ဆန်ရေစပါးပေါကြွယ်၀ပြီး ဆန်စပါးကို အဓိကစိုက်ပျိုး တင်ပို့တာကြောင့် စားနပ်ရိက္ခာ မပူရဘူးလို့ ပြောကြတဲ့ မြန်မာ နိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စားနပ်ရိက္ခာ မလုံလောက်တဲ့အခြေအနေတွေ ဖြစ်ပေါ်လာ နေပါတယ်။
စစ်ရေးပဋိပက္ခဒေသတွေမှာ စစ်တပ်က ကျင့်သုံးနေတဲ့ ဖြတ်လေးဖြတ်ဗျူဟာနဲ့ မြေလှန်စနစ်တွေက စိုက်ပျိုးထုတ်လုပ် မှုအတွက် ခက်ခဲစေပြီး စားရိက္ခာမလုံလောက်မှုနဲ့ အကျပ်အတည်းတွေကို ဖြစ်ပေါ်စေသလို စစ်မဖြစ်တဲ့ဒေသ တွေမှာ လည်း စိုက်ပျိုးရေး စရိတ်တွေအပြင် စက်သုံးဆီဈေးမြင့်တက်လို့ တောင်သူတွေ ခက်ခဲနေကြသလို၊ စစ်မက်ဖြစ်ပွားတဲ့ ဒေသတွေမှာဆိုလည်း ဈေးကြီး တာထက် ဝယ်မရလို့ လယ်သမားတွေ စပါးရိတ်ဖို့ အခက်ကြုံနေရပါတယ်။
အရပ်သား အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်တဲ့ စစ်ခေါင်းဆောင်ကတော့ တိုင်းရင်းသားပြည်သူတရပ်လုံးနဲ့ အကျုံးဝင်တဲ့ စိုက်ပျိုး မွေးမြူရေးကို အခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းတွေ မြှင့်တင်ပြီး နိုင်ငံ့စီးပွားမြင့်မားရေးနဲ့ ပြည်သူ လူထုတရပ်လုံးရဲ့ လူမှုစီးပွားမြင့်မားရေး ဆက်လက်ဆောင်သွားမယ်လို့ နေ့စဉ် စစ်ကောင်စီရဲ့ အာဘော် မီဒီယာတွေက တဆင့် ပြောဆိုနေပေမယ့် လက်တွေ့မှာတော့ လယ်ယာစိုက်ပျိုးရေးကဏ္ဍက အကျဘက်ကို ထိုးဆင်းနေတာ တွေ့ရပါ တယ်။
ပိတ်ဆို့ခံထားရတဲ့ ရခိုင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ
စပါးစိုက်ဧက ၁၂ သိန်းခန့် ရှိတဲ့ ရခိုင်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လယ်ယာလုပ်သား ရှားပါးလာမှု၊ စိုက်ပျိုးရာမှာသုံးတဲ့ ဓာတ်မြေသြဇာ ပိုးသတ်ဆေးက အစ ထွန်ယက်ရိတ်သိမ်းခြင်းတိုင် သုံးစွဲရတဲ့ စက်သုံးဆီ ရှားပါး ကာ ဈေးမြင့်မားလာမှု၊ ရာသီဥတုဖောက်ပြန်ကာ မိုးခေါင်မှုတို့ကြောင့် စိုက်ဧကမှာ ၉ သိန်းခန့်သာ ကျန်တော့ ကြောင်း သိရပါတယ်။
မိုခါမုန်တိုင်းကြောင့် စစ်တွေ၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စတဲ့ ဒေသတွေအပါအဝင် စိုက်ဧက တဝက်လောက်က ဆားငန်ရေတွေ လွှမ်းမိုးခံလိုက်ရလို့ ပျက်စီးတာတွေရှိတယ်လို့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက သိရပါတယ်။
