ကြံအဓိကစိုက်ပျိုးရာ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများ၌ တိုက်ပွဲများ ကြောင့် သကြားစက် အများစု မလည်ပတ်နိုင်သဖြင့် ရာသီချိန်ရောက်သော်လည်း တောင်သူများ ကြံမခုတ်နိုင်ဖြစ်နေသည်။
ပုံမှန်ဆိုလျှင် သကြားစက်များမှာ အောက်တိုဘာမှ မိုးမကျမီ ဧပြီလထိ လည်ပတ်လေ့ရှိသော်လည်း လက်ရှိတိုက်ပွဲ များကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်ကာ ကြံကားများ သွားလာမရ၍ သကြားစက်များ ရပ်နားထားသည်မှာ ၂ လကျော်လာပြီ ဖြစ်ရာ ကြံခုတ်ရာသီမှာလည်း ကျော်လွန်လာပြီဖြစ်ကြောင်း တောင်သူများက ဆိုသည်။
မြန်မာနိုင်ငံတွင် ကြံစိုက်ပျိုးသည့်တောင်သူ ၃ သိန်း ၃ သောင်းကျော်ထိရှိပြီး ကြံစိုက်ဧကပေါင်း ၄ သိန်းခွဲကျော်ရှိကာ ခရိုင်တိုင်းလိုလိုတွင် စိုက်ပျိုးနိုင်သော်လည်း မန္တလေး၊ ပဲခူး၊ စစ်ကိုင်းတိုင်းနှင့် မွန်ပြည်နယ်တွင် အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် စိုက်ပျိုးမှုကလည်း ဒေသတွင်း သကြားစက်ရုံများ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည်။
ကြံမခုတ်နိုင်သည့် စစ်ကိုင်းတောင်သူများ
စစ်ကိုင်းတိုင်းအတွင်း မြို့သိမ်းတိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး သကြားစက်များ လည်ပတ်မှု ရပ်ဆိုင်းနေသဖြင့် တောင်သူများ ကြံမခုတ်နိုင်ဘဲ စွန့်ပစ်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
ထီးချိုင့်မြို့နယ်ရှိ ကြံစိုက်တောင်သူတဦးက “ထီးချိုင့် မြို့သိမ်းတိုက်ပွဲရှိနေတော့ မန္တလေး-ဗန်းမော် ဗျူဟာလမ်းကို ပိတ်ထား တာ ၃ လကျော်ထဲ ရောက်လာပြီ။ စက်ရုံက အခုထိ မလည်ပတ်နိုင်သေးဘူး။ စက်ရုံက သူ့အချိန်နဲ့သူ ကြိတ်နိုင်မှ တောင် သူတွေ ငွေပေါ်မှာ။ ကုန်ထုတ်လမ်းဗျူဟာလမ်းကို ပိတ်ထားတော့ လောင်စာဆီဈေး၊ စားသောက်ကုန်ဈေးတွေ တက်တယ်။ ကြံတွေမခုတ်ရတော့ စီးပွားရေးကျပ်တည်းပြီး စားဝတ်နေရေးပါ ခက်ခဲတာပေါ့” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ မန္တလေး-ဗန်းမော် ဗျူဟာလမ်းပိုင်းကို အာဏာသိမ်းစစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲများ စတင်ဖြစ်ပွားသည့် ၂၀၂၃ နိုဝင်ဘာလဆန်းမှ စတင်ကာ နှစ်ဖက်အဖွဲ့များက ပိတ်ထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
