ခူးရီးဒူကို ကျနော် ပထမဆုံး စတွေ့တာက ဒီးမော့ဆိုအရှေ့ခြမ်းတနေရာက လျှပ်စစ်မီးမရှိတဲ့ ထရံကာ တဲလေးတလုံး ပေါ်မှာဖြစ်ပြီး တဲပေါ်မှာတော့ ရီးဒူဟာ သူ့ရဲဘော်တယောက်နဲ့ စစ်တုရင်ထိုးနေပါတယ်။ ခူးရီးဒူဟာ ကရင်နီ အမျိုးသား များကာကွယ်ရေးတပ် (KNDF) ရဲ့ စစ်ရေးချုပ်ဖြစ်ပြီး အတွင်းရေးမှူး ၃ တာဝန်ယူထားသလို KNDF စစ်ဗျူဟာအမှတ် ၆ ရဲ့ ဗျူဟာမှူးလည်း ဖြစ်ပါတယ်။ လက်ရှိရာထူးတာဝန် ၃ ခုကို တပြိုင်နက်တည်းထမ်းဆောင်နေတဲ့ ခူးရီးဒူဟာ အသက် ၂၇ နှစ်အရွယ်သာ ရှိပါတယ်။
စစ်တုရင်ထိုးနေတဲ့ ခူးရီးဒူနဲ့တို့ရဲ့ ပွဲကို အခြား KNDF ရဲဘော်တွေက ဝိုင်းထိုင် ကြည့်နေကြပါတယ်။ ဘောလုံးကန် ဘောင်းဘီတိုနဲ့ ခူးရီးဒူဟာ ဖယောင်းတိုင်မီးရောင်အောက်က စစ်တုရင်ခုံကို ကွမ်းဝါးရင်း စိုက်ကြည့်နေပါတယ်။ သူ့ကို ကြည့်ရတာ စစ်တုရင်ပွဲကိုသာ အာရုံ စူးစိုက်နေပုံပါ။
ခူးရီးဒူဟာ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးနဲ့ အရပ်မြင့်ပြီး ပိန်ပါးသော်လည်း ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရှိပါတယ်။ သူ့ရဲ့ ဘယ်ဘက် လက်ဖျံမှာ M – 16 မောင်းပြန်ရိုင်ဖယ် ၁ လက်ပုံကို တက်တူးထိုးထားတာ တွေ့ရပါတယ်။ ကျနော်တို့ သူ့ဆီ ရောက် သွားတဲ့အချိန်ဟာ ညမိုးချုပ်နေပြီဖြစ်တာကြောင့် တယောက်နဲ့တယောက် မိတ်ဆက်ပြီးတော့သာ တည်းခိုတဲ့နေရာကို ကျနော်တို့ ပြန်လာခဲ့ရပါတယ်။
ခူးရီးဒူနဲ့ သေချာစွာ စကားမပြောခဲ့ရပေမယ့် သူဟာ စစ်သားဆန်ပြီး ပြတ်သားတဲ့ တော်လှန်ရေးသမား ဖြစ်တယ်ဆိုတာ သူနဲ့နီးစပ်ခင်မင်သူတွေက ပြောပြပါတယ်။ သူနဲ့တွေ့ဆုံစကားပြောဖြစ်တဲ့အခါမှာလည်း သူဟာ တကယ်ကို စစ်သားဆန်ပြီး ပြတ်သားတဲ့ လူငယ်တော်လှန်ရေးသမားဖြစ်တယ်ဆိုတာကို သတိထားမိပါတယ်။
ဥပမာအားဖြင့် KNDF တပ်ရင်း (၁၀) တည်ထောင်မှု ၂ နှစ်ပြည့်ပွဲမှာ သူ့ရဲဘော်တွေကို ပြောတဲ့ ခူးရီးဒူရဲ့ မိန့်ခွန်းပါ စကားကိုကြည့်ရင် သိသာပါတယ်။
“ခင်ဗျားတို့ သေဖို့ ကြောက်နေတယ်။ သတ်ဖို့ ဖြတ်ဖို့ ကြောက်နေတယ်ဆိုရင် ရဲဘော်မလုပ်နဲ့လို့ ပြောချင်တယ်။ သတ်ဖြတ်တယ်ပြောတာက မှန်ကန်တဲ့နည်းလမ်းကို ပြောခြင်းဖြစ်တယ်။ အထူးသဖြင့် ရန်သူနဲ့ ရင်ဆိုင်တဲ့အခါမှာ သတ္တိရှိဖို့လိုတယ်။ သတ်ရဲရမယ်၊ ဖြတ်ရဲရမယ်။ သေသင့်တဲ့သူသေရမယ်ဆိုတဲ့ အတိုင်းပဲ။ သေသင့်တဲ့သူ သေရမယ်။ ရှင်သင့်တဲ့သူ ရှင်ရမယ်” လို့သူက ဆိုပါတယ်။
