ရခိုင်ပြည်နယ် သံတွဲမြို့က လမ်းမတွေပေါ်မှာ ငှက်ပျောပင်ရဲ့ အလယ်အူတိုင်တွေကို နှီးခံတောင်းအပြည့်ထည့်ကာ ခေါင်းမှာ ရွက်ပြီး မြို့အနှံပတ်ကာ ဈေးလည်ရောင်းလေ့ရှိတဲ့ အမျိုးသမီးကြီး တဦး ကို သတိထားမိနေတာ အတော်ကြာပါပြီ။
“အရီးရေ၊ ငှက်ပျောရိုးဝယ်မယ်” ဆိုတော့ “တောင်းလေး ချပေးပါဦး ငါ့တူရေ” ဆိုတာနဲ့ အဒေါ်ကြီးခေါင်းပေါ်က တောင်း ကြီးကို ဝိုင်းကူချရင်း နည်းနည်းနောနော အလေးချိန်မဟုတ်ဆိုတာ သတိထားမိတယ်။ ဒါနဲ့ ၁ ထောင်ဖိုး ၃ စည်း ရောင်းတဲ့ ငှက်ပျောရိုးကို ၁ ထောင်ဖိုး ဝယ်ထားလိုက်တယ်။
တကယ်တော့ သူ့ရဲ့ ခံတောင်းထဲက ဒီလောက်လေးတဲ့ ငှက်ပျောရိုးတွေ အားလုံးကုန်သွားရင်တောင် အခုကာလမှာ သူတို့ မိသားစုအတွက် တရက်တာ စားသောက်စရိတ် မလောက်ငှပါဘူး။
အဒေါ်ကြီးကို နောက်ဆုံးတခေါက်တွေ့တော့ အရင်လို ရောင်းစရာကုန်ပစ္စည်း မပါလာခဲ့ဘူး။ သူ့ဆီမှာ ငှက်ပျောရိုးတွေ အားပေးဖူးတာမှတ်မိနေတဲ့ အဒေါ်ကြီးက အရင်ဆုံး စကားစပြောတယ်။
“အိမ်မှာ ကလေးတွေ ထမင်းမစားရတာ ၂ရက်ရှိပြီ၊ အရီးလည်း ကျန်းမာရေးမကောင်းလို့ ဈေးမရောင်းနိုင်၊ အရီးကို တတ်နိုင်သလောက်လေး ကူညီပါလားကွယ်”လို့ ဆိုတယ်။
သူ့ခွန်သူ့အားနဲ့ ဈေးတောင်း ခေါင်းရွက်ပြီး ကိုယ့်အားကိုယ်ကိုး ရပ်တည်နေတဲ့ မိခင် အမျိုးသမီးကြီး တယောက်ဟာ နေ့ချင်းညချင်း အလှူခံစားသောက်ရမယ့် (တောင်းရမ်း စားသောက်ရမယ့်) အခြေအနေကို ရောက်လာတာက ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။
ဒီဖြစ်ရပ်အပြီး သိပ်မကြာခင် ရက်ပိုင်းမှာပဲ အသက် ၅ နှစ်အရွယ် ကလေးမလေးတယောက် ရောက်လာကာ စကားမပီ သေးတဲ့ အသံလေးနဲ့ “”အလှူခံပါတယ်” တဲ့။
အရင်တုန်းက သံတွဲမှာ အခုလိုအလှူခံတဲ့ကလေးမျိုး တခါမှ မကြုံဖူးခဲ့ပါဘူး။
ဒါတွေကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက သူကိုယ်တိုင် မြင်တွေ့ကြားသိရတဲ့ အတွေ့အကြုံတွေကို သံတွဲမြို့သား ကိုအောင်ထက် က ပြန်ပြောပြခဲ့တာဖြစ်ပါတယ်။
ဒီအခြေအနေတွေအားလုံးဟာ စစ်ကောင်စီက ရခိုင်ပြည်နယ်ကို ပြည်မနဲ့ အဆက်အသွယ်ဖြတ်တောက် ပိတ်ဆို့လိုက်ပြီး ၂ လတာ အတွင်းမှာ သံတွဲဒေသက အခြေခံလူတန်းစားတွေ ရင်ဆိုင်ကြုံတွေ့လာရတဲ့ အခြေအနေပဲဖြစ်ပါတယ်။
၂၀၂၃ ခု နိုဝင်ဘာ ၁၃ ရက်မှာ ရက္ခိုင့်တပ်တော် (AA)နဲ့ တကျော့ပြန်ဖြစ်လာတဲ့ တိုက်ပွဲတွေကြောင့် စစ်တပ်ဟာ ရခိုင်ပြည် နယ်နဲ့ ပြည်မကို ဆက်သွယ်ထားတဲ့ ရေကြည်- အသုတ်- ငါးသိုင်းချောင်း- ဂွလမ်း၊ ပြည်-ပန်းတောင်း- တောင်ကုတ်လမ်းနဲ့ မင်းဘူး-ပဒါန်း-အမ်းတောင်ကြားလမ်း စတဲ့ ရိုးမဖြတ်ကျော် အဝေးပြေးလမ်းမကြီး ၃ခုကို ရုတ်တရက် ပိတ်လိုက်ပါတယ်။