စစ်ကိုင်းတိုင်း၊ ထီးချိုင့်နယ်ဒေသဝိုက် ကြံစိုက်ပျိုးတောင်သူ ၆ ထောင်ကျော်ရှိပြီး ပျမ်းမျှအားဖြင့် နှစ်စဉ် ကြံတန်ချိန် ၁၂ သိန်းခန့် ထွက်ရှိပြီး ယခုနှစ် ကြံမခုတ်ရသဖြင့် တောင်သူများ စီးပွားရေးကျပ်တည်းမှုနှင့် ရင်ဆိုင်နေရသလို လာမည့် ကြံထွက်ရာသီ၌လည်း အထွက်နှုန်းကျဆင်းနိုင်ကြောင်း အထက်ပါ ကြံစိုက်တောင်သူက ပြောသည်။
၎င်းက “အခုရာသီမှာ ကြံတွေက မခုတ်နိုင်ရင် ပျက်စီးသွားမှာ။ ကြံပင်ရဲ့သဘောက တနှစ်တခါ ခုတ်သိမ်းရတယ်။ သက်တမ်းလည်း တနှစ်ပဲခံတယ်။ မခုတ်သိမ်းရရင် နောက်ထပ် အတက်မထွက်နိုင်ဘူး။ အဲဒါကြောင့် အထွက်နှုန်းကျမယ်။ ကြံကတော့ ၁ နှစ်စိုက်ရင် ၃ နှစ် ခုတ်လို့ရတယ်။ ဒီနှစ်စိုက်တယ် ခုတ်လိုက်တယ်၊ အတက် ပြန်ထွက်တယ်ပေါ့။ လုံးဝ အထွက်နှုန်းကျသွားတော့မှ အသစ်ပြန်စိုက်ကြတာ။ အခု မခုတ်ရရင်တော့ ကြံခင်းက ပျက်စီးသွားမှာ” ဟု ရှင်းပြသည်။
ပြီးခဲ့သည့် ကြံစိုက်ပျိုးသည့်ရာသီကလည်း ဓာတ်မြေဩဇာ၊ လောင်စာဆီဈေး စသည့် အထွေထွေကုန်ကျစရိတ် မြင့်တက်မှု ကြောင့် စိုက်ပျိုးစရိတ်မှာ စစ်တပ်အာဏာမသိမ်းခင်က ၁ ဧကလျှင် ကျပ် ၆ သိန်းသာရှိခဲ့ရာမှ ယခုအခါ ကျပ် ၁၅ သိန်းထိ မြင့်တက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာရှိ ကြံကြိတ်နိုင်သည့် တန်ချိန် ၈၀၀၀ ကျ ဝေမာကုမ္ပဏီ၏ သကြားစက် ရုံ၊ မြတောင်ကျေးရွာရှိ ကြံတန်ချိန် ၁၀၀၀ ကျ UTP သကြားစက်ရုံ၊ မြတောင်သားစက်ရုံ၊ ကသာမြို့နယ် မြန်မာ့သကြား အများ ပိုင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ၏ ကြံတန်ချိန် ၁၅၀၀ ကျ သကြားစက်ရုံနှင့် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တကောင်း၌ ကြံတန်ချိန် ၁၅၀၀ ကျ သကြားစက်ရုံတို့ရှိပြီး ယင်းစက်ရုံများသို့ ရောင်းချနေသည့် တောင်သူဦးရေ ၇ ထောင်ခန့် ရှိကြောင်း သိရသည်။
ယင်းစက်ရုံများမှာ ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းဖြင့်ဗုံးကြဲမှု၊ လက်နက်ကြီး ပစ်ခတ်မှုများအပြင် တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေး အပါအဝင် အင်တာနက်နှင့် ဖုန်းလိုင်းများ ပြတ်တောက်မှု၊ စက်သုံးဆီ ဝယ်ယူရရှိမှု အခက်အခဲ စသည်တို့ကြောင့် လည်ပတ်နိုင်ခြင်း မရှိကြောင်း ဒေသခံတောင်သူများက ပြောသည်။
သို့သော် ဇန်နဝါရီ ၁၉ ရက်က ဝေမာကုမ္ပဏီ၏ သကြားစက်ရုံကို ကြံတတန်လျှင် ၁ သိန်း ၃ သောင်းကျပ်နှင့် လည်ပတ်ရန် လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