ငယ်ဘဝ

ခူးရီးဒူဟာ အသက် ၂၇ နှစ် အရွယ်သာရှိသေးတဲ့ ကယားလူမျိုး လူငယ်တော်လှန်ရေးသမားတဦးဖြစ်ပေမယ့် နွမ်းပါးတဲ့ မိသားစုက လာသူဖြစ်တယ်လို့ သူပြောပြလို့ သိရပါတယ်။ အမနဲ့ ညီမတွေ ကျောင်းတက်နိုင်ဖို့ ၈ တန်းအထိပဲ ကျောင်းနေခဲ့ရတယ်လို့လည်း ဆိုပါတယ်။
သူဟာ ကရင်နီ (ကယား) ပြည်နယ် ၊ လွိုင်ကော်မြို့ဇာတိဖြစ်ပြီး မိခင်နဲ့ ဖခင်က ဗုဒ္ဓဘာသာ ကိုးကွယ် ယုံကြည်သူတွေ ဖြစ်ပြီး သူ့အနေနဲ့တော့ ကယားရိုးရာဓလေ့ကိုသာ ယုံကြည်တယ်လို့ ဆိုပါတယ်။
၂၀၁၀ ပြည့်နှစ်မှာတော့ သူဟာ ထိုင်း-ကရင်နီနယ်စပ်ကို ရောက်လာပြီး ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP) က ဖွင့်တဲ့ ကရင်နီအမျိုးသားကောလိပ်မှာ ကျောင်းဆက်တက်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ သိပ္ပံဘာသာရပ် အထူးပြုဘွဲ့ရခဲ့ပြီး ထိုင်း-ကရင်နီနယ်စပ်က အမှတ် (၁) ကရင်နီဒုက္ခသည်စခန်းမှာ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ကျောင်းဆရာအဖြစ် ၂ နှစ် လုပ်ကိုင်ခဲ့ပေမယ့် သူဟာငယ်စဉ်က ရည်မှန်းချက် မယ်မယ်ရရ ရှိခဲ့သူမဟုတ်ဘူးလို့လည်း ဆိုပါတယ်။
သူက “ငယ်ငယ်တုန်းက ဘာရည်မှန်းချက်မှ မရှိဘူး။ မရှိဘူးလို့ ပြောရမှာပေါ့လေ။ ကျောင်းဆရာ လုပ်ပြီးတဲ့အထိ ကတော့ မယ်မယ်ရရ ရည်မှန်းချက် မရှိဘူး။ အဲဒီနောက်တော့ ကျနော်တို့ရပ်ရွာတွေကို၊ ပြည်နယ်ကို ၊ လူထုတွေကို တထောင့် တနေရာကနေ ပါဝင်ကူညီနိုင်တဲ့သူတဦးလောက်ပဲ ကျနော်ဖြစ်ချင်ခဲ့တာ” လို့ ပြောပါတယ်။
ကျောင်းဆရာဘဝမှ တက်ကြွလှုပ်ရှားသူဘဝသို့
ကျောင်းဆရာအဖြစ် လုပ်ကိုင်ခဲ့ပြီးနောက်မှာတော့ ခူးရီးဒူဟာ ကယားလီဖု လူငယ်အဖွဲ့မှာပါဝင်ပြီး ကရင်နီ (ကယား) ပြည်နယ်ထဲက ဆန္ဒပြပွဲတွေမှာ ပါဝင်လာပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဦးဆောင်တဲ့ အစိုးရလက်ထက် ပြည်နယ်ရဲ့ မြို့တော်လွိုင်ကော်မြို့လယ်မှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်စိုက်ထူမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာလည်း သူပါခဲ့ပါတယ်။
ခူးရီးဒူအပါအဝင် တက်ကြွလှုပ်ရှားသူ လူငယ် ၆ ဦးဟာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထု စိုက်ထူခြင်းကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုအပါအဝင် စီမံဘဏ္ဍဝန်ကြီးတို့ကို ကရင်နီအမျိုးသား သစ္စာဖောက်များအဖြစ် သတ်မှတ် ကြေညာခဲ့ပါသေးတယ်။
