တရုတ်နှင့် အရှေ့တောင်အာရှ နိုင်ငံများအကြား ဆူပွက်နေသော တောင်တရုတ်ပင်လယ် တင်းမာမှုသည် တိုက်ရိုက် ထိပ်တိုက်တွေ့မှုများ မကြာခဏ ဖြစ်ပေါ်စေသည်။ လွန်ခဲ့သော သုံးနှစ်က အာဏာသိမ်းခဲ့သော မြန်မာစစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်သည့် တိုက်ပွဲများ ကြီးထွားနေသောကြောင့် မြန်မာတွင် ပြည်တွင်းစစ် ဖြစ်နေသည်ဟု ပြောကြသည်။
အင်ဒိုနီးရှားနိုင်ငံ ၂၀၂၃ ခုနှစ်တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဥက္ကဋ္ဌ တာဝန်ယူစဉ်က အဖွဲ့အတွင်း အကြီးမားဆုံးနိုင်ငံအဖြစ် သြဇာကို အသုံးပြုကာ ထိုပြဿနာ နှစ်ခုလုံးတွင် သိသိသာသာ တိုးတက်အောင် လုပ်နိုင်မည်ဟု မျှော်လင့်ချက် မြင့်မားခဲ့ကြသော်လည်း တိုးတက်မှု မရှိသလောက်ပင် ဖြစ်သည်။ ယခုအခါ အဖွဲ့အတွင်း အဆင်းရဲဆုံးနှင့် အသေးငယ်ဆုံး နိုင်ငံများအနက် တခုဖြစ်သော လာအိုနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူသည်။
ယခုနှစ်အတွက် ပထမဆုံး ထိပ်တန်းအဆင့် အစည်းအဝေးကို ယခုရက်သတ္တပတ်ကုန်တွင် နိုင်ငံခြားရေး ဝန်ကြီးများ လုံဖရာဘန်း၌ ကျင်းပရန် စီစဉ်ထားချိန်တွင် အာဆီယံသည် ၎င်း၏ အကြီးမားဆုံး စိန်ခေါ်မှုများကို ဆက်လက် ဆိုးရွားကြီးထွားအောင်သာ လုပ်နိုင်မည်ဟု အများက အဆိုးမြင်ထားကြသည်။
“အင်ဒိုနီးရှားက ဥက္ကဋ္ဌတာဝန်ယူတော့ မျှော်မှန်းချက်တွေ အများကြီးထားခဲ့ကြပြီး အဲဒီ မျှော်မှန်းချက်တွေထဲက တချို့ဟာ မအောင်မြင်ဘူး” ဟု အင်ဒိုနီးရှားမှ သေနင်္ဂဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာန (CSIS) မှ ကျွမ်းကျင်သူ ရှာဖီယာ မူဟီဘတ်က ပြောသည်။
“ဒါကြောင့် အခု အင်ဒိုနီးရှားက လာအိုကို ဥက္ကဋ္ဌတာဝန် လွှဲပေးချိန်မှာ လာအို တကယ်တမ်း လုပ်နိုင်မယ့် ကိစ္စတွေနဲ့ပတ်သက်တဲ့ မျှော်မှန်းချက်တွေက တော်တော် နိမ့်ကျတယ်” ဟု ၎င်းကပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရထံမှ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် အင်ဒိုနီးရှား၊ ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းနှင့် လာအိုတို့ပါဝင်သည့် အာဆီယံသည် ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက် ၅ ချက်ကို ချမှတ်ခဲ့သည်။
“ဒါကြောင့် အခု အင်ဒိုနီးရှားက လာအိုကို ဥက္ကဋ္ဌတာဝန် လွှဲပေးချိန်မှာ လာအို တကယ်တမ်း လုပ်နိုင်မယ့် ကိစ္စတွေနဲ့ပတ်သက်တဲ့ မျှော်မှန်းချက်တွေက တော်တော် နိမ့်ကျတယ်” ဟု ၎င်းကပြောသည်။
