ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အနေဖြင့် စစ်တပ်လက်အောက်မှ ခွဲထွက်ကာ သီးခြားရပ်တည်မည်ဟု ဆိုလိုက် ရာ အများ၏ အာရုံစိုက်ခြင်းကို ခံရသလို နှစ်ပေါင်း ၃၀နီးပါး လက်တွဲလာခဲ့သော မြန်မာစစ်တပ်အတွင်း၌ ရိုက်ခတ်မှုများ ရှိလာခဲ့သည်။
ထိုအရေးအတွက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင် ဇန်နဝါရီ ၂၃ရက်က ကရင်ပြည်နယ်သို့ ဆင်း၍ BGF ခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံကာစည်းရုံးဆွေးနွေးသော်လည်း အောင်မြင်မှု မရခဲ့ပေ။
အောင်မြင်မှု မရသည့် ထိုခရီးစဉ်အတွင်း ကရင်ပြည်နယ်ရှိ စစ်ကောင်စီတပ်နယ်များမှ တပ်မှူးများနှင့်ပါ တွေ့ဆုံကာ BGF အရေးနှင့် ပတ်သက်၍ စည်းရုံးမှုမလုပ်နိုင်ဟုဆိုကာ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ပိုင်ဦး ရာထူးမှဖယ်ရှားခဲ့သည်ဟု သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် ဒုတပ်ချုပ်က “မင်းဒီလောက်မှ မလုပ်နိုင်ရင် နေပြည်တော် ပြန်မလာတော့နဲ့” ဟု ဗိုလ်ချုပ် အောင်ပိုင်ဦးကို ပြောဆိုခဲ့ကြောင်း ဧရာဝတီသတင်းရင်းမြစ်တဦးက ပြန်လည်ပြောပြသည်။
ကရင်ပြည်နယ်တွင်ရှိသော နယ်ခြားစောင့်တပ်များ စစ်ကောင်စီလက်အောက်မှ ခွဲထွက်လိုက်ရုံဖြင့် ပြည်နယ်အတွင်းရှိ မြို့ရွာများနှင့် စစ်တပ်စခန်းပေါင်းများစွာ ကျဆုံးသွားနိုင်ခြေရှိသဖြင့် ဒုတပ်ချုပ်ကိုယ်တိုင် ဘားအံထိဆင်းကာ လာရောက် ညှိနှိုင်းရခြင်းဖြစ်ကြောင်း၊ BGF ခေါင်းဆောင် ဗိုလ်မှူးချုပ် စောချစ်သူအား မစည်းရုံးနိုင်သည့်အတွက် ဗိုလ်ချုပ် အောင်ပိုင်ဦးအား ရာထူးမှ အနားပေးခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများလည်း ရှိသည်။
စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့များအား အုပ်ချုပ်ရသည့် ဗိုလ်ချုပ် အောင်ပိုင်ဦးသည် စစ်တက္ကသိုလ်အပတ်စဉ်-၃၅ (DSA-35) ကျောင်းဆင်းတဦး ဖြစ်သည်။
လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လူရင်းဖြစ်သော စစ်ဦးစီးအရာရှိချုပ် (ကြည်း) နှင့် စစ်ထောက်ချုပ်ရာထူးနှစ်ခုအား ရယူထားသူ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် တပတ်စဉ်ထဲ တက်ခဲ့သူဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ နီးကပ်သည့် ဆက်ဆံရေးရှိသည်ဟုလည်း ဆိုနိုင်သည်။
ကရင်ပြည်နယ်အခြေစိုက် နယ်ခြားစောင့်တပ် ခေါင်းဆောင် ဗိုလ်မှူးချုပ် စောချစ်သူသည် ၎င်းလက်အောက်ရှိ နယ်ခြားစောင့်တပ်များအနေဖြင့် စစ်ကောင်စီထံမှ လစာနှင့်ရိက္ခာ မယူတော့ကြောင်း ဇန်နဝါရီလလယ်တွင် အကြောင်းကြားခဲ့သည်။

ထို့သို့ အကြောင်းမကြားခင် ကရင်လက်နက်ကိုင် ၄ ဖွဲ့မှ ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြပြီး အဆိုပါ ဆွေးနွေးပွဲတွင် ကရင်ပြည်နယ်အခြေစိုက် နယ်ခြားစောင့်တပ် အကြီးအကဲများလည်း တက်ရောက်ခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူလူထုအား အကြမ်းဖက်ချေမှုန်းခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ကျေးရွာ များအား မီးရှို့ဖျက်ဆီးလာသည့်အပေါ် BGF တပ်ဖွဲ့ဝင်များ၏ မိသားစုများနှင့် ရင်းနှီးသူများက မနှစ်သက်ကြပေ။
