ပထမ အင်္ဂလိပ် – မြန်မာ အဘိဓာန် ဆရာ
မြန်မာနိုင်ငံ၌ ကျနော် သိသော “မက္ခရာ မင်းသား” နှစ်ပါး ရှိသည်။
တပါးမှာ အမရပူရ ပထမ မြို့တည် ဗဒုံမင်းတရား (ဘိုးတော်ဘုရား) ၏ သားတော် ဖြစ်သည်။ ငယ်မည် မောင်ပျိုး၊ ဘွဲ့အမည် မင်းရဲကျော်စွာ ဖြစ်သည်။
နောင်အခါ မက္ခရာမြို့ကို စားရသဖြင့် မက္ခရာ မင်းသားဟု တွင်သည်။ အင်းဝ ဘုရင် ဘကြီးတော်နှင့် သာယာဝတီ မင်းတို့၏ ဦးလေးတော် ဖြစ်သည်။
မြန်မာနိုင်ငံကို ခေတ်သစ် ထူထောင်လိုသူ အဖြစ် လည်းကောင်း၊ အင်္ဂလိပ် – မြန်မာ အဘိဓာန်ကို ပြုစုသူ အဖြစ် လည်းကောင်း ထင်ရှားသည်။
ကျန်တပါးမှာမူ ရတနာပုံ ပထမ မြို့တည် မင်းတုန်းမင်း၏ သားတော် ဖြစ်သည်။ ငယ်မည် မောင်သန့်၊ ဘွဲ့အမည် မင်းရဲစည်သူ ဖြစ်သည်။
နောင်အခါ မက္ခရာ မြို့ကို စားရသဖြင့် မက္ခရာ မင်းသား တွင်သည်။ အိမ်ရှေ့စံ ကနောင်မင်းသား လွန်ပြီးနောက် ကနောင် မင်းသား အုပ်ချုပ်ခဲ့သည့် ရတနာပုံ စက်ရုံများကို အုပ်ချုပ်ခဲ့သူ ဖြစ်သည်။
မင်းတုန်းမင်း၏ အရိုက်အရာကို ဆက်ခံထိုက်သူ အရည်အချင်း ပြည့်သော သားတော်ကြီး တပါး အဖြစ် ထင်ရှားသည်။ သီပေါမင်းကို နန်းတင်စဉ် မင်းညီမင်းသား အများ ကွပ်မျက်ခံရရာ ထိုမင်းသားလည်း ကွပ်မျက်ခံရရှာသည်။
ယခု တင်ပြလိုသူမှာ အဘိဓာန် ဆရာ မက္ခရာ မင်းသားကြီးပင် ဖြစ်သည်။
အမေရိကန် သာသနာပြု ဆရာ ဒေါက်တာ ဂျပ်ဆင်၏ မှတ်တမ်းများအရ မက္ခရာ မင်းသားကြီးသည် ရုပ်ရည် ရူပကာ တင့်တယ်သည်။ သို့ရာတွင် ခြေလက်တို့မှာ လေဖြတ်ထားသဖြင့် မသန်မစွမ်း ဖြစ်နေသည်ဟု ဆိုသည်။
ယင်းသို့ ဖြစ်လင့်ကစား မင်းသားကြီးသည် ဘဝကို အရှုံးမပေး။ နိုင်ငံနှင့် လူမျိုးအကျိုးကို အစွမ်းကုန် ဆောင်ရွက်ခဲ့သည်။ ဆောင်ရွက်သည် ဆိုရာ၌ နိုင်ငံရေးအရ မဟုတ်။
စာပေရေး၊ ပညာရေး အရ ဆောင်ရွက်ခြင်း ဖြစ်သည်။
ထိုစဉ်က မြန်မာတို့သည် အနောက်တိုင်း ဝိဇ္ဖာ သိပ္ပံ ပညာရပ်များကို မတတ်မြောက်ကြသေး၊ ခေတ်မမီကြသေး။ ကမ္ဘာ ပြားသည်ဟူသော အယူကိုပင် ယူကြဆဲ ဖြစ်သည်။