မြန်မာ စစ်ခေါင်းဆောင်များက ထိုသဘောတူညီချက်ကို လက်ရှိအချိန်အထိ လျစ်လျူရှုထားသည်။ တချိန်တည်းတွင် လူသားချင်းစာနာမှု အကျပ်အတည်း ပိုမိုဆိုးရွားလာပြီး မြင့်မားလာသည့် အကြမ်းဖက်မှုများကြောင့် ပြည်သူ ၂ ဒသမ ၆ သန်း နေအိမ်များကို စွန့်ခွာထွက်ပြေးနေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။
မြန်မာမှ သက်ဆိုင်သူများနှင့် အကြိမ်ပေါင်း ၁၈၀ ကျော် တွေ့ခဲ့သည်ဟု အင်ဒိုနီးရှားက ပြောသော်လည်း မည်သည့် ထူးခြားသော အောင်မြင်မှုမျှ မရပေ။
အာဆီယံ၏ ဘုံသဘောတူညီချက်တွင် အပစ်အခတ် ချက်ချင်းရပ်ဆိုင်းရေး၊ သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးရေး၊ အာဆီယံ အထူးသံတမန်က ကြားဝင်စေ့စပ်ရေး၊ အာဆီယံ လမ်းကြောင်းများမှ လူသားချင်းစာနာမှု အကူအညီပေးရေးနှင့် အထူးသံတမန် မြန်မာသို့ သွားရောက်ပြီး သက်ဆိုင်သူ အားလုံးနှင့် တွေ့ဆုံရေးတို့ကို တောင်းဆိုထားသည်။
“တကယ်တမ်းကျတော့ အာဆီယံက မြန်မာအပေါ် သြဇာအရမ်းနည်းတယ်။ မြန်မာက အာဆီယံကို လုံးဝ ဂရုမစိုက်ဘူး။ ဘုံသဘောတူညီချက် ၅ ချက်ကို သူတို့က လုံးဝ ဂရုမစိုက်ဘူး” ဟု စင်ကာပူမှ S. Rajaratnam နိုင်ငံတကာလေ့လာရေးကျောင်း၊ ကာကွယ်ရေးနှင့် သေနင်္ဂဗျူဟာလေ့လာရေး အင်စတီကျုမှ မူဟမ်မက် ဖိုင်ဇယ်က ပြောသည်။
အာဆီယံဥက္ကဋ္ဌတာဝန် ယူထားစဉ်က အင်ဒိုနီးရှားနိုင်ငံသည် အထူးသံတမန်ရုံးကို တည်ထောင်ပြီး ထိုရာထူးအတွက် ရင်းမြစ်များ တိုးမြှင့်ခဲ့သည်။ ယခုအခါ ထိုရာထူးကို တာဝန်ယူသည့် လာအို ဝါရင့်သံတမန်သည် မြန်မာသို့ သွားရောက်ပြီး စစ်ကောင်စီခေါင်းဆောင်၊ အရာရှိများနှင့် တွေ့ဆုံသည်။ မြန်မာပြဿနာဖြေရှင်းရေး စဉ်ဆက်မပြတ်ဖြစ်စေရန် အင်ဒိုနီးရှားသည် အတိတ်၊ ပစ္စုပန်နှင့် အနာဂတ် အာဆီယံဥက္ကဋ္ဌများ ပါဝင်သည့် သုံးပွင့်ဆိုင်ယန္တရားကိုလည်း ထူထောင်ခဲ့သည်။ လက်ရှိ အခြေအနေတွင် အင်ဒိုနီးရှား၊ လာအိုနှင့် မလေးရှားတို့ ပါဝင်သည်။
ထိုသုံးပွင့်ဆိုင်ယန္တရားသည် လာအို ဥက္ကဋ္ဌတာဝန်ယူစဉ် “စွမ်းရည်နှင့် ထောက်ကူမှု” ပေးမည်ဖြစ်သောကြောင့် လာအိုသည် တနိုင်ငံတည်း မလုပ်ရန်လိုကြောင်း ယခုအခါ ဟာဝိုင်အီရှိ အာရှ-ပစိဖိတ် လုံခြုံရေးလေ့လာရေးဌာနတွင် လုပ်နေပြီး ၂၀၂၀ မှ ၂၀၂၃ ခုနှစ်အထိ လာအိုနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်တာဝန်ယူခဲ့သူ မစ္စတာ ပီတာ ဟေးမွန်းက ပြောသည်။