ပြည်မနဲ့တင် အဆက်ဖြတ်လိုတာလားဆိုတော့ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်တွင်း တမြို့နဲ့ တမြို့၊ တရွာနဲ့တရွာ ဆက်သွယ် သွားလာရေး၊ ကုန်သွယ်ရေး အားလုံးကို ပိတ်ပင်ကန့်သတ်ထားပါတယ်။
အရင်က တိုက်ပွဲဖြစ်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့တွေကိုသာ လမ်းပန်းဆက်သွယ်ရေး၊ အင်တာနက်၊ တယ်လီဖုန်း လိုင်း စတာတွေကို ကာလကြာရှည် ဖြတ်တောက်ခဲ့ပေမယ့် ဒီအကြိမ်မှာတော့ စစ်ဖြစ်နေတဲ့ ရခိုင်မြောက်ပိုင်း မြို့နယ်တွေ သာမက တိုက်ပွဲတွေနဲ့ အလှမ်းဝေးတဲ့ ရခိုင်တောင်ပိုင်းမြို့တွေကိုပါ တပြေးညီ ဖြတ်တောက်လိုက်တာဖြစ်ပါတယ်။
ရုတ်တရက် ပိတ်ဆို့လိုက်တဲ့ နိုဝင်ဘာလအတွင်း မြို့အထွက်တွေမှာ လက်နက်ကိုင်တပ်တွေချကာ ရွာက ထွက်တဲ့သီးနှံ တွေကို ရောင်းချမယ့် ဈေးသည်တွေကို မြို့ထဲပေးမဝင်၊ မြို့ထဲက လူသုံးကုန်ပစည်းတွေကို မြို့ပြင်ကနေ အလွယ်တကူ လာ ဝယ်လို့ မရတာ၊ မြို့ပြင်ကနေ မြို့တွင်းကို ရုံးတက်ရုံးဆင်း၊ ကျောင်းသွားကျောင်းပြန်ဝင်ထွက်ခွင့် မပြုတာ၊ ဆေးရုံ၊ဆေးခန်း သွားလာဖို့ အလွယ်တကူ ဖြတ်သန်းခွင့် မရတာစတဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အရာရာကို ကန့်သတ် ချုပ်ချယ်လိုက်ပါတယ်။
သံတွဲဒေသရဲ့ ထင်သာမြင်သာရှိတဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ ပင်လယ်ငါးဖမ်းလုပ်ငန်း၊ ဟိုတယ်နဲ့ ခရီးသွား လာရေးလုပ်ငန်းတွေကို ပိတ်ဆို့လိုက်သလို လုပ်ငန်းအားလုံးရဲ့ အသက်သွေးကြောဖြစ်တဲ့ စက်သုံးဆီ ရောင်းဝယ်ဖောက် ကားမှုတွေကိုပါ ကန့်သတ်လိုက်တာပါ။
အားလုံးကို ပိတ်ဆို့လိုက်တဲ့အတွက် အခြေခံစားသောက်ကုန်ဈေးတွေ အနည်းဆုံး ၃ ဆကနေ ၅ ဆ လောက်အထိ မြင့်တက်သွားသလို လွန်ခဲ့တဲ့ ၂ လမတိုင်ခင်က ကြိုက်တဲ့အချိန် ကြိုက်တဲ့ဆိုင်မှာ ကြိုက်ရာ ရွေးချယ်ဝယ်ယူနိုင်တဲ့ အခြေအနေကနေ ရုတ်တရက်ဆိုသလို တရစ်ချင်း တရစ်ချင်း ကျပ်တည်းလာပါတယ်။
အရင်တုန်းက ၂၄ ပြည်ပါတဲ့ ကောက်ကြီးဆန် တအိတ်ဟာ ကျပ် တသိန်းအောက်မှာ ရှိရာက ကျပ် ၂ သိန်းနီးပါး ထိမြင့် တက်ခဲ့သလို အရင်တုန်းက တပိဿာကို ၄,၀၀၀ ကျပ်သာ ရှိတဲ့ ကြက်သွန်နီဈေးဟာ ခုဆိုတပိဿာကို ကျပ် ၂၅,၀၀၀ အထိရောက်အောင် မြင့်တက်သွားခဲ့တယ်။