ထိုအချက်ကို မင်းသားကြီးသည် ကောင်းစွာ သတိပြု ဆင်ခြင်မိသည်။
မင်းသားကြီးသည် အင်းဝ နေပြည်တော်ရောက် ပေါ်တူဂီ လူမျိုးများ၊ အင်္ဂလိပ် လူမျိုးများနှင့် ဆက်ဆံရာတွင် ထိုသူတို့မှ တဆင့် ခေတ်မီ ဝိဇ္ဖာ သိပ္ပံ ပညာရပ်များ၏ သဘောကို သိရှိ နားလည်ခဲ့သည်။ ထို ပညာရပ်များကို တတ်မြောက်မှသာ မြန်မာတို့ ခေတ်မီနိုင်မည်ဟု သဘောပေါက်ခဲ့သည်။
တဖက်က နယ်ချဲ့ ရန်လည်း ရှိနေရာ ထိုသို့ ခေတ်မီမှလည်း နယ်ချဲ့ရန်ကို တွန်းလှန်နိုင်မည်ဟု မြင်ခဲ့ဟန် တူသည်။ ထို့ကြောင့် မြန်မာများ ခေတ်မီရေးကို မင်းသားကြီးသည် အစွမ်းကုန် ကြိုးပမ်းခဲ့လေသည်။
မင်းသားကြီးသည် အင်းဝသို့ ရောက်ရှိနေသည့် အင်္ဂလိပ် ကုန်သည်ကြီး မစ္စတာ ရော်ဂျာထံမှ အင်္ဂလိပ်စာကို သင်ယူသည်။ ထို့နောက် အင်္ဂလိပ်ဘာသာဖြင့် ရေးထားသည့် အနောက်တိုင်း ဝိဇ္ဖာသိပ္ပံ ဆိုင်ရာ ပညာရပ်များကို လေ့လာ ဆည်းပူးသည်။
အထူးသဖြင့် ရီး၏ စွယ်စုံကျမ်း (Ree”s Encyclopaedia) ကို လေ့လာ ဆည်းပူးသည်။ မြန်မာ အမျိုးသားတို့ လေ့လာ ဆည်းပူးနိုင်ရန်လည်း ထိုကျမ်းပါ သိပ္ပံပညာရပ် အချို့ကို မြန်မာ ဘာသာ ပြန်ဆိုသည်။
မင်းသားကြီးသည် အလွန် ခေတ်မီသူ ဖြစ်သည်။ သူ့အိမ် စာကြည့်ဆောင် နံရံတွင် အပူအအေး ချိန်သော သာမို မီတာနှင့် လေဖိအား ချိန်သော ဗရိုမီတာ တို့ကို အမြတ်တနိုး ချိတ်ဆွဲထားသည်။
ကမ္ဘာ လုံးသည် ဟူသော အယူအဆကိုလည်း နှစ်သက် လက်ခံ ယုံကြည်ထားသည်။ ထိုစဉ်က ထိုအယူအဆကို လက်ခံသူမှာ မြန်မာ အမျိုးသားတို့ အထဲတွင် အလွန် ရှားပါးလှသည်။
မင်းသားကြီး လော်ဂရစ်သမ် ဂဏန်း သင်္ချာ တွက်နည်းကို အင်းဝရောက် အင်္ဂလိပ် ကုန်သည်ကြီး မစ္စတာ လိန်း ထံက သင်ကြားလေသည်။
ဘကြီးတော် လက်ထက် ၁၈၂၆ ခုတွင် ပထမ အင်္ဂလိပ် – မြန်မာ စစ်ပွဲ ဖြစ်ပွားသည်။ ၂ နှစ်ခန့် တိုက်ခိုက်ကြပြီးနောက် မြန်မာတို့ အရေးနိမ့်သဖြင့် စစ်ပြေငြိမ်းကြသည်။
ရန္တပို စာချုပ်ကို ချုပ်ဆိုကြသည်။ စာချုပ်အရ မြန်မာတို့က အင်္ဂလိပ်တို့အား ရခိုင်တိုင်းနှင့် တနင်္သာရီတိုင်း တို့ကို ပေးလိုက်ရသည်။