ဒေသခံ ကြံစိုက်တောင်သူတဦးက “လည်မယ်လို့တော့ပြောတာပဲ။ လမ်းပန်းဆက်သွယ်ရေးက ချောမွေ့မှုမရှိလို့ ပိတ်လိုက် ဖွင့်လိုက်ဆိုရင်တော့ ကျနော်တို့ ကြံတောင်သူတွေ ဆုံးရှုံးဖို့များပါတယ်။ မှန်းလို့တော့ မရသေးဘူး။ သူတို့ဖွင့်တဲ့ဈေးက အခု လောင်စာဆီဝယ်မရ၊ ဈေးကြီးတာနဲ့ သယ်ယူပို့ဆောင်စရိတ်မြင့်တော့ တောင်သူအတွက် တွက်ခြေကိုက်တာတော့ မဟုတ်ဘူး” ဟု လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး ရှင်းပြသည်။
ယနေ့အချိန်ထိလည်း ထီးချိုင့်မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး လက်နက်ကြီးသံများ ကြားနေရဆဲဖြစ်ကာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကသာခရိုင်ရှိ မြန်မာ့သကြား အများပိုင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ၏ သကြားစက်သည် ရက်ပိုင်းခန့်ဖွင့်ပြီးနောက် ရပ်တန့်သွားကြောင်း သိရသည်။
တိုက်ပွဲကြားက ရှမ်းမြောက်ကြံစိုက်တောင်သူများ
ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုတွင် သကြားစက်ရုံ ၄ ရုံရှိသည့်အနက် ငွေရည်ပုလဲ၊ မိုင်းရယ် သကြားစက်များ လည်ပတ်နေ သေးသော်လည်း နယ်မြေမတည်ငြိမ်သဖြင့် စက်ရုံနှင့်အနီးတဝိုက်မှ ကြံစိုက်တောင်သူများသာ ရောင်းချနိုင်ပြီး ကျန် တောင်သူများ ကြံခုတ်မရဖြစ်နေကြောင်း သိရသည်။
ရှမ်းမြောက်မှ ကြံစိုက်တောင်သူတဦးက “ရှမ်းမြောက် နောင်ချိုမှာဆိုရင် စက်ရုံက ၄ ရုံလောက် ရှိတယ်။ လည်ပတ်နေတဲ့ ၂ ရုံကတော့ တောင်သူတွေ အဆင်ပြေကြမှာပါ။ တိုက်ပွဲတွေ၊ နိုင်ငံရေးအခြေအနေတွေကြောင့် မလည်တဲ့စက်ရုံတွေ လည်း ရှိ တော့ တောင်သူတွေ တော်တော်ခက်ခဲကြတယ်။ ဒီဘက်မှာတော့ နောင်ချို၊ မိုင်းရယ် တနယ်လုံး စိုက်ကြတာ” ဟု ဧရာဝတီကို ပြောသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က ၁၀၂၇ စစ်ဆင်ရေးကို ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့ပြီးနောက်ပိုင်း ရှမ်းမြောက်၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
လက်ရှိတွင် ရှမ်းမြောက်၌ စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ကြား ယာယီအပစ်အခတ်ရပ်စဲထားသော်လည်း စစ်တပ်ဘက်က လက်နက်ကြီးပစ်ခတ်မှုများ ရှိနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ အခြေအနေများကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်း၊ တချို့နေရာများတွင် လမ်းပိုင်းပျက်စီးနေခြင်း နှင့် မြို့အဝင်အထွက်များ ပိတ်ထားသဖြင့် ကြံကားများ သယ်ယူပို့ဆောင်ရာတွင် ခက်ခဲသလို လောင်စာဆီ လုံလောက်စွာ ဝယ်ယူ၍မရသဖြင့်လည်း အခက်အခဲများဖြစ်ကာ စက်ရုံများ လည်ပတ်မှုရပ်ဆိုင်းနေရကြောင်း သိရသည်။