ထို့အတူ မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးက ရခိုင်ပြည်နယ်သို့ ကူးစက်ကာ တကျော့ပြန် စစ်မီးကြောင့် ရခိုင်ပြည်နယ်ကို ဝင်ထွက်နိုင်တဲ့ ကုန်းလမ်း၊ ရေလမ်း ထွက်ပေါက်များကို ပိတ်ဆို့လာတဲ့အတွက် ပြည်မကနေ ဝင်ရောက်နေတဲ့ စိုက်ပျိုးရေးသုံးပစ္စည်းတွေအပါ ကုန်စည်တွေ ဟာ ဈေးနှုန်းအဆမတန် မြင့်တက်တာ၊ ပြတ်လပ်တာတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က လယ်သမား ဦးမောင်ချေ(အမည်လွဲ) က “စကစ က ရခိုင်ပြည်တခုလုံးကို ပိတ်ဆို့လိုက်တာ။ စပါးရိတ်သိမ်းချိန်နဲ့ သွားတိုက်တော့ စက်သမားတွေက ဆီမရှိလို့ မရိတ်နိုင်၊ လက်ရိတ်သမားခေါ် ပြန်တော့လည်း ဈေးတွေက ကြီးလာ။ ပြည်မဘက်ကို လမ်းတွေ ပိတ်ထားတော့ စပါးပို့မရ အဲဒီတော့ စပါးဈေးက ထိုး ကျ။ လယ်သမားတွေ တော်တော်လေး ခက်ခဲ ဆုံးရှုံးရတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
စစ်မဖြစ်ခင်က စက်သုံးဆီ ၁ လီတာ ၂၄၀၀ ကျပ်ကျော်ကနေ စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေ နောက်ပိုင်းမှာတော့ ရခိုင် ပြည်နယ်မှာ ဒီဇယ် ၁ လီတာကို ၁၂၀၀၀ ကျော်အထိ ရှိပြီးတော့ ဓာတ်ဆီ ၁ လီတာကို ၂၀၀၀၀ အထိ မြင့်တက်လာပါ တယ်။
လယ်ယာစိုက်ပျိုးရေးမှာ အသုံးပြုတဲ့ ရိတ်သိမ်းခြွေလှေ့စက်အတွက် လိုအပ်တဲ့ ဒီဇယ် ရှားပါးတာကြောင့် အရင် လယ် ၁ ဧက ၁ သိန်းလောက်ကနေ အခု ၂ သိန်းလောက်အထိ ရိတ်ခတွေ ဈေးတက်လို့ သွားပါတယ်။
“လမ်းတွေ ပိတ်ဆို့ထားတော့ ဈေးကြီးတာထက် စပါးရိတ်ဖို့ တနေရာနဲ့ တနေရာ စက်ငှားဖို့ သွားဖို့တောင် တော်တော် ခက်ခဲတယ်။ ကျနော်တို့ ရသေ့တောင်ကနေ စစ်တွေကို သွားလို့ မရဘူး။ စက်ပစ္စည်းတခုခု ချို့ယွင်းလို့၊ ပျက်စီးလို့ လိုချင်ရင်တောင် မလွယ်တော့ ပိုဆိုးတယ်” လို့ ဦးမောင်ချေက ပြောပြပါတယ်။
လယ်ယာလုပ်ငန်းကိုပဲ နှစ်ပေါင်း ၂၀ ဝန်းကျင်ထိ လုပ်ကိုင်ခဲ့တဲ့ ဦးမောင်ချေဟာ လက်ရှိမှာလည်း သူ့ရဲ့ စိုက်ခင်း တွေထဲမှာ ပေါ်ဆန်းစပါး (ဘေးကျား) ဧက ၅၀ ခန့် စိုက်ပျိုးထားပြီး ရိတ်သိမ်း ခြွေ့လှေ့စက်အခက်အခဲကြောင့် ဧက အနည်းငယ် သာ ရိတ်သိမ်းရပါသေးတယ်။