နှစ်နိုင်ငံ ဆက်ဆံရေး လွယ်ကူစေရန် မြန်မာ နေပြည်တော် အင်းဝ နှင့် အင်္ဂလိပ်ပိုင် ကာလကတ္တား တို့တွင် အရေးပိုင် ဝန်ကြီး တဦးစီ ခန့်ထားကြသည်။
အင်္ဂလိပ်တို့က အင်္ဂလိပ် စစ်ဗိုလ်မှူးကြီး ကာနယ် ဗားနေးကို အင်းဝသို့ အရေးပိုင် ဝန်ကြီးအဖြစ် ခန့်အပ် စေလွှတ် လိုက်သည်။ ကာနယ် ဗားနေးသည် အင်းဝတွင် ၇ နှစ်တိုင် နေထိုင်လျက် အမှု ထမ်းရွက်ခဲ့လေသည်။
ကာနယ် ဗားနေး အင်းဝသို့ ရောက်သောအခါ မက္ခရာ မင်းသားကြီးကို သွားရောက် တွေ့ဆုံလေသည်။ တွေ့ဆုံသည်မှာ တာဝန်အရ မဟုတ်။ နိုင်ငံရေးအရ မဟုတ်။
အင်္ဂလိပ်စာ တတ်ကျွမ်း၍ ခေတ်မီ ဝိဇ္ဖာ သိပ္ပံ ပညာရပ်များကို လေ့လာ လိုက်စားသူ ပညာရှင် တဦးကို လေးစား ကြည်ညိုသော အားဖြင့် သွားရောက် တွေ့ဆုံခြင်းသာ ဖြစ်သည်။
မင်းသားကြီးကလည်း ကာနယ် ဗားနေးကို ကောင်းစွာ ဆီးကြို ဧည့်ခံသည်။ မင်းသားကြီး၏ စာကြည့်ဆောင် နံရံတွင် သာမိုမီတာနှင့် ဗရိုမီတာတို့ ချိတ်ဆွဲထားသည်ကို ကာနယ် ဗားနေးသည် အံ့ချီးစွာ တွေ့ခဲ့ရသည်။
မင်းသားကြီးနှင့် ကာနယ် ဗားနေးတို့ ပြောဆို ဆွေးနွေးကြသည် တို့မှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ မင်းသားကြီးက ကာနယ် ဗားနေးအား လန်ဒန်၊ ကာလကတ္တား၊ အင်းဝ၊ ဘန်ကောက် မြို့များ၏ လတ္တီတွဒ် မျဉ်းကြောင်းများ၊ လောင်ဂျီတွဒ် မျဉ်းကြောင်းများကို မေးသည်။
အဘယ်ကြောင့် သင်္ဘောသား အိမ်မြှောင် မြောက်ဘက်သို့သာ ခေါင်းလှည့် နေတတ်သည်ကိုလည်း မေးသည်။ ကောင်းကင်၌ ဒုတိယ အကြိမ် ပေါ်ထွက်လာသော ကြယ်တံခွန် အကြောင်းကိုလည်း မေးသည်။ သာမိုမီတာနှင့် ဗရိုမီတာ တို့ကို မည်ကဲ့သို့ စီရင် ပြုလုပ်သည်ကိုလည်း မေးသည်။
ထို့ပြင် မင်းသားကြီးက အက္ခရာ သင်္ချာကို သူအလွန် တတ်ကျွမ်း လိုကြောင်းလည်း ပြောလေသည်။
ကာနယ် ဗားနေးသည် မင်းသားကြီး၏ ပညာ ဗဟုသုတကို အထူး လေးစား ချီးကျူးမိသည်။ မင်းသားကြီးကို အထူး လေးစား ကြည်ညိုမိသည်။