“အာဆီယံဆိုပြီး အဖွဲ့တခုအနေနဲ့ စကားပြောနိုင်မှသာ အရာရောက်မယ်။ ဒါကြောင့်မို့ ဒီသုံးပွင့်ဆိုင်ယန္တရားကို အာဆီယံမိတ်ဆွေတွေက လာအိုရဲ့ သဘောတူညီချက်နဲ့ ထူထောင်တာဖြစ်တယ်” ဟု သေနင်္ဂဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာန၏ အရှေ့တောင်အာရှ ရေဒီယို ပေါ့ကဒ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလက ၎င်းကပြောသည်။
“လာအိုက အကူအညီရှာနေခဲ့တယ်လို့ ကျနော်ထင်တယ်” ဟုလည်း မစ္စတာ ပီတာ ဟေးမွန်းက ပြောသည်။
ထိုသုံးပွင့်ဆိုင်ယန္တရားသည် လာအို ဥက္ကဋ္ဌတာဝန်ယူစဉ် “စွမ်းရည်နှင့် ထောက်ကူမှု” ပေးမည်ဖြစ်သောကြောင့် လာအိုသည် တနိုင်ငံတည်း မလုပ်ရန်လိုကြောင်း ယခုအခါ ဟာဝိုင်အီရှိ အာရှ-ပစိဖိတ် လုံခြုံရေးလေ့လာရေးဌာနတွင် လုပ်နေပြီး ၂၀၂၀ မှ ၂၀၂၃ ခုနှစ်အထိ လာအိုနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်တာဝန်ယူခဲ့သူ မစ္စတာ ပီတာ ဟေးမွန်းက ပြောသည်။
သို့သော် လာအိုသည် မြန်မာနှင့် နယ်နိမိတ် ထိစပ်နေသော နိုင်ငံများတွင် အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံး ဥက္ကဋ္ဌတာဝန်ယူသော နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံအခြေအနေကို ၎င်းတို့ရှုထောင့်မှသာ ကိုင်တွယ်မည့်သဘော ရှိသည်ဟု ဖိုင်ဇယ်က ပြောသည်။
“သူတို့က မြန်မာစစ်ကောင်စီနဲ့ နယ်စပ်ဖြတ်ကျော်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဆက်လက် ထိန်းသိမ်းထားချင်ပြီး စစ်ကောင်စီ မြန်မာမှာ ဆက်လက်အာဏာရအောင်လုပ်ပေးရတာဟာ သူတို့ အကျိုးစီးပွားဖြစ်တယ်လို့ ထင်နေတယ်။ ဒါပေမယ့် ပကတိအခြေအနေက အဲဒီလို မဟုတ်ဘူး” ဟု ဖုန်းဖြင့် ဆက်သွယ်မေးမြန်းစဉ် ၎င်းပြောသည်။
လက်ရှိအချိန်တွင် မြန်မာစစ်ကောင်စီသည် အင်အားကြီးမားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးခုက အောက်တိုဘာလတွင် စတင်သည့် ညှိနှိုင်းထိုးစစ်၌ နယ်မြေအများအပြား ဆုံးရှုံးနေပြီး ထိုးစစ်တွင် တနိုင်ငံလုံးမှ အခြားအဖွဲ့များလည်း ပူးပေါင်းပါဝင်ကြသည်။
တရုတ်နိုင်ငံသည် တရုတ်-မြန်မာနယ်စပ်တွင် မူယစ်ဆေးနှင့် အခြားရာဇဝတ်မှုများ ကြီးထွားနေသည်ကို စိတ်ပျက်သောကြောင့် ထိုညီနောင်မဟာမိတ် သုံးဖွဲ့ကို တိတ်တဆိတ် ထောက်ခံမှုပေးပုံရသည်။ တရုတ်သည် မြန်မာစစ်ကောင်စီအပေါ် အခိုင်အမာ သြဇာလွှမ်းမိုးသည်။