ကျန်တဲ့ စပါးခင်းတွေက လယ်ကွင်းထဲ ပစ်ထားရပြီး အချိန်ကြာလာတာနဲ့အမျှ အမှည့်လွန်နေတဲ့ စပါးတွေက ရောင်း တန်းမှာ အရည်အသွေးကျတာ၊ ဈေးမရတာတွေနဲ့ ရင်ဆိုင်ရပါတော့မယ်။
ပြင်ပမှာ ပေါ်ဆန်း စပါးဈေးက တင်းတရာ ကျပ်သိန်း ၃၀ လောက်ရှိနေချိန် စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေကြောင့် ရခိုင်ပြည်နယ်မှာတော့ တင်းတရာ ၁၅ သိန်းဈေးပဲ ပေါက်တဲ့အထိ ထက်ဝက်လောက် ဈေးကွာနေပါတယ်။
ဒီအခြေအနေတွေကြောင့်လည်း ရခိုင်ပြည်နယ်ထဲက လယ်သမားအများစုဟာ ဒီနှစ်မှာ မိုခါမုန်တိုင်းကြောင့် ဆားငန်ရေ ဝင်ပြီး ပျက်စီးရတာ၊ စိုက်ပျိုးထုတ်လုပ်ရတဲ့ စရိတ်ကြီးမြင့်တာ၊ အချိန်မီ မရိတ်နိုင်လို့ စပါးအရည်အသွေးကျတာ၊ ဈေးမရတာတွေနဲ့ လွဲချော်ခဲ့လို့ ၅၀ ရာခိုင်နှုန်း အရှုံးပေါ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒါတွေပြင် စစ်ကောင်စီတပ်နဲ့ နီးတဲ့ လယ်ကွင်းတွေမှာဆိုရင် စပါးရိတ်နေတဲ့သူတွေကို လှမ်းပစ်ခတ်တာတွေ ရှိတဲ့ အတွက်လည်း လာမယ့် ရာသီမှာ စပါးပြန်စိုက်ဖို့ အခက်အခဲတွေက ရှိလို့နေပါတယ်။
စစ်ပွဲတွေကြားက စပါးစိုက်တဲ့ ဒေသတွေ
စိုက်ပျိုးရေးကို အဓိကလုပ်တဲ့ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ (ကယား)၊ ရှမ်းမြောက်ဒေသတွေမှာလည်း စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် စိုက်ပျိုးစရိတ် တနှစ်ထက်တနှစ် တက်လာတာ၊ ဈေးကွက် ပျက်တာ၊ အထွေထွေစရိတ် တက်လာတာ၊ လယ်ယာကဏ္ဍအတွက် လူသားအရင်းအမြစ် ရှားပါးတာ၊ စစ်ရေးပဋိပက္ခ ပိုကျယ်ပြန့်လာတာ စတဲ့ အကြောင်းတွေကြောင့် စိုက်ပျိုးထုတ်လုပ်မှုတွေ လျော့ကျလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီက စစ်ဖြစ်ရာ ဒေသတွေမှာ လူ၊ ကျွဲ၊ နွားတွေသာမက ဝမ်းစာနဲ့ မျိုးစပါးပါမကျန် ရွာလုံးကျွတ် မီးရှို့တာ၊ သတ်ဖြတ်တာတွေကို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ပြုလုပ်နေတာဟာ အခုဆို ၃ နှစ်နီးပါး ရှိလာတဲ့ အထိ ပါပဲ။