ထို့ကြောင့် သူ၏ မှတ်တမ်းတွင် “ကျွန်ုပ်သည် မင်းသားကြီး၏ ဗဟုသုတ စုံလင်ပုံကို မချီးမွမ်းဘဲ မနေနိုင်ပါ။ ဤ မြန်မာ နိုင်ငံတွင် မင်းသားကြီးကဲ့သို့ ပညာ ဗဟုသုတ ပြည့်စုံ၍ ဉာဏ် ထက်မြက်သော ပုဂ္ဂိုလ်မျိုးကို မတွေ့ဘူးပါ။ ဤ မင်းသားကြီး ကဲ့သို့ ပညာ ဗဟုသုတ အရာတွင် အငတ်မပြေ သိကျွမ်းလိုသော လူမျိုးကို မတွေ့ဘူးပါ” ဟူ၍ ရေးထား ခဲ့လေသည်။
မင်းသားကြီး သိပ္ပံပညာကို အထူး ဝါသနာ ထုံသူ ဖြစ်သည်။ ကာနယ် ဗားနေးနှင့်သာမက အခြား နိုင်ငံခြားသား ပုဂ္ဂိုလ်များ နှင့်လည်း သိပ္ပံပညာ အကြောင်း ဆွေးနွေးတတ်သည်။
ကာနယ် ဗားနေးနှင့် မတွေ့မီ ၁၈၂၂ ခုတွင် ဒေါက်တာ ဂျပ်ဆင်နှင့် တွေ့ဆုံစဉ်လည်း သိပ္ပံပညာ အကြောင်း ဆွေးနွေးခဲ့ဖူးသည်။
ဒေါက်တာ ဂျပ်ဆင်က နက္ခတ္တဗေဒ နှင့် ပထဝီဝင် ပညာများကို သူနှင့် မက္ခရာ မင်းသားကြီးတို့ ဆွေးနွေးခဲ့ကြောင်း မှတ်တမ်း တင်ထားသည်။
ယင်းသို့ မှတ်တမ်း တင်ရာ၌ မက္ခရာ မင်းသားကြီးသည် အနောက်တိုင်း သိပ္ပံပညာကို အထူး လေ့လာ လိုက်စားသူ ဖြစ်သည် ဟူ၍လည်း မှတ်ချက် ချထားပေသည်။
မင်းသားကြီးသည် ထိုစဉ်က အင်္ဂလိပ် စာပေ၌ ခေတ်စားသည့် ဂျွန်ဆင်၏ အင်္ဂလိပ် အဘိဓာန်ကို အခေါက်ခေါက် အခါခါ လေ့လာသည်။
ယင်းသို့ လေ့လာရာမှ အင်္ဂလိပ် – မြန်မာ အဘိဓာန် တစောင် ကြိုးပမ်းပြုစုရသော် နိုင်ငံနှင့် လူမျိုးအတွက် အကျိုး ရှိပေအံ့။ မြန်မာတို့ အင်္ဂလိပ် ဘာသာ တတ်ကျွမ်းရေး အတွက် အထောက်အကူ ရပေအံ့။
ခေတ်မီ ဝိဇ္ဖာ သိပ္ပံ ပညာရပ်များကို လေ့လာရာတွင် လည်းကောင်း၊ ယင်းတို့ကို မြန်မာဘာသာ ပြန်ဆိုရာတွင် လည်းကောင်း ကြီးစွာသော အထောက်အကူ ရပေအံ့ဟု ဆင်ခြင်မိရာသည်။
ထို့ကြောင့် သူ့ကို လော်ဂရစ်သမ် ဂဏန်း သင်္ချာ သင်ပေးခဲ့ဖူးသည့် အင်္ဂလိပ် ကုန်သည်ကြီး မစ္စတာ ချားလိန်း နှင့် တွဲဖက်လျက် အင်္ဂလိပ် – မြန်မာ အဘိဓာန်ကို တီထွင် ပြုစုလေသည်။
ပြုစုရာ၌ မစ္စတာ လိန်းက ရှေးဦးစွာ အင်္ဂလိပ် အဘိဓာန်ကို မြန်မာ ဘာသာ ပြန်ဆိုသည်။ ထို့နောက် မြန်မာ ဘာသာ ပြန်ချက်ကို မင်းသားကြီး စေ့စပ်သေချာစွာ ပြင်ဆင် တည်းဖြတ်ပေးသည်။
