ဘုရားကျောင်းသွားရန် ပြင်ဆင်နေစဉ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ အိန္ဒိယနယ်စပ် ကနန်ကျေးရွာမှ ဒေးဗစ်ထန်နှင့် မိသားစုသည် ပေါက်ကွဲမှုများကြောင့် တုန်လှုပ်သွားသည်။
စစ်ကောင်စီ ဂျက်တိုက်လေယာဉ်၏ နှစ်ကြိမ်ဗုံးကြဲချခြင်းကြောင့် ရွာဘုရားကျောင်းနှင့် စာသင်ကျောင်းကို ဇန်နဝါရီလ ၇ ရက်၊ တနင်္ဂနွေနေ့တွင် ထိမှန်ပြီး ကလေး ကိုးဦး အပါအဝင် လူ ၁၇ ဦး သေဆုံးကာ အခြားသူ အနည်းဆုံး ၁၉ ဦး ဒဏ်ရာရသည်။ ထိုဘုရားကျောင်း၊ ကျောင်းအဆောက်အအုံ နှစ်ခုနှင့် နေအိမ် ၁၀ လုံး ပျက်စီးသည်။
ကနန်ကျေးရွာသည် နိုဝင်ဘာလမှစတင်ပြီး အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထိန်းချုပ်ထားသည့် ခမ်းပါတ်မြို့ တဘက်ကမ်းတွင် တည်ရှိသည်။
ချင်းတိုင်းရင်းသားအများစု ပါဝင်သော ကျေးရွာသားများသည် ဘာသာတရား ကိုင်းရှိုင်းသည့် ခရစ်ယာန်များဖြစ်ပြီး ဗုံးများကြဲချချိန်တွင် ဘုရားကျောင်းတက်နေကြသည်။
“ဂျက်တိုက်လေယာဉ်တွေ အသံကြားတော့ ကျနော်တို့ အိမ်ထဲမှာပဲ ပုန်းနေကြတယ်။ ကမ္ဘာပျက်သလိုပဲ” ဟု ထန် က NUG ကျင်းပသည့် ဇန်နဝါရီလ ၁၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
မိခင်များသည် ဘုရားကျောင်းကွင်းပြင်တွင် ပြန့်ကျဲနေသည့် အလောင်းများအကြားတွင် လူမမယ် ကလေးများကို ဆုပ်ကိုင် ငိုကြွေးနေကြသည်ဟု မျက်မြင်သက်သေများက သတင်းမီဒီယာသို့ ပြောသည်။
မိခင်များသည် ဘုရားကျောင်းကွင်းပြင်တွင် ပြန့်ကျဲနေသည့် အလောင်းများအကြားတွင် လူမမယ် ကလေးများကို ဆုပ်ကိုင် ငိုကြွေးနေကြသည်ဟု မျက်မြင်သက်သေများက သတင်းမီဒီယာသို့ ပြောသည်။
အလောင်းများသည် ဦးခေါင်းများ၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ မရှိတော့ဘဲ ဗိုက်များပွင့်ကာ အူများ ထွက်ကျနေသည်။ အငယ်ဆုံး သေဆုံးသူမှာ အသက် ငါးနှစ်သာရှိသေးသည်ဟု NUG က ပြောသည်။
တိုက်ခိုက်မှုဖြစ်ပွားစဉ် နယ်လှည်းဆေးအဖွဲ့မှ မရတီအုံးသည် ဘုရားကျောင်းအနီး လက်ဖက်ရည်ဆိုင်တွင် ရှိနေသည်။ ဗုံး နှစ်လုံးကျလာသည်ကို တွေ့လိုက်ပြီး ဒုတိယအကြိမ် တိုက်ခိုက်စဉ် ဘုရားကျောင်းသို့ သူရောက်သွားခဲ့သည်။
“ဗုံးကြဲပြီးတော့ တိတ်ဆိတ်သွားတယ်။ ရွာသားတွေက တုန်လှုပ်ပြီး ကောင်းကင်ကို ငေးကြည့်နေကြတယ်။ ဘယ်သူတွေ ထိခိုက်ဒဏ်ရာရလဲလို့ ကျမ မေးတော့မှ သူတို့ သတိပြန်ဝင်လာကြတယ်” ဟု မရတီအုံးက ပြောသည်။
ထမီရင်လျားနှင့် အမျိုးသမီးတဦးသည် လုံချည်ကိုကိုင်ကာ သူ၏ကလေးများအမည်ကို အော်ခေါ်နေသည်။ လေးဦးရှိသည့် မိသားစုတွင် ဖခင်နှင့်သားတဦး သေဆုံးပြီး မိခင်နှင့်အခြားသားတဦး ဒဏ်ရာရကာ အခြား နှစ်ဦးကို လိုက်လံရှာဖွေနေသည်။