ဒေသခံ လယ်သမားတွေဟာ မိမိတို့နေရာထိုင်ရာ အိုးအိမ်စည်းစိမ်တွေသာမက စိုက်ပျိုးမြေပါ စွန့်ပြီး စစ်ဘေးရှောင် နေရသလို တချို့ တိုက်ပွဲကြားက ပြေးရင်းလွှားရင်း စိုက်ပျိုးတဲ့သူတွေမှာ လယ်ထွန်ရင်း ပစ်ခတ်ခံရတာ၊ လက်နက်ကြီး ကျတာ၊ လေယာဉ်နဲ့ ဗုံးကြဲခံရတာတွေလည်း ရှိပါတယ်။
ဒီအခြေအနေကြောင့် လယ် ၁၀ ဧကရှိတဲ့သူက ၅ ဧက လောက်စိုက်နိုင်ဖို့ ဝမ်းစာရဖို့ပင် မနည်းလုပ်ကိုင်နေကြရတယ် လို့ လယ်သမားတွေထံက သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ဒေသခံ လယ်သမားတဦးက “သတ်မှတ်ချက်အတိုင်း အပြည့်အဝ မစိုက်ပျိုးနိုင်တော့ ဘူး။ တောင်သူတွေက သူတို့ လယ်ယာစိုက်ခင်းကို စိုက်ချင်တာတောင် လက်နက်ကြီးနဲ့ လှမ်းပစ်တာမျိုးတွေ ရှိတယ်။ ဒီပဲယင်းနယ်မှာဆိုရင် ၃ ပုံ ၁ ပုံက စွန့်ခွာ ပြေးနေရတယ်” လို့ ပြောပါတယ်။
လတ်တလောမှာပဲ စစ်ကောင်စီက စစ်ကြောင်းထိုးလို့ စပါးရိတ်သိမ်းလက်စတွေကို ပစ်ထားပြီး လယ်သမားတွေ ထွက်ပြေးနေရသလို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ စစ်ကိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ရွာတွေမှာဆို ရိတ်သိမ်းပြီးစ စပါးတင်းရေ ထောင်နဲ့ချီပြီး မီးရှို့ခံခဲ့ရတယ်လို့ သူက ပြောပြပါတယ်။
“ဒီပဲယင်းမှာဆိုရင် အာဏာသိမ်းပြီးထဲက အိမ်ခြေပေါင်း ၆ ထောင်ကျော်၊ ဆန်စက်တွေ ၊ စပါးရိတ်သိမ်းခြွေလှေ့စက် တွေ မီးရှို့ ခံရတယ်။ စပါးတင်းရေ ထောင်နဲ့ ချီပြီး ပျက်စီးခဲ့ရတယ်။ အခုလည်း စပါးပေါ်ပေါ်ချင်း ရိတ်သိမ်းပြီးပြီး ချင်းမှာ မစာမနာမီးရှို့ ဖျက်ဆီးခံရပြန်တော့ ကျုပ်တို့အပေါ် စစ်ကောင်စီတပ်သားတွေက တော်တော်ကို ယုတ်ညံ့လွန်း တယ်” လို့ သူက မှတ်ချက်ပြုပါတယ်။
လက်ရှိမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာလို့ စပါးရိတ်မယ့်သူတွေ မရိတ်နိုင်ဘဲ ပြေးနေရသလို၊ ရိတ် သိမ်းခြွေလေ့စက်တွေ ငှားပြီးကာမှ ရပ်တန့်ထားရတဲ့အတွက် ကုန်ကျစရိတ်တွေကလည်း တက်လာနေတယ်လို့ အညာ ဒေသက တောင်သူတွေက ဆိုပါတယ်။
ဒါကြောင့်လည်း စပါးစိုက်ပျိုးထုတ်လုပ်မှုဟာ မြေပြင်အခြေအနေတွေအရတော့ အာဏာသိမ်းပြီးတဲ့နောက် စိုက်ပျိုး ထုတ်လုပ်မှုက တော်တော်လျော့ကျလာတယ်လို့ သူက ရှင်းပြပါတယ်။