အဲဒီလုပ်ရပ်နဲ့ပတ်သက်လို့ ကယားပြည်နယ်အစိုးရက နိုင်လွတ်လုံ (နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု ကာကွယ်စောင့်ရှောက်ရေး) ဥပဒေနဲ့ တရားစွဲဆိုခဲ့တာကြောင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာ ခူးရီးဒူတယောက် ထောင်ကျခဲ့ရပါတယ်။
တော်လှန်ရေးသမားဖြစ်လာခြင်း
ခူးရီးဒူဟာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းတာကို သိတဲ့အချိန်မှာ ဝမ်းသာခဲ့သူဖြစ်ပါတယ်။ သူဝမ်းသာရတာနဲ့ ပတ်သက်တဲ့ အကြောင်းအရင်းကလည်း သူ့မှာ ခိုင်ခိုင်မာမာ ရှိနေပါတယ်။
“စစ်ကောင်စီ အာဏာသိမ်းလိုက်တယ်ပြောတဲ့ အချိန်မှာ ဝမ်းသာတယ်။ အဲဒီလိုမဟုတ်ရင် လက်ရှိ လူငယ်တွေက နိုင်ငံရေး၊ စစ်ရေးတို့မှာ ဘာမှ စိတ်ဝင်စားမှာ မဟုတ်ဘူး။ ဘာမှစိတ်မဝင်စားကြရင် ကျနော်တို့ ပြည်နယ်က ဒီထက်ပို တိုးတက်မှု မရှိဘဲ ဒီထက်ပို ဆုတ်ယုတ်သွားနိုင်တယ်။ လက်ရှိအာဏာသိမ်းလိုက်တော့ အရင်တုန်းကလည်း စစ်ကောင်စီက ဒီလိုလုပ်ခဲ့ပါလားဆိုတဲ့ဟာမျိုး သူတို့ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ ဖြစ်သွားတယ်ပေါ့။ ကျနော့်အနေနဲ့ ဝမ်းသာတယ်လို့ပဲ ဝန်ခံရမှာပဲ” လို့ ပြောပါတယ်။
စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် ကရင်နီ (ကယား) ပြည်နယ်မှာ ပြုလုပ်တဲ့ အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ခူးရီးဒူလည်း အများနည်းတူ ပါဝင်လာပါတယ်။ စစ်တပ်က ဆန္ဒပြလူငယ်တွေကို အကြမ်းဖက် ပစ်ခတ်မှုတွေ လုပ်လာ ချိန်မှာတော့ ခူးရီးဒူဟာ အခြားသော သပိတ်ခေါင်းဆောင်တွေနဲ့အတူ စစ်ကောင်စီတပ်ကို လက်နက်ကိုင် တော်လှန်ဖို့ စဉ်းစား ပြင်ဆင်လာခဲ့တယ်။
လက်နက်ကိုင်တော်လှန်ရေးအတွက် တပ်ဖွဲ့ခဲ့ရပုံကို ခူးရီးဒူက “အဲဒီအချိန်မှာ ၂ ဖွဲ့ရှိတယ်ဗျ။ လက်ရှိကျနော်တို့ ဥက္ကဋ္ဌ ကိုဘီထူးတို့၊ အတွင်းရေးမှူး ၁ နဲ့ ၂ ဖြစ်တဲ့ မာဝီတို့၊ ကိုဒီးဒီတို့က အဲဒီအချိန်မှာ သင်တန်းက သီးသန့်တနေရာမှာ လုပ်တယ်။ လူငယ်တွေစုတယ်။ ကျနော်ကလည်း ကျနော့်လမ်းစဉ်နဲ့ကျနော်ပေါ့။ ကျနော်လည်း သီးသန့်တဖွဲ့ ချတယ်။ အဲဒီအချိန်မှာက တခါတည်း KNDF ဖြစ် မလာသေးဘူး။ သူတို့က လမ်းမကြီး အနောက်ဘက်ခြမ်းမှာ သင်တန်းပေးတယ်။ ကျနော်တို့လည်း အရှေ့ဘက်ခြမ်းမှာ သင်တန်းပေးတယ်” လို့ ရှင်းပြပါတယ်။