ကြက်ဥတလုံး ၁၅၀ကနေ ၅၀၀ ကျပ်အထိ တက်လာခဲ့သလို အရင်တုန်းက ငါးဆယ်သားပါ ပဲနှမ်းဆီ တဘူးဟာ ၃၅၀၀ ကျပ် ဝန်းကျင်ကနေ ၁၂၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ပါတယ်။ စက်သုံးဆီက တလီတာကို ၂၅၀၀ ကျပ် ကနေ ၂၅၀၀၀ ကျပ်အထိ စံချိန်တင်မြင်တက်တယ်လို့ ဆိုရမှာပါ။ တချို့အခြေခံစားသောက်ကုန်တွေဆို ငွေရှိရင်တောင် ဝယ်မရတော့ တဲ့အထိ ပြတ်တောက်သွားခဲ့တယ်။
ရံဖန်ရံခါ မှောင်ခိုဆန်ဆန် ဝင်လာတဲ့ ကုန်စည်တချို့ကြောင့် ဈေးနှုန်းအနည်းငယ် ပြန်ကျလာခဲ့ပေမယ့် မူလထက် ၂ဆနီးပါး ဈေးမြင့်နေပါသေးတယ်။
အာဏာသိမ်းပြီးကတည်းက မြို့ပေါ်တွေမှာ ဒေသခံလူငယ်တွေ၊ နိုင်ငံရေးအတွေးအမြင်ရှိ သူတွေကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေချတာတွေ လုပ်ခဲ့သလို၊ နိုင်ငံရေးနဲ့ မဆက်နွယ်ပေမယ့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေ သူတွေကို တရားမဝင်အသင်းနဲ့ ဆက်သွယ်မှုဆိုတဲ့ ပုဒ်မတွေတပ်ပြီး ငွေညှစ်တာ၊ အမှုဖွင့်ထောင်ချတာတွေ ဆက်တိုက် လုပ်ခဲ့တယ်။
တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်လာပြီးနောက်ပိုင်းမှာလည်း သံတွဲမြို့က စာရေးဆရာတွေ၊ ပရဟိတလုပ်ကိုင်နေ သူတွေကို ဆက်တိုက်ဖမ်းဆီးနေပေမယ့် ရာဇဝတ်မှုကျူးလွန်လို့ ထောင်ကျနေတဲ့ သူတွေကို လွတ်ငြိမ်းချမ်းသာနဲ့ လွှတ်ပေးလိုက်တဲ့ အခါ သံတွဲမြို့မှာ တခါမှ မကြားဖူး၊ မကြုံဖူးတဲ့ ဓားပြမှုဆိုတာ ကြုံလာရတယ်။
ဒေသခံတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေကိုပါ အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာပေးနိုင်တဲ့ ငါးဖမ်းလုပ်ငန်းနဲ့ ဟိုတယ် ခရီးသွားလုပ်ငန်းတွေ ရပ်သွားတာကြောင့် ခရီးသွားလုပ်ငန်းကို အဓိက မှီခိုနေရတဲ့ စားသောက်ဆိုင်လုပ်ငန်းတွေ ရပ်တန့် သွားခဲ့ပါတယ်။
ငွေစီးဝင်ရာ အဓိကရင်းမြစ် ဒီလုပ်ငန်းတွေ ရပ်သွားတာဟာ ကိုဗစ်ကာလနောက်ပိုင်းကတည်းက စီးပွားရေးကျဆင်း နေတဲ့ သံတွဲဒေသအတွက် ကြီးမားတဲ့ သက်ရောက်မှုတခု ဖြစ်ပါတယ်။ အလတ်စား အသေးစားစီးပွားရေးလုပ်ငန်းတွေ အပါ အဝင် အလုပ်အကိုင် အားလုံးနီးပါး ရပ်သွားတာကြောင့် မူလကတည်းက တနေ့လုပ်မှ တနေ့စားရတဲ့ အခြေခံ လက်လုပ် လက်စား မိသားစုတွေအဖို့ ဝင်ငွေလုံးဝမရှိတော့ဘဲ ကာလတိုအတွင်း အလုပ်လက်မဲ့ဖြစ်သွားတဲ့ ဒေသခံပေါင်း များစွာ ပေါ်ထွက်လာပါတယ်။