ကြံ၏သဘာဝမှာ ခုတ်ပြီး ၄၈ နာရီအတွင်း ကြိတ်ဝါးရန်လိုပြီး ထိုထက်အချိန်ကျော်ပါက ချဉ်တတ်သည့်သဘော ရှိသော ကြောင့် ကြံများခုတ်ပြီးပါက ၂၄ နာရီအတွင်း စက်ရုံသို့အရောက်ပို့ရန် လိုအပ်သဖြင့် လမ်းပန်းဆက်သွယ်ရေး မကောင်းပါ က တောင်သူများအတွက် ဆုံးရှုံးမှုကြီးမားနိုင်ကြောင်း အထက်ပါ ကြံစိုက်တောင်သူက ရှင်းပြသည်။
ရှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်မှ ကြံဧက ၆၀ စိုက်ပျိုးထားသည့် တောင်သူတဦးကလည်း “ကျနော်တို့ကတော့ ဝေမာ ကုမ္ပဏီဘက်ကို ပို့တာ။ အဲဒီစက်ရုံက မဖွင့်သေးတော့ လောလောဆယ် ကြံတွေ မခုတ်ရသေး ဘူး။ အခုက နောက်ကျ နေတော့ ကြံရောင်းရရင်တောင် မကုန်လောက်ဘူးလို့ ပြောလို့ရတယ်။ အချိန်က နှောင်းတဲ့ဘက် ကို ရောက်လာပြီ။ ကြံက အချိန်ရာသီနဲ့ အလုပ်လုပ်တာ။ အခု နှစ်လလောက် ကုန်သွားပြီဆိုတော့ ကြံတွေက အကုန်လုံးရောင်းချနိုင်ဖို့ အခြေအနေ မရှိတော့ဘူး” ဟု ပြောသည်။
ထို့ပြင် လွယ်ဂျယ်နယ်စပ်ဂိတ်မှတဆင့် တရုတ်သို့တင်ပို့ရန်အတွက် လုပ်ဆောင်မည်ဆိုပါကလည်း နယ်မြေအေးချမ်းမှု မရှိသည့်အပြင် လောင်စာဆီဝယ်မရခြင်း၊ ဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် ကုန်ကျစရိတ်များသဖြင့် တွက်ခြေမကိုက် ကြောင်း ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “အခု ကျနော်တို့ ဘေးစိုက်ခင်းဖြစ်တဲ့ တရုတ်ကုမ္ပဏီတွေက ငှက်ပျောပို့နေတာ။ လွယ်ဂျယ်ဘက်ကို ၁၈ တန်ဆံ့ ကားတစီးကို ကျပ် ၄၅ သိန်းလောက် ပေးရတယ်။ အဲဒီတော့ ကျနော်တို့ ကြံသမားကျတော့ ဘယ်လိုမှ တွက်ခြေမကိုက်ဘူး။ အဲဒီလောက်မပေးနိုင်ဘူး။ ဒါကြောင့် တရုတ်ပို့ဖို့လည်း အခက်အခဲရှိတယ်” ဟု ဆိုသည်။
ကြံစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းနိုင်
အထက်ပါ အခြေအနေများကြောင့် လာမည့်နှစ်တွင် ကြံစိုက်ပျိုးထုတ်လုပ်မှုမှာ ကျဆင်းလာနိုင်ပြီး တောင်သူများအတွက် လည်း စီးပွားရေးကျပ်တည်းခြင်း၊ စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်ရနိုင်ကြောင်း ကုန်သည်လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုထားသည်။