ယင်း အဘိဓာန်ကို ၁၈၃၃ ခုနှစ်တွင် စတင်ကြိုးပမ်း ပြုစုသည်။ ၁၈၄၁ ခုနှစ်တွင် ကာလကတ္တားမြို့ သာသနာပြု ပုံနှိပ်တိုက် ၌ ပုံနှိပ် ထုတ်ဝေနိုင်ခဲ့သည်။ အဘိဓာန် အရွယ်မှာ ဒီမိုင်း ဆိုက်ကြီး ဖြစ်၍ စာမျက်နှာ ၄၈၆ မျက်နှာ အထူရှိသည်။
ယင်း အဘိဓာန် နိဒါန်းကို မက္ခရာ မင်းသားကြီး ကိုယ်တိုင် မြန်မာ ဘာသာဖြင့် ရေးသားသည်။ နိဒါန်းတွင် ယင်း အဘိဓာန် ထုတ်ဝေရခြင်း၏ ရည်ရွယ်ချက်ကို မင်းသားကြီးက ဤသို့ ရေးသားထားသည်။
“အထူးထူးသော ဘာသာ၊ များစွာသော လူမျိုးတို့တွင် အင်္ဂလိပ် လူမျိုးသည် ဟုတ်မှန်သော၊ ထင်ရှား မျက်မှောက် တွေ့မြင်သော အတတ်ပညာကိုသာ ရှာဖွေ နှိုင်းယှဉ်ပြီးလျှင် ရုံးစု မှတ်သားလေ့ရှိသည် ဖြစ်၍ အင်္ဂလိပ် ဘာသာကို နားလည် သိမြင်ခြင်းသည် ဗဟုသုတ အရာ၌ များစွာ အကျိုးရှိသည်။
ထို့ကြောင့် ဗဟုသုတကို အလိုရှိကုန်သော မြန်မာ လူမျိုးတို့အား အင်္ဂလိပ်ဘာသာကို မြန်မာ ဘာသာ အားဖြင့် နားလည် သိမြင်စေခြင်း အကျိုးငှာ မက္ခရာ မင်းသားက သင်္ဘောသူကြီး ကပ္ပတိန်လျင်ကို အင်္ဂလိပ် အဘိဓာန်စာ ရှိသည့် အတိုင်း မြန်မာ ဘာသာ မှန်ကန်အောင် ပြန်ဆိုပါ ဆို၍ မြန်မာ သက္ကရာဇ် ၁၁၉၅ ခုနှစ် အင်္ဂလိပ် သက္ကရာဇ် ၁၈၃၃ ခုနှစ်မှ စ၍ ပြန်ဆို ရေးသားသည်။
ပြန်ဆိုအပ်သော အဘိဓာန် စာသည်ကား အင်္ဂလိပ် အက္ခရာကို ဖတ်နိုင်ကာမျှ သင်ပြီး ရှေ့နောက် စကား ကြည့်ရှု မှတ်သားပြီးလျှင် ထို အဘိဓာန် စာကို အမှီပြု၍ အင်္ဂလိပ်ပညာ စာ ၄၅ မှ စ၍ အင်္ဂလိပ်စာ တို့ကို မြန်မာ ဘာသာ အားဖြင့် သိမြင် နားလည်နိုင်ရာသည်။”
ယနေ့ ဆိုလျှင် ယင်း အဘိဓာန်ကြီး ပေါ်ထွက်ခဲ့သည်မှာ နှစ်ပေါင်း ၁၂၀ ကျော် ရှိခဲ့ပြီ။ ယင်း အဘိဓာန်သည် မြန်မာ နိုင်ငံသား တို့ကို အင်္ဂလိပ် ဘာသာ သင်ကြားရာ၌ ကောင်းစွာ အထောက်အကူ ပြုနိုင်ခဲ့သည်။
မြန်မာဘာသာ သင်ကြားသော နိုင်ငံခြားသားများကိုလည်း ကောင်းစွာ အထောက်အကူ ပြုခဲ့သည်။