နောက်ပိုင်းမှာတော့ သပိတ်ကော်မတီက ဆင်းသက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ ၂ ဖွဲ့ဟာ ကရင်နီပြည်နယ် အရေးကို ရှေးရှု၍ နှစ်ဖက်ဆွေးနွေးတိုင်ပင်ပြီး တခုတည်းသောတပ်အဖြစ် ပူးပေါင်းလိုက်ကြပါတယ်။

အဲဒီအခါမှသာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အဖြစ် ပီပီပြင်ပြင် ပေါ်ထွက်လာခဲ့တယ်လို့ ခူးရီးဒူက ဆိုပါ တယ်။ KNDF ပေါ်လာပြီးတဲ့နောက် ခူးရီးဒူဟာ KNDF ဗဟိုကော်မတီမှာ အတွင်းရေးမှုး (၃) နဲ့ စစ်ရေးချုပ် ဖြစ်လာပါတယ်။ နောက်ပိုင်း KNDF က တပ်ရင်းတွေကို ဗျူဟာအဖြစ် ပြန်လည်စုဖွဲ့တဲ့အခါမှာတော့ ခူးရီးဒူဟာ လွိုင်ကော်- ဒီးမော့ဆို -ဘော်လခဲ လမ်းမကြီးရဲ့ အရှေ့ဘက်အခြမ်းကို စိုးမိုးလှုပ်ရှားတဲ့ KNDF ဗျူဟာ ၆ ရဲ့ ဗျူဟာမှူး ဖြစ်လာပါတယ်။
ခူးရီးဒူရဲ့ နာမည်ကျော်တိုက်ပွဲများ
ခူးရီးဒူဟာ အာဏာသိမ်းမှုဖြစ်ပြီးနောက် ကရင်နီမှာ စစ်ကောင်စီတပ်ကို အထိနာအောင် တိုက်ခဲ့တဲ့ ကရင်နီတပ်မှူးတွေ ထဲက တဦးဖြစ်ပြီး သူ့အတွက် မေ့မရနိုင်တဲ့ တိုက်ပွဲတွေရှိပါတယ်။ တကယ်တော့ ရီးဒူဟာ အာဏာသိမ်းမှု မဖြစ်မီ ထိုင်း-ကရင်နီနယ်စပ်မှာကတည်းက စစ်ပညာနဲ့ မစိမ်းတဲ့ လူငယ်တဦးပါ။
သူဟာ KNPP ရဲ့ လက်နက်ကိုင်တပ်ဖြစ်တဲ့ ကရင်နီတပ်မတော် (KA) ရဲဘော်တွေ စစ်ရေးလေ့ကျင့်တာကို တွေ့မြင်ယဉ်ပါး နေသူ ဖြစ်ပါတယ်။ ခူးရီးဒူဟာ KA ကွန်မန်ဒိုသင်တန်းဆင်းဖြစ်တယ်လို့ သတင်းကြားရပေမယ့် သူကတော့ ဒီအကြောင်းကို ကျနော်နဲ့ စကားပြောစဉ်မှာ ထည့်ပြောခဲ့တာ မရှိပါဘူး။
စစ်ပညာလေ့လာဖြစ်ခဲ့ပုံကို ခူးရီးဒူက “ကျနော်တို့ကျောင်းတက်ကတည်းက တပ်မတော်နေ့တို့၊ အာဇာနည်နေ့တို့ဆိုရင် အမြဲပါဝင်ပြီးမှ တွေ့နေကြတာပေါ့။ ရဲဘော်တွေ ဘယ်လိုနေထိုင်လဲ။ ဘယ်လိုစားသောက်လဲ။ သူတို့တွေက ဘာလုပ်လဲဆိုတာက ကိုယ့်ရဲ့ သင်ယူစရာ ပတ်ဝန်းကျင်နံပါတ် ၁ ပေါ့။ အာဏာမသိမ်းခင်က တိုက်ပွဲ ၁ ပွဲသွားဖူးတယ်။ ရှားတောမှာ။ ဒေါလဲခူမှာပေါ့။ အဲဒီအချိန်တုန်းက ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုတို့ ဦးဆောင်နေတဲ့ ခေတ်ပေါ့”လို့ ပြန်ပြောပြပါတယ်။
စစ်အာဏာသိမ်းလိုက်လို့ လက်နက်ကိုင်တော်လှန်ရေးကို စရွေးပြီးတဲ့နောက် ခူးရီးဒူအတွက် ပထမဆုံး ကြုံရတဲ့ တိုက်ပွဲကတော့ KNDF နာမည်မရွေးခင် ၂၀၂၁ ခုနှစ်၊ မေလလောက်မှာ ဖြစ်တဲ့ တိုက်ပွဲပဲ ဖြစ်ပါတယ်။
အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြတဲ့ လူငယ် ၅၀ ကို ဖမ်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဒီးမော့ဆိုမြို့နယ် ညောင်ကိုင်း အရပ်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ ။ အဲဒီတိုက်ပွဲဟာ ခူးရီးဒူအတွက် ပထမဆုံးရတဲ့အောင်ပွဲဖြစ်ပြီး စစ်ကောင်စီရဲ့ ကား ၃ စီး မီးလောင်စေခဲ့သလို ဖမ်းဆီးလာတဲ့ လူငယ်အကုန်လုံးကိုလည်း လွတ်မြောက်စေတဲ့ပွဲ ဖြစ်ပါတယ်။
အဲဒီတိုက်ပွဲမှာ ခူးရီးဒူတို့ဘက်က ခေတ်မီလက်နက်ဆိုလို့ RPG (ပုခုံးထမ်းဗုံးပစ်လောင်ချာ) တလက်နဲ့ မောင်းပြန်ရိုင်ဖယ် ၂ လက်သာပါပြီး ကျန်လူများကတော့ လက်လုပ်အမဲလိုက်သေနတ်တွေသာ ကိုင်ဆောင်တိုက်ခဲ့ရတာဖြစ်ပါတယ်။ စစ်မြေပြင် မှာ ကိုယ်တိုင်တိုက်ပွဲဝင်တတ်တဲ့ ခူးရီးဒူဟာ မကြာခဏ ဒဏ်ရာရလေ့ရှိပြီး ၂၀၂၁ ခုနှစ်ထဲက တိုက်ပွဲ တပွဲမှာတော့ သေဘေးနဲ့ ကြုံတဲ့အထိ ဖြစ်ခဲ့တယ်လို့ ပြောပြပါတယ်။
သူက “ခေါင်းရဲ့ နောက်စေ့တည့်တည့်ကို ထိတာ။ အဲဒါက ဘယ်တိုက်ပွဲလဲဆိုရင် ကျောက်ဆည်ကန်တိုက်ပွဲပေါ့။ သေနတ်လည်း အများကြီးရတယ်။ အဲဒီတုန်းက ကျနော်တို့ အစည်းအဝေးထိုင်နေကြတာ။ KNDF ကို ဖွဲ့စည်းနိုင်ဖို့က ကရင်နီတပ်မတော် (KA) ပါမယ်။ ကျနော်တို့ KNDF က လူတွေရယ် တွေ့ဆုံပြီးတော့မှ KNDF ကိုဖွဲ့နိုင်ဖို့ အစည်းအဝေး လုပ်ရင်းနဲ့ သေနတ်ပေါက်တယ်ပြောတော့ ကျနော်အစည်းအဝေး မဂျွိုင်းတော့ဘူးဆိုပြီးတော့မှ ပြန်တိုက်တယ်ပေါ့လေ။ အဲဒီပွဲက ကရင်နီပြည်မှာ ပထမဆုံး ဂျက်ဖိုက်တာနဲ့ လာပစ်တဲ့ပွဲ ၊ အဲဒီမှာခေါင်းထိတာ သေချာ မကုလို့ တပတ်လောက် ရူးသလိုလို ဖြစ်ခဲ့သေးတယ်” လို့ ပြောပါတယ်။
ခူးရီးဒူရဲ့ နာမည်ကို ပိုမိုထင်ရှားစေပြီး အောင်မြင်မှုရစေခဲ့တဲ့ တိုက်ပွဲကတော့ ဒီးမော့ဆိုအရှေ့ခြမ်းကို ထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကို ၃ လတာ ခုခံတိုက်ခိုက်ခဲ့တဲ့ ဒေါတမကြီးတိုက်ပွဲအဖြစ် လူသိများခဲ့တဲ့ တိုက်ပွဲပဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ၂၀၂၃ ခုနှစ်၊ မတ်လမှာ ဒီးမော့ဆိုအရှေ့ခြမ်းကို ဒီးမော့ဆိုနဲ့ လွိုင်ကော်ဘက်က စစ်ဗျူဟာ ၁ ခုစာ စစ်ကြောင်းတွေထိုးလာပြီး ဘော်လခဲဘက်ကနေလည်း စစ်ဗျူဟာတခုစာအင်အားနဲ့ ထိုးစစ်ဆင်လာခဲ့ပါတယ်။