ထို့ကြောင့် စစ်တပ်လက်အောက်ခံ BGF တွင် တာဝန်ထမ်းဆောင်ခြင်းမှ နုတ်ထွက်ရန် မိသားစုဝင်များက တိုက်တွန်း ပြောဆိုလာခြင်း၊ ကရင်တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်ရမည့်အလုပ်အား ကရင်လက်နက်ကိုင် အဖွဲ့အားလုံးက မလုပ်လိုတော့ခြင်း၊ တဖက်တွင်လည်း ကျားဖြန့်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတကာဖိအားနှင့် ကြုံလာရသည့်အခါ ဗိုလ်မှူးချုပ် စောချစ်သူသည် တနေ့တခြား နာမည်ဆိုးလာသော စစ်ကောင်စီနှင့် လမ်းခွဲရန် ဆုံးဖြတ်လာပုံရသည်။
ထို့ကြောင့် ၎င်းတို့အနေဖြင့် သီးခြားရပ်တည်တော့မည့်စာအား စစ်ကောင်စီ တာဝန်ရှိသူများထံ ပို့လိုက်သည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ် (ငြိမ်း) ဦးမောင်မောင်အုန်းနှင့် ဗိုလ်ချုပ် အောင်ပိုင်ဦးတို့သည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့သို့ လာရောက်ကာ ဗိုလ်မှူးချုပ် စောချစ်သူနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ဟောင်း မောင်မောင်အုန်းသည် နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်များအား စတင်ဖွဲ့စည်း ပေးခဲ့သူ ဖြစ်သလို တပ်မတော်အရာရှိဟောင်း တဦး၏ အဆိုအရ ဦးမောင်မောင်အုန်းမှာ ဗိုလ်မှူးချုပ် စောချစ်သူကို တရုတ်များနှင့် မိတ်ဆက်ပေးခဲ့သူဖြစ်ကြောင်း သိရသည်။
အမည်မဖော်လိုသည့် မြဝတီဒေသခံတဦးကလည်း “ဗိုလ်ချစ်သူက အရင်က သူ့ Network အဲဒီလောက်မကျယ်ဘူး။ ဗိုလ်ချုပ် မောင်မောင်အုန်းတို့ ခေါ်သွားလို့ တရုတ်ပြည်ကို ရောက်ဖူးတာ။ အဲဒီနောက်ပိုင်းမှ အမြင်ကျယ်ပြီး စီးပွားရေး အလုပ်တွေ လုပ်လာတာ” ဟု ပြောသည်။
ထို့ကြောင့်လည်း ပြန်ကြားရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ဟောင်း မောင်မောင်အုန်းအနေဖြင့် ၎င်း၏ လုပ်ငန်းတာဝန်နှင့် မဆိုင်သော နယ်ခြားစောင့်တပ်ကိစ္စတွင် ဗိုလ်ချုပ် အောင်ပိုင်ဦးနှင့်အတူ လာရောက်တွေ့ဆုံခြင်း ဖြစ်သည်။
သို့သော် ဆွေးနွေးမှု အဆင်မပြေခဲ့သဖြင့် ဒုတပ်ချုပ်ကိုယ်တိုင် ဘားအံထိ လာရောက်တွေ့ဆုံခဲ့ရသည်။
မြန်မာနိုင်ငံရှိ နယ်ခြားစောင့်တပ်များထဲ ဗိုလ်မှူးချုပ် စောချစ်သူ လက်အောက်ရှိ နယ်ခြားစောင့်တပ်မှာ အင်အားအကြီးဆုံး ဖြစ်သည်။ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်အား တပ်နယ် ၄ နယ် ခွဲခြားထားပြီး တပ်ရင်း ၁၃ ရင်းရှိကာ စစ်သည် အင်အား ၇၀၀၀ခန့် ရှိသလို အဆိုပါ စစ်သည်များမှာ စစ်ကောင်စီတပ်သားများကဲ့သို့ စစ်ပန်းနေသူများ မဟုတ်ပေ။

ထို့ပြင် ဗိုလ်မှူးချုပ် စောချစ်သူမှာ ငွေကြေးအင်အား တောင့်တင်းသူဖြစ်သည့်အတွက် ကရင်ပြည်နယ်တွင် တာဝန်ကျသော စစ်ကောင်စီ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များက တပ်ရင်းမှူးမှသည် တပ်မမှူးထိ ၎င်းအား တလေးတစား ဆက်ဆံကြ သည်။