ထို့ပြင် “လမ်းရိုးဟောင်းတွင် ဆင့်ကာ ထွင်သို့၊ သုတ်သင်ကာမျှ၊ လွယ်ကာရလိမ့်” ဟူသော ဆောင်ပုဒ်နှင့် အညီ နှောင်း အဘိဓာန် ဆရာများကိုလည်း ကောင်းစွာ အထောက်အကူ ပြုခဲ့ပေသည်။
ယင်း အဘိဓာန်ကို ပထမ အကြိမ်သာ ရိုက်နှိပ်နိုင်ခဲ့သဖြင့် ယခုအခါတွင် အလွယ်တကူ ရှာဖွေ မတွေ့နိုင်တော့ပေ။ သို့ရာတွင် ကျနော် သိရသမျှ မပျက်မစီးဘဲ ကျွင်းကျန်နေသေးသည့် ယင်း အဘိဓာန် နှစ်အုပ်ကား ရှိနေသေးသည်။
တအုပ်မှာ အမေရိကန်ပြည် ဝါရှင်တန်မြို့ ကွန်ဂရက် စာကြည့်တိုက်တွင် ရှိသည်။ တအုပ်ကား ရန်ကုန်မြို့ ယဉ်ကျေးမှု ဌာန အမျိုးသား စာကြည့်တိုက်တွင် ရှိသည်။
မြန်မာစာပေ သမိုင်းတွင် ဒေါက်တာ ဂျပ်ဆင်၏ အင်္ဂလိပ် – မြန်မာ အဘိဓာန်၊ ဦးထွန်းငြိမ်း၏ အင်္ဂလိပ် – မြန်မာ အဘိဓာန်၊ ဦးရွှေကြူး၏ အင်္ဂလိပ် – မြန်မာ အဘိဓာန်၊ ဒေါက်တာ ဘဟန်၏ အင်္ဂလိပ် – မြန်မာ အဘိဓာန် စသည်ဖြင့် အင်္ဂလိပ် – မြန်မာ အဘိဓာန်များ ရှိရာ မက္ခရာ မင်းသားကြီး၏ ဤ အင်္ဂလိပ် – မြန်မာ အဘိဓာန်သည် အစောဆုံး ဖြစ်ပေသည်။
ဤတွင် အင်္ဂလိပ် – မြန်မာ အဘိဓာန် ပြုစုသော မြန်မာ လူမျိုးများထဲတွင် မက္ခရာ မင်းသားကြီးသည် ပထမဆုံး ဖြစ်သည်ဟု ဆိုရပေမည်။
မက္ခရာ မင်းသားကြီးသည် ပညာရေးတွင် ထက်မြက်ရုံမျှမက သိက္ခာ သမာဓိနှင့်လည်း အထူး ပြည့်စုံဟန် တူသည်။
နောင်တော် “ဘကြီးတော်မင်း” ကို သာယာဝတီ မင်းသား ပုန်ကန်သောအခါ စေ့စပ် ဆွေးနွေးရေး အတွက် မက္ခရာ မင်းသားကြီးပင် ဦးဆောင် ဆောင်ရွက်ခဲ့ရပေသည်။
မင်းသားကြီးသည် မြန်မာ သက္ကရာဇ် ၁၁၅၃ ခုနှစ်တွင် ဖွား၍ ၁၂၁၀ ပြည့်နှစ် အသက် ၅၇ နှစ် အရွယ်တွင် လွန်သည်။ ။
(ကဗျာဆရာ၊ စာရေးဆရာကြီး မင်းယုဝေ ရေးသားခဲ့သည့် ဤဆောင်းပါးကို ရာပြည့် စာအုပ်တိုက်က ၂၀၀၃ ခုနှစ် မေလတွင် ထုတ်ဝေသော “ပထမ မြန်မာများ ဒုတိယအကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၉ ရက် အသက် ၉၂ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)