ကြံစိုက်ပျိုးမှုအနေဖြင့် ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ် တလျှောက်တွင်လည်း တရုတ်ကုမ္ပဏီများက ပြုလုပ်သလို တောင်သူများနှင့် အကျိုးတူပူးပေါင်း၍ စိုက်ပျိုးမှုများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကိုင်း၊ ရှမ်းမြောက်ကဲ့သို့ပင် ရခိုင်ပြည်နယ်တွင်လည်း ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှစတင်ပြီး စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားကာ စစ်ကောင်စီက ရခိုင်ပြည်နယ်သို့ ဝင်ထွက်နိုင်သောလမ်းများကို ပိတ်ထား သဖြင့် ကြံစိုက်တောင်သူများ မရောင်းရဘဲ ခုတ်လှဲစွန့်ပစ်ရသည့် အခြေအနေများနှင့် ကြုံခဲ့ရကြောင်း ရခိုင်ဒေသတွင်း မီဒီယာများ၌ ဖော်ပြထားသည်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ အမ်းမြို့နယ်တို့တွင် ကြံစိုက်ပျိုးကြပြီး ထွက်ရှိလာသည့် ကြံများကို ပြည်မဘက်သို့ တင်ပို့ရောင်းချခြင်း ဖြစ်သည်။
ယခုအချိန်သည် ကြံကြိတ်ရာသီ ရောက်ရှိလာသောကြောင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့်ဒေသများတွင်မူ ကြံ ၁ တန်လျှင် ၁ သိန်း ၃ သောင်းကျပ်မှ ၁ သိန်း ၅ သောင်းကျပ်ထိရှိပြီး သကြား ၁ ပိဿာဈေးမှာ ၃၈၀၀ ကျပ် ရှိကြောင်း ကြံလုပ်ငန်းရှင် များထံမှ သိရသည်။
သကြားစက်ရုံများမှာ ယခင်က ပျဉ်းမနား၊ နမ္မတီး၊ ဆားမှော်၊ ဇေယျဝတီ၊ ဘီးလင်း၊ ရွှေညောင်၊ အင်းလေး၊ ရေတာရှည်၊ ကျောက်တော်တို့ တည်ရှိသော်လည်း နအဖအစိုးရလက်ထက် ၁၉၉၇ ခုနှစ်တွင် ကြံမှ သကြား ပြည်စီးပွားဆိုကာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက နိုင်ငံခြားကုမ္ပဏီတို့နှင့် ပူးပေါင်းပြီး မန္တလေးတိုင်း တပ်ကုန်း၊ လယ်ဝေး၊ ပဲခူးတိုင်းအရှေ့ခြမ်း ရေတာရှည်နှင့် အုတ်တွင်း၊ ပဲခူးတိုင်း အနောက်ခြမ်းတွင် ပြည်နှင့် ပေါက်ခေါင်း၊ မကွေးတိုင်းရှိ တောင်တွင်းကြီး နှင့် အောင်လံ၊ ရန်ကုန်တိုင်း ဥက္ကံတို့တွင် သကြားစက်သစ် ၁၀ လုံးတည်ဆောက်ခဲ့သည်။
ပဲခူးတိုင်း ပြည်မြို့ရှိ ကြံစိုက်တောင်သူတဦးက “ကျနော်တို့ဘက်ကတော့ ခုတ်နေ၊ သွင်းနေတယ်။ နယ်မြေတည်ငြိမ်တဲ့ အတွက် အဆင်ပြေတယ်။ ဒါပေမယ့် ညပိုင်း ကားအဝင်အထွက်က ဂိတ်တွေရှိနေလို့ အခက်အခဲ ရှိတယ်။ အလုပ်သမား တွေလည်း မလုပ်ရဲဘူး။ နေ့ဘက်ပဲ သကြားစက်က လည်ရတော့ ထင်သလောက် အလုပ်မဖြစ်ဘူး။ ပြီးခဲ့နှစ်က ဈေးမရ တော့ ဒီနှစ်မှာ စိုက်ဧကလျှော့စိုက်ကြတယ်။ ကျနော်ဆိုလည်း ဒီနှစ် ဧက ၄၀ လောက်ပဲ စိုက်တယ်။ ပြီးတော့ ရာသီဥတု မကောင်းတော့ အထွက်နှုန်းလည်း ကျတယ်။ ကြံက တနှစ်ထဲ လုပ်ရတာမဟုတ်တော့ အထွက်နှုန်းက ဆက်ကျနိုင်တယ်” ဟု ဧရာဝတီကို ပြောသည်။