ကွန်မြူနစ် လာအိုသည် တရုတ်နှင့် အရင်းနှီးဆုံး ဆက်ဆံရေးရှိသည့် အာဆီယံနိုင်ငံများအနက် တနိုင်ငံဖြစ်သောကြောင့် မြန်မာအကျပ်အတည်းကို ဖြေရှင်းရာတွင် တရုတ်ထောက်ခံမှုရအောင် ကြိုးစားမည်၊ မကြိုးစားမည် ဆိုသည်ကို စောင့်ကြည့်ရသည်မှာ စိတ်ဝင်စားစရာကောင်းသည်ဟု ဖိုင်ဇယ်က ပြောသည်။
“စစ်ကောင်စီသာမက အခြားအဖွဲ့အစည်းတွေကလည်း တရုတ်ရဲ့ ထောက်ခံမှု၊ မျက်နှာသာပေးမှု လိုချင်တယ်ဆိုတာ ထင်ရှားတယ်” ဟု ဖိုင်ဇယ်က ပြောသည်။
တရုတ်သည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟု အမြဲပြောသောကြောင့် အခြား အာဆီယံအဖွဲ့ဝင်များက လက်ခံလျှင်ပင် မြန်မာပဋိပက္ခ အဆုံးသတ်ရေးတွင် ပိုမိုကြီးမားသည့် အခန်ကဏ္ဍ ယူလိုခြင်း ရှိ၊ မရှိ ရှင်းလင်းစွာ မသိရပေ။
တရုတ်သည် ကမ္ဘာ့အရေးအပါဆုံး သင်္ဘောလမ်းကြောင်းများအနက် တခုဖြစ်သော တောင်တရုတ်ပင်လယ် တခုလုံး၏ အချုပ်အခြာအာဏာကို တောင်းဆိုနေသောကြောင့် တရုတ်နှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ရေပိုင်နက် အငြင်းပွားမှု ဖြစ်နေသည်။
ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်ဝမ်နှင့် ဘရူနိုင်းတို့သည် ထိုဒေသမှ ကျွန်းများ၊ ကျောက်တန်းများနှင့် ရေအောက်သယံဇာတများကို ပိုင်ဆိုင်မှု တောင်းဆိုကြသည်။ ပင်လယ်ပြင်မှ ၎င်း၏ သီးခြား စီးပွားရေးဇုန်ကို တရုတ်က ကျူးကျော်သောကြောင့် စိုးရိမ်ကြောင်း အင်ဒိုနီးရှားက ပြောသည်။
၂၀၁၂ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် သဘောထားကွဲလွဲမှုနှင့် အငြင်းပွားများကို ငြိမ်းချမ်းတည်တံ့သော ဖြေရှင်းမှု၊ သင့်တော်သော အခြေအနေများ ဖန်တီးရန် ကြိုးစားသည့်အနေဖြင့် တောင်တရုတ်ပင်လယ် ကျင့်ဝတ်ကြေညာချက်ကို သဘောတူခဲ့သော်လည်း မကြာသေးမီက သဘောထားကောင်း မပြပေ။
တရုတ်နှင့် ဖိလစ်ပိုင်အကြား ဆယ်စုနှစ်များစွာကြာသည့် ပိုင်နက်အငြင်းပွားမှုသည် လွန်ခဲ့သောနှစ်အတွင်း တင်းမာမှု မြင့်မားလာပြီး ဖိလစ်ပိုင်၏ စစ်ရေးမဟာမိတ် အမေရိကန် ပြည်ထောင်စု ပါဝင်ပတ်သက်သော အဓိကပဋိပက္ခ ဖြစ်လာမည်ကို စိုးရိမ်ကြသည်။
တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောများသည် အခြားသင်္ဘောများနှင့် ပူးပေါင်းပြီး စစ်ဘက်သုံး လေဆာများ၊ အားပြင်းသော ရေပိုက်များဖြင့် ဖိလစ်ပိုင် ကမ်းခြေစောင့် ထောက်ပံ့ရေးသင်္ဘောများကို တိုက်ခိုက်ပြီး အငြင်းပွားနေသည့် ရေတိမ်ဒေသတွင် အန္တရာယ်များသည့် လှုပ်ရှားမှုလုပ်သောကြောင့် ဖိလစ်ပိုင်သည် တရုတ်ကို သံတမန်ရေး ကန့်ကွက်မှု အများအပြားလုပ်ရသည်။
တရုတ်နှင့် ဖိလစ်ပိုင်အကြား ဆယ်စုနှစ်များစွာကြာသည့် ပိုင်နက်အငြင်းပွားမှုသည် လွန်ခဲ့သောနှစ်အတွင်း တင်းမာမှု မြင့်မားလာပြီး ဖိလစ်ပိုင်၏ စစ်ရေးမဟာမိတ် အမေရိကန် ပြည်ထောင်စု ပါဝင်ပတ်သက်သော အဓိကပဋိပက္ခ ဖြစ်လာမည်ကို စိုးရိမ်ကြသည်။
ဒီဇင်ဘာလတွင် တရုတ်သည် ဖိလစ်ပိုင်ကို စစ်ရေး ဖိအားဆက်လက်ပေးမည်ဟု ပြောပြီး အခြား အာဆီယံနိုင်ငံများက မထောက်ခံသောကြောင့် ဖိလစ်ပိုင်အရာရှိများ မကျေမနပ် ဖြစ်နေသည်။
ကုန်းတွင်းပိတ် လာအိုနိုင်ငံ၏ ဦးဆောင်မှုအောက်တွင် ထိုအခြေအနေသည် ပြောင်းလဲဖွယ် မရှိပေ။ အထူးသဖြင့် လာအိုနှင့်တရုတ် ဆက်ဆံရေးကြောင့် ထိုသို့အခြေအနေ မပြောင်းနိုင်ကြောင်း ဖိုင်ဇယ်က ပြောသည်။
၂၀၁၆ ခုနှစ်တွင် ဥက္ကဋ္ဌ တာဝန်ယူစဉ်က လာအိုသည် သက်ဆိုင်သည့် နိုင်ငံများအကြား မျှမျှတတ ဖြစ်စေရန် အပေးအယူ လုပ်နိုင်ခဲ့သော်လည်း ထိုလုပ်ရပ်သည် မည်သူမှ စိတ်မချမ်းသာစေသော လုပ်ရပ်ဖြစ်သည်ဟု အရာရှိများက ပြောသည်။
သို့သော် လူဦးရေ ၇ ဒသမ ၄ သန်းရှိသော လာအိုသည် မြောက်ဘက် အိမ်နီးချင်းတရုတ်နိုင်ငံကို ကျေးဇူးကြွေး ပိုမိုတင်လာပြီး မြန်နှုန်းမြင့် ရထားလမ်းသစ် အပါအဝင် တနိုင်ငံလုံးမှ အခြေခံအဆောက်အအုံ စီမံကိန်းများအတွက် တရုတ်နိုင်ငံပိုင်ဘဏ်များသို့ ငွေအမြောက်အများပေးဆပ်ရန် ဖြစ်လာသည်။
“သူတို့က အရာရာအတွက် တရုတ်ကို မှီခိုနေရတော့ များပြားတဲ့ တရုတ်ဖိအားအောက်ကို ရောက်မှာပဲ။ ဘာမှမလုပ်ဘဲ အခုဖြစ်နေတဲ့အတိုင်း လက်ရှိအခြေအနေကိုပဲ ထိန်းသိမ်းဖို့ သူတို့ကြိုးစားမယ်လို့ ကျနော်ထင်တယ်” ဟု ဖိုင်ဇယ်က ပြောသည်။
(AP ၏ Tensions simmering in the South China Sea and violence in Myanmar as Laos takes over ASEAN chair ကို ဘာသာပြန်သည်။)
You may also like these stories:
အာဆီယံ အလှည့်ကျဥက္ကဋ္ဌ လာအိုက မြန်မာဆိုင်ရာ အထူးသံတမန် ခန့်
အလျှော့ပေး ပြေလည်ရေးသမားတွေရဲ့ ASEAN မြန်မာ့အရေးမှာ အလုပ်မဖြစ်
မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း
အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်