အဲဒီထိုးစစ်ကို ခူးရီးဒူနဲ့ သူ့ကွပ်ကဲမှုအောက်မှာရှိတဲ့တပ်ရင်းတွေဟာ စစ်ကောင်စီစစ်ကြောင်းအထိနာတဲ့အထိ ပြန် ခုခံနိုင်ခဲ့ပါတယ်။ ဒေါတမကြီးကျေးရွာအနီးမှာဆိုရင် စစ်ကောင်စီရဲ့ ခမရ ၅၁၅ တပ်ရင်း တရင်းလုံးနီးပါး ပြုတ်အောင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့အလောင်းကို တွန်းလှည်း ၃ စီးစာ တင်ယူရတဲ့အထိ သေဆုံးအောင် တိုက်ခဲ့တာပါ။
အဲဒီတိုက်ပွဲဟာ သူ့အနေနဲ့ အနားမရဘဲ စစ်မျက်နှာ နှစ်ဖက်ဖွင့်တိုက်ခဲ့ရတဲ့ တိုက်ပွဲဖြစ်တယ်လို့ ခူးရီးဒူက ပြန်ပြောပါတယ်။
သူက “ကျနော်တို့တိုက်တာက အပေါ်ဘက်မှာ ၂ ရက် ၃ ရက်တိုက်လိုက် ၊ စစ်ကောင်စီက ဆုတ်တယ်ဆိုရင် အောက်ဘက်က စစ်ကောင်စီတပ်ကို ပြန်ဆင်းတိုက်လိုက် အဲဒီလိုမျိုး။ နားတောင် မနားရဘူး။ ၃ လအတွင်းပေါ့။ အဲဒီ ၃ လအတွင်းမှာတော့ လက်နက်အားလုံးပေါင်း ၁၃၈ လက်ရတယ်။ အဲဒီတိုက်ပွဲတွေက အမှတ်ရစရာပဲ” လို့ ပြန်ပြောင်း ပြောပါတယ်။
လက်ရှိမှာလည်း ခူးရီးဒူဟာ တိုက်ပွဲနဲ့ ဝေးမနေဘဲ စစ်ကောင်စီရဲ့ ဒေသကွပ်ကွဲမှု စစ်ဌာနချုပ် (ဒကစ) အခြေစိုက်ထားတဲ့ လွိုင်ကော်မြို့ကို သိမ်းယူနိုင်ရေး ဆင်နွှဲတဲ့ ကရင်နီပူးပေါင်းတပ်များရဲ့ “၁ လေးလုံးစစ်ဆင်ရေး”မှာ ပါဝင်တိုက်နေပါတယ်။
ရိုးရာဓလေ့ကို တန်ဖိုးထားတဲ့စစ်သား

ခူးရီးဒူဟာ ခေတ်ပညာတတ် လူငယ် စစ်ရေးချုပ်ဖြစ်ပေမယ့် ရိုးရာဓလေ့ကို တန်ဖိုးထားသူလည်းဖြစ်ပါတယ်။ သူဟာ ကယားရိုးရာဓလေ့အရ ကြက်ရိုးထိုးနည်းကို လုပ်ရတာ စိတ်ဝင်စားသူဖြစ်ပါတယ်။
သူနေတဲ့တဲရဲ့ အဝင်တံခါးရဲ့အပေါ်ဘက်ထရံမှာ ကြက်ရိုးတွေကို ထိုးထားတာ တွေ့ခဲ့ရပါတယ်။
ကြက်ရိုးထိုးတယ်ဆိုတာ ကယားရိုးရာဓလေ့ဖြစ်ပြီး သီးနှံအထွက်နှုန်းကောင်း မကောင်း ၊ ဒီနှစ်အတွက် စီးပွားဖြစ် မဖြစ် ၊ လုပ်ငန်းဆောင်တာ အောင်မြင်မှုရှိ မရှိဆိုတာ ကြက်ရိုးကို ကြည့်ပြီး ခန့်မှန်းတွက်ချက်ရတာပါ။
ခူးရီဒူဟာ စစ်တိုက်မထွက်ခင် ကြက်ရိုးထိုးလေ့ရှိတယ်လို့ သိရပါတယ်။ ဒေါတမကြီး တိုက်ပွဲ ပြင်းထန်နေစဉ် ကာလတွေ တုန်းက ခူးရီးဒူနဲ့ ရဲဘော်တွေ တိုက်ပွဲမှာ ဘေးကင်းစေဖို့အတွက် ကြက်ရိုးထိုးပေးခဲ့တယ်လို့ ခူးရီးဒူရဲ့တဲပေါ်မှာတွေ့ခဲ့ရတဲ့ အသက် ၆၀ ခန့်အမျိုးသားကြီးက ပြောပြပါတယ်။ သူကြက်ရိုးထိုးပေးခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေ ဆက်တိုက်ဆိုသလို ပစ်နေပေမယ့် ခူးရီးဒူနဲ့ ရဲဘော်တွေ အထိအခိုက် မရှိခဲ့ဘူးလို့ သူက ရှင်းပြပါတယ်။