ဝင်ငွေတွေရော ကုန်စည်စီးဆင်းမှုတွေပါ ရုတ်တရက် ရပ်တန့်သွားချိန် အဆမတန် မြင့်လာတဲ့ ကုန်ဈေးနှုန်းတွေနဲ့ ရင်ဆိုင် လိုက်ရတဲ့အခါ မူလကတည်းက ယိုင်နဲ့နဲ့ ရပ်တည်နေရတဲ့ မိသားစုတွေအတွက်တော့ ဆန် ဆီ ဆား ငရုတ် ကြက်သွန် ဝယ်ခြမ်းဖို့ ဈေးဖိုးဆိုတာ ဝန်ထုတ်ဝန်ပိုးဖြစ်လာပါတော့တယ်။
လမ်းပန်းဆက်သွယ်ရေး ရုတ်တရက် ဖြတ်တောက်ခံလိုက်ရတဲ့ ၂လကျော်အတွင်း ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲ မြို့နယ်မှာ လက်ရှိကြုံနေရတာက စစ်ဘေးမဟုတ်ဘဲ စားသောက်ရေး အကျပ်အတည်းနဲ့ အငတ်ဘေးဖြစ် တာကြောင့် စစ်ပွဲတွေမရှိသေးပေမယ့် စားဝတ်နေရေး တိုက်ပွဲတွေကြောင့် နာလန်ထူနိုင်တော့တဲ့လူတွေ ပိုများသထက် များလာနေသလို တိတ်တိတ်ကလေး ငတ်လာကြတဲ့ အိမ်ထောင်စုတွေ ပတ်ဝန်းကျင်မှာ ပိုတိုးလို့ လာပါတယ်။
သံတွဲမြို့နယ်ထဲက ငွေရွှင်ရာအရပ်ဖြစ်တဲ့ ဂျိတ်တောငါးဖမ်းဇုန်က ဒေသခံတဦးက “အရင်တုန်းက စတုဒီသာဆိုတာ ပျော် လို့၊ အပျော်သွားစားကြတာ၊ အခုက စတုဒီသာ သွားစားတာ ကုန်သွားလို့ မစားရဘဲ ငိုပြီး ပြန်ရတဲ့ ဘဝတွေရှိလာပြီ။ ရှိတာလေးကို ကလေးတွေ မငတ်အောင် ကျွေးပြီး၊ လူကြီးတွေက အငတ်ခံနေရတဲ့ မိသားစုတွေ ရှိနေပြီ” လို့ ပြောပါတယ်။
အခြေခံလူတန်းစားတွေတင် ဒီပြဿနာကို ရင်ဆိုင်နေရတာလားဆိုတော့ မဟုတ်ပါဘူး။ လုပ်ငန်းနဲ့ အခြေတကျ ရပ်တည် နေတဲ့ အလယ်လတ်တန်းစားတွေအတွက်လည်း ရှေ့ဆက်ရမယ့် လမ်းစတွေ ပျောက်လာပါတယ်။
“ပြီးခဲ့တဲ့ တမိုးတွင်းလုံး ဝင်ငွေမရှိဘဲ ဆိုင်ဝန်ထမ်းတွေကို လစာပေးထားရတာ၊ အခုပွင့်လင်းရာသီမှာ အလုပ်တွေ လုပ်မယ် အားခဲထားရင်း အခုလိုတွေ ဖြစ်တော့ လမ်းစပျောက်သွားတယ်၊ ခန္ဓာကိုယ်မှာ အားပြတ်သွားသလို ခံစားရတယ်” လို့ စားသောက်ဆိုင်လုပ်ငန်းပိုင်ရှင်တယောက်က ရင်ဖွင့်ပါတယ်။
မိုးများတဲ့ သံတွဲဒေသဟာ မိုးရာသီမှာ အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေနည်းပါးတာတွေကြောင့် အခုလို ပွင့်လင်းရာသီကို အမှီပြုပြီး စီးပွားရှာရတဲ့ ဒေသဖြစ်တယ်။ နွေရာသီမှာ ရှာဖွေစုဆောင်း ထားတဲ့ ငွေပိုငွေလျှံ ကို မိုးရာသီမှာ ခြွေတာ စားသောက်သုံးစွဲရတဲ့ သဘာဝရှိပါတယ်။
သံတွဲဒေသက အခြေခံလူတန်းစားတွေရဲ့ နေ့စဉ် စားနပ်ရိက္ခာ ရှားပါးမှုနဲ့ စားဝတ်နေရေးတိုက်ပွဲက စိုးရိမ်ရေမှတ်ကို ကျော် နေပြီဖြစ်ပြီး ဈေးသည်အဒေါ်ကြီးလို တောင်းစားတဲ့ ကလေးငယ်လို လမ်းမတွေပေါ်ကိုမရောက်ပေမယ့် အိမ်ထဲမှာ နေရင်း အငတ်ဘေးက တဖြည်းဖြည်း နီးလာပြီလို့ ခံစားနေရတဲ့ မိသားစုပေါင်းများစွာ ရှိနေပါတယ်။