စပါးတို့၊ ပဲတို့ စိုက်တဲ့ အညာဒေသမှာ အခုလို စစ်ရေး၊ စိုက်ပျိုးစရိတ်တွေကြောင့် အထိနာခဲ့ရသလို ၂၀၂၃ ခုနှစ် ဇွန် လမှာ ဝင်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့်လည်း စိုက်ပျိုးထားတဲ့ စပါး၊ပဲ၊ ကြက်သွန်ခင်းတွေ လယ်ဧက ရာနဲ့ ချီပျက်စီးခဲ့ရပါ သေးတယ်။
ဒီနှစ် မိုးစပါးမှာ စစ်ကိုင်းမော်တိတ်ဒေသမှာဆိုရင် PDF နဲ့ မပတ်သက်ကြောင်း ခံဝန်ထိုးမှ လယ်စိုက်လို့ ရမယ်ဆိုပြီး စစ်ကောင်စီကတဆင့် ရွာလူကြီးရဲ့ ခြိမ်းခြောက်ပြောဆိုမှုမျိုးတွေလည်း လယ်သမားတွေ ခံရပါတယ်။
နာမည်ကျော် ရွှေဘိုပေါ်ဆန်းထွက်ရှိတဲ့ စစ်ကိုင်းတိုင်းထဲမှာတော့ တောင်သူတွေအနေနဲ့ အခုချိန်မှာ စိုက်ပျိုးရေးထက် အသက်မသေရေးကို ဦးစားပေးနေရတာကြောင့် ဈေးကွက်မှာ ပေါ်ဆန်းဆန်ဟာ ရှားပါးပြီး တခါမှ မဖြစ်ဖူးတဲ့ ဈေး ဆန် တအိတ် ၂ သိန်းနီးပါးအထိ ဈေးတွေတက်လာခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးရဲ့ စီးပွားရေး ၃၀ ရာခိုင်နှုန်းကျော်က လယ်ယာစိုက်ပျိုးရေးအပေါ် မှီခိုနေပြီးတော့ စိုက်ပျိုးမြေ ဧကပေါင်း ၂၃၁ သိန်း ရှိတဲ့အနက် တခြား သီးနှံကြားညှပ်စိုက်ပျိုးမှုက ဧကပေါင်း သိန်း ၉၀ လောက်ရှိတယ်လို့ စစ်ကိုင်း တိုင်းအစိုးရအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။
စပါးကျီတွေရှိတဲ့ ဧရာဝတီနဲ့ ပဲခူးတိုင်း စိုက်ပျိုးရေး
ဧရာဝတီတိုင်းက စစ်ရေးထက် သဘာဝဘေးအန္တရာယ်နဲ့ ပိုးကျတဲ့ အခြေအနေလောက်သာရှိခဲ့တာ ဖြစ်ပါတယ်။
စပါးဈေးကတော့ ဧည့်မထ ဆန်ကြမ်း အုပ်စုဝင်တွေက တင်းတရာ ၁၈ သိန်း ကျပ်ကနေ ကျပ်သိန်း ၂၀ အထိ ရှိသလို ဧရာဝတီတိုင်း ပေါ်ဆန်းစပါးဈေးကတော့ ကျပ်သိန်း ၃၀ ကျော်အထိ ရှိခဲ့တာကြောင့် လယ်သမားတွေအတွက် လယ် လုပ်ရတာ လုပ်ပျော်တဲ့နှစ် ဖြစ်ပေမယ့် ပိုးကျတာကြောင့် ပန်းတနော်၊ ကျုံပျော်၊ ဓနုဖြူတို့မှာတော့ အထွက်နှုန်းတွေ ကျဆင်းတယ်လို့ သိရပါတယ်။
အခု နွေစပါး စိုက်ဖို့အတွက်လည်း ထွန်ယက်ဖို့နဲ့ စိုက်ပျိုးပြီးပါက ရေနက်ကွင်းတွေက ရေပြန်စုပ်ထုတ်ဖို့ ဒီဇယ် ဝယ်မရ တာကြောင့် တချို့ လယ်သမားတွေက မစိုက်ပျိုးတာလည်း ရှိနေတယ်လို့ ကျူံပျော်ဒေသက လယ်သမားတွေဆီက သိရပါတယ်။