ထို့ကြောင့် ပဲခူးတိုင်းရှိ ပေါက်ခေါင်းနှင့် အချို့နေရာများတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ လမ်း၌ပေးကမ်းရသည့် ဂိတ်ကြေးများ၊ အစစ်အဆေးများကြောင့် ရာသီချိန်ကုန်ခါနီး ဖြစ်သော်လည်း ကြံခုတ်သိမ်းရန် ရှိနေသေးကြောင်း ၎င်းက ရှင်းပြသည်။
ပြည်မြို့တွင် ကြံတန်ချိန် ၆၀၀၀ ကျ နဝဒေးသကြားစက်၊ ကြံတန်ချိန် ၁၀၀၀ ကျ ပေါက်ခေါင်း အင်ငါးခွသကြားစက်နှင့် ပြည်မြို့နှင့် မကွေးတိုင်း၊ အောင်လံမြို့ကြားရှိ ကြံတန်ချိန် ရာဂဏန်းသာကျသော ဒုရင်္ဂဗိုလ်သကြားစက်တို့ကို ပြည်နှင့် မကွေးအနီးအနားရှိ ဒေသခံတောင်သူများက ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်၌ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့နယ်အရှေ့ဘက်ရှိ သဖန်းဇင်ရွာကို စစ်ကောင်စီတပ်က အင်အား ၈၀ ကျော်ဖြင့် စစ်ကြောင်းထိုးကာ မီးရှို့ခဲ့သောကြောင့် နေအိမ် ၇ လုံးနှင့် ကြံစိုက်ခင်း ၉ ဧက ပျက်စီးဆုံးရှုံးခဲ့ရ ကြောင်း ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ထိုအခြေအနေများကြောင့်လည်း ကိုဗစ်နှင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကြံစိုက်ပျိုးရေးမှာ လျော့ကျခဲ့ပြီး လာမည့်နှစ်များတွင်လည်း အထွက်နှုန်း ကျဆင်းမည့် အခြေအနေများ ရှိနေကြောင်း ကြံတောင်သူများက ပြောဆိုသည်။
သကြားဈေးကွက်နှင့် ပြည်ပတင်ပို့မှု
လက်ရှိအခြေအနေများအရ ယခုနှစ်တွင် ကြံစက်အများစု မလည်ပတ်နိုင်သည့်အတွက် သကြားဈေးကွက်မှာလည်း ပြည်တွင်း ဖူလုံရုံသာရှိနိုင်ပြီး ပြည်ပတင်ပို့မှု လျှော့ချရမည်ဖြစ်ကြောင်း ပြည်ပသို့ သကြားတင်ပို့နေသည့် လုပ်ငန်းရှင်များက ဆိုသည်။
မန္တလေးမြို့ရှိ သကြားကုန်သည်ကြီးတဦးက “ကြံတောင်သူတွေ ကြံခင်းတွေကို ဘာလုပ်ရမယ်မသိ။ ခြေမကိုင်မိ လက် မကိုင်မိ ဖြစ်နေတာပေါ့။ တိုက်ပွဲတွေကြောင့် မဖြတ်ရမသယ်ရဆိုတော့ ကြံသယ်တဲ့ကားတွေက မသွားရဲဘူး။ သကြားစက် ထဲမှာ အကြီးဆုံးဖြစ်တဲ့ တနေ့ တန် ၈၀၀၀ ကျစက်က ရပ်ထားရတယ်။ အဲဒီတော့ တောင်သူတွေလည်း ကြံမရောင်းရဘူး။ ရောင်းစရာနေရာလည်း မရှိဘူး။ တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေကလည်း ရှိနေတယ်။ ဆုံးရှုံးနစ်နာမှုကတော့ အရမ်းများတယ်။ အများစုက စစ်ကိုင်းနဲ့ရှမ်းမြောက်က ကြံတောင်သူတွေပဲ” ဟု ဧရာဝတီကို ပြောသည်။