ခူးရီးဒူကတော့ ကြက်ရိုးထိုးတယ်ဆိုတာ ကယားတိုင်းရင်းသားတွေရဲ့ ဝိသေသလက္ခဏာဖြစ်တဲ့အတွက် သူလုပ်ရတာဖြစ်တယ်လို့ ပြောပါတယ်။
သူက “ဒီတနှစ်က ဘယ်လိုအခြေအနေရှိမလဲ။ ရာသီဥတုအခြေအနေကရော ၊ ပြည်သူလူထုအခြေအနေကရော၊ သူ့ရဲ့ စိုက်ရေးပျိုးရေးရော ၊ တိုက်ပွဲအခြေအနေကရော မေးတာပါ။ ကျနော်က စစ်တိုက်ဖို့တခုတည်း မေးတာ မဟုတ်ဘူးပေါ့ လေ။ ကြက်ရိုးကို ထိုးပြီးတော့မှ ကြက်ရိုးက မကောင်းဘူးဆိုလို့ ကျနော်တို့က သွားမတိုက်တော့ဘူး ဆိုတာမျိုးလည်း မဟုတ်ပါဘူး။ လူပေါ်မှာ အများကြီးမူတည်ပါတယ်။ လူကမကောင်းဘဲနဲ့မှ သွားလုပ်လို့ရှိရင် ကြက်ရိုးထိုးရင်လည်း အဆင်မပြေဘူး။ ကြက်ရိုးထိုးတယ်ဆိုတဲ့ ဓလေ့ကလည်း လူအပေါ်မှာပဲ လိုက်တယ်” လို့ ရှင်းပြပါတယ်။
ခူးရီးဒူဟာ သူနဲ့ တိုက်ပွဲလိုက်တဲ့ ရဲဘော်တွေကို စစ်သားပုံစံကျနတာပဲ မြင်ချင်တဲ့သူလည်းဖြစ်ပါတယ်။ စစ်သားပုံစံ မကျတဲ့ ရဲဘော်တွေဆိုရင် သူကြည့်လို့မရကြောင်း ပွင့်ပွင့်လင်းလင်းပဲ ပြောပါတယ်။
“ရဲဘော်က ရဲဘော်နဲ့တူအောင် မနေဘဲ နားကပ်ပါတာတို့ ၊ ဆံပင်အရောင်ဆိုးတာတို့ဆိုရင် ကျနော်မခေါ်ဘူး။ ကြိုက် လည်း မကြိုက်ဘူး။ နားကပ်ပါတဲ့ ရဲဘော်ဆို လုံးဝ ကြည့်မရဘူး။ မျက်စိထဲကို မဝင်တာ။ ရဲဘော်က ရဲဘော်လိုမျိုး မနေဘူးပေါ့။ အရှေ့ဘက်အခြမ်းမှာတော့ ကျနော်တော့ အဲဒီလို ပေးမသွားဘူး။ တိုက်ပွဲသွားမလား။ လာ၊ မင်း ခံနိုင်လား။ ခံနိုင်ရင်လာ၊ ဘာမှမညည်းနဲ့ ။ ရဲဘော်ဆိုတာက ခြိုးခြိုးခြံခြံ တိုက်ရမယ်။ တကယ်လည်း တိုက်ရမယ်။ အပြောတမျိုးတည်းနဲ့ မရဘူးပေါ့။ စကားများပြီး ဘာလက်တွေ့မှ မရှိရင် အလကားပဲ” လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ခူးရီးဒူဟာ သူ့ရဲဘော်တွေ ကျဆုံးသွားလို့ ဝမ်းနည်းရပေမယ့် လူအများရှေ့မှာ ဝမ်းနည်းနေကြောင်း ဖော်ပြရတာ မျိုးလုပ်ဖို့ စိတ်မပါသူဖြစ်ပါတယ်။ သူက ရဲဘော်ဆိုတာ ဝမ်းနည်းနေရင်တောင် လူမမြင်ကွယ်ရာမှာဘဲ ဝမ်းနည်းသင့် တယ်လို့ ယူဆသူပါ။
ခူးရီးဒူက “ရဲဘော်တွေကျသွားလည်း သွားညည်းခွင့်မရှိဘူး။ ညည်းလို့တော့ရတယ်။ ခင်ဗျားတို့ အမှောင်ထဲမှာ သွားညည်း ပေါ့။ ဘယ်သူမှ မရှိတဲ့အချိန်မှာ ညည်းပေါ့။ ညည်းပိုင်ခွင့်ရှိတယ်လို့ ကျနော်ထင်တယ်။ ရဲဘော်တွေကျရှုံးတဲ့အချိန်မှာ ဝမ်းနည်းတယ်။ ဝမ်းနည်းတာမကလို့ တခါတလေလည်း မျက်ရည်ကျတာပဲ။ ဒါက လူများကို သွားပြလို့မှရတဲ့အရာမှ မဟုတ်တာ။ အခုက ရဲဘော်တွေကျလို့ ကျနော်တို့က ဝမ်းနည်းပြီး ဒီတိုင်းထိုင်နေလို့ မရဘူး။ တာဝန်တခုပိုပြီးမှ တိုးလာတယ်လို့ ကျနော်ခံစားရတယ်” လို့ ဆိုပါတယ်။