ကျုံပျော်ဒေသ လယ်သမားတဦးက “မိုးစပါးမှာ နှံဆုတ်ပိုး၊ ဖြုတ်ပိုးတွေ တော်တော်ကျတယ်။ အဲဒါကြောင့် ဆေးသုံးနိုင် တဲ့လယ်က ဒီနှစ်မိုးစပါးမှာ ထွက်ပေမယ့် အများစုက အထွက်နှုန်း ကျတယ်။ တဧကကို စပါး ၂၀ နဲ့ ၃၀ တင်းလောက် ပဲ ထွက်တဲ့အထိ ကျခဲ့တယ်။ ဒါကြောင့် စပါးဈေးကောင်းပေမယ့် လယ်သမားတွေတော့ ကောင်းကောင်းမရ လိုက်ပါ ဘူး။ အခုလဲ ဒီဇယ်က ဒီဘက်မှာ ဝယ်မရဘူး။ အဲဒါကြောင့် နွေစပါးကို တော်တော်များများက ဒီနှစ် မစိုက်တော့ဘူး” လို့ သူက ဆိုပါတယ်။
စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ပိတ်ဆို့မှုတွေ၊ မတည်ငြိမ်မှုတွေကြောင့်လည်း သယ်ယူပို့ဆောင်စရိတ်တွေက အရင်က စပါးတင်းတရာ ကျပ် ၂ သောင်းဆို အခု ကျပ် ၄ သောင်းလောက် ကုန်ကျမှုတွေရှိတဲ့အပြင် စစ်ကောင်စီ တပ်သားတွေက မထင်ရင် မထင်သလို တောင်းရမ်းတာတွေကြောင့်လည်း အခက်အခဲတွေ ရှိတယ်လို့ စပါး ပွဲစား ကုန်သည်လည်းလုပ်ကိုင်တဲ့ သူက ပြောပြပါတယ်။
အလားတူ ပဲခူးတိုင်းမှာလည်း ၂၀၂၃ အောက်တိုဘာလအတွင်းက ရေကြီးနစ်မြှုပ်မှုတွေကြောင့် မိုးစပါး စိုက်ဧက ၈ သောင်း ၇ ထောင်ကျော် ရေနစ်မြုပ်ခဲ့ပြီး ပြန်ပေါ်ဧက ၇ သောင်းကျော်မှာ ၃ သောင်းကျော် ပျက်စီးခဲ့တယ်လို့ ပဲခူးတိုင်း အစိုးရက ထုတ်ပြန်ထားပါတယ်။
ဒါက စစ်ကောင်စီရဲ့ စာရင်းဖြစ်ပြီး လယ်သမားတွေကတော့ ပျက်စီးတဲ့ဧက ပိုများနိုင်ပြီးတော့ ရေနစ်မြုပ်လို့ ပြန်ပေါ်တဲ့ လယ်တွေကလည်း တဧက ပုံမှန် တင်း ၈၀ ထွက်မယ့် နေရာမှာ အများဆုံး ၃၅ တင်းနဲ့ ၄၀ သာအထိ ထွက်နှုန်း ကျဆင်း ခဲ့တယ်လို့ သိရပါတယ်။
လယ်ဧက ၆၀ လောက် စိုက်ပျိုးထားတဲ့ လယ်သမားကြီးက “ကျနော်ကတော့ ဧက ၂၀ လောက်ပျက် စီးသွားတာပေါ့။ ရေမမြုပ်ဘဲ ကျန်တဲ့ လယ်တွေကလဲ ဒီနှစ် နှံဆုတ်ပိုး တော်တော်ကျတယ်။ အဖျင်းအမှော် များတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
အခုလည်း စက်သုံးဆီ ဈေးတက်တာ ဝယ်မရတာတွေကြောင့် တွက်ခြေမကိုက်တဲ့အတွက် စိုက်ပျိုးဖို့ကို ချိန်ဆနေတယ် လို့ သူက ဆိုပါတယ်။
ဆင်းရဲမွဲတေမှုနဲ့ စားနပ်ရိက္ခာ
စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ တိုင်းပြည်မှာ အခြေခံကျတဲ့ စပါးကို ရာနှုန်းပြည့် မစိုက်ပျိုးနိုင်တာက ကျေးလက်နေ လယ် သမားတွေအတွက် ဆင်းရဲမွဲတေမှုကို ဖြစ်စေသလို နိုင်ငံအတွင်း စားနပ်ရိက္ခာ မလုံလောက်မှု၊ ကုန်ဈေးနှုန်းကြီးမြင့်တွေ ကိုလည်း ဖြစ်စေတယ် ပြည်တွင်းစီးပွားရေး ပညာရှင်တွေက သုံးသပ်ထားပါတယ်။
မကြာသေးမီက ထုတ်ပြန်ထားတဲ့ ကမာ္ဘ့ဘဏ်ရဲ့ အစီရင်ခံစာမှာဆိုရင် ဒီနှစ်အတွင်းမှာ ကုန်ဈေးနှုန်းတွေက ၂၉ ရာခိုင်နှုန်း အထိ တက်လာသလို မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းလာခြင်း၊ ပဋိပက္ခတွေ ကျယ်ပြန့်လာမှုတွေကြောင့် ဈေးတွေ ထပ် တက်လာနေတယ်လို့ ဆိုထားပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လယ်ယာစိုက်ပျိုးရေးကဏ္ဍဟာ နိုင်ငံ့စီးပွားရေးရဲ့ အဓိက ကျောရိုး ဖြစ်ပြီးတော့ ရာသီဥတု၊ အပူချိန်တိုးလာတာနဲ့ ကမ်းရိုးတန်းဒေသတွေမှာ စိုက်ပျိုးမြေတွေ ဆားငန်ရေဝင်တာတွေ ကြောင့် စိုက်ပျိုးမှု ကျဆင်းသလို မြေဆီလွှာ ပျက်သုဉ်းတာတွေကြောင့် စိုက်ပျိုးမြေတွေ လက်လွှတ်ဆုံးရှုံးရတာက နိုင်ငံစီးပွားရေးကို ထိခိုက်တယ်လို့ ၂၀၂၃ ဇွန်လက ပြုလုပ်တဲ့ ကမာ္ဘ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀- ၂၀၂၁ ခုနှစ်မှာ စပါးစိုက်ဧကပေါင်း ၁၇ သန်းကျော် စိုက်ပျိုးနိုင်ခဲ့ပြီး၊ ၂၀၂၁- ၂၀၂၂ ခုနှစ်မှာ မိုးစပါး စိုက်ဧက ၁၅ သန်းခန့်နဲ့ နွေစပါး စိုက်ဧက ၂ သန်းကျော် စိုက်ပျိုးနိုင်ခဲ့တယ်လို့ ၂၀၂၃ ဖေဖော်ဝါရီလက စစ်ကောင်စီ သတင်းစာမှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေနဲ့ ပတ်သက်ပြီး စိုက်ဧကဘယ်လောက် လျော့ပါးသွားပြီလဲ ဆိုတဲ့ ကိန်းဂဏန်းအချက်အလက်တွေကိုတော့ မဖော်ပြထားပါဘူး။
အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာန (USDA) က မြန်မာအပါအဝင် ကမာ္ဘ့ဆန်ထုတ်လုပ်မှုနဲ့ ပတ်သက်၍ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် တွက်ချက်မှုအရတန်ချိန် ၅၁၂ ဒသမ ၉၈၃ သန်း ထွက်ရှိမယ်လို့ ခန့်မှန်းထားပြီး မြန်မာနိုင်ငံရဲ့ ဆန်ထုတ် လုပ်မှုကတော့ တန်ချိန် ၁၁ ဒသမ ၈၀၀ သန်းသာ ထွက်ရှိမယ်လို့ ခန့်မှန်း ဖော်ပြထားပါတယ်။