ကြံတဧကလျှင် ကြံအချောင်းရေ ၁ သောင်းမှ ၂ သောင်းအထိ ထွက်ရှိနိုင်ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် အများဆုံး စိုက်ပျိုးကာ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့တွင် စိုက်ပျိုးရေး ဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။
သကြားပြည်ပတင်ပို့နေသည့် ကုန်သည်တဦးကလည်း “ပြည်တွင်းသကြားဈေးကတော့ တက်လာနိုင်တာပေါ့။ ပြည်ပ ဈေးကွက်မှာတော့ သကြား ၁ တန် ဒေါ်လာ ၆၀၀ နဲ့ ဒေါ်လာ ၆၀၀ ကျော်လောက်ပဲ ရနေတယ်။ ပြည်တွင်းဈေးနဲ့ ယှဉ်ရင်တောင် ပြည်ပဈေးက နိမ့်နေတာပေါ့။ တခုပဲ စိုးရိမ်ရတာရှိတယ်။ မြဝတီ၊ ရနောင်းတို့ကနေ ထိုင်းသကြားတွေ ဝင်လာနိုင်တယ်။ ဘာလို့ဆို အခုက ပြည်တွင်းဈေးက မြင့်နေလို့ဖြစ်တယ်။ ပြည်ပက ပြန်ဝင်လာရင်တော့ ပြည်တွင်း သကြားဈေးက အကျပြရမှာဖြစ်တယ်။ ဒါကြောင့် စိုးရိမ်ရတယ်ပြောတာ” ဟု လက်ရှိ သကြားဈေးကွက် အခြေအနေအား ရှင်းပြသည်။
ထို့ပြင် လက်ရှိတွင် ကြံခုတ်ရာသီ အရမ်းနောက်ကျနေသောကြောင့် ကချင်ပြည်နယ်မှ တချို့တောင်သူများကလည်း လွယ်ဂျယ်ဘက်မှ ရနိုင်သမျှတင်ပို့ရန် စီစဉ်မှုများ ရှိနေသော်လည်း ကုန်ကျစရိတ်နှင့် နယ်မြေတည်ငြိမ်အေးချမ်းမှု အခြေနေများကို ချိန်ဆနေရကြောင်း ပြည်ပတင်ပို့သည့် ကုန်သည်များက ဆိုသည်။
NLD အစိုးရလက်ထက် ၂၀၁၉-၂၀၂၀ တွင် တရုတ်နိုင်ငံသို့ ကြံတန်ချိန် ၉ သိန်းနီးပါး တင်ပို့ခဲ့ရာမှ စစ်တပ်အာဏာ စသိမ်းသည့် ၂၀၂၀-၂၀၂၁ ၌ ကြံတန်ချိန် ၄ သိန်း၊ ၂၀၂၁-၂၀၂၂ တွင်မူ ကြံတန်ချိန် ၂ သိန်းနီးပါးသာ တင်ပို့နိုင်ခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
နှစ်စဉ်ပြည်တွင်း၌ သကြားစက်ရုံများ ကြံကြိတ်သည့်ကာလမှာ နိုဝင်ဘာနောက်ဆုံးအပတ်မှ ဧပြီလထိဖြစ်ပြီး တနိုင်ငံလုံးတွင် သကြားစက်ရုံပေါင်း ၂၄ ရုံကျော်ရှိကာ ယင်းမှထွက်ရှိလာသော သကြားများကို ပြည်တွင်းစားသုံးမှု ဖူလုံစေရန် အဓိကထားဖြန့်ဖြူးနေပြီး ပိုလျှံသည့်သကြားကို ဗီယက်နမ်နိုင်ငံသို့ တင်ပို့ကြောင်း လုပ်ငန်းရှင်များက ပြောသည်။
သို့သော် လက်ရှိ စစ်တပ်အာဏာသိမ်းထားမှုကြောင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ကျဆင်းနေသလို နယ်စပ်ကုန်သွယ်ရေးမှာလည်း တိုက်ပွဲများကြောင့် ရပ်ဆိုင်းပြီး တောင်သူလယ်သမားများ အခက်ကြုံနေရသည့် အခြေအနေ ဖြစ်သည်။ ။
You may also like these stories:
ကုန်သွယ်ရေးလမ်းကြောင်း ပြောင်းသော်လည်း အလုပ်မဖြစ်နိုင်ဟုဆို
နယ်စပ်ကုန်သွယ်ရေး အမေရိကန်ဒေါ်လာ သန်းတရာကျော် ကျဆင်း
မြဝတီကုန်သွယ်ရေး၌ သယ်ယူပို့ဆောင်စရိတ် အဆမတန် မြင့်၍ ကုန်ဈေးနှုန်းတက်လာ