တပ်၏ စစ်ရေးအရ တပ်ဖြန့်ခွဲနိုင်စွမ်းနှင့် တိုက်စွမ်းရည်တို့ကို ပေါင်းရုံးသုံးသပ်ကြည့်ပါက ရှမ်းအရှေ့၏ အပြောင်းအလဲများကို ၂၀၂၄ ခုနှစ်အတွင်း မြင်တွေ့ရပေလိမ့်မည်။ ရှောင်လွှဲ၍ ရမည်မဟုတ်ပေ။
၁၉၄၈ ခုနှစ်ကတည်းက ပြည်တွင်းစစ် စတင်ခဲ့ပြီး ၁၉၆၂ ခုနှစ်ကတည်းက စစ်တပ်အာဏာသိမ်းကာ စစ်လက်နက်နိုင်ငံတော်အဖြစ် ထူထောင်ခဲ့သည့် နိုင်ငံတခုသည် စစ်တပ်ပြိုကွဲကျဆုံးချိန်တွင် ရှောင်လွှဲမရသည့် အပြောင်းအလဲများကို ကြုံရပေလိမ့်မည်။ ယတြာကောင်းပါသည်ဆိုသည့် ကျိုင်းတုံက ဝစီပိတ်ဘုန်းကြီးလည်း ကယ်နိုင်မည် မဟုတ်ပေ။
You may also like these stories:
လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး
စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တန့်စေနိုင်
ကိုးကန့်ကို အနာကြည်းဆုံးပုဂ္ဂိုလ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ
၂၀၂၃ ခုနှစ် မြန်မာပြည်၏ အမှန်နှင့် အမှောင် အင်အားစုများ
စစ်ကောင်စီတပ် စုပေါင်းစပ်ပေါင်း ဖွဲ့ထားရကြောင်း သံဘိုတပ်စခန်း သက်သေပြ