မကြာသေးခင်က ထုတ်ပြန်တဲ့ ကမာ္ဘ့ဘဏ်၏ အစီရင်ခံစာမှာတော့ လယ်ယာထွက်ကုန်တင်ပို့မှုက ပြီးခဲ့တဲ့ ခြောက်လ အတွင်း တင်ပို့မှုနဲ့ နှိုင်းယှဉ်ရင် ၈ ရာခိုင်နှုန်း ကျဆင်းနေပြီး အဓိက တင်ပို့မှုဖြစ်တဲ့ ဆန်တင်ပို့မှုက ၃၉ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနှစ်အတွင်း အိုးမဲ့အိမ်မဲ့ အတိဒုက္ခရောက်နေတဲ့သူတွေအပါ လူပေါင်း ၁၅ သန်းနဲ့ ၂ သိန်းက စားနပ် ရိက္ခာနဲ့ အသက်ရှင်နေထိုင်ရေးအတွက် အထောက်အပံ့တွေ လိုအပ်မယ်လို့ FAO ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွေမှာ စစ်ကြောင်းထိုးတာ၊ လယ်ယာစိုက်ပျိုးတဲ့ သူတွေပါမကျန် ပစ်ခတ်၊ လူသားဒိုင်းအဖြစ် ဖမ်းတာတွေ၊ ပိတ်ဆို့တာတွေကြောင့် လယ်ယာစိုက်ပျိုးရေး ကျဆင်းခဲ့ခြင်း က စားနပ်ရိက္ခာ မဖူလုံမှုနဲ့ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုတွေကို ဖြစ်စေတဲ့အပြင် လူတန်းစားမျိုးစုံထိပါ ရိုက်ခတ် ခဲ့ပြီး ဆင်းရဲနွမ်းပါးမှု ဖြစ်စေတယ်လို့ ပြည်တွင်း စီးပွားရေး ပညာရှင်တွေက သုံးသပ်ထားပါတယ်။
လက်ရှိမှာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရခိုင်ပြည်နယ်အနှံ့မှာလည်း တိုက်ပွဲတွေ ပိုမိုကျယ်ပြန့်လာနေပါတယ်။
ရခိုင်နဲ့ ပြည်မ ကူးသန်းနေတဲ့ ကုန်းလမ်း၊ ရေလမ်းတွေ ပိတ်ဆို့ခံရတာကြောင့် စိုက်ပျိုးရေးသာမက မွေးမြူရေးလုပ်ငန်း တွေနဲ့ တခြား စီးပွားရေးလုပ်ငန်းတွေပါ ထိခိုက်လာပြီး ပြည်နယ်ရဲ့ စားနပ်ရိက္ခာဖူလုံရေးက စိုးရိမ်ရတဲ့အခြေအနေ ဖြစ်လို့ နေပါတယ်။
ရခိုင် လယ်သမား ဦးမောင်ချေကတော့ “စစ်ကလည်း ဘယ်အချိန် ပြီးမလဲဆိုတာ မှန်းဆမရဘူး။ ကုန်ဈေးနှုန်းက ဆယ်ဆလောက်တက်သွား ပြီ။ ဒီက လယ်သမားတွေအတွက်ကတော့ နောက် တရာသီစိုက်ဖို့က မသေချာမရေရာ တော့ဘူး” လို့ ဆိုပါတယ်။ ။
You may also like these stories:
မြဝတီကုန်သွယ်ရေး၌ သယ်ယူပို့ဆောင်စရိတ် အဆမတန် မြင့်၍ ကုန်ဈေးနှုန်းတက်လာ
ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်း စက်သုံးဆီကုမ္ပဏီများသို့ ရောင်းပေးရန် စစ်ကောင်စီ ညွှန်ကြား
ကြက်ဘဲ မွေးမြူရေးလုပ်ငန်းများ သုံးပုံတပုံခန့် ရပ်ဆိုင်းလာ