ဒါကြောင့်လည်း ကရင်နီက တော်လှန်ရေးသမား ရဲဘော်တွေအပါအဝင် သူနဲ့ ရင်းနှီးတဲ့ ရဲဘော်တွေက ခူးရီးဒူဟာ စစ်သားဆန်တယ်လို့ ပြောကြတာ ဖြစ်ပုံရပါတယ်။ စိတ်ဓာတ်မာကြောပြီး စကားပြောရင် ခပ်ပြတ်ပြတ်ပြောတတ်တဲ့ ခူးရီးဒူဟာ တော်လှန်ရေးလုပ်ရတာ အထီးကျန်တယ်လို့လည်း ရင်ဖွင့်ပါတယ်။
“အထီးကျန်တယ်။ အစတုန်းက ကိုယ်နဲ့အတူတူလုပ်လာတဲ့သူတွေက အဆုံးထိသွားပါမယ် ပြောထားတဲ့သူတွေက တချို့ကျရှုံးသွားတာတွေရှိသလို တချို့လည်း အခြေအနေအမျိုးမျိုးကြောင့် ထွက်ခွာကြတာရှိတယ်။ ကြာလာတဲ့အခါ ကိုယ်တယောက်တည်းပဲ ကျန်နေသလို ခံစားရတာပေါ့” လို့ ပြောပါတယ်။
အသက်ငယ်ငယ်နဲ့ ရာထူးကြီးကြီးယူထားရတဲ့ ခူးရီးဒူဟာ စိတ်ဖိစီးမှုတွေရှိလာတဲ့အခါမှာတော့ ဘောလုံးကန်၊ ခြင်းခတ်၊ စစ်တုရင်ထိုးစတဲ့ အားကစားတွေ လုပ်တတ်သလို လူကြီးတွေနဲ့ အတိတ်သမိုင်းတွေအကြောင်း စကားစမြည်ပြောရင်း အားမွေးတတ်သူဖြစ်ပါတယ်။
တော်လှန်ရေးကာလ ၃ နှစ်နီးပါး ကြာလာတဲ့ ကာလအတွင်း သူ့ရဲဘော်တွေအတွက် အဓိက လိုအပ်ချက်ဟာ ကျည်ဆန်နဲ့ ငွေကြေးလိုအပ်ချက်ဖြစ်တယ်လို့ သိရပါတယ်။ တော်လှန်ရေးဟာ ၃ နှစ်နီးပါး ကြာလာပေမယ့် စစ်ကောင်စီတပ်ကို နိုင်အောင်တိုက်မယ်လို့ သူက အခိုင်အမာ စိတ်ပိုင်းဖြတ်ထားတာပါ။
ခူးရီဒူးက “ကျနော်တို့ နိုင်အောင်တိုက်မယ်လို့ ပိုင်းဖြတ်ထားတဲ့အတွက် အဆုံးထိကျနော်တို့ တိုက်မယ်။ မျှော်လင့်ချက် ကတော့ ကျနော်တို့အားလုံး အိမ်ပြန်နိုင်ဖို့ပေါ့လေ။ ကျနော်တို့ ဒီတိုင်းနေရုံနဲ့ မပြီးဘူးပေါ့။ ကျနော်တို့ စိုက်စရာရှိ စိုက်မယ်။ ပျိုးစရာရှိ ပျိုးမယ်။ လေ့ကျင့်စရာရှိ လေ့ကျင့်မယ်။ စုဆောင်းစရာရှိရင် စုဆောင်းမယ်။ ဒါမှပဲ ကျနော်တို့ အိမ်ပြန်နိုင် မယ့်လမ်းက ပိုပြီးနီးမယ်” လို့ သူ့ရဲ့ သန္နိဌာန်ကို ပြောပြပါတယ်။
You may also like these stories:
ကရင်နီပြည် လွတ်မြောက်ဒေသဆီသို့ ခရီးနှင်ခြင်း
လွိုင်ကော်ဒေသခံ ၈၀ ရာခိုင်နှုန်း မြို့ကို စွန့်ခွာ
မယ်စဲ့တွင် စစ်ကောင်စီတပ် ကင်းစင်သွားပြီ ဟု KNPP ဆို
ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