ဗိုလ်မှူးချုပ် စောချစ်သူနှင့် ဆက်ဆံရေးကောင်းပြီး ၂၀၂၂ အောက်တိုဘာလပိုင်းတွင် တပ်မ-၄၄ တပ်မမှူးတာဝန် ပေးခံရသည့် ဗိုလ်မှူးချုပ် ဝင်းနိုင်စိုးကိုလည်း လွန်ခဲ့သည့်နှစ်ပတ်ခန့်မှစ၍ တပ်မမှူးရာထူးမှ အနားပေးကာ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာစစ်သံမှူးအဖြစ် စစ်ကောင်စီက ခန့်အပ်လိုက်ရာ မည်သည့်အကြောင်းကြောင့် ထိုသို့ ပြောင်းလဲ ခန့်အပ်လိုက်သည်ကိုမူ ရှင်းလင်းစွာ မသိရပေ။
ထို့ပြင် ကရင် BGF များ စစ်ကောင်စီလက်အောက်မှ ခွဲထွက်သည့်ကိစ္စ မဖြစ်ပွားမီ စစ်ခေါင်းဆောင်သည် မြဝတီမြို့နယ်တွင် တာဝန်ကျသော ဗျူဟာမှူးတဦးအား ဗိုလ်မှူးချုပ် စောချစ်သူနှင့် ပတ်သက်သည့်ကိစ္စများ စစ်ဆေးရန် တာဝန်ပေးခဲ့ ကြောင်းနှင့် အဆိုပါဗျူဟာမှူးက ငြင်းဆန်သဖြင့် ရာထူးမှ ထုတ်ပယ်ခံခဲ့ရကြောင်း သိရသည်။
ကရင်ပြည်နယ်တွင်ရှိသော နယ်ခြားစောင့်တပ်များ စစ်ကောင်စီနှင့် မပူးပေါင်းဘဲ သီးခြားရပ်တည်လိုက်ပါက ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၇) နှင့် တပ်မဟာ (၆) ရှိ စစ်ကောင်စီစခန်းများ ရပ်တည်ရေး ခက်ခဲသွားမည်ဖြစ်ပြီး အထူးသဖြင့် ယင်းဒေသတွင် စခန်းထိုင်နေသော စစ်ကောင်စီတပ်များအတွက် ရိက္ခာ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းမှာ အခက်အခဲများစွာဖြင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
KNU တပ်မဟာ (၇) နယ်မြေတွင် BGF တပ်များက ၇၅ ရာခိုင်နှုန်းခန့် နေရာယူထားပြီး ဒေသတွင်းသတင်းဌာနတခုဖြစ် သည့် Karen Information Center –KIC ၏ ယမန်နေ့က သတင်းတပုဒ်အရ တပ်မဟာ ၅ နှင့် တပ်မဟာ ၇ နယ်မြေများရှိ ရှေ့တန်းစခန်းများတွင် ရင်ဆိုင်ထားသည့် ကရင်နယ်ခြားစောင့် တပ်များ ယခုရက်ပိုင်း တပ်အပြောင်းအရွှေ့ ပြုလုပ်လာ ကြောင်း သိရသည်။
ဖလူး-ဝေါလေ လမ်းတလျှောက်ရှိ စစ်ကောင်စီစခန်းများနှင့် တပ်မဟာ (၇) ဒေသရှိ စစ်ကောင်စီစခန်းများမှာ တော်လှန်ရေး အင်အားစုများက မတိုက်ရဘဲ ကျသွားနိုင်သည့် အနေအထားဖြစ်သလို ကရင်ပြည်နယ်အတွင်းရှိ မြို့များထဲ ဘားအံနှင့် လှိုင်းဘွဲ့မြို့မှလွဲ၍ ကျန်မြို့များအား စစ်ကောင်စီဘက်က လက်လွှတ်ရနိုင်သည်ဟုလည်း စစ်ရေးလေ့လာသူ များက သုံးသပ်သည်။
လက်ရှိအခြေအနေတွင် မြဝတီမြို့၏ လုံခြုံရေးအား နယ်ခြားစောင့်တပ်က ၈၀ ရာခိုင်နှုန်း တာဝန်ယူထားရသည့်အတွက် ၎င်းတို့ ဆက်လက်ပြီး မြို့ရွာတပ်စခန်းများ၌ လုံခြုံရေးမယူတော့ပါက ယင်းဒေသများအား တော်လှန်ရေးတပ်ဖွဲ့များက အလွယ်တကူ တိုက်ခိုက်သိမ်းပိုက်နိုင်မည့် အခြေအနေဖြစ်လာကြောင်း၊ စစ်ပန်း၍ အင်အားချည့်နဲ့နေသော စစ်ကောင်စီ တပ်သည် ကရင် နယ်ခြားစောင့်တပ်၏ အကူအညီမရဘဲ တောင့်ခံရန်မလွယ်ကူကြောင်း စစ်ရေးလေ့လာသူ အချို့က ဆိုသည်။
You may also like these stories:
ကရင် BGF တပ်များ မြဝတီ ပြန်ဆုတ်
ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်
ကရင်လက်နက်ကိုင်ချင်း မတိုက်ရန် ဆွေးနွေးမှုအပြီး KNU နှင့် BGF တိုက်ပွဲဆက်နေ