“အပြင်းအထန် ဒဏ်ရာရထားတဲ့ ၁၃ နှစ်သမီးတယောက်က သူ့မောင်လေးကို ဆေးကုပေးဖို့ ငိုယိုပြောနေတယ်။ သူ့အခြေအနေက မျှော်လင့်ချက် မရှိတော့ပေမယ့် ကျမက သူ့ကို ဆေးကုပေးနေသလို ဟန်ဆောင်နေရင်း ငိုမိတယ်” ဟု မရတီအုံးက ပြောသည်။
ထို ၁၁ နှစ်သားသည် မကြာမီ ကွယ်လွန်သွားသည်။
လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ကလေးမြို့ရှိဆေးရုံသို့ မသွားနိုင်အောင် စစ်ကောင်စီက ပိတ်ဆို့ထားသည်။
လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ကလေးမြို့ရှိဆေးရုံသို့ မသွားနိုင်အောင် စစ်ကောင်စီက ပိတ်ဆို့ထားသည်။
စစ်ကောင်စီက ထိုတိုက်ခိုက်မှုကို တာဝန်ခံရန် ငြင်းဆန်ပြီး ဇန်နဝါရီလ ၇ ရက်နေ့ နံနက်က ထိုဒေသတွင် မည်သည့်လေယာဉ်မှ ပျံသန်းခဲ့ခြင်း မရှိကြောင်းပြောပြီး ထိုသတင်းသည် နိုင်ငံမတည်ငြိမ်စေရန် မီဒီယာကဖြန့်သော သတင်းဖြစ်သည်ဟု ပြောသည်။
အဓိကကျသည့် တော်လှန်ရေးထိုးစစ်များကြောင့် တနိုင်ငံလုံးမှ စစ်မျက်နှာများတွင် စစ်ရှုံးနေ၍ စစ်ကောင်စီက အရပ်သားများကို ပစ်မှတ်ထားနေကြောင်း NUG ပြောခွင့်ရသူ ဦးကျော်ဇောက ပြောသည်။
ဇန်နဝါရီလ ပထမပတ်အတွင်း မြန်မာနိုင်ငံတဝန်းတွင် ကလေး ၁၈ ဦး အပါအဝင် အရပ်သား ၅၇ ဦးကျော် သေဆုံးကြောင်း ဧရာဝတီသတင်းဌာန ဖော်ပြခဲ့သည်။
စစ်ကောင်စီသည် အရပ်သားများကို ပစ်မှတ်ထား တိုက်ရာတွင် ၁၂၀ မမ အမြောက်များ၊ အတွဲလိုက်ပစ်သည့် ဒုံးကျည်များနှင့် လေကြောင်းတိုက်ခိုက်မှုများကို အသုံးပြုကြောင်း ဦးကျော်ဇောက ပြောသည်။
ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီကျူးလွန်သည့် စစ်ရာဇဝတ်မှု အထောက်အထားများကို NUG က စုဆောင်းနေပြီး နိုင်ငံတကာတရားရုံး (ICJ) နှင့် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) သို့ တင်မည်ဟု ၎င်းကပြောသည်။
နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ NUG သည် လေကြောင်းတိုက်ခိုက်မှုများအတွက် ကြိုတင်သတိပေး နည်းပညာများ ဖြန့်ချိနေပြီး စစ်ကောင်စီကို ကမ္ဘာတဝန်း လေယာဉ်ဆီ ပိတ်ပင်မှုချမှတ်ရန် လုပ်ဆောင်နေကြောင်း ဦးကျော်ဇောက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် အောက်တိုဘာလ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ကျောင်းများ၊ ဆေးရုံများနှင့် လူနေရပ်ကွက်များ အပါအဝင် အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုနှင့် အမြောက်ဖြင့်ပစ်ခတ်မှု မြင့်မားလာကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့သည်။