အလားတူပဲ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြောက်ဦး၊ မြေပုံ၊ အမ်း၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပလက်ဝ၊ မင်းပြားစတဲ့ မြို့နယ်တွေမှာ စစ်မီးတောက်ကာ အသက်ဘေး အိုးမဲ့အိမ်မဲ့ဘေးတွေနဲ့ ရင်ဆိုင်ကြုံတွေ့လာခဲ့တာ ၂လစွန်းစွန်း ကြာမြင့်ခဲ့ပါပြီ။ ဒီလထဲမှာတင် ရသေ့တောင် စစ်ရှောင်စခန်းက သက်ကြီးရွယ်အိုတဦးဟာ စားသောက်နေထိုင် ရေး အခက်အခဲတွေကို ရင်ဆိုင်နိုင်စွမ်း မရှိတဲ့အတွက် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ထုတ်ပြန်ချက်အရဆိုရင် ၂၀၂၃၊ နိုဝင်ဘာ ၁၃ ရက် ကနေ ဒီဇင်ဘာ ၁၁ရက်နေ့အထိ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းဒေသမှာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ လူဦးရေဟာ ၁၁၁,၀၀၀ ကျော်ရှိလာခဲ့ပါပြီလို့ သိရပါတယ်။
သံတွဲမြို့ပေါ်ရပ်ကွက်က အသက် ၃၅နှစ်ဝန်းကျင်အရွယ် အိမ်ရှင်မတယောက်ကတော့ “သေတာထက် စာရင် တော်သေး တာပေါ့”လို့ ကိုယ့်ကိုယ်ကို နှစ်သိမ့်ရင်း စိုးရိမ်ရေမှတ်ကျော်လွန်နေတဲ့ စားဝတ်နေရေး ပြဿနာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာ တောင်မှ အဆိုးထဲကအကောင်းလို့ တွေးတောလာနေရသလို ဖြစ်နေတာတွေ့ရပါတယ်။
တနည်းအားဖြင့်တော့ ကြုံလာနိုင်တဲ့ စစ်ဘေးကို ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်နိုင်မှု နည်းလမ်းမရှိသလို အားမတန် မာန် လျော့ထားရတာမျိုးဖြစ်နိုင်ပါတယ်။
အရင်ကပုဂ္ဂလိက လုပ်ငန်းတခုမှာ လခစား ဝန်ထမ်းဖြစ်ခဲ့ပြီး ပိတ်ဆို့ခံရမှုတွေကြောင့် လုပ်ငန်းရပ်သွားလို့ အလုပ်လက်မဲ့ ဖြစ်သွားတဲ့ မိခင်တဦးလည်းဖြစ်၊ မိသားစု စားသောက်ရေး နေ့တဓူ၀ စီမံခန့်ခွဲနေရတဲ့ မဝေဝေ (အမည်လွှဲ) ကတော့ “ဒါတွေအားလုံးပြီးသွားလို့ မသေဘဲ ကျန်ခဲ့မယ်ဆိုရင်တောင် ပြန်ထူထောင်နိုင်ဖို့ မလွယ်ဘူး၊ လူတွေကို မြို့ထဲမှာ ပိတ် ထားပြီး ငတ်သေအောင် အမှည့်ခြွေနေသလိုပဲ”လို့ သံတွဲဒေသခံတွေ ရင်ဆိုင်လာရတဲ့ အငတ်ဘေးကို မှတ်ချက်ပြုပါတယ်။
You may also like these stories:
ရခိုင်ပြည်နယ်အတွင်း ကုန်းလမ်း ရေလမ်းများ စစ်ကောင်စီ ပိတ်ဆို့
ရခိုင်အနောက်ဘက်ခြမ်းကို ဘာကြောင့် AA စစ်မျက်နှာဖွင့် တိုက်သလဲ
ရခိုင်အထူးစီးပွားရေးဇုန် တရုတ်အရှိန်မြှင့်လုပ်နေချိန် ကျောက်ဖြူကို စစ်ကောင်စီ ပိတ်ဆို့
ရခိုင်၌ အင်တာနက်လိုင်းများ စတင် ပြတ်တောက်လာ