ယခုနှစ်အတွင်း စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၂ ဦး သေဆုံးကာ ၅၀ ဦး ဒဏ်ရာရပြီး ထိခိုက်မှု အများဆုံးဖြစ်သည်။ ကနန်ကျေးရွာကို တိုက်ခိုက်မှုသည် အဆိုးရွားဆုံး တိုက်ခိုက်မှုဖြစ်သည်။
“၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ အရပ်သားအစိုးရဆီကနေ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးက ကျေးရွာတွေနဲ့ တခြား အရပ်သားပစ်မှတ်တွေကို စစ်ကောင်စီက သိမ်းကြုံး လေကြောင်းတိုက်ခိုက်၊ လက်နက်ကြီးနဲ့ပစ်ပြီး ဝင်ရောက်စီးနင်းတာတွေက ကလေးတွေအပါအဝင် တိုက်ခိုက်ရေးသမား မဟုတ်သူ အများအပြားကို သေဆုံးစေတယ်” ဟု NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု ၅၈၃ ခု ကျူးလွန်ပြီး လူ ၈၉၇ ဦးသေဆုံးစေကာ ဘာသာရေး အဆောက်အအုံ ၇၆ ခုနှင့် စာသင်ကျောင်း ၅၂ ကျောင်း ပျက်စီးစေကြောင်း NUG က ပြောသည်။
NUG ၏ အဆိုအရ စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်တွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ကိုးခု ကျူးလွန်ပြီး အရပ်သား ၁၇၄ ဦး သေဆုံးကာ ၂၀၂၂ ခုနှစ်တွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၄၄ ခု ကျူးလွန်ပြီး အရပ်သား ၅၁၅ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်တွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အရေအတွက် ၈၆ ခုအထိ တိုးလာပြီး အရပ်သား ၁,၃၄၂ ဦး သေဆုံးသည်။
စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု ၅၈၃ ခု ကျူးလွန်ပြီး လူ ၈၉၇ ဦးသေဆုံးစေကာ ဘာသာရေး အဆောက်အအုံ ၇၆ ခုနှင့် စာသင်ကျောင်း ၅၂ ကျောင်း ပျက်စီးစေကြောင်း NUG က ပြောသည်။
စစ်ကောင်စီသည် စစ်မြေပြင်နှင့် ဝေးကွာသည့် အရပ်သားများကို တိုက်ခိုက်နေကြောင်း ဦးကျော်ဇောက ပြောသည်။
“အလားတူ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို တားဆီးဖို့ စစ်ကောင်စီကို အမြန်ဆုံး အမြစ်ဖြတ်ရမယ်” ဟု မီဒီယာသို့ ၎င်းက ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Brian Wei ၏ Witnesses Describe Aftermath of Myanmar Junta Airstrike ကို ဘာသာပြန်သည်။)
You may also like these stories:
အရပ်သားများအား လေကြောင်းတိုက်ခိုက်မှု ကုလလုံခြုံရေးကောင်စီ ပြင်းထန်စွာရှုတ်ချ
ထီးချိုင့်တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများပြား
လေကြောင်းတိုက်ခိုက်မှု စက်ကွင်းထဲက သံလွင်ငြိမ်းချမ်းရေးဥယျာဉ်
ကန့်ဘလူ လေကြောင်းတိုက်ခိုက်မှု နိုင်ငံတကာ ပြစ်တင်ရှုတ်ချ
ပဇီကြီး လေကြောင်းတိုက်ခိုက်မှုတွင် အမျိုးသမီးနှင့် ကလေး အများဆုံး သေဆုံး